Showing posts with label ဝတ္ထုတို. Show all posts
Showing posts with label ဝတ္ထုတို. Show all posts

ကတ္တီပါ ကန့်လန့်ကာ


ပွဲဦး ကရန် ခုနစ် သံချီကို ဆွယ်... ဆိုတဲ့ သီချင်း ကို အမယ် ကြီး  ကောင်း ကောင်း ကြား ခဲ့ ဖူးတယ်။
အသက် ၇၀ မကျော်ခင် အပျိုပေါက် ဘ၀ ကတည်းက ကြားခဲ့ ဖူးတာ။ ရှေးတုန်း ကတော့ အဲဒီ သီချင်းကို ပွဲမထွက် ခင် ည ၉ နာရီ ထိုးခါနီး မှာ ဇာတ်စင်က လော်စပီကာ ကြီးတွေ ဆီကနေ ကြားရ တာရယ်။ ခေတ်နဲ့ တွက်ရင် လှည်းခေတ် ပေါ့။ ခုလို တရုတ် ဆိုင်ကယ် ခေတ်၊ ဂွင်ဒေါင်း ထော်လာ ဂျီခေတ် မဟုတ်ဘူး။ သူ့ရွာ ကိုယ့်ရွာ ဘုရားပွဲ တွေမှာ ထည့်တဲ့ ဇာတ်တွေကို လှည်းတန်း ကြီးတွေနဲ့ သွားကြည့် ကြရတာ။ ရွာအနီး အဝေး ဇာတ် အကောင်း အညံ့ ချိန်ပြီး နေမ၀င် ခင်က သွားကြသလို နေ၀င်ပြီးမှ သွားကြ ရတာလည်း ရှိတယ်။ လည်ပင်း သိမ် ဖင်ပိုင်း ကြီး မြေအိုး ရေဘူး ကြီးတွေထဲ သောက်ရေထည့်၊ ထမင်း ဟင်းတွေ ဒန်အိုး ကြီးတွေထဲ ခူးခပ် ထည့် ပြီး တော့ကို သွားကြည့် ခဲ့ကြ ရတာ။

လှည်းဝိုင်း ကြီးတွေက အကြီးကြီး တွေ၊ စောစော ရောက်မှ လှည်းထိုး ရတာ ဇာတ်ခုံနဲ့ နီးတယ်။ ဇာတ်စင် ရှေ့တည့် တည့် မြေကြီးမှာ ဖျာစုတ်၊ ပုတ်စုတ် တွေ ခင်း ထားတဲ့ မြေ၀ိုင်း၊ ပြီးမှ တစ် ထွာ လောက်မြင့် တဲ့ ၀ါးကွပ် ပျစ် ၀ိုင်း၊ အဲဒီနောက် ကမှ အနိမ့် အမြင့် အလိုက် ခုတင် တွေ၊ အဲဒီ ခုတင်တွေ နောက် ကမှ လှည်းဝိုင်း က ကပ်ထိုး ရတာ။ နောက်များ ကျလို့ ကတော့ ဇာတ်ခုံ ပေါ်က မင်းသမီး မင်းသား တွေကို မှုန်မှုန်ပဲ မြင်ကြ ရတယ်။

အဲဒီတုန်း ကတော့ ပခုက္ကူ မြို့ခံ ဇာတ်တွေ ထဲက  ရွှေမန်း အောင်ဝင်းပဲ ခဏ ခဏ ကြည့်ရတာ။ တခြား ရွာကြီး တွေက ထည့်တဲ့ ရွှေနန်းတင် တို့လို မုံရွာ ဇာတ်၊ မန္တလေး ဇာတ်ကြီး တွေကိုတော့ ကြိုး ကြား ကြိုးကြား မှ ကြည့်ကြ ရတာ ပေါ့။ ဇာတ်ကြီး တွေ ဆိုတော့ အိမ်ခြေ များတဲ့ ရွာကြီး တွေမှ ထည့်နိုင် တာ ကလား၊ အဲဒီ ဇာတ်တွေ များ ပါလို့ ကတော့ နေမ၀င်ခင် ရောက်အောင် သွားနိုင်ရင် သွား၊ မသွား နိုင်လို့ ကတော့ လှည်းဝိုင်း နောက်မြီး ကနေ ဇာတ်သမီး ဇာတ်သားကို ရုပ်သေး ရုပ်လောက် ပဲမြင် ရတယ်။

ဦးကုလား၏ သမိုင်းဒဿန


'သမိုင်းဆိုသည်မှာ လူ့လောကကြီး၏ ရာဇဝတ်မှုများ၊ မိုက်မဲမှုများနှင့် ကြမ္မာဂြိုလ်ဆိုးတို့ကို မှတ်တမ်းတင်ထားသည့် မှတ်ပုံတင်စာ ရင်းကြီးသာဖြစ်သည်' ဟု သမိုင်းဆရာကြီး အက်ဒွပ်ဂစ်ဘွန်းက လှောင်ပြောင်အရွ့တိုက်၍ ပြောခဲ့ဖူးသည်။
အင်္ဂလိပ်သမိုင်းဆရာကြီး ဂစ်ဘွန်း (၁၇၃၇- ၁၇၉၄) သည် အမေရိကန်တော်လှန်ရေးကြီး ဖြစ်သည့် အချိန်တွင် အသက် ၃၈ နှစ် ရှိပြီး၊ ပြင်သစ်တော်လှန်ရေးကြီး ဖြစ်သည့်အချိန်တွင် အသက် ၅၂ နှစ် ရှိနေပြီ။ ဂစ်ဘွန်းသည် သြစထရီးယား ထီးနန်းဆက်ခံရေး စစ်ပွဲကိုလည်းကောင်း၊ အင်္ဂလိပ်နှင့် စပိန်တို့၏ ရေကြောင်း အင်အားပြိုင်ပွဲကိုလည်းကောင်း၊ ၇ နှစ် စစ်ပွဲ ၁၇၅၉- ၁၇၆၃ ကိုလည်း ကောင်း၊ အမေရိကန် ပြည်တွင်းစစ်ပွဲ (၁၇၇၅- ၁၇၈၃) နှင့် ပြင်သစ်ပြည်တွင်းစစ်ပွဲ (၁၇၉၂) ကိုလည်းကောင်း မြင်သွားခဲ့ရသည်။
သူ့တစ်သက်တာတွင် စစ်ပွဲများ၊ အာဏာလုပွဲများ၊ သွေးချောင်းစီးမှုများကို တွေ့ခဲ့ရသည့် သမိုင်းဆရာ ဂစ်ဘွန်းသည် "ရောမလက် နက်နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးခြင်း" ဆိုသည့် ကျမ်းကြီးကို ရေးရန် ရောမသမိုင်းကို လေ့လာလိုက်သည့်အခါတွင်လည်း အလား တူ သွေးချောင်းစီးမှုများ၊ အာဏာလုပွဲများ၊ စစ်ပွဲများကို တွေ့ခဲ့ရသည်။ ရောမသမိုင်းတွင် ကိုယ့်တိုင်းပြည်ကို လေလံပစ်သည့် ပရေ တိုရီယန်း အစောင့်တပ်များအကြောင်းကို သူတွေ့သည်။ လင်ကြီးကို သတ်၍ လင်ငယ်ကို နန်းတင်သော မိဖုရား၊ သစ္စာမဲ့သော စစ်သူကြီး၊ တူသားနောင်မယ်တို့ကို ရာထူးခန့်သော မူးမတ်သေနာပတိများ၊ အကျင့်ပျက်၍ လာဘ်စားသော မင်းမှုထမ်း၊ သေရာ ယစ်မူးသော ဘုရင် စသည့် ရောမလက်နက်နိုင်ငံတော်ကြီး၏ ရာဇဝင် ဇာတ်ဆောင်များကို သူတွေ့မြင်ခဲ့သည်။
ယင်းတို့ကိုကြည့်၍ ဂစ်ဘွန်းက သမိုင်းဆိုသည်မှာ ရာဇဝတ်မှုတို့ကို စာရင်းတင်ထားသည့် မှတ်ပုံတင်စာရင်းဟု ခေါ်ခြင်းဖြစ်ဟန် တူသည်။
ပြင်သစ်ဧကရာဇ်ဘုရင် နပိုလီယန်က "သမိုင်းဆိုသည်မှာ အများသဘောတူထားသည့် ပုံပြင်ဖြစ်သည်" ဟု ပြောခဲ့ဖူးသည်။

ဖူကူးယားမားစာတမ်းနှင့် ခေတ်သစ်ဆန်းချိန်


၁၉၈၉ ခုနှစ် နွေရာသီက အမေရိကန် ပြည်ထောင်စုမှ ထုတ်ဝေသည့် လူသိလည်းနည်း၊ စောင်ရေလည်း နည်းသော 'အမျိုးသား အကျိုးစီးပွား' ဆိုသည့် စာစောင်တစ်ခုတွင် ဆောင်းပါးတစ်ပုဒ် ပါလာခဲ့သည်။ ထိုဆောင်းပါးကို အကြောင်းပြ၍ ကမ္ဘာအနှံ့ အသိ ပညာရှင်များကြားတွင် ငြင်းခုံဆွေးနွေးမှုများ အတောမသတ် ပေါ်ပေါက်လာခဲ့သည်။ ငြင်းခုံသူများထဲတွင် နိုင်ငံရေး သိပ္ပံပညာရှင်၊ သမိုင်းပညာရှင်၊ တက္ကပါမောက္ခ၊ သတင်းစာဆရာ၊ စာရေးဆရာ၊ နိုင်ငံရေးသမား၊ အုပ်ချုပ်ရေးအကြီးအကဲ၊ စာတမ်းရေးသူ၊ အယ် ဒီတာ စသူတို့ ပါဝင်ကြသည်။ သူတို့အထဲတွင် ဗြိတိသျှဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၊ အယ်ဒီတာ အားဗင်းခရစ္စတောလ်၊ ဝေါလမ်းမဂျာနယ်၊ နေရှင်းတသင်းစာ စသည်တို့မှ အယ်ဒီတာများလည်း ပါကြသည်။ သူ့စစ်တမ်းကို လက်ယာဝါဒရှူထောင့်မှလည်း ဆန့်ကျင်တိုက်ခိုက်ကြသည်။ အမေရိကန် ပြည်ထောင်စုတွင်လည်း သူ့ကို ဝိုင်းတိုက်ခိုက်ကြသည်။ ဥရောပတွင်လည်း သူ့စာတမ်း ကို ဝိုင်းဝန်းကန့်ကွက် ရေးသားကြသည်။ အာရှ (ဂျပန်ပြည်) တွင်လည်း သူ့စာတမ်းကို ဝေဖန်ကြသည်။
ထိုစာတမ်းပါသည့် စာစောင်သည် ချက်ချင်းကုန်သွားကာ ရောင်းမလောက်အောင်ဖြစ်ခဲ့ရသည်။ မကြာမီအတွင်းတွင် ထိုစာတမ်းကို ဂျပန်၊ အီတလီ၊ ဒိန်းမတ်၊ ဂျာမန်၊ ပြင်သစ် စသည့် ဘာသာများသို့ ပြန်ဆိုခဲ့ကြသည်။
၁၉၈၉ ခုနှစ်က ထိုစာတမ်းတွင် ဖော်ပြခဲ့သော အချက်အလက်များ၊ အယူအဆများသည် ၁၉၉၁ ခုနှစ်တွှု တကယ်ဖြစ်ပျက်လာခဲ့ သည့်အခါ၌ အားလုံး တအံ့တသြ ဖြစ်ကုန်ကြရသည်။
သူ့စာတမ်းကို ဝိုင်းဝန်း တိုက်ခိုက်ကြသည့် အခါတွင် စာတမ်းရေးသူကလည်း သူ့စာတမ်းကို ပြန်၍ ကာကွယ်သည်။ ထိုငြင်းခုံမှု သည် စစ်ပြီးခေတ်တွင် အကြီးကျယ်ဆုံး၊ အကျယ်လောင်ဆုံး၊ အဆူညံဆုံးသော အသိပညာဆိုင်ရာ ငြင်းခုံမှု ဖြစ်သည်ဟု ဆိုကြ သည်။

စစ်- ငြိမ်းသံသရာ


ခရစ်သက္ကရာဇ် ၁၉၃၄ ခုနှစ်တွင် 'သမိုင်းကိုလေ့လာခြင်း' ဆိုသည့် သမိုင်းကျမ်းကြီးတစ်စောင် ပေါ်ထွက်ခဲ့သည်။ ပထမသုတ်အဖြစ် အတွဲ သုံးတွဲကို ၁၉၃၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ဒုတိယအသုတ်အဖြစ် အတွဲ သုံးတွဲကို ၁၉၃၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ တတိယ အသုတ်အဖြစ် အတွဲ လေးတွဲ (အတွဲ ၇ မှ၊ အတွဲ ၁၀) ကို ၁၉၅၄ ခုနှစ်တွင် အပြီးသတ်ထုတ်ဝေခဲ့သည်။ ပထမတွဲနှင့် နောက်ဆုံးတွဲ ထုတ်ဝေခဲ့သည့် ကာလသည် အနှစ်နှစ်ဆယ် ကွာခြားသည်။

အတွဲ ဆယ်တွဲရှိ ထိုကြမ်းကြီးသည် စာမျက်နှာပေါင်း ၆,၂၉၀၊ စာလုံးရေ ၃,၁၅၀,၀၀၀ ခန့်နှင့် အညွှန်း စာရင်း ၁၉,၀၀၀ ရှိပြီး အညွှန်း စာမျက်နှာချည်း ၃၃၂ မျက်နှာရှိသည်။
ထို 'သမိုင်းကို လေ့လာခြင်း' ကျမ်းကြီးကို ပြုစုသူမှာ ဗြိတိသျှသမိုင်းဆရာကြီး ပါမောက္ခ အာနိုး တွိုင်ဘီဖြစ်သည်။ သူ့သမိုင်းကျမ်းကို မတ်ဝါဒသမားများ၊ လက်ဝဲဝါဒကို လက်ခံကြသည့် သမိုင်းဆရာများက ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။ လစ်ဘရယ် ဒီမိုကရေစီဝါဒကို လက်ခံသည့် သမိုင်းဆရာများကလည်း ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။ အချို့သော ဗရင်ဂျီ ဘာသာဝင် သမိုင်းဆရာများက လက်ခံခဲ့ ကြပြီး အချို့သော ခရစ်ယာန် ဘာသာဝင် သမိုင်းဆရာများကလည်း ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။
တွိုင်ဘီသည် သမိုင်းကို ကြည့်မြင်ရာတွင် လူပုဂ္ဂိုလ်များကိုလည်း အရေးမထား။ သူ့အဖို့ နေဘူခက်နေဇာနှင့် နပိုလီယန်၊ ရှာလမိန်း နှင့် ရှီဟွန်တီ၊ အက်လက်ဇန္ဒြနှင့် အနော်ရထာ၊ ဟန်နီဘောနှင့် ဟီရိုဟီတို၊ လက်ကွန်းနှင့် လီနင်၊ ပီတာဘုရင်နှင့် ပုတ်ရဟန်းမင်း ကြီးစသည့် လူပုဂ္ဂိုလ်များသည် သမိုင်းက လေ့လာရမည့် ယူနစ်များ မဟုတ်။

တန်ဆောင်မုန်းလ (ကြက်တ္တိကာနက္ခပွဲသဘင်နှင့် မယ်ဇလီဖူးသုပ်) ၂


နက္ခပွဲလှည့်လည်ခြင်း
နောက်တနေ့ဖြစ်သော တန်ဆောင်မုန်းလပြည့် အဖိတ်နေ့ညတွင် နက္ခပူဇော်ပွဲလှည့်လည်ခြင်းကို ပြုလုပ်ကြ သည်၊ ထိုနက္ခပွဲလှည့် လည်ရာတွင် ဂြိုလ်များ၊ နတ်များ၊ ဆေးအင်းလက်ဖွဲ့တို့ပါသည်၊ နတ်ပွဲသက်သက် ဖြစ်သောကြောင့် ဘုရားနှင့် ရဟန်းသံဃာများ မပါ၊ သို့သော် ကိုရင်ကြီးဦးဆောင် ပြုလုပ်သော ပွဲဖြစ်သော ကြောင့် ကိုယ်တိုင်ပါဝင် လှည့်လည်သည် နက္ခပွဲလှည့်လည်ရာတွင်၊ ဆေးမင် နှိုးကြမည့်သူများ၊ သိဒ္ဓိတင်ကြမည့် အစ်ကိုကာလသားတို့သည် မိမိတို့ယူဆောင်လာသော ဆေးမင်ပန်း နံသာတို့ကို ကိုင်၍ သိက္ခာတော်ရ မထေရ်တော်ကြီးများလို အစီအစဉ်အတိုင်း လှည့်လည်လာကြရသည်၊ ပုစ္ဆာန်းသည် (နတ်ကတော်) တို့ကား ငှက်ပျောပွဲ အုန်းပွဲ၊ အမွေးနံ့သာ ပန်း ဆီမီးများ၊ အတီး အမှုတ် အကအခုန်များမြင့် နောက်မှလိုက်ကြရသည်။
မိန်းမပျိုတို့သည်ကား မနေ့ညက ရလာသော မဲဇလီဖူးများကို အခြောက်လှမ်းဘို့ အနည်းငယ် ချန်၍၊ အကျန်ကို မိမိတို့ရှာဖွေ ခူးယူထားသော မဲဇလီဖူးများဖြင့် ရောပြီး မဲဇလီဖူးသုပ်လုပ်သည်။ မဲဇလီဖူးသုပ်ကို ဖက်စိမ်းဖြင့် အထုပ်ထုပ်၍ တချို့ကို ဘုရားလှူ၏၊ တချို့ကို သက်ကြီးရွယ်အိုတို့ထံ ပို့၏။ တချို့ကို နက္ခပွဲသို့ လှည့်လည် လာသော အကိုကာလသားတို့ကို ပစ်ပေါက်ရန် သိမ်းထား ကြသည်၊ အိမ်အပေါ်ထပ်ရှိ ပိတ်ထားသော ပြတင်း ပေါက် (သို့မဟုတ်) အိမ်ရှေ့ပုဏ္ဏားကွယ်တွင် ပန်းကန်၊ လင်ပန်းတွင် အသင့် ထည့်ထား၏၊ ထို့နောက် မိမိကိုယ် ကို အလှပဆုံးဖြစ်အောင် ၀တ်ဆင်ထားပြီး အသင့်စောင့်နေသည်။ နက္ခပွဲလှည့်လာသည်နှင့် မိမိပစ်ပေါက်လိုသော အကိုကာလသား ပြတင်းပေါက်ရှေ့တဲ့တဲ့ ရောက်သည်နှင့် ဗြုန်းကနဲ လူလုံးပြ၍ မဲဇလီဖူးထုပ်နှင့် ပစ်ပေါက် လိုက်ကြရသည်၊ (ဤသို့ပြုလုပ်ခြင်းသည် အဘိပါရကစစ်သူကြီးကတော် ဥမ္မာဒန္တီက သိဝိမင်းကြီးအား တန်ဆောင်မုန်းလပြည် နေ့တွင် လေသာပြတင်းပေါက် ဗြုန်းကနဲ ထွက်လာပြီး မဲဇလီပန်းဖြင့် ပေါက်လိုက် သောကြောင့် ဥမ္မာန္တီကို အရူးအမူးစွဲလန်း ခဲ့သည်ကို အတုယူ၍ ပြုလုပ်ခြင်းဖြစ်သည်ဟု ယူဆကြသည်။)
ညောင်သာယာရွာ မိန်းမပျိုတို့သည် ဤထုံးစံအတိုင်း နက္ခပွဲသဘင်တွင် လှည့်လည်လာသော မိမိချစ်နေသူ အကိုကာလသားကို မိမိပြစ်ပေါက်လိုက်သော မဲဇလီဖူးသုပ် ထိမှန်သွားလျှင် မိမိကိုအရူး အမူးစွဲမက်လာသည်၊ မစွန့်ပစ်နိုင်ဟု ယုံကြည်ကြသည်၊ သို့ သော် ထိသွားသောကာလသားက မိမိအား ထိမှန်အောင် တန်ပြန် ပြစ်ပေါက်ခြင်းခံရလျင် ဘာမှမဖြစ်ဟု ယုံကြည်ထားကြသည်။

နရသီဟပတေ့မင်း၏ ဟင်းချက်များ၊ ချောင်ဆက်စကူး၏ ရှပ်အင်္ကျီများနှင့်၊ အီမယ်လ်ဒါမားကို့စ် လေဒီရှူးများ


တော်စတွိုင်း၏ စစ်နှင့် ငြိမ်းချမ်းရေး ဝတ္ထုထဲတွင် အခန်းတစ်ခန်းပါသည်။ ထိုအခန်းတွင် (အဓိကဇာတ်ဆောင်) ပီယာသည် မော်စ ကိုမြို့ကြီး မီးလောင်နေစဉ် ကလေးငယ်တစ်ယောက်ကို မီးထဲမှကယ်ရင်း ပြင်သစ်တို့၏ အကျဉ်းသားအဖြစ် အဖမ်းခံခဲ့ရသည်။

ပြင်သစ်တို့၏ လက်တွင် အဖမ်းခံရစဉ် ပီယာသည် ကြီးစွာသော ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ရသည်။ လူတစ်ယောက် အဆုံးစွန် ခံနိုင် သော ဒုက္ခဆင်းရဲများကို ကြုံတွေ့ခဲ့ရသည်။ သို့ရာတွင် မိမိကျန်းမာရေး ကောင်းမွန်ခြင်း၊ ကိုယ်ခန္ဓာ တောင့်တင်းကြံ့ခိုင်ခြင်းနှင့် အထူးသဖြင့် ဆင်းရဲဒုက္ခသည် မည်သည့်အချိန်က စတင်ခဲ့သည်ဟု မပြောနိုင်လောက်အောင် တဖြည်းဖြည်းမသိမသာ ပေါ်ပေါက် လာခဲ့ခြင်းတို့ကြောင့် ပီယာသည် သူရှောက်ရှိ ကြုံတွေ့နေရသော ဆင်းရဲဒုက္ခတို့ကို ဝမ်းသာရွှင်လန်းစွာ လက်ခံနိုင်ခဲ့သည်။ အထို အခါကျမှပင် သူအပတ်တကုတ် ရှာဖွေခဲ့သော စိတ်၏ ငြိမ်သက်ခြင်းနှင့် စိတ်၏ ချမ်းမြေ့ခြင်းတို့ကို ရရှိခဲ့သည်။
ယခင်က ပီယာသည် စိတ္တပဿဒ္ဓိဟု ဆိုကြသော စိတ်၏ ကြည်လင်ချမ်းမြေ့မှုနှင့် အတွင်းအဇ္ဈတ္တသန္တာန်၏ ညီညွတ်ခြင်းကို နည်း လမ်းအမျိုးမျိုးဖြင့် ရှာဖွေခဲ့ဖူးသည်။ အသောက်အစား အပျော်အပါးတို့ကို ခံစားခဲ့ဖူးသည်။ လိုလေသေးမရှိ ကာမဂုဏ်ချမ်းသာတို့ကို ခံစားခဲ့ဖူးသည်။ သို့ရာတွင် စိတ်၏ ငြိမ်းချမ်းခြင်းကို ရှာ၍မတွေ့။
သူသည် အများကောင်းကျိုးကို ဆောင်ရွက်ခဲ့ဖူးသည်။ ပရဟိတ လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ဖူးသည်။ ညီအစ် ကိုတော် ဂိုဏ်း၏ တရားများတွင် သက်ဝင်ယုံကြည်ခဲ့ဖူးသည်။ သူရဲကောင်းဆန်ဆန်ဖြင့် ကိုယ်ကျိုးစွန့်ပြခဲ့ဖူးသည်။ သူရဲကောင်း ဆန်ဆန်ဖြင့် ကိုယ်ကျိုးစွန့်ပြခဲ့ဖူးသည်။ သို့ရာတွင် စိတ်၏ ငြိမ်းချမ်းခြင်းကို ရှာမတွေ့။
သူသည် နုနယ်ပျိုမြစ်သည့် နာတာရှာကို စိတ်ကူးယဉ်အချစ်ဖြင့် ချစ်ခဲ့ဖူးသည်။ ကျောင်းဆောက်ခြင်း၊ လူအိုရုံဆောက်လုပ်လှူ ဒါန်းခြင်း၊ မြေကျွန်များကို ကျွန်အဖြစ်မှ ကင်းလွှတ်ခွင့်ပေးခြင်းကို ရှာဖွေခဲ့ဖူးသည်။ သို့ရာတွင် သူရှာဖွေနေသော စိတ်၏ ငြိမ်းချမ်း ခြင်းကို မတွေ့။

အီနိုလာဂေး၊ မိုးစက်ပွင့်ဖြူဖြူ ဟီရီုရှီးမား ညချမ်း


'အီနိုလာဂေး' ဟူသော အမည်သည် ထိုနေ့မနက်က စူပါဖို့ထရက်လေယာဉ်ကြီးကို မောင်းနှင်လာသည့် လေယာဉ်မှူး၏ အမေ့နာ မည်ဖြစ်သည်။ လေယဉ်မှူးဗိုလ်ကြီး ဝါးဖီးတစ်ဗက်က သူ့လေယာဉ်ကို သူ့မိခင်နာမည် ပေးထားခြင်းသည်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ မနက်တွင် အမေရိကန် လေတပ်မှ လေယာဉ်တစ်စင်းဖြစ်သည့် 'အီနိုလာဂေး' သည် ဂျပန်ပြည် ဟီရိုရှီးမားမြို့ကြီးကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်များကို အရှေ့အနောက်သို့ ကျော်၍ ပျံသန့်လာခဲ့သည်။ ထို့နောက် ၈ နာရီ ၁၅ မီနစ်အချိန်တွင် ဝမ်းဗိုက်မှ အခန်းတစ်ခန်းကို ဖွင့်လိုက်သည်။ အခန်းထဲမှ ဗုံးတစ်ဗုံးသည် ဟီရိုရှီးမားမြို့ကြီးပေါ်သို့ ကျလာခဲ့သည်။
 
အီနိုလာဂေးသည် ဗုံးကိုဖြုတ်ချလိုက်ပြီးနောက် လေယာဉ်မှူး ဗိုလ်မှူးကြီး ဝါးဖီးတစ်ဗက်က လေယာဉ်ကို အမြင့်သို့ ပျတက်လာခဲ့ သည်။ ဘာမျှ မကြာလိုက်။ စက္ကန့် ၆၀ မပြည့်မှီမှာပင် တောက်ပသော ဟီရိုရှီးမားမနက်ခင်းတွင် နေလုံးကြီး ပေါက်ကွဲသွားသကဲ့သို့ ပင် ဝမ်းလျှပ်ဖြူဖွှေးသော အလင်းရောင်ကြီးတစ်ခု ပြက်လိုက်သည်ကို မြင်ရသည်။
 
အလင်းရောင်က ပြင်းထန်စူးရှလွန်းသဖြင့် အီနိုလာဂေး စူပါဖို့တရက် လေယာဉ်ကြီးပေါ်တွင် လိုက်လာသည့် လေယာဉ်အဖွဲ့သား အားလုံးသည် နေကာမျက်မှန်တွေ တပ်ထားသည့်တိုင် မျက်လုံးတွေ ပြာဝေကာ ကြက်မျက်သင့်သကဲ့သို့ ဖြစ်ကုန်ကြသည်။
 
စက္ကန့်အတန်ကြာတွင် ဗုံးပေါက်ကွဲမှု၏ တုန်ခါမှုသည် မိုင်ပေါင်းများစွာ အကွာတွင် ပျံသန်းနေသည့် အီနိုလာဂေးဆီသို့ ရောက်လာ ကာ အောက်မှ လေယာဉ်ပစ်အမြောင့် ပစ်လိုက်သကဲ့သို့ တုန်ခါလှုပ်ရမ်းသွားသည်။ တွဲဖက်လာသော လေယဉ်မှူးဖြစ်သည့် ဗိုလ်ကြီး ရောဗက်လူဝီသည် အောက်သို့ ငုံ့ကြည့်ကာ 'ဘုရားရေ၊ ကျွန်တော်တို့ ဘာတွေ လုပ်မိသလဲ မသိဘူး' ဟု ယောင်၍ အော်သည်။
 
အမှန်ကတော့ သူတို့သည် ဘာမျှ ထူးထူးဆန်းဆန်း မလုပ်ခဲ့ကြပါ။ လုပ်ရိုးလုပ်စဉ်အတိုင်း ဗုံးတစ်လုံး ကြဲချခဲ့ကြခြင်းသာ ဖြစ်သည်။
သို့ရာတွင် သူတို့ကြဲချခဲ့သော ဗုံးသည် ကမ္ဘာတွင် ပထမဆုံးသော အဏုမြူဗုံးဖြစ်သည်။
 
သတင်းစာဆရာ ဂျွန်ဟာဆီက 'ပတ်ဝန်းကျင်တစ်ခုလုံး ဖြူဖွေးဝင်းလျှပ်သော အလင်းရောင်ကြီးတစ်ချက် ပြက်လိုက်ပြီးနောက် ဟီ ရိုရှီးမားမြို့ကြီးသည် စက္ကူချပ်ကလေး တစ်ချပ်လို ပြားချပ်လောင်ကျွမ်းသွားစေခဲ့လေပြီ' ဟု သူ၏ နာမည်ကျော် 'ဟီရိုရှီးမား' စားအုပ်တွင် ရေးခဲ့သည်။

ခရမ်းလွန်နွေဦး အက်ဆစ်မိုးနှင့် နျူကလီးယားဆောင်း


သာစွ၊ ဆီးကြွေနှင်းခဲ၊ သာလွန်ကဲ၍၊ ရဲရဲ မိုးလေ၊ ဖဂ္ဂုဏနှင့် ပြည့်ပအညီ၊ မိန်ရာသီဟု….။ 
လူးတားဆရာ ဦးအောင်ကြီးက နွေကို ထိုသို့ဖွဲ့ခဲ့သည်။ 
 
သေနင်္ဂါမည်၊ နတ်စည်ဆော်ထံလှိုင်လို့လေး၊ သွန်းမည့်ရုပ်ပုံ၊ ပဇ္ဇုန်ဆင်၊ သင်တိုင်းငယ်နှင့်လေး၊ မိလ္လာရီ ဆိုင်းပြန်ပြီ၊ ပြာရီအုံ့မှိုင်းဝေ လို့မှောင်၊ အာကာဘောင် ဂဠန်တောင်ချိန်ပါလို့ ပန်းတိမ်လိပ်ရောင်…။
 
နှင်းယွန်းခါဟေမန်၊ လေပြန်သွင်းလှုံ ညင်းညံညံ၊ တိမ်ယံကွန့်ဆိုင်း၊ အိုလေမျှော်တိုင်း၊ မှိုင်းမှိုင်းပေ…။
ပြည်စည်မင်းသားက ဆောင်းကို ထိုသို့ဖွဲ့သည်။
 
ဆီသည် ရွာစား ဦးအောင်ကြီး၊ မြဝတီမင်းကြီးနှင့် ပြင်စည်မင်းသားတို့ သုံးဦးစလုံးသည် ၁၉ ရာစုနှစ်က ပေါ်ထွန်းခဲ့သော မြန်မာက ဗျာ ဆရာကြီးများ၊ မြန်မာတေးဖွဲ့ စာဆိုကြီးများ ဖြစ်ကြသည်။
 
သူတို့တွေတုန်းကတော့ ရာသီကိုဖွဲ့သည့် အဖွဲ့များသည် အလှဗေဒ သက်သက်၊ အလင်္ကာအဖွဲ့ သက်သက်မျှသာ ဖြစ်သည်။ ဆန်းစနွေကို ဆန်းနွေဦး၊ မိုးကို အသူရာ၏ စစ်သေနင်္ဂဗျူဟာ။ နှင်းယွန်းဟေမန်ဆောင်းကို မှိုင်းမှိုင်းဝေဆောင်း။ ထိုစကားလုံးများ သည် အလှဗေဒသဘောကို ဖေါ်ပြနေသည့် စကားလုံးများဖြစ်သည်။ အလင်္ကာသဘောကို ရည်ညွှန်းထားသော စကားလုံးများသာ ဖြစ်သည်။ အတ္တဗေဒကို ဖော်ကျူးထားသော စကားလုံးများသာ ဖြစ်သည်။
 
ယခုနှစ်ဆယ်ရာစုနှစ် ကုန်ခါနီး၊ စက်မှု သိပ္ပံတော်လှန်ရေးက အရှိန်အဟုန်ပြင်းစွာ ချီတက်နေစဉ်တွင်မူ ဥတုသုံးလီကို ဆိုညွှန်းသည့် စကားလုံးများသည် အလှဗေဒသက်သက်၊ အလင်္ကာသက်သက်၊ အတ္တဗေဒသက်သက်မျှသာမကတော့ဘဲ သိပ္ပံပညာသဘောကို လည်း ဆောင်လာခဲ့သည်။

ပိုက်ဆံရတဲ့ စာရေးနည်း


မွန်းလွဲ ၂ နာရီကျော်ပြီ ဖြစ်လျှင် ကျွန်တော်သည် ကုန်သည်လမ်းရှိ စာပေဗိမာန် ရှေ့ တွင် ကျွန်တော့ တက္ကစီ ကားလေးကို ရပ်နား လေ့ရှိသည်။
အကြောင်းမှာ ထိုနေရာသည် နေရိပ်သည်။ ဘ၀တူ စာပေလုပ်သားများ အ၀င်အ ထွက် ရှိခြင်းကြောင့် အသိများနှင့်လည်း ဖြစ်သည်။ သို့သော် ထိုစာပေလုပ်သား စာ ရေးဆရာ တို့သည် ကျွန်တော်၏ တက္ကစီကို ငှားစီးလိမ့်မည်ဟူသော မျှော်လင့်ချက် ကိုကား မထား နိုင် ပါလေ။

ထီးထမ်း လမ်းလျှောက်ဆိုသော စကားမှာ ဤလူတန်းစားမှာ အဝေးကပင် မြင်နိုင် သော လူများဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အ၀တ်အဆင် ခပ်နွမ်းနွမ်းများနှင့် သာ ဖြစ်တတ်သောကြောင့်ပင်။ ထီးထမ်း လမ်းလျှောက်ဆိုသော်လည်း ထီးကိုင် ဆောင်နိုင်သူမှာ ရာခိုင်နှုန်း နည်းပါးလှပါသည်။ အကယ်၍ ထီးကောင်ဆောင်လာသည်ကို တွေ့မည်ဆိုလျှင်လည်း ခေါက်မရသော ထီးကိုသာလျှင် ကိုင်ထားသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် ဤစာပေ ဗိမာန်ရှေ့တွင် ကျွန်တော်သည် ဤလူတန်းစားများက ကားငှားစီးလိမ့်မည် ဟူသော မျှော်လင့်ချက်ကိုကား ထား၍ မရပါလေ။ သို့သော် အရိပ်ခိုရသည်။ သိကျွမ်းသူများနှင့် စကားပြောရသည်။ တစ်ဖန် စာပေဗိမာန် စာအုပ်ဆိုင်တွင်းသို့ ၀င်၍ ပြသထားသော စာအုပ်များကို ခဏ တစ်ဖြုတ် ကိုင်ယူ၍ ဖတ်ရှု ခွင့်ရသည်။ (မှန်ဗီရိုထဲကဟာ တွေတော့ မရဘူးပေါ့ဗျာ) သို့သော် မျှော်လင့်စရာကား မရှိတော့မဟုတ်၊ ရှိပါ၏။ ဤအနီး ပတ်ဝန်းကျင်တွင် ရုံးကြီးများ အသီးသီးရှိကြသည်။ ဤရုံးကြီးများသို့ ကိစ္စကြီး ငယ်ဖြင့် လာကြသူများ ကိစ္စပြီး၍ ပြန်ကြမည်ဖြစ်လျှင် ကားငှား၍ ပြန်တတ်ကြသည်။ (ကိစ္စ အဆင်ပြေခဲ့သူများ ဆိုပါတော့ဗျာ) တစ်ဖန်တုံလည်း ဤရုံးကြီး အသီးသီးတို့မှ ရုံးကားများ ပျက်ပြီဖြစ်လျှင် ဌာန အကြီးအကဲ အငယ်အလတ်တို့ သည် ၎င်းတို့ သွားရမည့် ခရီးကို ခြေကျင်၊ ဆိုက်ကား၊ ဘတ်စ်ကား စသည်တို့ဖြင့် သွားလာ တတ်လေ့ မရှိပါလေ။ တက္ကစီကားကိုသာ ငှားရမ်း၍ သွားလာလေ့ရှိကြသည်။ သို့ဖြစ်ခြင်းကြောင့် ဤနေရာတွင် ဤမျှော်လင့်ချက်ဖြင့်သာ နားခိုခြင်း ဖြစ်သည်။

မဟာနိုင်ငံများ၏ နေထွက်ချိန်နှင့် နေဝင်ချိန်


အတိတ်ကို ပြန်လည် အောက်မေ့သည့်စိတ်ကို အိမ်လွမ်းစိတ်၊ အိမ်လွမ်းဝေဒနာ၊ အိမ်လွမ်းစိတ္တဇဟု ခေါ်ကြသည်။ ကိုယ့်ဇာတိကိုပဲ ဖြစ်ဖြစ်၊ ချစ်ဦးသူကိုပဲဖြစ်ဖြစ်၊ ပထမဆုံးသော ချိုမြိန်သော အနမ်းကိုပဲဖြစ်ဖြစ် ပြန်လည်တသ လွမ်းဆွတ်ခြင်းသည် အိမ်လွမ်းစိတ္တဇ ဖြစ်သည်။
 
အိမ်လွမ်းစိတ်၊ အိမ်လွမ်းဝေဒနာ၊ အိမ်လွမ်းစိတ္တဇသည် ကဗျာနှင့် သမိုင်းကို မွေးဖွားပေးလိုက်သည်ဟု ဆိုနိုင်သည်။
 
ကဗျာဆရာ ဂျွန်ကိစ်က ဒရူးဝစ် မျိုးနွယ်တို့ အင်္ဂလန်သို့ ရောက်လာကြပုံ၊ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သည့် ဖုန်းဆိုးမြေတို့ကို မြင်၍ ကသို့ ကဗျာဖွဲ့သည်။
 
တိတ်ဆိတ်တဲ့ လွင်ပြင်ကို ဖြတ်ပြီး
ဖြည်းညင်းစွာ လျှောက်လာရခြင်းမှာ
နှစ်သက်စွဲလမ်းဖွယ်ရာ တစ်ခုရှိရဲ့
သည်နေရာဟာ ပြည်ချစ်စစ်ပွဲ ဆင်နွှဲတဲ့နေရာ
သည်နေရာဟာ ဘုန်းကျက်သရေ ဖြိုးဝေခဲ့ရာ
သည်နေရာဟာ ပျော်ရွှင်စရာနေရာ
သည်နေရာဟာ ရှေးဟောင်း ဒရူးဝစ်လူမျိုးတွေ အခြေချရာ
သည်နေရာဟာ ဖက်ယားပင် စိမ်းစိမ်းတွေ လွှမ်းခြုံရာ။
 
၁၆၈၉ ခုနှစ်က အင်္ဂလန်ပြည် ရီလိကာရန်ကစ်အရပ်တွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲ၌ ဒန်ဒီတောင်ပေါ်သားတို့ အောင်ပွဲခံခဲ့ရာ စစ်မြေပြင် ကို မြင်သည့်အခါတွင် ကဗျာစာဆို ဝါစ်သဝပ်က ၁၈၀၃ ခုနှစ်တွင် အောက်ပါအတိုင်း ထိုအောင်ပွဲကို ပဲ့တင်ထပ်ခဲ့သည်။
 
အဲသည့်နေ့က တိုက်မိန့်ရတဲ့
တပ်သားဒန်ဒီ၊ တစ်နာရီလောက် ဖြစ်လိုက်ချင်ရဲ့
တို့ဘိုးဘွားများ မြင်လိုက်ရတဲ့ အောင်ပွဲမျိုးကို မြင်လိုက်ချင်ရဲ့။
ဂုဏ် အသရေမဲ့တဲ့သင်္ချိုင်းကို
တို့ရန်သူများ လိုက်ရှာနေတာ မြင်လိုက်ချင်ရဲ့။

အပြည်ပြည်ဆိုင်ရာ အချစ်ဒုက္ခသည်များနေ့


“ကိုယ် သိပ်ကြေကွဲတယ်ကွာ” ကိုနွယ်သာကီ၏ အသံသည် ဆွေးဆွေး မြည့်မြည့်။ ၀င်း အောင်ထွန်းက လက်ဖက်ရည်ဖိုး ရှင်းလိုက်ပြီး ပြန်မည် စိတ်ကူး၏။ ကိုနွယ်သာ ကီ စကားဆက်၍ ဣနြေ္ဒမပျက်ပြန်ပြီး ထိုင်ရသည်။ ကျူရှင်သွားရန် အချိန်နီးနေ၏။ ကိုနွယ် သာကီကပို၍ လျှာတွေ့နေဟန် တူ၏။ သူ့အချစ် သမိုင်းကို အဖန်တလဲလဲ ကြားရပေါင်း များ၍ အလွတ်ပင်ရနေ၏။ ပြောသူအဖို့ မရိုး သော ဇာတ်ထုပ်။ 

လွန်ခဲ့သော အနှစ် အစိတ်က ဇာတ်လမ်း။ ကိုနွယ်သာကီနှင့် ခင်ခင်ဆွေတို့၏ အ သည်း နှလုံးရာဇ၀င်။ ဆယ်စုနှစ် သုံးနှစ်ကာလကမူ ခင်ခင်ဆွေဟူသော အမည်သည် အဆန်းဆုံး ဖြစ်များဖြစ်နေမည်လား မသိ။ စိန်ဖိလိုမီနာ၏ တက္ကသိုလ်ဝင်တန်း ကျောင်းသူ ၀န်ထောက်သမီး ဟူသော အရှိန်အ၀ါသည် အတော်ပင် ကြီးကျယ် ကြောင်း ကိုနွယ်သာကီ ပြောပြ၍ သိရသည်။ မြ၀တီ မဂ္ဂဇင်းအဖုံး ဓာတ်ပုံပါဖူး သည်က စ၍ ခင်ခင်ဆွေ၏ ကျော် ကြားမှုသည် ရုပ်ရှင် မင်းသမီး တစ်ယောက်ထက် မလျော့ဟုလည်း ဆို၏။ “ဆွေက အဆိုတော် ကိုမြကြီးရဲ့ မခင်နှင်းဆီ သီချင်းကို ကြိုက်တဲ့ နေရာမှာလည်း ကိုယ်နဲ့ အကြိုက်ချင်းတူတယ်" ၀င်းအောင်ထွန်း ခေါင်း ညိတ်သည်။

ကိုနွယ်သာကီ၏ မျက်လုံး အစုံကို ကြည့်၏။ ညို့ လျက်ရှိသည်။ အနှစ်အစိတ် သုံးဆယ်သို့ ရုတ်ခြည်းပင် ပြန်ရောက်သွားပုံရ၏။ လေးဆယ့် လေးငါးရှစ်နှစ် အရွယ်သည် ပြန်လည် ပြေးဆုတ်သွားခြင်းကား မရှိ။ ထက်ဝက်နီးပါး ငယ်သော ၀င်းအောင်ထွန်းကို အချစ်ဇာတ်လမ်းတွင် ပါဝင်ခဲ့ဖူးသော သူငယ်ချင်း တချို့ ဟု ထင်ယောင်ထင်မှားများ ဖြစ်နေသလားမသိ။ “ဆွေက ကိုယ့်ကို ကိုနွယ်တဲ့၊ ချစ်သဲနွယ်တဲ့။ အခေါ်များတာက ဒါလင်တဲ့” ခုနေ ဒါလင်ဟု ခေါ်ဝေါ်ကြလျှင် ဒိုက်တွေ၊ တောဘဲ တွေပဲဟု ထင်ကြမှာကို ၀င်းအောင်ထွန်း တွေးမိ၏။

လွမ်းစရာလေးတွေတော့ ဖြစ်ကုန်ပြီ


"ခင်ဗျားတို့ဗျာ ဒီအရွယ်ကြီး ရောက်မှ သမီးရည်းစားလို နေကြတာကို ကြည့်ရတာ တော်တော် အောက်တာပဲ" ဆိုသော သူငယ်ချင်း ဖြစ်သူ၏ စကားကို အကြားမှာ ကိုသိန်းမောင်၏ ရင်ထဲမှာ တော်တော်လေး အောင့်သက်သက် ဖြစ်သွားသည်။ ခုမှ သူ့အသက်က သုံးဆယ့်လေးနှစ် ရှိသေးတာပဲ။ လူ့ဘ၀ ဆိုတာ အသက် လေးဆယ်မှ စတယ် ဆိုတာကိုရော သူတစ်ဖက်သားကို ဝေဖန်တဲ့ ငတုံး မသိဘူးလား။ ကိုယ့်ဘာသာကိုယ် ချစ်တာ ဘာဖြစ်လဲလို့ ကိုသိန်းမောင်က ခပ်ဆတ်ဆတ်လေး ပြန်ငေါ့လိုက်သည်။

"အိုင်ဆေး ကိုသိန်းမောင်၊ ခင်ဗျား ၀င်ငွေနဲ့၊ ခင်ဗျား အသက်အရွယ်နဲ့ အရတော့ အိမ်ထောင် ပြုသင့်နေပြီဗျ။ ခင်ဗျားမှာ စာရေးတဲ့ အလုပ်ကလည်း တစ်လကို လေးငါးခြောက်ရာ ၀င်တာပဲ။ ရုံးကလည်း သုံးရာကျော် ရနေတာပဲ။ ရုံးလုလင် လုပ်တဲ့ ကောင်လေး တွေတောင် သူ့ဝင်ငွေနဲ့သူ အိမ်ထောင် ပြုနိုင်တာပဲ။ စီးပွားရေး အဆင်မပြေမှာကို တွေးပြီး အိမ်ထောင် မပြုရင်တော့ ခင်ဗျား ဒီတစ်သက် မလွယ်တော့ဘူး။ ခုပဲကြည့် ခင်ဗျားလို ခေါင်းရှုပ်ခံ မစဉ်းစားတဲ့ ခင်ဗျား ညီမတွေ၊ တူတွေတောင် အိမ်ထောင်ကျလို့ တူတွေ၊ မြေးတွေတောင် ထပ်ရနေပြီ။ တမလွန်ကို ငှက်ပျောတုံးတော့ ဖက်မကူးပါနဲ့ဗျာ" လုပ်ဖော် ကိုင်ဖက်၊ စာရေးဖက်လည်း ဖြစ်သော ကိုကြည်ဌေးက ဆိုလာပြန်သည်။ ကိုသိန်းမောင်၏ ၀င်ငွေမှာ တစ်လ တစ်ထောင်ခန့် ရှိသည်မှာ အမှန် ဖြစ်သော်လည်း ခရီးသွားလာရာ၌ အပင်ပန်းနှင့် အချိန်ကုန် မခံတတ်သည့်အတွက် လမ်းစရိတ်က သုံးရာခန့် ကုန်နေသည်။ လက်ဖက်ရည်ဖိုးက နှစ်ရာ သုံးရာခန့် ရှိသည်။ အစ်မကြီးတွေကို သုံးရာခန့် ထောက်ရသည်။ ကျန်တဲ့ငွေက ကြုံတဲ့ အခါမှာ ရီဝေရီဝေ ထွေတတ်သည့် ညနေပိုင်းတွေမှာ ပဲ့ပါတတ်သည်။ သည်တော့လည်း သိပ်ပြီး ပိုပိုလျှံလျှံ မရှိလှ။ ရပ်ကွက် စာရင်းရှင်းတမ်းများ၏ လက်ကျန် ရှင်းတမ်းနှယ် ၀င်ငွေနှင့် ထွက်ငွေက သိပ်မကွာလှ။ ပြီးတော့လည်း သူ့ရှေ့မှာ အိမ်ထောင် ပြုသွားသည့် သူငယ်ချင်းများ၏ အခြေ အနေမှာ သိပ်မကောင်းမွန်လှ။ အဲသည် လူတွေထဲမှာ သူ့လိုပင် ၀င်ငွေ ရှိသူတွေရော၊ သူ့ထက် ၀င်ငွေ နည်းသည့် သူတွေရော ပါဝင် သည်။

ပြီးတော့ သူ့အိမ်ထောင်ဖက် အဖြစ် ရွေးထားသော သူ့ချစ်သူ မမြလေးကလည်း အသုံးအစွဲ မကြီးသည့် တိုင်အောင် လက်ဖွာသူ ဖြစ်သည်။ သူ့လစာ လေးရာကျော်မှ ပိုပိုလျှံလျှံရယ်လို့ မရှိလှ။ သည်အထဲမှာ အပျိုကြီး ပီသစွာဖြင့် ညီမက မွေးသော တူကလေးကို အလို အရမ်းလိုက်ထားရာ တူလိမ္မာလေး၏ စရိတ်က ပင်လျှင် တစ်လတစ်လ မနည်းလှ။

ပဂ္ဂီ


ပဂ္ဂီတစ်ထည်လောက် လိုချင်နေသည်မှာ ကြာလှချေပြီ။ ပဂ္ဂီဟူသည်မှာ ယခုနောက်ပိုင်း တစ်နှစ် နှစ်နှစ်ပိုင်းလောက်ကမှ ခေတ်စား လာသော ခြောက်တောင်ပါ တိတ် ဖြစ်လေသည်။ အနံက နှစ်တောင့်ထွာ၊ အလျားက ခြောက်တောင်ဆိုတော့ ထဘီတစ်ထည်၊ အင်္ကျီလက်တို တစ်ထည်အပြင် ဘလောက်(စ) အင်္ကျီတစ်တည် ထပ်ရသေးသည်။ အကယ်၍ ဝတ်ရဲလျှင်တော့ မိန်းမအတွက် ထဘီတစ်ကွင်း ဖြတ်ပြီး ကျန်အစကို ယောက်ျားက ရှပ်အင်္ကျီချုပ်ကာ ဆင်တူဝတ်နိုင်ကြသေးသည်။

အပွင့်အဆင်တွေက ခပ်ကြီးကြီး ခပ်ရဲရဲဖြစ်သော်လည်း အရောင်အသွေးက စိုလှတော့ လှမျိုးခင်၏ မျက်စိထဲတော့ မြင်မြင်သမျှ ပဂ္ဂီ တွေ အကုန်လှနေသည်။ အကုန်လှနေသော်လည်း ယခုထိ တစ်ထည်မှ မရေးသည်က ခက်လှသည်။ မရသေးဆို ဈေးကလည်း ကြည့်ပါဦး၊ ပေါ်စတုန်းက သုံးရာကျော် လေးရာနား ကပ်နေသည်။ ယခုနောက်ပိုင်း တဖြည်းဖြည်း ဈေးကျလာသော်လည်း သုံးရာ နား ကပ်နေဆဲဖြစ်သည်၊ တနေ့တုန်းကတော့ တစ်ဖက်အိမ်မှ နီနီလှိုင်ဝယ်လာသည်ကတော့ နှစ်ရာ့ငါးဆယ်ဟု ပြောသည်။

'ပဂ္ဂီတွေ ဈေးကျလာပြီမောင်ရေ့၊ နီနီလှိုင်ဝယ်လာတာ နှစ်ရာ့ငါးဆယ်တဲ့' ဟု သူက ပြောတော့ အိမ်ကလူက မျက်နှာကို မသိမသာ မဲ့သည်။ 'ကျတဲ့ဈေးကလည်း နှစ်ရာ့ဆယ်တဲ့လားကွ' ဟု ဆိုလိုဟန်ရှိမှန်း သိသော်လည်း လှမျိုးခင်က စကားနည်းရန်စဲ မသိချင် ဟန်ဆောင်နေလိုက်သည်။ သူတစ်ခွန်း ငါတစ်ခွန်း စကားနိုင်လုနေရုံနှင့် သူလိုချင်သော ပဂ္ဂီ လက်ထဲ ရောက်လာမည်မဟုတ်။

ရေမြောင်းထဲက ည


အဖေ ပြောလိုက်တော့မှ ပိုဆိုး သွားသည်။“ပစ်သတ် လိုက်တာ အကောင်း ဆုံးပဲ” တဲ့။
အဖေ့ လက်သုံးစကား။ ထစ်ခနဲဆို ဒေါသရှူးရှဲနှင့် “ပစ်သတ်လိုက်မယ်” ဟု အော် တတ်၏။
အစကတော့ အဖေ့ ခြိမ်းခြောက်မှုကို တော်တော် ကြောက်လန့်ပြီး အမေ့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် အကာအကွယ် ယူရသည်။ အဖေ့ကိုလည်း မကြည့်ရဲ။
အဖေ့အသံကိုလည်း နားမထောင်ရဲ။ ဘယ်မှလည်း ထွက်ပြေးလို့မရ။ အဖေ သတ်ပစ် မည်စိုး၍ မျက်ရည်ကျမိလျှင်လည်း ထပ်မံ သတ်ပစ်ခံရမည်စိုးပြီး အမေ့ကို ကုတ် ကတ် ဖက်တွယ်လျှင် အမေ့ကိုပါ ပစ်သတ်မည်ဟု ကြိမ်းဝါးတတ်သည်။
နောက်တော့လည်း သိပ်မကြောက်တော့။ အဖေ့ကိုပင် အရဲစွန့်ပြီး ဟာသပြန်လုပ် တတ်လာတော့သည်။
အဖေက “ပစ်သတ်လိုက်မယ်”ဟု ဒေါသတကြီးနှင့် ဆူငေါက် လာလျှင် လက်မထောင်၊ လက် ညှိုးထိုးပြီး အဖေ့ကို ဦးအောင် ချပစ် လိုက်သည်။ “ဒိုင်း”။ အဖေ့ဒေါသ၏ နှလုံးသားကို ထိသွားပြီး အပြုံးများ ယိုစီးကျ လာတတ် တော့သည်။ အဖေ့မှာ ပစ်စရာဟူ၍ ပါး စပ် သေနတ်နှင့် လက်သေနတ်သာ ရှိပါသည်။ ယခုမူ အဖေ့ စကားသည် မှန်နေလေ တော့သည်။ အမြဲ လိုလိုလည်း မှန်တတ် သည်ပဲလေ။
“ပစ်သတ်လိုက်တာ အကောင်းဆုံးပဲကွ။ မင်း ကောင်းဘွိုင်ကားတွေထဲက မမြင်ဖူးဘူးလား။ မြင်းတွေနွားတွေ ခြေကျိုးသွားရင် ပစ်သတ်လိုက်တာပဲလေ။ သူတို့ကို ဝေဒနာ မခံစားရတော့အောင် လုပ်ပေးလိုက်တာပဲပေါ့ကွ”

ပေးဆပ်သူတို့၏ နှလုံးသား

ဖိနှိပ်အုပ်စိုးသူတွေဟာ အရင်းရှင်နယ်ချဲ့မျက်နှာဖုံးစွပ်၍လည်းလာမည်။ ဖက်ဆစ်မျက်နှာဖုံး စွပ်၍လည်းလာမည် ဒါပေမယ့် သူတို့ တွေရဲ့ အတွင်းသရုပ်က ကောက်ကျစ်စဉ်းလဲခြင်း၊ ယုတ်မာခြင်း၊ အနိုင်ကျင့်ဗိုလ်ကျသည်၊ လက်ဦးမှု အရယူကြသည်။ သူတို့တွေ အတွက်က ဘာမဆိုလုပ်ရဲကြသည်။ ရက်ရက်စက်စက် ညင်းပန်းနှိပ်စက် ရက်ရက်စက်စက် သတ်ဖြတ်ရဲကြသည်။ အကျိုးစီးပွားအ တွက် အဓမ္မမှုအားလုံးကို ပြောင်ပြောင်တင်းတင်းကျူးလွန်ရဲသည်။ 

သူတို့တွေမှာ လူမျိုးဆိုတာမရှိ၊ တိုင်းတပါးမရှိ၊ အရှေ့အနောက် မရှိ၊ အသားအရောင် မရှိ၊ ဘာသာတရားဆိုတာလည်း အယောင် ဆောင်ကိုးကွယ်မှုတွေပဲရှိတယ်။ သူတို့တွေရဲ့ အကျိုးစီးပွားကို ဆန့်ကျင်သူမှန်သမျှ အားလုံးကို ဤအတိုင်းပင် ပြုမူနှိပ်စက်သည်။ အဲဒီလို အဖိနှိပ်ခံ မှန်သမျှသူတွေဟာလည်း တန်ပြန်သက်ရောက်မှုတွေက သဘောထားမပြောင်းလဲပါ။ နအဖစစ်အုပ်စုရဲ့ ဖိနှိပ်မှုမျိုး စုံအောက်က မြန်မာ့လူ့အဖွဲ့အစည်းသည် ကျေပြုန်းပျက်စီးခံနေကြရသည်။ လူငယ်တွေဆိုရင်လည်း ပြားပြားမှောက်၍ နေကြရ သည်။ မလှုပ်နိုင်မရုန်းနိုင်တဲ့ကြားကပဲ သူရဲကောင်းတွေ ပေါ်ထွက်လာခဲ့ကြသည်။ အဖိနှိပ်ခံတို့၏ လွတ်မြောက်ရေးတိုက်ပွဲတိုင်းမှာ လူငယ်တွေဟာ စွန့်လွှတ်ကြသည်။ မြန်မာ့သမိုင်းစဉ်၏ အရိပ်မှာတော့ “ဒေါင်း” အလံနီကြီးရဲ့အောက်တွင် သူရဲကောင်းတို့များစွာ၊ သခင်အောင်ဆန်း၊ ဗိုလ်အောင်ကျော်၊ ကိုဗဟိန် စသဖြင့် အာဇာနည်ပီသစွာဖြင့် လူငယ်သူရဲကောင်းများဟာ ကမ္ဗမည်းထိုး၍ မကုန် နိုင်ပါဘူး။ 

အမေရိကန်သမ္မတ ထရူးမင်း၏ “ဒိုမီနို သီအိုရီ” တန်ခိုးကြောင့် ဗီယက်နမ်တောင်ပိုင်းသည် အမရိကန်နယ်ချဲ့ရုပ်သေးအစိုးရ၏ လက် အောက်တွင် ရှိနေပြီး မြောက်ပိုင်းဗီယက်နမ်မှာမူ သမ္မတကြီး ဟိုချီမင်းဦးဆောင်သည့် ကွန်မြူနစ်တို့၏ အောက်၌ ရှိ၍နေ သည်။ “ဆိုင်ဂုံ” နှင့် “ဟနွိုင်း” အား နယ်ချဲ့အရင်းရှင်နှင့် ကွန်မြူနစ်တို့က ခွဲ၍ယူထားကြသည်။ အမေရိကန် မရိန်းတပ်သားတို့ ကား တောင်မြောက်နယ်စပ်စည်းကို ဖြတ်ကျော်ရန်ကြိုးစား၍ နေကြ၏။ အမေရိကန် လေတပ်မှ B-25, B-52 ဗုံးကြဲလေယာဉ် ကြီးများက မြောက်ဗီယက်နမ်၏ မြို့များပေါ်သို့ ဗုံးကြဲ၍ တိုက်ခိုက်ကြသည်။ အမေရိကန်သံချပ်ကာကားများက “ဗီယက် ကောင်း” တို့ အားကြိတ် နင်းရန် အမှတ် (၁၅) မျဉ်းပြိုင်စည်းဆီသို့ အပြင်းမောင်းနှင်သွားကြသည်။ မြောက်ဗီယက်နမ်ရှိ ဥက္ကဋ္ဌကြီး ဟိုချီမင်း၏ လွတ် မြောက်ရေး တပ်သားများက ရိုင်ဖယ်သေနတ်များဖြင့် ခုခံကာကွယ်၍ နေကြ၏။ “ဆိုင်ဂုံ” မှနယ်ချဲ့နှင့် ရုပ်သေးအစိုးရအား မောင်း ထုတ်နိုင်ရန် “ဗီယက်ကောင်း” တို့သည် ပျောက်ကျားစစ်ဖြင့် တိုက်ပွဲဝင်၍နေကြသည်။ အမိပြည်သူတို့ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရေးအတွက်။ မလှုပ်နိုင် မရုန်းနိုင် လမ်းစမပေါ်နိုင်တဲ့ကြားထဲကနေ ပေါ်ထွက်လာသူကတော့ အာရှမှလူငယ်တစ် ဦး၊ ဗီယက်နမ်မှ “ငုယင်ဗန်ထရွိုင်း” ဆိုတဲ့လူငယ်လေးပါ။ ဗီယက်နမ်လွတ်လပ်ရေးဖခင်ကြီး “ဟိုချီမင်း” နှင့် ဗီယက်နမ်မျိုးချစ်သူရဲ ကောင်း ထောင်သောင်းတို့၏ တိုက်ပွဲသမိုင်းစာမျက်နှာများမှာ ဂုဏ်ရောင်ပြောင်မြောက်စွာဖြင့်။

အမျိုးသားပညာဝန် ဦးဖိုးကျား၏ မယ်မြ


လွန်ခဲ့သော ၁၃- နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသားကျောင်း တစ် ကျောင်း တည်ထောင်လေသည်။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေးငါးနှစ်လောက် က တစ်ခေါက် သွားရသည်။

ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၎င်းသင်္ဘောမှာ စစ်တကောင်း ကုလား (ခေါ်တော) များ အစီး အများဆုံးဖြစ်၏။ ရခိုင်များ အနည်းငယ်စီးကြ၏။ ကျွန်ုပ် သွားသောအခေါက်၌ ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တော် တစ် ယောက်သာပါ၏။ အခြားတို့က ကုလားများဖြစ်ကြ၏။ ရန်ကုန်က ထွက်၍ တစ်ညထွက်ပြီးနောက် ကမ်း- လမ်းမမြင်သော ပင်လယ် ကြီးသို့ ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။ သဘောင်္စီးသူတို့သည် ကုန်းပတ်သို့ ထွက်ခါ ပင်လယ် သမုဒ္ဒရာ၏ အညို့ဓာတ်ကို မပြတ်မစဲ စွဲမြဲကြည့်ရှု၍ ငေးမော နေသူနေ၊ တွေးတော နေသူနေ ရှိကြကုန်၏။ ကျွန်ုပ်သည်လည်း ကုန်းပတ် ပေါ်သို့ ထွက်ခဲ့ရာ ကုန်တင်ကုန်ချပေါက်အနီး ထောင့်တစ်ခု၌ ကုလားလင်မယား နှစ်ယောက်ကို တွေ့မြင်ရ၏။ ကုလားမမှာ ခေါင်းမြီးခြုံ၍ရှိ၏။ ၎င်း၏အသားအရေမှာ အတန်ပင်ဖြူစင်သပ်ရပ်၏။ ထိုကုလားမသည် ဖြူစင် သပ်ယပ်လှသည်၊ အသို့နည်းဟု အနီးသို့ မယောင်မလယ် ကပ်ကြည့်ရာ ၎င်း၏ ယောက်ျားကုလားက-

“ဘယ်နှယ့်လည်းဆရာကြီး၊ ဘယ်သွား မလို့လည်း၊ ထိုင်ပါအုံးလား၊ ကွမ်းများ- ဘာများစားရအောင်လေ” ဟု မြန်မာရေ လည်ပတ် စွာနှင့် နှုက်ဆက်လေရာ။ “အော်- ခင်ဗျား ဗမာလို ကောင်းကောင်းတတ်သကို။ ဗမာပြည်မှာ တော်တော် ကြာနေဘူးတယ်ထင်ပါရဲ့၊ အင်မတန်လည်း ပီတာဘဲ။ နို့ ခင်ဗျား မိန်းမကော ဗမာစကား တတ်ရဲ့လား” ထိုအခါ ကုလားက ဟက်ဟက်ပက်ပက်ရယ်၍ “တတ်လား၊ မတတ်လား ခင်ဗျားဘဲ မေးကြည့်တော့၊ ဟေး-မယ်မြ ဒီမှာ ဗမာတစ်ယောက်ကွဲ့၊ စကားများ ပြောပါအုံး” ဟု ဖော်ရွေ စွာပြော၏။

အသဲကွဲ နိုင်ငံတော် အလံ

အသဲကွဲ နိုင်ငံတော် အလံ
 ဖိုးထက်၊ ဇူလိုင် ၂၁၊ ၂၀၁၂

အနှီ အမျိုးသား တစ်ယောက်သည် အကြင် အမျိုး သမီး တစ်ယောက်အား ချစ်ခွင့်ပန်သည် ဆိုပါအံ့။ ထို အမျိုးသမီးက ချက်ချင်း လက်ငင်း တစ်ထိုင်တည်း တုန့်ပြန် ဆုံးဖြတ် နိုင်သည်။ ချစ်ပါသည်။ မချစ်နိုင်ပါ။ မဖြစ်နိုင်ပါ။ သို့တည်းမဟုတ် စဉ်းစားပါရစေ၊ လေ့လာပါရစေဟု ဆိုအံ့။ မချစ်နိုင်၊ မဖြစ်နိုင်ဘူး ဆိုသည့် အဖြေများနှင့် စာလျှင် စဉ်းစား၊ လေ့လာခွင့်ပေးပါ ဆိုသည့် အဖြေသည် ချစ်ခွင့်ပန်သည့် ယောင်္ကျား တစ်ယောက်အတွက် ကြိုးစားခွင့် အခွင့်အရေး အများကြီး ရှိသည်ဟု ဆိုရမည်ပင်။

            ကျနော် ကေသီ့ကို ချစ်ခွင့်ပန်သော အခါ ရှက်ရွံ့သည့် မျက်နှာ အမူအရာဖြင့် လေ့လာအုံးမယ်ဟု အဖြေပေးသည်။ လိုချင်သည့် အဖြေကို ချက်ခင်း မရပေမယ့် ငါ့မှာ အခွင့်အရေးတွေ ရှိတာဘဲ ဟု ဖြေသိမ့်လိုက်နိုင်ပါသည်။ ဖြစ်နိုင်ခြေတွေ အများကြီးရှိနေတာဘဲ ဟုလည်း တွေးမိသည်။ မိမိကြိုးစားလျှင် ကြိုးစားသလောက် ဖြစ်နိုင်သော အရာ။ အခွင့်အရေးက ကျနော့် လက်ထဲမှာ။ ဆယ်တန်းနှစ် အစ အချိန်များလို ကျနော် ခံစားမိသည်။ တက်ကြွ ကြိုးစားချင်စိတ်များ တဖွားဖွား ပေါ်လာပါ၏။

            ကေသီနေသော အမျိုးသမီး အဆောင်နှင့် ကျနော် နေသော အမျိုးသား အဆောင်က မနီးမဝေးတွင် တည်ရှိသည်။ သူတို့ အဆောင်တွင် ဘယ်သူနေသည်။ ဘယ်သူက ဘယ် ကုပ္မဏီမှာ အလုပ် လုပ်သည်ဟု ကျနော်တို့ သိသလို ကျနော်တို့ အဆောင်က ယောင်္ကျားလေးများ၏ အူချာပေါက် အလေ့အကျင့်များကိုလဲ သူတို့ လွယ်လွယ်သိနိုင်ကြ၏။ ထို့အပြင် ရပ်ကွက်အတွင်းရှိ တစ်ခုတည်းသော လ္ဘက်ရည်ဆိုင်သည် သူတို့ မိန်းကလေး အဆောင်သူများ အဖွဲ့နှင့် ကျနော်တို့ အဖွဲ့၏ အပြန်အလှန် လေ့လာစောင့်ကြည့်စရာ သတ်ကွင်း တစ်ခုဆိုလျှင် မှားအံ့မထင်။

ဒေါ်ဒေါင်း ဂျန်နရေးရှင်း (ချစ်ကြည်အေး)

၁)
ဒေါ်ဒေါင်းတို့ အမျိုးက ဖဲသမားမျိုးရိုး။ ဒေါ်ဒေါင်းအဖွား မပန်းရုံ။ မပန်းရုံရဲ့အဖိုး ဦးလှဘော်။ ဦးလှဘော်ရဲ့ အဖွား ဒေါ်လှရှင်။ အဲဒီလို အစဉ်အဆက် မျိုးရိုးအတိုင်း ဖဲသမားလုပ်စားလာလိုက်တာ ခု ဒေါ်ဒေါင်းလက်ထက်အထိပဲ ဆိုပါတော့။  အစဉ်အဆက်မဟုတ်ဘဲ မျိုးရိုးတစ်ဆက်ခြားစီ ဖဲမွေရနေကြတာကတော့ ထူးခြားတယ်ဆိုရမယ်။ 

ခု ဒေါ်ဒေါင်းအလှည့် ရောက်ပြီ။ ခက်တာက ဒေါ်ဒေါင်းအလှည့်ကျတော့မှ ဖဲမျိုးဆက်က ပြတ်တော့မဲ့သဘောမှာ ရှိနေ တယ်။ ဒေါ်ဒေါင်းအဖို့တော့ အဲဒီအဖြစ်ကို သမိုင်းပေးတာဝန်ကြီးတစ်ခု ကျေပွန်အောင် မထမ်းဆောင်ရသေး သလိုလို၊ နိုင်ငံတော်အလံပြနေတုန်း မတ်တတ်မရပ်လိုက်မိသလိုလို ခံစားနေရတာ။ ရင်ခံနေမိတာ။ သူရကတော့ ရွဲ့ပြီး ပြောလေ့ ရှိတယ်။ “ပွဲထဲက လူပြက်များ ပြက်သလို မျိုးကောင်းလွန်းလို့ အစေ့ထုတ်၊ ပြာသုတ်ပြီး နေလှမ်းထားရတယ်ဆိုတာ အမေတို့ မျိုးရိုးပေါ့” တဲ့။ ဒေါ်ဒေါင်းကလည်း ပြုံးရင်းပြန်ပြောတယ်။ “ဒီအကောင်ဟာ တစ်ရပ်ကွက်လုံးနဲ့သာ တည့်ချင်တည့် မယ်၊ ယောက္ခမနဲ့တော့ အမြဲပဲ ဂွတိုက်ချင်နေတဲ့ကောင်” တဲ့။

၂)
သူရ အတော်လေး စိတ်တိုနေတယ်။ တိုနေတဲ့ စိတ်တွေကို ဒေါသအဖြစ်ပြောင်းဖို့ကလည်း မဖြစ်ဘူး။ မဖြစ်ဆို သူရ စိတ်တိုနေတဲ့သူက တစ်ခြားသူ မဟုတ်ဘူး။ ထုံးစံအတိုင်း သူ့ယောက္ခမဒေါ်ဒေါင်း ဖြစ်နေလို့ပဲ။ ဘီလူးဆိုင်းလေးနဲ့ များ ဒေါသထွက်ပြလိုက်လို့ကတော့ ဆန်းဆန်းပြားပြား ခေါင်းနဲ့ဆင်းမလား၊ ရိုးရိုးတန်းတန်း ခြေနဲ့ပဲ ဆင်းမလား၊ ဘယ်လိုပုံမျိုးနဲ့ ဆင်းရမယ်မှန်း မသေချာဘဲ အိမ်အောက်ရောက်သွားဖို့သာများတယ်။ မတတ်သာပေမဲ့လို့ သားမက် အလိမ္မာပီပီ မျက်နှာအမူအယာနဲ့ ခပ်ပါးပါးလေးတော့ ပြမိသေးတာပဲ။

သို့သော်လည်း ဒီလောက်များတော့ ဒေါ်ဒေါင်းတို့ကလည်း မသိချင်ယောင်ဆောင်နေလိုက်တာ။ သူရ ဘယ်လိုပဲ မျက်နှာမူ မျက်နှာမောင်းနဲ့ မကြေနပ်ကြောင်းပြပြ ဒေါ်ဒေါင်းအဖို့ “သူရမျက်နှာကြည့်မဲ့အစား ဂျိုကာမျက်နှာသာ ကြည့်တော့ မဟေ့”ဆိုတဲ့ အပေါက် ချိုးထားလိုက်တော့တာပဲ။

မိန်းမရကတည်းက မိန်းမမျက်နှာ တစ်ရပ်ကွက်မှတ်ပြီး ယောက္ခမအိမ်တက်နေခဲ့ရသူမို့ ယောက္ခမကို မလှန်ရဲတော့ လည်း အခက်သားလား။ တိုနေတဲ့စိတ်တွေကို ယောက္ခမဆီကနေ မိန်းမဆီ ပစ်မှတ်လွှဲချနေရတာ ကြာတော့လည်း မိန်းမလုပ်သူကို သနားလာတယ်။ သူ့မိန်းမ နှင်းရည်ချိုက သူ ဘာပြောပြော မျက်လုံးလေးပြူးကြောင်ကြောင်နဲ့ ဆိုတော့ကာ အုတ်နံရံနဲ့ခေါင်း ပြေးဆောင့်လိုက်တာကမှ အသံမြည်ဦးမယ်။

လူကြီးရောဂါ

 “လမ်းလျှောက်လား ကိုဘတင်”
“ဟုတ်တယ် မခင်မေရေ၊ ကျန်းမာရေးက အရေးကြီးတယ်ဗျ။ မခင်မေကော
နေကောင်းရဲ့ မဟုတ်လား”
 
“နေကောင်းပါတယ်။ ကောင်းတယ် ဆိုပေမယ့် သရိုးသရီပါပဲ ကိုဘတင်ရယ်။ သမီးက
ဆရာဝန် ဆိုတော့ တော်သေးတာပေါ့”

“အင်း မခင်မေတို့များ ဟန်ကျသဗျာ၊ ကျုပ်တို့မှာ တူတော်မောင် တစ်ယောက်နဲ့ ဟိုဟာလေး ဒီဟာလေးများ ခိုင်းချင်သူ့ကို ရှာမတွေ့ပေါင်ဗျာ။ လူငယ်ဆိုတော့ ခက်သားပဲလေ။ ဟဲ ဟဲ ဟဲ ကဲ နေမမြင့်ခင် ဆက်လျှောက်လိုက်ဦးမယ် မခင်မေ”

“ကောင်းပြီး ကိုဘတင်၊ အရေးအကြောင်း ရှိရင် သမီးကို လူလွှတ် ခေါ်ခိုင်းလိုက်ပေါ့။
အိမ်ချင်းက သိပ်ဝေးကြတာမှ မဟုတ်တာ”

“ကျေးဇူးပါပဲ မခင်မေရယ်။ ကဲ သွားလိုက်ဦးမယ်”

ဦးဘတင်သည် မာဖလာကို ပြင်စည်း။ သူ့ဦးခေါင်းပေါ်မှ ဘယ်ရီ ကက်ဦးထုပ်ကို ၀ဲလက်ဖြင့် ခပ်ဖိဖိကလေး အုပ်ဆောင်းလိုက်ပြီး လမ်းလျှောက် လက်ကိုင်တုတ်ကို ဟန်ပါပါ လွှဲကာ ဆက်လျှောက်သွားသည်။ ဒေါ်ခင်မေလေးလည်း သူ့အိမ်ရှေ့ ပန်းခြံတွင်းဝယ် ဘုရားတင်ရန် ပန်းများကို ရွေး၍ လိုက်ညှပ်ကာ ခူးနေသည်။ မြေးမလေးက သူ့နောက်မှ ပန်းခြင်းဆွဲကာ လိုက်ပါရင်း ဦးဘတင်သွားရာ ဘက်သို့ ကြည့်ကာ-

အမာရွတ်ကြည့်ကာ ရယ်ရသည်

လူတို့၏ ဘ၀တွင် နေ့တစ်နေ့သည် တစ်သက်တွင် မမေ့နိုင်သည့် အဖြစ် ရှိတတ်သည်။ ထိုနေ့ကို ထူးခြားသော နေ့အဖြစ် တစ်သက်ပတ်လုံး သတိရ အောက်မေ့လျက် ရှိတတ်သည်။
နေ့တစ်နေ့၊ နေရာတစ်နေရာ၊ အကြောင်းအရာ  တစ်ရပ်၊ ရှုခင်း တစ်ကွက်၊ အမှတ်အသား တစ်ခုအဖြစ် မြင်တွေ့လျှင် အမှတ် ရစေသော အခြင်းအရာများ အဖြစ် ရှိနေကြသည်။ ကျွန်တော့်တွင်မူ သို့လျှင် မမေ့နိုင်သော အခြင်းအရာ များက ထင်နေပြီ ဖြစ်ခြင်းကြောင့် တစ်ခါတစ်ရံ နောက်ခံ အကြောင်းကိုပင် မေ့နေတတ်သည်။ ကံကောင်းသည်ဟု ဆိုရမည်လား၊ ကံဆိုးသည်ဟု ဆိုရမည် လားမသိ။ ဥပမာ ကျွန်တော်တို့ ကိုယ်ပေါ်တွင် သေရွာ သို့ပါမည့် အမာရွတ်များ ဆိုကြပါစို့။ ပေါင်မှ အမာရွတ်ကို တစ်ခါ တစ်ရံတွင် ရေချိုးသည့် အခါ သတိပြုမိသည်။ ဒီအမာရွတ်က ဘာဖြစ်ပါလိမ့်။ သြော် ဂျပန်ခေတ်က မဟာနန္ဒာ ကန်တော်ရိုး မြင်းကသာ ကြက်တံတား အနီးတွင် မဟာမိတ် လေယာဉ်ပျံ ကျွဲညီနောင်မှ စက်သေနတ် မွှေ့ခဲ့ခြင်း အတွက် ရရှိခဲ့သည့် အမာရွတ်ပါလား။

ဒူးခေါင်းမှ အမာရွတ်ကလေး ပျောက်ကင်းလု နီးပါးပင် ရှိပြီ။ ဘယ်တုန်းက ဘာဖြစ်ပါလိမ့်။ သြော် မှတ်မိပါပြီ။ ၁၉၅၆ ခုနှစ် တိုက်ရေယာဉ် ၁၀၃ ပင်လယ်တွင် နစ်မြုပ်စဉ်က ရခဲ့သည့် အမာရွတ်၊ ဆယ့်သုံးရက်တိုင်တိုင် ပင်လယ်တွင် မျောပါပြီးမှ ဂျပန်သင်္ဘော အီစံမာရူး ပေါ်တွင် ဂျပန် ဆရာဝန် ခွဲစိတ်ခဲ့သည့် အနာပေကိုး။