တန်ဆောင်မုန်းလ (ကြက်တ္တိကာနက္ခပွဲသဘင်နှင့် မယ်ဇလီဖူးသုပ်) ၂


နက္ခပွဲလှည့်လည်ခြင်း
နောက်တနေ့ဖြစ်သော တန်ဆောင်မုန်းလပြည့် အဖိတ်နေ့ညတွင် နက္ခပူဇော်ပွဲလှည့်လည်ခြင်းကို ပြုလုပ်ကြ သည်၊ ထိုနက္ခပွဲလှည့် လည်ရာတွင် ဂြိုလ်များ၊ နတ်များ၊ ဆေးအင်းလက်ဖွဲ့တို့ပါသည်၊ နတ်ပွဲသက်သက် ဖြစ်သောကြောင့် ဘုရားနှင့် ရဟန်းသံဃာများ မပါ၊ သို့သော် ကိုရင်ကြီးဦးဆောင် ပြုလုပ်သော ပွဲဖြစ်သော ကြောင့် ကိုယ်တိုင်ပါဝင် လှည့်လည်သည် နက္ခပွဲလှည့်လည်ရာတွင်၊ ဆေးမင် နှိုးကြမည့်သူများ၊ သိဒ္ဓိတင်ကြမည့် အစ်ကိုကာလသားတို့သည် မိမိတို့ယူဆောင်လာသော ဆေးမင်ပန်း နံသာတို့ကို ကိုင်၍ သိက္ခာတော်ရ မထေရ်တော်ကြီးများလို အစီအစဉ်အတိုင်း လှည့်လည်လာကြရသည်၊ ပုစ္ဆာန်းသည် (နတ်ကတော်) တို့ကား ငှက်ပျောပွဲ အုန်းပွဲ၊ အမွေးနံ့သာ ပန်း ဆီမီးများ၊ အတီး အမှုတ် အကအခုန်များမြင့် နောက်မှလိုက်ကြရသည်။
မိန်းမပျိုတို့သည်ကား မနေ့ညက ရလာသော မဲဇလီဖူးများကို အခြောက်လှမ်းဘို့ အနည်းငယ် ချန်၍၊ အကျန်ကို မိမိတို့ရှာဖွေ ခူးယူထားသော မဲဇလီဖူးများဖြင့် ရောပြီး မဲဇလီဖူးသုပ်လုပ်သည်။ မဲဇလီဖူးသုပ်ကို ဖက်စိမ်းဖြင့် အထုပ်ထုပ်၍ တချို့ကို ဘုရားလှူ၏၊ တချို့ကို သက်ကြီးရွယ်အိုတို့ထံ ပို့၏။ တချို့ကို နက္ခပွဲသို့ လှည့်လည် လာသော အကိုကာလသားတို့ကို ပစ်ပေါက်ရန် သိမ်းထား ကြသည်၊ အိမ်အပေါ်ထပ်ရှိ ပိတ်ထားသော ပြတင်း ပေါက် (သို့မဟုတ်) အိမ်ရှေ့ပုဏ္ဏားကွယ်တွင် ပန်းကန်၊ လင်ပန်းတွင် အသင့် ထည့်ထား၏၊ ထို့နောက် မိမိကိုယ် ကို အလှပဆုံးဖြစ်အောင် ၀တ်ဆင်ထားပြီး အသင့်စောင့်နေသည်။ နက္ခပွဲလှည့်လာသည်နှင့် မိမိပစ်ပေါက်လိုသော အကိုကာလသား ပြတင်းပေါက်ရှေ့တဲ့တဲ့ ရောက်သည်နှင့် ဗြုန်းကနဲ လူလုံးပြ၍ မဲဇလီဖူးထုပ်နှင့် ပစ်ပေါက် လိုက်ကြရသည်၊ (ဤသို့ပြုလုပ်ခြင်းသည် အဘိပါရကစစ်သူကြီးကတော် ဥမ္မာဒန္တီက သိဝိမင်းကြီးအား တန်ဆောင်မုန်းလပြည် နေ့တွင် လေသာပြတင်းပေါက် ဗြုန်းကနဲ ထွက်လာပြီး မဲဇလီပန်းဖြင့် ပေါက်လိုက် သောကြောင့် ဥမ္မာန္တီကို အရူးအမူးစွဲလန်း ခဲ့သည်ကို အတုယူ၍ ပြုလုပ်ခြင်းဖြစ်သည်ဟု ယူဆကြသည်။)
ညောင်သာယာရွာ မိန်းမပျိုတို့သည် ဤထုံးစံအတိုင်း နက္ခပွဲသဘင်တွင် လှည့်လည်လာသော မိမိချစ်နေသူ အကိုကာလသားကို မိမိပြစ်ပေါက်လိုက်သော မဲဇလီဖူးသုပ် ထိမှန်သွားလျှင် မိမိကိုအရူး အမူးစွဲမက်လာသည်၊ မစွန့်ပစ်နိုင်ဟု ယုံကြည်ကြသည်၊ သို့ သော် ထိသွားသောကာလသားက မိမိအား ထိမှန်အောင် တန်ပြန် ပြစ်ပေါက်ခြင်းခံရလျင် ဘာမှမဖြစ်ဟု ယုံကြည်ထားကြသည်။
ညနေချမ်းသို့ ရောက်နေပြီ။ ကြတ္တိကာနက္ခပွဲသဘင် ဆင်နွဲရန်အတွက် ပုစ္ဆာန်းသည်တို့ ရှေ့မှဦးဆောင်၍ ငှက်ပျောပွဲအုန်းပွဲတို့ကို ကိုင်၍ အကအခုံ အတီးအမှုတ်တို့ဖြင့် လှည့်လည်လာကြသည်၊ နောက်တွင် နက္ခစံအိမ် တို့၌ ဆေးမှင်သိဒ္ဓိတင်ရန် အကိုကာလသား တို့ လိုက်ပါလာကြသည်၊ ၎င်းတို့နောက်မှ ဆေးအင်းဝါသနာပါသော လူကြီးများ လိုက်ပါလာကြသည်၊ ပျော်စရာကောင်းလှ ပေသည်။ မြခက်သည် နက္ခပွဲလှည့်လာသူတို့ မိမိ အိမ်ရှေ့သို့ ရောက်လာသည်နှင့် အိမ်ခြံဝသို့ ဗြုန်းကနဲ ပြေးထွက်ခါ မယ်ဇလီဖူး သုပ်ဖြင့် ကောင်းမြတ်ကို တည့်တည့်ချိန်၍ ပစ်ပေါက်လိုက်သည်၊ ကောင်းမြတ်ကို သေသေချာချာထိမှန်သွားသဖြင့် မြခက်မျက် နှာမှာ ကျေနပ်သော အပြုံးများဖြင့် ကောင်းမြတ်ကို စူးစူးစိုက်စိုက်ကြည့်ပြီး အိမ်ထဲသို့ ပြေးဝင်သွားသည်။
နက္ခပွဲ လှည့်နေစဉ်တွင် ဆေးမင်နှိုး သိဒ္ဓိတင်ကြမည့် အကိုကာလသားတို့သည် မိမိတို့ ကိုင်ဆောင်လာကြသော ဆေးမင်များ၊ ပန်းနံ့ သာများကို ဂရုစိုက်နေရသဖြင့် သိက္ခာတော်ရ မထေရ်ကြီးများကဲ့သို့ ဣနြေ္ဒရစွာ လိုက်ပါနေရ သဖြင့် မိမိအား မယ်ဇလီထုပ်ဖြင့် ပစ်ပေါက်သူကို စိတ်တွင်းကသာ မှတ်သားလိုက်ကြရသည်၊ လှည့်လည်ပွဲ ပြီး၍ နက္ခပွဲစတင်သည့်အချိန် ကြယ်စုံထွက်သော ညအခါ ရောက်မှသာ ကိုယ်တိုင် ပြုလုပ်လာသည့် မယ်ဇလီဖူးသုပ်ဖြင့် ပြန်လည်ပစ်ပေါက်နိုင်ခွင့် ရှိသည်။ သို့သော် ယောက်ျားလေးတို့ကို စလိုက်သော မိန်းခလေးတို့မှာ အိမ်တွင်းတံခါးကို အလုံပိတ်၍ တိတ်တတ်ကလေး ကျိတ်ရယ်နေကြလေသည်။
ပန်းသုပ် အပေါက်ခံရသော အကိုကာလသားတို့ကလည်း နောင်အခါ ထိုအပျိုအား အရူးအမူးချစ်နေသော အချစ်သားကောင် မဖြစ် စေရန်အတွက် ပုန်းနေသော မိန်းခလေးကို အိမ်ခမ်းတွင်းမှ ထွက်လာအောင် နည်းမျိုးစုံဖြင့် ကြိုးစားရသည်မှာလည်း ပျော်စရာ ကောင်းလှသည်။

တန်ဆောင်မုန်းလပြည့်ည (ကျီးမနိုးပွဲ)

တန်ဆောင်မုန်းပြည့်နေ့ညသည် ကြတ္တိကာနက္ခနှင့် ယှဉ်ပြိုင်သည့်နေ့ဖြစ်သည်။ မဲဇလီပင်တို့၌ ဆေးပေါင်းခ သော၊ ညဆေးမင်ထိုး ထားသော ဆေးများ အစွမ်းထက်သောညဖြစ်သည်။ ကိုရင်ကြီးနှင့် တပည့်လက်သား အစုံအလင်နှင့် အလုပ်ရှုပ်နေလေသည်။ ထိုည၌ ဆေးမင်ကြောင် ထိုးစဉ်က တမင်ချန်ခဲ့သော စက်ဝိုင်း၏ အလယ်မှ ကွက်လပ်ကို ဂ၀ံရုပ်၊ ကြောင်ရုပ်၊ သူရဿတီနတ်သမီး ရုပ်၊ တို့ကိုဖြည့်စွက် ထိုးနှံကြသည်၊ ကြတ္တိကာနက္ခသည် အဟန့်၊ အမှောင်၊ အမှင်၊ အရိပ်၊ ရှိမ်းတို့အတွက် အစွမ်းထက်သည်ဟု ယုံကြည်ကြသည်၊ ဆေးမင်ကြောင်ထိုးပြီးသော ကာလသားတို့သည် မိမိတို့ ထိုးနှံခဲ့သော ဆေးများ မည်မျှအစွမ်းထက်သည်၊ မည်မျှ အောင်မြင်ပြီးစီးသည်ကို လက်တွေ့စမ်းလိုကြသည်၊ ထို့ကြောင့် ဆေးမှင်ဝိုင်းမှ ထွက်သည်နှင့် အမှောင်ခို၍ သန်းကောင်ဗိုလ်လုပ် ကြတော့သည်။ သန်းကောင်ဗိုလ်လုပ်ရသည်မှာ လွယ်ကူသည်မဟုတ်။ တရွာလုံးရှိ အိမ်ရှင်တို့သည် သူခိုးဖမ်းရန် စောင့်နေကြ သည်။ မကြီးလေဘုံဦးဆောင်သော မိန်းမကြမ်းကြီး များနှင့် အပျိုတသိုက်တို့သည် မဏ္ဍပ်ကြီးအတွင်းမှ အသင့်စောင့်နေကြသည်။ သူတို့နှင့် မနီးမဝေး စားပွဲခုံကြီး တခုပေါ်တွင် သူတို့အတွက် အရေးကြီးသော ပစ္စည်းများတင်ထားကြသည်။ သင်တုန်းဓါး၊ ကပ် ကြေး၊ ကြိုးခွေ၊ ကြိမ်လုံး၊ ထမင်းခွက် စသည်တို့ဖြစ်သည်။ ထို့ပြင် သင်္ကန်းပရိက္ခရာအစုံလည်း ပါသည်။ သူတို့သည် နံနက်ဆွမ်း ချက်ရန်အတွက် စုစုရုံးရုံးကြက်သွန်လှီးခြင်း၊ ဂျင်းလှီးခြင်းစသော အမှုများကို ရယ်ရယ်မောမော်နှင့် ပြုလုပ်နေကြသည်။
သူတို့၏ အတွဲဖြစ်သော ငလုံးတို့၏ အရပ်တီးဝိုင်းကလည်း လက်ကောင်းတိုင်းရွလျက် အမြိင်သားဖြင့် အယိုင် သွားကို တီးနေကြ သည်။ ထိုညအဘို့ ခလေးများပင် မအိပ်ကြဘဲ ဆိုင်းသံကလေး ရွလာတိုင်း ကကြ ခုံကြနှင့် အမောသား။ ဆေးမင်ကြောင်းမှ ထွက်လာကြသော ကာလသားတို့မှာ အမှောင်ရိပ်အောက်ရောက်သည်နှင့် လူရိပ်လူရောင်ပျောက်သည်ဟု ယုံကြည်ကြသည်။ ဟောင်မည့်ခွေးကို အံခဲ၍ ကြည့်လိုက်ရုံနှင့် မဟောင်နိုင်ဘဲ အမြီးကုတ်ထွက်သွားအောင် ဟန့်တားနိုင်သည်ဟုဆိုသည်။ အော်မည် ပြုသူကို "ဟိတ်" ဟု ချောက်လိုက်ရုံ မျှဖြင့် တစ္ဆေ သရဲ အခြောက်ခံရဘိသကဲ့သို့ မှိုင်းမိ သတိလစ်ကျန်ရစ်နိုင်သည်ဟုဆို၏။ ကြောင်အရုပ်ကို ပုပ်၍ ဟုတ်ခနဲခုန်လိုက်သည်နှင့် ဖြုတ်ခနဲအိမ်ခေါင်မိုးပေါ်သို့ ရောက်သွားနိုင်သည်ဆို၏။ လက်ညှိုးက အိမ်မြှောင် ရုပ် ကုတ်လိုက်လျှင် လှေခါးကိုမြင်ပါလျက် နံရံကို တွယ်ကပ်ချင်စိတ် ပေါက်လာသည်ဆို၏။ ထိုအဆိုများ မည်မျှမှန်သည်မှားသည် ကို စမ်းသပ်ကြရင်းဖြင့်၊ နံနက်မိုးသောက်သော် မဏ္ဍပ်ရှေ့ရှိ ကြိုးဝိုင်းကြီးအတွင်းသို့ နွားများ၊ လှည်းများ၊ စဥ့်အိုးကြီးများ၊ သေတ္တာ များ၊ ရက်ကန်းစင်၊ လူအိပ်ပျော်လျက် မယူရာသို့ပါလာသော ကွပ်ပျစ်များ၊ စသည်တို့ကယ် ရောက်နေကြကုန်၏။

"ဘော အော ဘော အော"
"အမလေး လန့်လိုက်တာတော့"
အမိပျောက်သော နွားငယ်သည် ကျီးမနိုးပဒေသာပင်ကြီး၏ ထိပ်ဖျားတွင် လေးဘက်ကား၍ ရပ်လျက် အသီးခံ နေရသည်၊ နွားငယ် ၏ ခြေလေးခြောင်းသည် မလှုပ်နိုင်မရုန်းနိုင်အောင် ချည်နှောင်ခြင်းခံနေရရှာ၏။
"ဟယ် ကြည့်ကြစမ်းပါအုံး၊ သူရို့မို့ ကြံကြံဖန်ဖန် ကြံကြီးစည်ရာလုပ်တတ်တယ်"
"ဟဲ့ နေစမ်းပါအုံး ဒါ ဘယ်သူ့နွားတုန်း၊ ဦးကြီးကောက်ရ နွားကလေးမဟုတ်လား။ ဦးကြီးကောက်ရတို့တော့ ပရိက္ခရာအစုံနဲ့ ရွေးရ တော့မှာပတော်ရေ့"
"ဟဲ့… ဟဲ့ နွားကလေးက ရုန်းနေသဟဲ့၊ အောက်ကလှည်းက ဘီးကြီးလိမ့်ပြီး ပြိုကျလာမှဖြင့်" "ဟေ့.. ဟေ့ လှည်းမြီးစွန်းအောက် တည့်တည့်က ကွပ်ပျစ်ကို ကြည့်လိုက်စမ်းပါအုံးဟဲ့၊ တင်းတိမ်ကြီးခြုံထားတာ လူမဟုတ် လား၊ အစစ်ပါ့တော်၊ လူကြီးဟဲ့ လူကြီး"
စီတန်းလာသော အပျိုတစုတို့သည် အတန်းပျက်လျက် စုလူစုလူဝေးကြီး ဖြစ်သွား၏။ တစ်ယောက်နှင့် တစ်ယောက် လက်ညှိုးဖြင့် ညွှန်ပြကာ ပြကြ၏။ မမြင်မတွေ့ သူများက "ဘယ်မှာလဲ ဘယ်မှာလဲဟု" မေးကြ၏။
"ဟုတ်ပါ့တော် တို့များဖြင့် အံ့ပါရဲ့၊ ဟောတော့ မိန်းမကြီးတော့ ဘယ်သူများပါလိမ့်၊ တို့များဖြင့် ခိုးတဲ့သူထက် အခိုးခံရပြီး ပါလာတာ ကို မသိလိုက်တာ အံ့ပါရဲ့တော်"
"သူတို့က ဆေးတွေဝါးတွေ အဟန့်တွေနဲ့ အိပ်ငွေ့ချပြီး ခိုးလာတာတော့ နိုးချင်မှနိုးမှာပေါ့အေ့၊ တို့တော့ ခိုးတဲ့သူဘဲ အံသြပါရဲ့ တော်"
"အိမ်း… တို့ကခိုးလာသူ နိုင်သူကိုဘဲ အံ့သြတာပ၊ ဒီနေ့ ဒီရက် ဒီရက် ဒီလိုလုပ်တတ်မှန်းသိရက်နဲ့ ပေါ့ပေါ့ ရော့ရော့အိပ်တာကိုး အေ့…။ အခိုးခံရသာ နည်းတောင်နည်းသေး။ ခိုးသူက ခိုးရုံခိုးလို့သာပ"
"ဗိုင်းနာမ သူများဖြင့် စောစောစီးစီးပြောလိုက်တာ၊ ခိုးရုံမခိုးလို့ ညည်းဘယ်လိုများလုပ်စေ ချင်သေးလို့တုန်း။ အဲဒီလို လူပါခိုးယူနိုင် တဲ့ သူခိုးဆိုတာ အင်မတန်သစ္စာရှိပြီး သမာဓိတည်နိုင်မှ ခိုးနိုင်တဲ့ အစွမ်းရှိတာတော့ ညည်းက ယုတ်မာစေချင်ပေမဲ့ သူခိုးက မယုတ်မာနိုင်ဘူး"
ဟိတ် ဟိတ် ကောင်မတွေရေ့… အောင်မလေးကြည့်လိုက်ကြပါအုံး၊ မြောက်ဖျားကခေါင်း ကတော်ကြီးရယ် တော့… ဟိုမှာ ဟိုမှာ တင်းတိမ်ကြီးကို လှန်လိုက်ပြီ ၀မ်းသာလိုက်တာတော်ရေ့ အိမ်ခေါင်းကတော်ကြီးဆီက ပရိက္ခာ ငါးစုံလောက် အတောင်းခိုင်းရမယ်"
အိပ်လျက်ပါလာခဲ့သောမိန်းမ၊ ယောက်ျားတစုံသည် မနက်မိုးလင်းမှ ဆိုင်းသံကြောင့် နိုးလာသော် မပြေးရ စည်းဝိုင်းတွင်းမှ မထွက် ရ ခိုးယူမယူလာသော ကာလသားတို့ပိုင်၏။ အပေါ့အပါးသွားလိုသည့်တိုင် ကာလသား တို့က ခွင့်ပြုမှ သွားရ၏။ ထိုညအဘို့ ကျီးမနိုး ပွဲ ဆင်နွှဲရာတွင် အောင်မြင်သူများရှိသလို မအောင်မြင်၍ ဖမ်းမိသူများလည်းရှိသည်။ ထိုသူတို့မှာ တစုံတခု သစ္စာဖေါက်မိသော ကြောင့် စည်းပေါက်သွားသောကြောင့် ဆေးမအောင်ခြင်းကြောင့်ဖြစ်သည်။
အဖမ်းခံရသူတို့မှာ မသက်သာလှ။ မကြီးဘုံဦးဆောင်သော မိန်းမကြမ်းကြီး တသိုက်က၊ ကြိုးခွေ၊ ကြိမ်လုံး၊ ကပ်ကျေး၊ သင်တုန်းဓါး တခုဆီကိုင်လျက် ဖမ်းမိသူကို စားမလိုဝါးမလို ဟန်ရေးပြလျက်ကခုန်နေကြသည်။ ကြက်သွန်လှီးနေသော မိန်းမပျိုများကဘယ် သူကြီးများပါလိမ့်ဟု ထွက်၍ကြည့်ပြီး နောက်ပြောင်နေကြလေ သည်။
ဟယ် ဆင်းရဲလွန်းလို့ ခိုးတာထင်ပါ့ဟု ဆို၍ ခိုးသားပုဆိုးကို ၀ိုင်းချွတ်ကြ၏။ ခိုးသားမှာ ပုဆိုးချွတ်ယူခြင်း ခံရခြင်းက ကိစ္စမရှိ။ အပျို တွေရှေ့၌ ဖြစ်သောကြောင့်ရှက်လှ၏။ မိမိခေါင်းပေါ်မှ သဘက်ကို အမြန်ဖြုတ်၍ အရှက်ကို ဖုံးရလေ၏။ ထိုသို့ "ရှက်ရှာပါသော် ကော" ဟူ၍ ချမ်းသာမပေး။
"ဟယ် ငတ်ရှာလွန်းလို့ ခိုးသာထင့်ပါ့" ဟူ၍ ပါးစပ်ဖြင့် ၀ါးထားသော ထမင်းများ နို့ရည်ဖြင့် ဆမ်းထားသော ထမင်းများကို ခိုးသား၏ ပါးစပ်ထဲသို့ အတင်းခွံ့လေတော့၏။ ရွံလွန်း၍ ရုန်းလျှင် နကန်သေးသေးဖြင့် စပ်စပ်ပါ အောင်ရိုက်သည်။ ကကြိုးအမျိုးမျိုးက ခိုင်းတော့သည်။ ထို့နောက် မကောင်းသည့်အကျင့်ဆိုးကို ဆေးကြောပစ်ရ မည်ဟု ဆို၍ တကိုယ်လုံးခေါင်းပေါ်မှ ရေလောင်းချပြီး ဆံပင်များကို ကပ်ကြေးဖြစ် ညှပ်ပြစ်၏။ ဦးပြည်းရိတ်ပြီး လျင် မဏ္ဍုပ်တိုင်တွင် ချည်ထားလိုက်လေသည်။ နောက်ထပ်ခိုးသာဒ တ ယောက်မရောက်လာမခြင်း မဏ္ဍုပ် တိုင်တွင်နေရလေသည်။

ဘေးမဲ့စည်းဝိုင်းအတွင်း ပစ္စည်းများ အစုစုအပုံပုံရောက်လာသည်နှင့်အမျှ မဏ္ဍုပ်တိုင်တွင် ခိုးသားများလည်း တယောက်ပြီးတ ယောက် ရောက်လာကြလေသည်။
မိန်းခလေးများ သူခိုးကို အမျိုးမျိုးနှိပ်စက်နေကြစဉ် ဆိုင်းချိုးသံကြားရသဖြင့် မဏ္ဍပ်အတွင်းသို့ ကြည့်လိုက်ရာ သံဃာစင်တွင် သံ ဃာတော်များ ဆွမ်းဘုန်းပေးပြီး၍ လက်ဘက်ရည်ကြမ်းဘုန်းပေးနေသည်ကို တွေ့ရသည်။ ဆိုင်းသံသည် ဖမ်းမိထားသော ခိုးသား တို့အား တရားစီရင်ရန် အချိန်ကျရောက်ကြောင်း အချက်ပေးသော အသံဖြစ်၏။
ပစ္စည်းအခိုးခံရသော အိမ်ရှင်တို့သည် မဏ္ဍပ်ရှိရာသို့ ရောက်လာကြပြီး မိမိတို့ပစ္စည်းများကို တန်ဘိုးဖြတ်၍ ရွေးယူကြသည်။ တန် ဘိုးပေးရုံဖြင့် မပြီးသေး မိမိတို့ပစ္စည်းကိုယ်တိုင် ဖြုတ်ယူ၍ တခြားပစ္စည်းများ အပေါ်ပြုတ် ကျလျင် လျော်ရမည်ဖြစ်သဖြင့် ဖြတ်ခ ပေး၍ ဖြုတ်ခိုင်းကြရသည်။ ခိုးရာပါပစ္စည်းများကို ရောင်းရသောငွေသည် မဏ္ဍပ်အတွင်း၌ အသင့်ထားရှိသော သင်္ကန်းပရိက္ခရာတို့ ၀ယ်ယူရန်ဖြစ်သည်။ ၀ယ်ယူ၍ရသော သင်္ကန်း ပရိက္ခရာတို့ဖြင့် ဖမ်းမိ၍ ကတုံးတုံးထားသော သူခိုးများကို ရှင်ပြုခြင်း ပဉ္စင်းခံခြင်း များ ပြုလုပ်ကြရသည်။ ဘေးမဲ့စည်းဝင်းအတွင်းမှ ကျီးမနိုးပွဲ ပစ္စည်းများကို ရောင်းချ၍ရသောငွေဖြင့် သင်္ကန်းပရိက္ခရာဝယ်ပြီး ဖမ်းမိ သော သူခိုးများကို ရဟန်းခံပေးရာ ဖမ်းမိသော သူခိုးဦးရေထက် သင်္ကန်းက ပိုနေသဖြင့်ရွာတွင်းမှ ၈ နှစ် ၉ နှစ် အရွယ်ခလေးများမှ အစ အရွယ်ရောက်သူများကိုပါ သင်္ကန်းဆီးစေကြ၏ ထို့ကြောင့် ကြတ္တိကာပွဲသဘင်ဟု ခေါ်သော ကျီးမနိုပွဲကား ယခင်နှစ်များနဲ့မတူ တမူထူးခြားစွာဖြင့် တောင်ကျောင်း မြောက်ကျောင်း နှစ်ကျောင်းစလုံး ရှင်သာမဏေတို့ဖြင့် ၀ါဝါထိန်နေလေတော့သတည်း။

မောင်သုည
ရန်ကုန်ဗဆွေ- မြန်မာပြည်သားစာအုပ်ကို မှီငြမ်းထားပါသည်။
စင်္ကာပူရောက် မြန်မာများ ဝက်ဘ်ဆိုက်မှ ကူးယူပါသည်။
http://myanmarinsingapore.com/profiles/blog/show?id=2316969%3ABlogPost%3A114746&commentId=2316969%3AComment%3A116883&xg_source=activity 

No comments: