ဆရာဇော်ဂျီနှင့် သရော်စာ


အမျိုးသား စာဆိုတော်ကြီး ဖြစ်သော ဆရာဇော်ဂျီ (ခရစ်နှစ် ၁၉၀၇-၁၉၉၀) သည် မျက်မှောက်ခေတ် စာပေလောကတွင် စာပေါင်းစုံ ရေးသားခဲ့သော စာဆိုတော်ကြီး တစ်ဦး ဖြစ်သည်ဟု ဆိုသင့်သည်။ ဘ၀သက်တမ်း တစ်လျှောက်တွင် ကွယ်လွန်ချိန် အထိ စာပေများ ရေးသား၍ စာပေတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဆရာဇော်ဂျီ၏ ဘ၀သက်တမ်း တစ်လျှောက်တွင် ကဗျာများ၊ ပြဇာတ်နှင့် ၀တ္ထုတိုများ၊ ရသစာပေ သဘောတရား စာစုများ၊ အတွေးအခေါ်ဆိုင်ရာ စာပေများ၊ စာပေဝေဖန်ရေးနှင့် သုတေသန စာတမ်းများ၊ ပြည်ထောင်စုသမိုင်း ပုံပြင်များ၊ ဂန္ထ၀င်မြောက် ဘာသာပြန် ၀တ္ထုတိုများ၊ စာတမ်းငယ် (အက်ဆေးများ) စသည်ဖြင့် စာပေါင်းစုံ တို့ကို အမျိုးသားရေးအမြင်၊ မြန်မာ့ယဉ်ကျေးမှု ရှုထောင့်၊ မြန်မာ့ အတွေးအမြင် တို့နှင့် ရေးဖွဲ့ခဲ့သည်။ ဆရာဇော်ဂျီသည် ၁၉၅၅ ခုနှစ်တွင် သခင်ကိုယ်တော်မှိုင်းဋီကာ ဖြင့် စာပေဗိမာန် (စာပဒေသာဆု)၊ ၁၉၇၉ ခုနှစ်တွင် 'နင်လားဟဲ့ ချစ်ဒုက္ခနှင့် အခြား ၀တ္ထုတိုများဖြင့် အမျိုးသားစာပေဆု၊ (ဘာသာပြန် ရသစာပေဆု)၊ ၁၉၈၇ ခုနှစ်တွင် ရှေးခေတ် ပုဂံကဗျာများနှင့် အခြား ကဗျာများဖြင့် အမျိုးသား စာပေဆု (ကဗျာပေါင်းချုပ်ဆု) များကို ဆွတ်ခူး ရရှိခဲ့သည်။

ကိုလိုနီခေတ် ၁၉၃၄ ခုနှစ်တွင် စတင် ခေတ်စားခဲ့သော ခေတ်စမ်းစာပေ လှုပ်ရှားမှုတွင် အဦးအစ ပါဝင် လှုပ်ရှား၊ အောင်မြင်ခဲ့သော ခေတ်စမ်း စာဆိုကြီးသည် ကွယ်လွန်ချိန် ၁၉၉၀ ပြည့်နှစ်ကာလ အထိ မြန်မာ့ စာပေလောကနှင့် မြန်မာ့စာပေ သမိုင်း တွင် အမျိုးသားရေး စာဆိုတော်ကြီး အဖြစ် လည်းကောင်း၊ ဂန္ထ၀င် စာဆိုတော်ကြီးအဖြစ် လည်းကောင်း မော်ကွန်းကမ္ဗည်း ဥဒါန်းတင်ခဲ့သူ ဖြစ်၏။

ဆရာဇော်ဂျီ ပြုစု ရေးသားခဲ့သော စာပေါင်းစုတို့ကို ဆရာဇော်ဂျီ ကွယ်လွန်ပြီး နောက်ပိုင်းတွင် ဆရာကြီး ဒေါက်တာကျော်စိန်က 'ဇော်ဋီကာ' အတွဲ သုံးတွဲဖြင့် လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့က ဆရာဇော်ဂျီစာ ပေါင်းချုပ် အမည်ဖြင့် 'ပထမတွဲမှသည် သတ္တမတွဲထိ ၇ တွဲ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ယခုအချိန်တိုင်အောင် စုစည်းထုတ်ဝေခြင်း မပြုရသေးသော ဆောင်းပါးများ၊ သုတေသန စာတမ်းများ အမြောက်အမြား ကျန်ရှိနေသေးသည်။

ဆရာဇော်ဂျီ၏ စာပေါင်းစုံ စာစုများတွင် ပင်ကိုရေး ၀တ္ထုရှည် အမျိုးအစားတို့သည် အလွန် နည်းပါးခဲ့သည်။ လေ့လာတွေ့ရှိရသော ပင်ကိုရေး ၀တ္ထုရှည်တစ်ပုဒ်မှာ 'ပြည်ကြီးဘာယာ'ဟူသော ၀တ္ထုရှည် ဖြစ်သည်။ ဆရာဇော်ဂျီ၏ ပြည်ကြီးဘာယာ ပင်ကိုရေး ၀တ္ထုရှည်ကြီးကို ဆရာဇော်ဂျီ စာပေါင်းချုပ် စတုတ္ထတွဲ၌ မှတ်တမ်းတင် ဖော်ထုတ် တင်ပြထားသည်။

မြန်မာစာပေလောကတွင် သရော်စာ၏ တန်ဖိုးနှင့် အနှစ်သာရကို ဆရာဇော်ဂျီသည် တန်ဖိုးထားသကဲ့သို့ အမျိုးသားရေးနှင့်လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည်လည်း သရော်စာ (Satire) တန်ဖိုး၏ အနှစ်သာရ လေးနက်မှုကို

ဆရာဇော်ဂျီ၏ ပြည်ကြီးဘာယာ ပင်ကိုရေး ၀တ္ထုရှည်နဲ့ ပတ်သက်၍ ဆရာတိုက်စိုးက ''ဇော်ဂျီရေးခဲ့သည့် ပြည်ကြီးဘာယာ ၀တ္ထုရှည်သည် ပင်ကိုရေး ရှားရှားပါးပါး ၀တ္ထုရှည် ဖြစ်၏။ ဇော်ဂျီ၏ ရှားရှားပါးပါး စာပြောင် သရော်စာလည်း ဖြစ်လေသည်။ ၁၉၃၄ ခုနှစ်ထုတ် တိုးတက်ရေး မဂ္ဂဇင်းတွင် ခြောက်လဆက်တိုက် ပါလာခဲ့သည်။ စာ၏ အမည်ကိုလည်း 'ပြည်ကြီးဘာယာ' ဟူ၍ မှည့်ခေါ်ထားလေသည်။ 'ပြည်မသိဗာရာဏသီ' ဟူသော မြန်မာဆိုရိုးအတိုင်း 'ရုဋီ' အမည်တပ်၍ 'ရာ'အစား 'ယာ' စာလုံးပေါင်း ပြောင်းလဲ သုံးစွဲထားခြင်း ဖြစ်ပေသည်။ ထိုဝတ္ထုရှည်မှာ အဆုံးမသတ်ခဲ့ပေ။ မည်သို့ပင် ဖြစ်စေ စာ၏အာဘော်များ ပေါ်လွင်ပါပေသည်။ သဘောမှာ''ပြည်ကြီးဘာယာ၌ ဆင်းရဲသားသည် ဆင်းရဲသားဘ၀တွင် နေရမည်။ မင်းစိုးရာဇာသည် သူ့ဘုန်း၊ သူ့ကံအလျောက် စိုးမိုး အုပ်ချုပ်ရမြဲ ဓမ္မတာ ဟူ၍ လူအပေါင်းကို နားသွင်းထားပုံ၊ စိတ်အသံထက် ဟိတ်ဟန်သာပါသော ဘုန်းတော်ဘွဲ့ ကဗျာစာများသာလျှင် မင်းနားဝင်ချိုပုံ၊ လက်တွေ့နှင့် မဟပ်သော အာဂုံ ယုတ္တိသမားများ လူရာဝင်နေပုံ၊ စေတီပုထိုး ပေါသလောက် အခိုးအတိုက်၊ အလုအယက်၊ အလိမ်အကောက် ပေါများသော အခြေအနေရှိပုံ၊ မတော်မတဲ့ အဖြစ်ကို ဇော်ဂျီက ပုံဖော်ထားခြင်း ဖြစ်လေသည်ဟု''ဟူ၍ ဝေဖန် သုံးသပ် တင်ပြခဲ့သည်။
ဆရာဇော်ဂျီ၏ ပြည်ကြီးဘာယာ ၀တ္ထုရှည်သည် ကိုလိုနီခေတ် နယ်ချဲ့ အစိုးရ၏ ၁၉၃၄ ခုနှစ် ခေတ်ပတ်ဝန်းကျင်နှင့် ခေတ်ကြေးမုံကို  သရော်လှောင်ပြောင် ရေးဖွဲ့ သီကုံးထားသော ၀တ္ထုရှည်တစ်ပုဒ် ဖြစ်သည်။ နယ်ချဲ့အစိုးရ၏ ကျွန်သက်ရှည်ရေး ၀ါဒနှင့် စနစ်ကို ကျင့်သုံးနေမှု၊ ဗုဒ္ဓဘာသာ သာသနာတော် ညိုးမှိန်ကွယ်ပျောက်၍ အခိုးအတိုက်၊ အလုအယက်၊ အလိမ်အကောက် ဒုစရိုက်များ ဖုံးလွှမ်းနေမှု၊ စိတ်အသံထက် ဟိတ်ဟန်များသော နယ်ချဲ့အလိုတော်ရိ ဘုန်းတော်ဘွဲ့များ ခေတ်စား၍ အပြောသမားများ လူတွင်ကျယ်ဖြစ်လျက် အရည်အချင်း ရှိသူများ မှေးမှိန်ရနေသော လူ့သဘာဝ အဖွဲ့အနွဲ့နှင့် ဖြစ်စဉ်များကို ဖော်ထုတ် တင်ပြ သရော် လှောင်ပြောင်ခဲ့သည်။

ပြည်ကြီးဘာယာ ၀တ္ထုရှည်တွင် ဆရာဇော်ဂျီသည် စိတ်အသံထက် ဟိတ်ဟန်များသော ဘုန်းတော်ဘွဲ့များ ခေတ်စားနေမှု အပြောသမားများသော လူတွင်ကျယ် ဖြစ်ကာ နေရာရရှိကြလျက် အရည်းအချင်း ရှိသူများ မှေးမှိန် ပျောက်ကွယ်နေသော ၁၉၃၀-၃၅ ခုနှစ် ကိုလိုနီခေတ် မြန်မာပြည် ခေတ်ကြေးမုံကို ဤသို့ သရော် လှောင်ပြောင် ရေးဖွဲ့တင်ပြခဲ့၏။

''ကဗျာရေးရင်လည်း ကျမ်းဂန် ကောက်နုတ်ချက်တွေကို မပါပါအောင် ဆွဲထည့်ရတယ်။ ဒါမှ စာဟာ ခန့်တယ်။ ပညာရှိပီတယ်။ ကျွန်တော်ဖြင့် ကျမ်းခေါင်းစဉ် နာမည်တွေကို စာရင်းလုပ်ပြီး အလွတ် ကျက်ထားတယ်။ 

ကိုယ်တကယ်မသိပေမယ့် ဘယ်ကျမ်းက ဘယ်လို၊ ဘယ်ဂန်က ဘယ်လိုဆိုရင် ပြီးတာပဲ။ ဒါ ကြောင့်မို့ ဘာယာပြည်ကြီးမှာရှိတဲ့ ပညာရှိကြီးတွေဟာ သူတစ်ပါး တိုင်းပြည်က ပညာရှိကြီးတွေနဲ့ မတူဘူး။ ''ပညာဟာ အဖိုးတန်တယ်၊ စာတစ်လုံးဘုရားတစ်ဆူတဲ့၊ လူမိုက်၊ လူပြိန်းတွေ မတတ်တာပဲ ကောင်းတယ်။ ဒါမှပညာရှိတွေ ဈေးတက်မယ်။ အရိုအသေခံရမယ်။ ပညာရှိ သုခမိန်များရဲ့ ကြီးလေးတဲ့ တာဝန်တစ်ခုမှာ စာရေးတဲ့အခါမှာ မခက်၊ ခက်အောင် ကြံဖန်ပြီး ရေးရမယ်။ စကားခက်၊ စကားဝှက်တွေ၊ ကျမ်းဂန်က ကောက်နုတ်ချက်တွေကို ရေးထည့်ရမယ်၊ နောက်ပြီး စာကိုမရှည်ရှည်အောင် ဆွဲဆွဲငင်ငင် ပညာရှိသံပါပါ ရေးရမယ်။

''ကဗျာရေးခါနီးကျပြီ ဆိုရင် အလင်္ကာနိဿယကျမ်းကြီးကို အနားမှာထားပြီး စိတ်ကူးထုတ်မယ့်အစား ကျမ်းကိုဖွင့်၊ ဘယ်ဂုဏ်ဘယ်ရသ ပါရင် ကောင်းမှာပဲလို့တွေး၊ နောက်ပြီး စည်းကမ်းနဲ့ တစ်သွေမတိမ်းအောင် ရေးတာကိုး။ ဒီစည်းကမ်းတွေကို နားလည်ရင် စာဆို ဖြစ်နိုင်ပါတယ်။ စကားလှလှတွေကို ကျက်ထား၊ နောက်ပြီးတော့ ကိုယ်ဆိုလိုချင်တဲ့ အဓိပ္ပာယ်တွေ ပါပါ၊ မပါပါ။ ဖောဖောသီသီ ရေးပစ်လိုက်၊ ကာရန်တွေ နဘေတွေကို ထပ်နိုင်သမျှထပ်၊ နောက်ပြီးတော့ စိတ်ထဲမှာ တကယ်မထင် တကယ် မမြင်သော်လည်း ကျမ်းဂန် ကောက်နုတ်ချက်တွေနဲ့ တန်ဆာဆင်လိုက်၊ ရသတို့ ဂုဏ်တို့ မပါပါအောင် ကြံဖန်ပြီးဆွဲထည့်၊ ဟာ စာဆိုကြီးပေါ့၊ က၀ိကြီးပေါ့။ ဘာယာပြည်မှာ တင်မက၊ စကြ၀ဠာ တစ်ခုလုံးမှာ ကျော်စောမယ့် ပညာရှိကြီးပေါ့။''

ဆရာဇော်ဂျီ၏ သရော်စာရေးဟန် တို့ကို ဆရာဇော်ဂျီ၏ ဦးလတ်နှင့် ရွှေပြည်စိုးဝတ္ထု(စာပေလောကစာအုပ်) ဆောင်းပါးတွင် ဇာတ်လမ်း၏ ဇာတ်လက်တက်တစ်ခု ဖြစ်သော မောင်သောင်းဖေနှင့် အဖ ဦးရာကျော် တို့၏
ဇာတ်လမ်း၌လည်း အထင်အရှား လေ့လာ တွေ့ရှိနိုင်သည်။ ထိုဇာတ်လက်တက်တွင် စာရေးဆရာကြီး ဦးလတ်၏ ကိုလိုနီခေတ် လူကုံထံ မြေရှင်ကြေးရှင်များ၏ ဘိလပ်နှင့် ဘိလပ်ပြန်များကို အထင်ကြီးမှုကို ဘိလပ် ဆန်လှသော ဘိလပ်ဝတ်လုံ တို့ကို သရော်ခဲ့သည်။ သနားခဲ့သည်။ ထိုသို့ ဦးလတ်၏ သရော်ပုံနှင့် သနားပုံကို ဆရာဇော်ဂျီသည် ဦးလတ်နှင့် ရွှေပြည်စိုး ၀တ္ထု ဆောင်းပါး၌ ဆရာ ဇော်ဂျီ၏ သရော်စာ ရေးဟန်ဖြင့် ဤသို့ ထပ်ဆင့် ဖော်ကျူးခဲ့သည်။

''ရွှေပြည်စိုး၌ပါသော သားဝတ်လုံတော်ရမှာ မောင်သောင်းဖေ ဖြစ်၍ အဖမှာ ဦးရာကျော် ဖြစ်လေသည်။ ဦးရာကျော်သည် လယ်မြေ ရှိသမျှကို ချစ်တီး၌ ပေါင်နှံ၍ မောင်သောင်းဖေကို ဘိလပ်သို့ပို့သည်။ မောင်သောင်းဖေ ဘိလပ်ကပြန်လာ၍ ဖခင်၏ အိမ်သို့ ရောက်သောအခါ ဖခင်က အမြတ်တနိုး ၀ယ်ထားသော ကတ္ထီပါကွပ် သင်းဖြူကို သားထိုင်ရန် ခင်းပေးသည်။ ထိုအခါ...''ကျွန်တော့်မှာ ဘောင်းဘီနှင့် ဖျာပေါ်မှာထိုင်ရန် အလွန် ခက်ပါလိမ့်မည်။ ကျေးဇူးပြု၍ ကုလားထိုင်ပေါ်မှာ ထိုင်နိုင်ရန် ကျွန်တော့်ကို အခွင့်ပေးပါဟု ဆိုသည်နှင့် တစ်ပြိုင်နက် အနီး၌ ခင်းထားသော ကြိမ်ပက်လက် ကုလားထိုင်ပေါ် ၀င်ထိုင်လေသည်''ဟု ရေးကာ ဦးလတ်သည် ဘိလပ်ပြန်ကို စ၍ သရော်လေသည်။

ဆရာဇော်ဂျီသည် ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ 'မှာတော်ပုံဝတ္ထုကြီး' အကြောင်းကို ဖော်ထုတ် ရေးသားထားသော မစ္စတာမောင်မှိုင်း၏ မှာတော်ပုံဝတ္ထု ဆောင်းပါးတွင်လည်း...''ကိုပေါက် ရိုးပုံအပုံ၊ ဗားကရာ လူထွက် ဦးကျော်ဒွေး၏ ဒဲ့ဒိုးပြောတတ်ပုံ၊ ခင်အုံ၏ မာယာများပုံ၊ မောင်မောင်ရွ၊ ဆရာဧ၊ ဘုရားတကာညွန့် တို့၏ အညာ အလှိုင်းဖြင့် စားသောက် နေထိုင်ကြပုံ တို့ကို တကယ့်လူ တကယ့်လောကနှင့် တူသည် ထင်ရ လောက်အောင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် အနုစိတ် ရေးဖွဲ့ခဲ့သည်။ သရော်လှောင်ပြောင် ရေးဖွဲ့သည်ဟူ၍ သရော်စာ ရေးနည်းဖြင့် ထိထိမိမိ တင်ပြထားသည်။
မှာတော်ပုံဝတ္ထုကြီးမှ ဇာတ်ဆောင် ကိုပေါ၏ ရိုးမှု၊ အမှု ကိုဖွဲ့ဆိုရာတွင် ဆရာဇော်ဂျီသည် သရော်စာ ရေးဟန်ဖြင့်...'' ဆရာကြီး (သခင်ကိုယ်တော်မှိုင်း)၌ တည်ငြိမ်သော အမူအရာရှိ၏။ သို့ရာတွင် မတော်မတည့်ကိုမြင်လျှင် ရယ်ချင်သော သဘောလည်း ရှိ၏။ သူချစ်သော ကိုပေါကိုပင်လျှင် မတော်မတည့် ဆင်၍ ရယ်လိုက်သည်။ ဆရာကြီးသည် ကိုပေါကို လူရိုးကြီး သက်သက်ဖြစ်အောင် ဖန်တီးသော်လည်း လူရိုးဟန်လုပ်လျှင် ရယ်စရာကောင်းသည်ဟူသော သဘောကိုလည်း ပြလိုက်ချင်သေးသည်။ ထိုသို့ ပြလိုက်သဖြင့် ရိုးသူ၏ရိုးသော သဘာဝသည် ပို၍ပင် ထင်ရှားလာသည်။ ဘုရားတကာညွှန့်က ကိုပေါကို မုဆိုးဖို ဖြစ်သောအကြောင့် သနားလှဟန်ပြော၏။ ၀မ်းထဲမှာကား ခင်အုံနှင့်ဆွယ်လိုသော စိတ်ရှိသည်။ ခင်အုံ၏အိမ်သို့ ပို့လိုသဖြင့် ကိုပေါကို အ၀တ်အစား အလဲခိုင်းသည်။ ကိုပေါသည် မ၀တ်စဖူး ၀တ်စားလာဟန် တူသည်။ ဆရာကြီးသည် ကိုပေါကို ဤသို့ ၀တ်စားစေပြီးလျှင် ရယ်ချင်သောသဘောဖြင့် လှောင်လိုက်ပုံမှာ ''အိမ်ပေါ်မှ ဆင်းခဲ့ကြ၍ စကား တပြောပြောနှင့် လာခဲ့ကြရာ မောင်ပေါမှာ ဟန်လုပ်အားကြီးသည့်အပြင် စည်းဝတ်သော ပုဆိုးကလည်း ခြေမျက်စိဖုံးလျက်နေသဖြင့် ပုဆိုးတုပ်၍ ယိမ်းယိုင်သွားရာ ရှေ့နားမှာရှိသော ကြိုးကွင်းတစ်ကွင်းနှင့်ငြိ၍ ကိုယ့်ကိုမဟန်နိုင်ဘဲ မှောက်ရက် လဲသွားလေသည်။

ထိုအခါ အတူပါလာသော သင်္ဂြိုဟ်ဆရာဧက''ယခု ခင်ဗျားတို့ လာခဲ့ကြတဲ့ကိစ္စကို ကြိုးကွင်းငြိတဲ့ ပထမ နိမိတ်ဟာ သင်္ဂြိုဟ်ကျမ်း၌လာတဲ့ သံယောဇဉ်ကြိုး အနှောင်အဖွဲ့တွေနှင့် တည့်တည့်ကြီး တွေ့ရမယ် ပုဗ္ဗနိမိတ်ဗျ။ ဒုတိယ မှောက်ရက်လဲတဲ့ နိမိတ်ကတော့ စိတ်သာချပေတော့၊ လဲချင်လို့ လဲတာပဲဗျာဟု ရယ်လားမောလား စကားပြောရင်းနှင့်ပင် လာခဲ့ကြရာ ခင်အုံတို့ နေအိမ်သို့ ရောက်ကြလေ၏''ဟု ဆရာကြီးက လှောင်ပြောင် ရယ်မောလိုက်သည်။ ဆရာကြီးသည် ကိုပေါကို ၀ိုင်းညာနေကြသော သူတို့၏ သဘောကိုလည်း ဤအချက်ဖြင့် ထင်ရှားစေခဲ့၏ ဟူ၍ တင်ပြထားသည်။

သရော်စာဟူသည် အဖြစ်အပျက် အပြုအမူ တစ်ခုခုကို သရော်ပြောင်လှောင်သည့် သဘောဖြင့် ရေးသားထားသော စာပေတစ်မျိုး ဖြစ်သည် ဟူ၍ သုတေသီ ပညာရှင်များက အလွယ်ကူဆုံး၊ အရိုးရှင်းဆုံး အနှစ်သာရ၊ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြသည်။ မြန်မာစာပေလောကတွင် သရော်စာ၏ တန်ဖိုးနှင့် အနှစ်သာရကို ဆရာဇော်ဂျီသည် တန်ဖိုးထားသကဲ့သို့ အမျိုးသားရေးနှင့် လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းသည်လည်း သရော်စာ (Satire) တန်ဖိုး၏ အနှစ်သာရ လေးနက်မှုကို ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီထုတ် ဇ၀န ဂျာနယ် (အတွဲ ၁ အမှတ် ၁)တွင် ဤသို့ ခံစား ဖော်ထုတ် တင်ပြခဲ့သည်ကို မှတ်သား သိရှိနိုင်ပေသည်။

''ကျွန်တော် နားလည်သော ဟာသပညာ၊ သရော်စာသည်ကား လောကီလူ့ဘ၀၊ လူ့ဇာတ်ခုံတွင် ရှေ့နောက်မညီ၊ အဆင်မပြေသော အချက်အလက်များကို ထုတ်ဖော်၍ ရှင် လူအပေါင်းတို့အား ရယ်စရာသဘော မြင်စေရမည်။ဟာသပညာ၊ သရော်စာပညာရှင်များသည် အသွင်အမျိုးမျိုးကိုဆောင်ကာ လောကီလူသားများ၏ ကြီးကျယ်မှု၊ ဟန်ဆောင်မှု၊ ၀င့်ဝါပလွှားမှု အရပ်ရပ်ကို ပြက်ရယ်ပြုကြသည်။ ဥပမာဆိုရလျှင် ပြင်သစ်စာရေးဆရာကြီး မောလျဲသည် 'မဟာဆန်ချင်သူ၊ ဆရာဝန်ပါပဲ' အစရှိသော ပြဇာတ်များကိုရေးကာ မိမိခေတ်ရှိ ပတ်ဝန်းကျင်ကို ပြောင်လှောင်ခဲ့၏။ စလေဆရာကြီး ဦးပုညသည် ၎င်းရေးသော မေတ္တာစာများနှင့် ပြဇာတ်များတွင် ထိုခေတ်ထိုအခါက လောကီလူသားများ၏ သွားလာနေထိုင် ဆက်ဆံ ပေါင်းသင်းမှု အစရှိသည်တို့ကို ပြောင်လှောင် ရယ်မောခဲ့သည်။ 

ကျမ်းကိုး
၁။ ပြောင်မြောက်နိုင်ပါစေသတည်း။ (ဗိုလ်ချုပ်အောင်ဆန်း) (၁၉၄၆ ခုနှစ် ဇ၀နလျာနယ်)
၂။ရသစာပေအဖွင့် (ဆရာဇော်ဂျီ)
၃။ဆရာဇော်ဂျီစာပေါင်းချုပ် (စတုတ္ထတွဲ)
 Eleven Media Group

No comments: