ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟူသည် အစွဲများ ပပျောက်ရေးသာဖြစ်သည်


 နိဒါန်း
ကျွန်တော် ရေးသားခဲ့သော ပြည်ထောင်စု တည်ဆောက်ရေး ဆောင်းပါး၏ ဦးတည်ချက်သည် စစ်မှန်သော ပြည်ထောင်စု ဖြစ်ပေါ်လာရေး အတွက် အခက်အခဲများကို မည်သို့ မည်ပုံ ဖြေရှင်းရမည် (Solution) ကို မိမိအတွေ့ အကြုံအရ လည်းကောင်း၊ လေ့လာချက်များအရ လည်းကောင်း တိုင်းပြည်ချစ်စိတ်နှင့် တင်ပြခြင်းသာ ဖြစ်သည်။ ၎င်းအပေါ် ကိုကျော်သန်းက သူ့အမြင်ကို တင်ပြလာခြင်း အပေါ် ပြန်လည် ရှင်းလင်းရန် လိုသည်ဟု ယူဆသဖြင့် ဤဆောင်းပါးကို ရေးလိုက်ခြင်း ဖြစ်ပါသည်။ ကိုကျော်သန်းကိုလည်း ကျွန်တော့ အမြင်ကို ပိုမို ရှင်းလင်းရန် အတွက် လမ်းဖွင့် ပေးသဖြင့် ကျေးဇူးတင်ပါသည်။
ယနေ့ ITခေတ်တွင် စာဖတ်သူများ မှီးငြမ်းချက်များကို တိုက်ရိုက် လေ့လာနိုင်ရန် အတွက် အောက်ခြေမှတ်စု (Foot Notes) များကို ဖေါ်ပြရာ၌ အင်တာနက်လင့်များကို စာဖတ်သူများ တိုက်ရိုက် ယှဉ်တွဲ၍ ဖတ်ရှုနိုင်ရန် ဖေါ်ပြထားခဲ့ပါသည်ထို့အပြင် အင်တာနက်မှ တိုက်ရိုက် မကြည့်နိုင်သော အထောက် အထားများကို ကျမ်းကိုးစာရင်းတွင် ဖေါ်ပြထားခဲ့ပါသည် ။

တိုင်းသူပြည်သားများကို သတင်းမှောင်ချ၍ တပါတီ အာဏာရှင်စံနစ်ကို ကျင့်သုံးပြီး ၀ါဒဖြန့်စာပေများဖြင့် အုပ်ချုပ်နေသော ခေတ်သည်ကုန်ဆုံးချိန် ရောက်နေပါပြီ။ ထို့ကြောင့် ထိုအခွင့်အရေးကို အသုံးချ၍ ကျနော်တို့ အားလုံး ပြည်သူများကို သတင်းမှန် အထောက်အထားမှန်တို့ဖြင့် မျက်စိ နားဖွင့်ပေးဖို့ တာဝန်ရှိပါသည် စာဖတ်သူများမှ အောက်ခြေမှတ်စုများရှိ လင့်များကို တိုက်ရိုက် ကြည့်ရှုလေ့လာခြင်းအားဖြင့် အမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်း သိမြင်နိုင်ကြပါစေ။


နိုင်ငံအမည်နှင့် ပတ်သက်၍ သဘောထား
နိုင်ငံအမည်နှင့် ပတ်သက်၍ ယခင်က တင်ပြထားသည့်အတိုင်း
(၁) ညီညွတ်ရေးသည် အဓိကဖြစ်သည်။
(၂) အမည်သည် ပညတ်မျှသာဖြစ်သည်ဟု သုံးသပ်ပါသည်။
နံမည်တခုကြောင့် ညီညွတ်ရေး ပျက်ပြားမည်ဆိုလျှင် ကျွန်တော့အနေနှင့် အမည်ကို အများသဘော ကျ၊ ဘ၀င်ကျသည့် နံမည် ရွေးချင်းကို ထောက်ခံမည်ဖြစ်ပါသည်။ ဗမာဘဲခေါ်ခေါ် မြန်မာဘဲခေါ်ခေါ် သုဝဏ္ဏဘုမ္မိလို့ ခေါ်ခေါ် ကြိုက်ရာခေါ် ညီညွတ်ကြလျှင် ငြင်းစရာ မရှိပါ။
ဥပမာ- ကမ္ဘောဒီယားနိုင်ငံကို ကွန်မြူနစ်တို့က ကမ်ပူးခြားဟု ပြောင်းလဲလိုက်သည်။ သန်းရွှေတို့က Burma ကို Myanmar ဟု ပြောင်းလဲလိုက်သည်။ အင်္ဂလိပ်လို ပြောင်းလိုက်သော်လည်း ဗမာလိုရေးလျှင်မူ အတူတူပင် ဖြစ်သည်။ တိုင်းပြည်နံမည် ပြောင်းလိုက်သော်လည်း စစ်အုပ်စုက ဆက်လက်စိုးမိုးနေသဖြင့် ထူးမခြားနားပင် ဖြစ်သည်။ ထို့ကြောင့် နံမည်ကိစ္စကို အငြင်းမပွါးလိုပါ။ တိုင်းရင်းသား အားလုံးနှင့် ညီညွတ်ရေး ယူနိုင်သည့် နံမည်ဖြစ်ရေးသည် အဓိက အရေးကြီးသော အချက်ဖြစ်ပါသည်။ ဗမာလူမျိုးတွေ ကြီးစိုးတဲ့ နိုင်ငံဟူသောအစွဲ ကွယ်ပျောက်ပြီး ပြည်တွင်းရှိ တိုင်းရင်းသားများ အားလုံးက “ငါတို့ နိုင်ငံ” ဟူ၍ ၀င့်ကြွားစွာ ပြောဆိုနိုင်သော နံမည်ဖြစ်လျှင်  ရည်မှန်းချက်ပြီးပြည့်စုံပါသည်။ ကျွန်တော့တွင် နံမည်စွဲ မရှိပါ။ ညီညွတ်ရေးသာ လိုလားပါသည်။

အရေးကြီးဆုံး အချက်မှာ တကယ်စစ်မှန်သည့် ပြည်ထောင်စု စံနစ်ကို အများဆန္ဒနှင့် ညီညွတ်ရေးတည်ဆောက်ခြင်းနှင့် လက်တွေ့ကျကျ ကျင့်သုံးနိုင်ရေးပင်ဖြစ်သည်။ စာရွက်ပေါ်တွင် ရှိသည့် ညီညွတ်ရေးမျိုး၊ စာရွက်ပေါ်တွင် ရေးသားထားသည့် စိတ်ကူးယဉ် (Utopia) လောက နိဗ္ဗာန်မျိုးထက် တကယ့် လက်တွေ့တွင် ပြည်သူပြည်သားများ၏ လူ့အခွင့်အရေး အပြည့်အ၀ ပေးနိုင်သော စံနစ်များ ဖြစ်ဖို့သာ လိုပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပင်လုံစာချုပ်
ကိုကျော်သန်း ပြောသလို အဲဒီခေတ်ကို သူရော ကျွန်တော်ရော မမှီပါဘူး။ မမွေးသေးလို့ ဖြစ်ပါသည်။ ဒါပေမဲ့ ကိုကျော်သန်းက ဗိုလ်ချုပ်အောင်ဆန်းက ခွဲထွက်ခွင့်ကို သဘောတူ လက်မှတ်ရေးထိုးလိုက်ခြင်းဟာ လက်ဝဲအယူအဆကို သက်ဝင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လီနင်ရဲ့ ခွဲထွက်ခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ် ပြဋ္ဌာန်းခွင့်ပြုတယ်ဆိုတဲ့ သဘောတရားအရ လက်ခံခဲ့၍ ဖြစ်မယ်လို့ ဆိုခြင်းဟာ ဘာအထောက်အထားမှ မရှိဘဲ ကိုယ်လိုရာကို ဆွဲရေးတယ်လို့ ယူဆပါတယ်။

ကျွန်တော့စာထဲမှာ တချို့လက်ဝဲသမားတွေကလို့ ဆိုခဲ့ရာမှာ ကွန်မြူနစ်တွေကလို့ တိတိကျကျ မရည်ညွန်းခဲ့ပါဘူး။ ဒါဟာလဲ စစ်အာဏာရှင်ကို အင်အားစု အားလုံးနဲ့ ညီညီညွတ်ညွတ် တိုက်ချင်တဲ့ စိတ်ကြောင့်ဖြစ်ပါသည်။ နောက်ဗိုလ်ချုပ်အောင်ဆန်း ကြည်ညိုသူတွေနဲ့ လက်ဝဲကွန်မြူနစ်တွေနဲ့ တိုက်ပေးတယ် ဆိုရအောင်လဲ ဗိုလ်ချုပ်အောင်ဆန်းကို ကွန်မြူနစ်ပါတီက ဗြိတိသျှအစိုးရအဖွဲ့ထဲမှာ အာဏာလွှဲပြောင်းယူဖို့အတွက် ပထမအဆင့်အနေနဲ့ ပါဝင်ခဲ့တဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်း နဲ့...လ အဖွဲ့ချုပ်ကို ဗြိတိသျှ အစိုးရချပေးတဲ့ ဖောက်ပြန်ရေးလမ်းစဉ်ကို လိုက်တယ်ဆိုပြီး ကွန်မြူနစ်ပါတီက ပြင်းပြင်းထန်ထန်ဝေဖန်ပြီး တိုက်ခိုက်ခဲ့တဲ့ အတွက် ကွန်မြူနစ်ပါတီကို ဖ...လ ထဲက ထုတ်ပစ်လိုက်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ကွန်မြူနစ်ဝါဒကို နိုင်ငံရေးသမ္ဘာ ရှိလာတဲ့အခါ လက်မခံနိုင်ဘူးဆိုတာ ထင်ရှားပါသည်။[1] ရန်တိုက်ပေးစရာ မလိုပါဘူး။ ထိုခေတ်က ကိုလိုနီစံနစ်ကို တိုက်ဖျက်သူတိုင်း လက်ဝဲ၀ါဒကို ကြိုက်ကြပါတယ်။ ဒါဟာလဲ လက်ဝဲဝါဒက ကိုလိုနီစံနစ်ကို တိုက်နိုင်တဲ့အကြောင်းပြချက်ကို စံနစ်တကျ တင်ပြနိုင်ခဲ့လို့ပါ။ ဒါပေမဲ့ ကွန်မြူနစ်အတွေးအခေါ်မှာ လူတွေကို ခံစားမှုမရှိတဲ့ ကုန်ပစ္စည်းတွေလို သဘောထားခဲ့တာတွေ၊ အထူးသဖြင့် ဒီကွန်မြူနစ်စံနစ်ကို အကောင်အထည်ဖေါ်တဲ့ ခေါင်းဆောင်တွေ ကို ဘုရား ရဟန္တာတွေလို ကိုးကွယ်ခဲ့တာတွေဟာ အဓိက မှားယွင်းမှုကြီးလို့ မြင်ပါတယ်။ ကွန်မြူနစ်စံနစ်ကို ခေါင်းဆောင်ခဲ့သူတွေဟာ လူထဲက လူတွေဘဲဖြစ်ပါတယ်။ ဘုရား ရဟန္တာတွေ မဟုတ်ပါဘူး။ ဒီလူတွေမှာ လောဘ၊ ဒေါသ၊ မောဟတွေရှိတယ်ဆိုတာ ကွန်မြူနစ်ကြီးစိုးတဲ့ နိုင်ငံတွေကို ကြည့်ရင် အထင်းသား မြင်နိုင်ပါတယ်။

ဒါကြောင့် လီနင်ရဲ့ စာတမ်းအရ “ခွဲထွက်ခွင့်နှင့်တကွ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ထက် နိမ့်ကျတဲ့ မည်သည့်မူဝါဒကမျှ လူမျိုးစု ပြဿနာကို မဖြေရှင်းနိုင်ပါ” လို့ ရေးထားခဲ့တာကို ကိုကျော်သန်းက ကိုးကားပြောခဲ့လို့ ဒီလိုရေးသားချက်အရ ကျွန်တော်တို့က မျက်စိမှိတ် ထောက်ခံဘို့ ဆိုတာထက် စာတွေ့သီအိုရီ (Theory) နဲ့ လက်တွေ့ (Practical) ကျင့်သုံးမှုကို လေ့လာမှသာ အဖြေမှန်ကို တွေ့ရှိနိုင်မယ်လို့ ယုံကြည်ပါသည်။

ဒါကြောင့် ကွန်မြူနစ်ဝါဒနဲ့ ၎င်းဝါဒကို ကျင့်သုံးခဲ့တဲ့ နိုင်ငံကြီး (၂) နိုင်ငံကို လေ့လာကြည့်တဲ့အခါ စာထဲမှာပါတဲ့ အကြောင်းအရာ သီအိုရီနဲ့ လက်တွေ့ကျင့်သုံးပုံဟာ မိုးနဲ့မြေပမာ ကွာခြားနေတာကို သွားတွေ့ရပါတယ်။ ရုရှားနိုင်ငံကြီးမှာ ကွန်မြူနစ်စံနစ် ကျင့်သုံးခဲ့စဉ်က မိမိပြည်တွင်းရှိ လူမျိုးစုများကို ဆိုက်ဗေးရီးယားကိုပို့ပြီး ဂူးလပ်(Gulags) ခေါ် ပြုပြင်ရေးစခန်းတွေမှာ မျိုးတုံးသတ်ဖြတ်မှုတွေ၊ ရုရှားပြည်တွင်းရှိ ပိုလစ်လူမျိုးတွေ၊ ဂျာမန်လူမျိုးတွေကို သူတို့ဒေသတွေက အတင်းအကြပ် ရွှေ့ပြောင်းပြီါ် အလွန်အေးမြတဲ့ ဆိုက်ဗေးရီးယားကို အသုတ်လိုက် သန်းချီပိုခဲ့တာတွေ၊ Red Terror လို့ ခေါ်တဲ့ အနီရောင်အန္တရယ်အကြောင်း စာအုပ်ပေါင်း မြောက်မြားစွာ ရုရှားကိုလိုနီဘဝရောက်ခဲ့တဲ့ အရှေ့ဥရောပ နိုင်ငံတွေ လွတ်လပ်တဲ့အခါ ပြည့်စုံစွာ စာအုပ်စာတမ်းများအဖြစ် ထွက်ပေါ်လာခဲ့ပါသည်။[2]

ထိုအကြောင်းများ ရေးပြနေလျှင် ဆောင်းပါးရဲ့ မူလ အာဘော်ပျောက်သွားမည် စိုးသဖြင့် အကျယ်မရေးလိုတော့ပါ။ အဓိက ပြောလိုသည်မှာ “ခွဲထွက်ခွင့်နှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်း”ဆိုတဲ့ သီအိုရီဟာ လက်တွေ့မှာ မမှန်ပါဘူး။ ကွန်မြူနစ်တွေဟာ ရုရှားနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူနည်းစုများကို ဖိနှိပ်အုပ်ချုပ်ပြီး Russianization ရုရှားအဖြစ် အတင်းအကြပ် ပြုပြင်ပြောင်းလဲဘို့ ကြိုးစားခဲ့သလို အရှေ့ဥရောပကိုလည်း ၎င်းရဲ့ သံကွန်ခြာအောက်မှာ ရုံးမထွက်နိုင်အောင် လုပ်ထားခဲ့ပြီး အရှေ့ဥရောပကနေ ဝါဆောစာချုပ်အဖွဲ့အဝင် နိုင်ငံအဖြစ်မှ ခွဲထွက်ဖို့ လုပ်ခဲ့တဲ့ ချက်ကိုစလိုဗက်ကီးယား(Czechoslovakia )[3] ဟန်ဂေရီ (Hungary)[4], ၊ လတ်ဗ်ဗီယား (Latvia), လစ်သူနီယား (Lithuania) ၊ အက်စ်တိုနီယား (Estonia),[5] နိုင်ငံတွေက ပြည်သူ့တောင်းဆိုမှုတွေကို ရုရှားတင့်ကား တပ်ကြီးတွေ စေလွှတ်ပြီး ကျူးကျော်ဝင်ရောက် သိမ်းပိုက်ခဲ့တာ အများအသိ ဖြစ်ပါသည်။ အမှန်တော့ ကိုလိုနီစံနစ်ကို တိုက်ရင်း၊ ဖက်ဆစ်ကို တွန်းလှန်ရင်း ရုရှားနိုင်ငံဟာ ကွန်မြူနစ်ဝါဒအောက်မှာ ခေတ်သစ် ကိုလိုနီနယ်ချဲ့ နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့တာဘဲ ဖြစ်ပါတယ်။

သခင်သန်းထွန်း၏ “စစ်နှင့် လွတ်လပ်ရေး” ဆောင်းပါးသည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ရုရှားပြည်နှင့် ပတ်သက်၍ “ရုရှားပြည်မှ အကူအညီကိုလည်း စိတ်ချလက်ချနှင့် ယူနိုင်ပေ၏။ အကြောင်းကား နယ်ချဲ့မှုသည် ဓနရှင်စနစ်ကြောင့်ဖြစ်၏ ရုရှားပြည်၌ကား ဓနရှင်စနစ် ဖြိုဖျက်ပြီးဆင်းရဲသားအစိုးရတည်ထောင်ပေးပြီး နယ်ချဲ့ ရန်လည်းမလိုတော့။ဆင်းရဲသားအစိုးရတည်ထောင်ပြီးစကပင် ရုရှားလက်အောက်ခံနိုင်အားလုံးကို လွတ်လပ် ခွင့်ပေးခဲ့၏” [6]ဟု ရေးသားခဲ့ခြင်းကို ကြည့်လျှင် သခင်သန်းထွန်း၏ အမြင်တွေ မှား၍ လမ်းမှားလိုက်ခဲ့ခြင်းကို သိနိုင်ပေသည်။
ဦးနုရဲ့ တာတေစနေသားမှာ ဦးနုက သူ့ခံစားချက်ကို သည်လို ရေးခဲ့ပါသည်။ “စတာလင်ဟာ ဗမာတွေကို ချစ်တယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း လီးဖြဲနေတာလောက်တောင် မရှိဘူး။ ဒီမအေလိုး ရပ်ရှင်းတွေက တွေ့ကရာ အမိန့်တွေ ပေးတိုင်း ဒို့ကွန်မြူနစ်တွေ အဟုတ်ကြီးထင်ပြီး နားထောင်နေတာ အံ့သြပါရဲ့ကွာ” ဟု ရေးသားထားပါသည်။[7]

ထို့အတူ တရုတ်ကွန်မြူနစ်ပါတီဟာလဲ အလုပ်သမားလူတန်းစားလို့ မယ်မယ်ရရမပြနိုင်ပေမဲ့ လယ်သမား လူတန်းစားကို အခြေပြုပြီး ပစ္စည်းမဲ့ လူတန်းစား တော်လှန်ရေးနဲ့ အာဏာရလာတဲ့အခါ ပထမဦးဆုံး တိဗက်ကို သိမ်းပိုက်လိုက်ပါတယ်။[8] ကျွန်တော်တို့ ဗမာပြည်ကိုလည်း တရုတ်က သူ့ရဲ့သြဇာခံ နယ်မြေအဖြစ် လူမျိုးနဲ့ မြိုမယ့် နှစ်ရှည်စီမံကိန်း ရှိသည်ဟု တထစ်ချယုံကြည်ပါသည်။

ယူနန်ပြည်နယ် မြို့တော်ဖြစ်တဲ့ ကူမင်းမြို့မှာ တိုင်းရင်းသားများကျေးရွာ ဆိုပြီး ကမ္ဘာလှည့် ခရီးသည်တွေ ကြည့်ရှုဘို့ ဖွင့်ထားခဲ့လို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ဘူးပါသည်။ ၎င်းကျေးရွာတွင် ဝလူမျိုး၊ ဂျိမ်းဖောလူမျိုး၊ ပလောင်လူမျိုး၊ စသည် မြန်မာပြည်တွင်းရှိ တိုင်းရင်းသားများသည်လည်း ယူနန်ပြည်နယ် တိုင်းရင်းသားများနှင့် အတူတူဖြစ်ကြောင်းတွေရှိခဲ့ပါသည်။ ထို့ကြောင့် ယူနန်ပြည်နယ်နှင့် တချိန်ချိန်တွင် လူမျိုးဘာသာတူနေသော ဝများ၊ ကချင် ဂျိမ်းဖောများ၊ ရဝမ်များ ပေါင်းစည်းသွားနိုင်သည်။

ယနေ့တရုတ်ပြည်မှာ လူမျိုးစု ၅၅ မျိုးရှိကြောင်း တရားဝင် ထုတ်ပြန်ထားမှု ရှိပါသည်။ တရုတ်ရဲ့ ၉၂ % ရာခိုင်နှုန်းဟာ ဟန်လူမျိုးတွေဖြစ်ပြီး လူမျိုးစုထဲက လွတ်လပ်ရေးတောင်းနေတာက တိဗက်နဲ့ ဇင်းဂျန် (Xinjiang) ပြည်နယ်တို့ ဖြစ်ပါသည်။ ကင်တုံနီး (Cantonese) နှင့် Hakka လူမျိုးတွေကိုမူ ယခုအခါမှာ ဟန်လူမျိုးအဖြစ် သွတ်သွင်းလိုက်ပြီး ဖြစ်ပါသည်။ ဒါပေမဲ့ တချိန်ချိန်မှာ Cantonese တွေနဲ့ Hakka တွေဟာ ဟန်လူမျိုးစုကြီးမှ ရုန်းထွက်ပြီး သူတို့ဟာ ဟန်လူမျိုးမဟုတ်ဘူးလို့ ပြောလာနိုင်ကြောင်း Drug Gladnay က ပြောကြားခဲ့ပါသည်။[9]

တိဗက်ခေါင်းဆောင် ဒလိုင်းလားမားက တရုတ်အစိုးရထံ လွတ်လပ်ရေးတောင်းဆိုမှုကို စွန့်လွှတ်လိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြောင်းလဲ တောင်းခံခြင်းအပေါ် တရုတ်အစိုးရက ငြင်းဆိုလိုက်ပါသည်[10]။ တရုတ်ပြည် Xinjiang (ဇင်းဂျန်) နယ်ရှိ မူဆလင် Uighirs အူဂါ လူမျိုးစုတို့ကလည်း တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို တောင်းဆိုနေပြီး အဓိကရုဏ်းများ ၂၀၀၉ ခုနှစ် ဂျူလိုင်လတွင် ဖြစ်ပွားခဲ့ရာ ပြည်မမှ တပ်အင်အား ၂၀,၀၀၀ စေလွှတ်ပြီး နှိမ်နင်းခဲ့ရပါသည်။[11]

ထိုအကြောင်းအရာများက တရုတ်ကွန်မြူနစ် အစိုးရသည် သူ ကိုလိုနီပြုထားသည့် လူမျိုးစုများ ခွဲထွက်ခွင့်ကိုပေးသည့် အရိပ်အယောင်ပင်မပြခဲ့ကြောင်း သမိုင်းအထောက်အထားများအရ သိနိုင်ပါသည်။ ကိုကျော်သန်းက ကျွန်တော်ရေးခဲ့သည့် NDF က ခွဲထွက်ခွင့်ကို စွန့်လွှတ်လိုက်တာ တခုတည်းကို မူတည်ပြီး ခွဲထွက်ခွင့်နှင့် ဖယ်ဒရယ်ဆိုတာ မဟာလူမျိုးကြီးဝါဒီတွေရဲ့ သွေးထိုးလှုံ့ဆော်မှုသက်သက် (Non Issue) ဘဲ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

မက်သရောထ ကြေငြာစာတမ်းကို ဖတ်ရှုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က အပြည့်အ၀ ထောက် ခံသွားခဲ့သည်။ မက်သရောထကြေငြာစာတမ်းကိုဆက်လက်အကောင်အထည်ဖေါ်ရန် သူမွဲဟ်ကလိုး  (Thoo Mweh Klo Agreement) ညီလာခံကို ၁၉၉၈ ဒီဇင်လာ ၁၄ မှာ ကျင်းပခဲ့ပါသည်
ထိုညီလာခံသို့ ကိုယ်တိုင်တက်ရောက်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တဦးဖြစ်သူ ဆရာဂျက်ကော့ (ခေါ်) ဆရာဂျက်က ”ကျနော်တို့ ဗမာပြည်ကွန်မြူနစ် ပါတီ (CPB) မှာ လူမျိုးစုနှင့်ပတ်သက်၍ သဘောထား သတ်မှတ်ထားချက် မရှိသေးသည့် အတွက်ကြောင့် လက်မှတ်မထိုးနိုင်ပါ” ဟု အကြောင်းပြ၍ ငြင်းဆိုသွားခဲ့သည်။ ညီလာခံတွင် တက်ရောက်လာကြသော အဖွဲ့အစည်းအားလုံးမှကြေငြာစာတမ်းကို သဘောတူ လက်မှတ်ထိုးခဲ့ကြသော်လည်း ဗမာပြည် ကွန်မြူနစ်ပါတီ တဖွဲ့တည်းကသာ လက်မှတ်မထိုးဘဲ ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ မက်သရောထ ကြေငြာစာတမ်းသည် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံ သဘောတူညီချက် တရပ်ဖြစ်ပါသည်။ သို့ရာတွင် ထိုအခြေခံ သဘောတရားကို ဗမာပြည်ကွန်မြူနစ်ပါတီက လက်မှတ် မထိုးခဲ့ခြင်းကို၊ ကိုကျော်သန်းနှင့်တကွ စာဖတ်ပရိသတ်များ သိထားသင့်သည်ဟု ယူဆ၍ အဖြစ်မှန်ကို ရေးသားတင်ပြ လိုက်ရပါသည်။

ထိုကြောင့် စစ်အစိုးရ၏ ဝါဒဖြန့်မှုသာ ဖြစ်သည်ဆိုပါက ထိုအချက်သည် မမှန်ကြောင်းကို တိုင်းရင်းသားများနှင့် ဒီမိုကရေစီ အင်အားစုများက သက်သေပြဘို့လိုပါသည်။ အကောင်းဆုံး သက်သေပြချက်များမှာ ပြည်တွင်းပြည်ပရှိ တိုင်းရင်းသား အင်အားစုများနှင့် ဒီမိုကရေစီ အင်အားစုများက မိမိတို့သည် အေးအတူ ပူအမျှ ပြည်ထောင်စု နိုင်ငံတော်ကြီးကို တည်ဆေက်ကြမည်ဖြစ်ကြောင်း တိုင်းပြည်ပြိုကွဲရေး ပြုလုပ်မည့်သူဟူသမျှကို ၎င်းတို့အနေနှင့် ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း လာမည့် ဒုတိယပင်လုံညီလာခံတွင် ထုတ်ဖေါ်၍ အတိအလင်း ပြောကြားရန် လိုအပ်ပေသည်။

ထိုကဲ့သို့ လုပ်ဆောင်နိုင်လျှင် ၁၉၆၂ ခုနှစ်မှ စ၍ ယနေ့ ၂၀၁၀ အထိ စစ်တက္ကသိုလ် ကျောင်းဆင်းစစ်ဗိုလ်များ ခေါင်းထဲသို့ ရိုက်သွင်းထားခဲ့သော တိုင်းပြည်ပြိုကွဲနိုင်သည်ဆိုသည့် စိုးရိမ်ပူပန်မှု သံသယကို ကင်းစင်သွားစေနိုင်ပြီး၊ မျိုးချစ်စိတ်ရှိသော တပ်မှုး၊ တိုင်းမှုးများ ဒီမိုကရေစီ အင်အားစုများဖက်သို့ ကူးပြောင်းရောက်ရှိလာနိုင်သည်။ အဓိက ပြဿနာမှာ ဘက်ပြောင်း ထောက်ခံလာရေးဖြစ်သည်။ ထိုခွဲထွက်လိုမှု ဆိုသည့် သံသယကို ဖျောက်ရန်မှာ ဒီမိုကရေစီအင်အားစုတို့နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပေါ်တွင် အဓိက တည်မှီလျှက်ရှိသည်။ တပ်မှ ကူးပြောင်းထောက်ခံလာရန် တပ်အတွင်းရှိ မျိုးချစ်တပ်မှုးများ အမြင်ကြည်လင်လာစေရန် ကြိုးစားဘို့အတွက် “ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်” ကို ပယ်လိုက်ကြောင်းကို NDF မှ ပြောကြားခဲ့သော်လည်း ပြည်တွင်းရှိ တိုင်းရင်းသား ခေါင်းဆောင်များကလည်း ခွဲထွက်ခွင့်ရှိသည်ကို မတောင်းဆိုကြောင်း စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စုကိုသာ တည်ဆောက်ကြရန် သန္ဒိဋ္ဌာန် ချထားကြောင်း ပြောကြားခဲ့သော် တပ်တွင်းရှိ မျိုးချစ်တပ်မှုးတို့နှင့် သဘောတူညီမှု ရယူနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံကဲ့သို့ သတင်းမှောင်ချ၍ တဖက်သတ် ၎င်းတို့ လိုလားသည့် ဝါဒ သဘောတရားများကိုသာ အစဉ်တစိုက် ရိုက်သွင်းနေသော နိုင်ငံတွင် ပြည်သူများ ဦးနှောက်ဆေးခံနေရသည်မှာ ဓမ္မတာဖြစ်သည်။ ဝါဒဖြန့်မှုကို ချေဖျက်ရန်မှာ ကျွန်တော်တို့ တာဝန် ဖြစ်သည်။ ကျွန်တော်တို့ မြင်သလို ပြည်သူများ၊ တပ်မတော်သားများ မြင်ရန်လိုပါသည်။

ကျွန်တော့်ကို နအဖသူလျှို တင်မောင်ဆန်းက မဲဆောက်မြို့တွင် ခြောင်းမြောင်း၍ တိုက်ခိုက်ခြင်းကို နအဖသတင်းစာများက တင်မောင်ဆန်းအား တကယ့်မျိုးချစ်အဖြစ် ရေးသားပြီး တင်မောင်ဆန်းမှ ကျွန်တော့အား ဓါးဖြင့်ထိုးလိုက်သည့်အတွက် တောထဲတွင်ရှိ ကရင်ဆေးရုံတွင် ခွေးသေဝက်သေ သေတော့မည်ဖြစ်ကြောင်း ဖေါ်ပြခဲ့ခြင်းအပေါ် မွေးသမိခင် မေမေက ဖတ်ရှုရသောအခါ “ငါ့သားကို ခွေးသေဝက်သေ အဖြစ်မခံဘူး ငါကိုယ်တိုင် သဂြိုလ်မယ်ဟူ၍ မဲဆောက်မြို့ကို ရောက်လာခဲ့သည်၊ မထင်မှတ်ဘဲ သားအမိနှစ်ယောက် လမ်းပေါ်တွင် ချိန်းမထားဘဲ တိုက်တိုက်ဆိုင်ဆိုင်တွေ့သည့် အခါမှ အစိုးရသတင်းစာမှ လိမ်ညာရေးသားကြောင်း အမေ့ခမြာ သိခွင့်ရခဲ့သည်။ အဓိကမှာ လိမ်ညာရေးသား ဝါဒဖြန့်ချက်များကို ကာယကံရှင် ကိုယ်တိုင်နှင့် တွေ့ပြီး ဖြေရှင်းမှ နအဖ လိမ်ညာကြောင်း ရှင်းလင်း သွားခဲ့ခြင်းဖြစ်သည်။ ထို့အတူ ယခုတိုင်းပြည်ပြိုကွဲသွားမည်ဆိုသည့် အဓိကအကြောင်းတရားကို ကျွန်တော်တို့ ကာယကံရှင် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားခေါင်းဆောင်များက မဟုတ်ကြောင်း ဗြောင်ရှင်းလင်းချက် ထုတ်ရန် အထူးလိုသည်ဟု လေးနက်စွာ တင်ပြလိုက်ပါသည်။

ထိုအကြောင်းအရာသည် (Non issue) ပြဿနာမဟုတ် ဆိုသည်ကို လုံးဝလက်မခံပါ။ ဤအကြောင်း အရာသည် ကျွန်ုပ်တို့အားလုံး ဖြေရှင်းရမည့် (Main issue) အဓိက အကြောင်းအရာဖြစ်သည်ဟု ထပ်လောင်း ပြောပါရစေ။
 “ငါတို့ တိုင်းရင်းသားတွေကို မင်းတို့ဗမာတွေက ကျွန်ပြုထားတာ၊ မင်းတို့ဗမာတွေဟာ ကိုလိုနီ နယ်ချဲ့တွေ၊ ငါတို့ ခွဲထွက်တော့ကော ဘာဖြစ်လဲကွ၊ ငါတို့ လူမျိုးဟာ ကိုယ့်ထီးကိုယ်နန်းနဲ့ နေလာခဲ့တာ၊ ငါတို့ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်စကားတွေ မင်းတို့ထက်စောတယ်” ဆိုတဲ့ စကားတွေ စာတွေ ကျွန်တော့် ဆောင်းပါးထွက်ပြီးနောက် ဝေဖန်မှုများအဖြစ် ပါလာခဲ့သည်။
          ကျွန်တော်သည် စိတ်ကူးယဉ်သမားမဟုတ်၊ အတိတ်က ရွှေထီးဆောင်းခဲ့သည်များကို ကျွန်တော်မမှီပါ။ သိတော့ သိပါသည်။ ထိုရွှေထီးဆောင်းခဲ့သည့် အချိန်ကို ကျွန်တော်တို့ ပြန်မသွားနိုင်ပါ။ ကျွန်တော်တို့ လုပ်နိုင်သည်က ယခု ပစ္စုပ္ပန်နှင့် လာမည့် အနာဂါတ်ကာလကို ဘယ်လို ဖြတ်သန်းကြမည်ကိုသာ ဖြစ်ပါသည်။ ပဲခူးတွင် ရှင်စောပု နန်းစိုက်သည့်အတွက် ပဲခူးသည် မွန်လူမျိုးများ နေပြည်တော် ဖြစ်ခဲ့ခြင်းနှင့် ယနေ့ ပဲခူး၏ အခြေအနေသည် မတူတော့ပါ။ ဘုရင်စံနစ်လည်း မရှိတော့ပါ။

နှစ်တွေ ခေတ်တွေက ပြောင်းလဲ သွားခဲ့ပါပြီ။ ပြောင်းလဲသော ခေတ်နှင့်အညီ ကျွန်တော်တို့ မိမိပြည်သူတွေ ဘဝ သာယာရေး၊ ခေတ်မှီရေး၊ စာပေယဉ်ကျေးမှုကို ထိန်းသိမ်းထားနိုင်ရေး၊ တန်းတူ အခွင့်အရေး အညီအမျှ ရရှိရေး၊ လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ ပြည်နယ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးတို့သည်သာ အဓိကကျသည်ဟု မြင်ပါသည်။

ဗမာပြည်က ခွဲထွက်ပြီး ငါတို့နိုင်ငံ ငါတို့တည်ထောင်တော့ကော ဘာဖြစ်လဲကွ ဆိုသူတို့ကို တခုတော့ ပြောချင်ပါသည်။ လွန်ခဲ့သော နှစ် ၃၊ ၄ နှစ်ခန့်က ဟန်ညောင်ရွှေ၏ အစ်ကိုကြီးဖြစ်သူ တိုက်ဂါးညောင်ရွှေမှ သူ့ကို ထောက်ခံသူ ၁၀ ဦးနှင့် ရှမ်း သမ္မတ နိုင်ငံကို ထူထောင်လိုက်ကြောင်း၊ သူသည် ရှမ်း သမ္မတ ဖြစ်ကြောင်း ကြေငြာလိုက်သည်။[12] တကယ့်လက်တွေ့တွင် ရှမ်းနိုင်ငံမပေါ်ပေါက်လာခဲ့ဘဲ ရှမ်းပြည်နယ်ရှိ ရွာများကို နအဖ ထိုးစစ်ဆင်လာသဖြင့် ရွာသူရွာသား ၆၀၀ ကျော် ယိုးဒယားပြည်ထဲ ထွက်ပြေးလာရသည်က အမြတ်ထွက် သွားသည်။ တိုက်ဂါးကတော့ ကနေဒါနိုင်ငံ ပြန်သွားရုံဘဲရှိသည်။ သမ္မတ ဟု ကိုယ့်ကိုကိုယ် ကြေငြာလိုက်ရ၍ အာသာပြေသွားပုံရသည်။ ရှမ်းပြည်သူများကတော့ ပို၍ ဖိနှိပ်လာမှုကြောင့် မြို့ရွာပစ်ပြေးလာခဲ့ရသည်။ ဆိုလိုသည်မှာ ထိုကဲ့သို့ မစို့မပို့ လုပ်ရပ်များက နအဖ၏ တိုင်းပြည်ကြီး ပြိုကွဲတော့မည်ဆိုသည်ကို တိုက်ရိုက် ထောက်ခံနေသည်ကို မိမိကိုယ် မိမိ သတိပြုမိ၏လောဟု မေးလိုက်ချင်ပါသည်။

တိုင်းရင်းသား သက်သက်မဟုတ်ဘဲ ကိုယ့်လူမျိုးအားလုံးကို ဖိနှိပ်ကျွန်ပြု အုပ်ချုပ်နေသော စစ်အာဏာရှင်စံနစ်ကို အတူတကွ တွန်းလှန်ဘို့ စိတ်မကူးဘဲ၊ ဗမာမုန်းတီးရေး စိတ်ဖြင့် “ခွဲထွက်တယ်ကွ” ဟု “နံမည်ဝှက်”  ဖြင့် အော်နေကြသူတို့ကို သူတို့နောက်တွင် ခွဲထွက်ရန် မဆိုထားနှင့် လက်နက်ကိုင်တပ်ဖွဲ့ ရှိနေပြီလားဟု မေးချင်ပါသည်။ များသောအားဖြင့် လူမျိုးရေးစိတ်ဓာတ်ဖြင့် ပြောနေသူများတွင် စစ်အာဏာရှင် တို့ကို တောက်လျှောက် ဆန့်ကျင်လာသောသူသည် မရှိသလောက်ပင်ဖြစ်သည်။ ထိုလူတို့သည် လက်နက်ကိုင် တော်လှန်ရေး မဆင်နွှဲဖူး၊၊ သေနတ်တောင် မကိုင်ဖူးသူက လူများစုဖြစ်သည်။ ထို့ပြင် နိုင်ငံခြား တိုင်းပြည်ရောက်မှ လက်သီးလက်မောင်းတန်းပြီး အလွန်ပြတ်သားသည့် ရဲရဲတောက်စကားများ ပြောနေကြ သည်မှာ စိတ်ပျက်စရာ ကောင်းလှပါသည်။

ချင်းပညာတတ်တစုနှင့် အင်တာနက်တွင် လွန်ခဲ့သော (၁၀) ကျော်က အပြန်အလှန် စာရေးဖြစ်သည်။ ၎င်းတို့ထဲတွင် ဆလိုင်းကစ်ဆိုသူတယောက်တော့ မှတ်မိနေပါသည်။ ၎င်းတို့ အုပ်စုမှ ကျွန်တော့အား “မင်းတို့ ဗမာလူမျိုးကြီး စိတ်ဓာတ်ရှိလို့ NDF ထဲကို ABSDF က မဝင်တာ မဟုတ်လား” ဟု စွပ်စွဲခဲ့ပါသည်။ ထိုစာရတော့ ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်မောခဲ့ရဖူးပါသည်။ ကျွန်တော့ကို စွတ်စွဲသော ထိုချင်းပညာတတ်များသည် မည်သို့မည် ပုံ ဂျာမဏီသို့ ရောက်လာသည် မသိသော်လည်း ၎င်းတို့ ပြောစကားများအရ ၎င်းတို့သည် တော်လှန်ရေးနယ်မြေထဲမှ လာသူများမဟုတ်ကြောင်းတော့ သေချာသွားခဲ့ ပါသည်။

ကျွန်တော်က NDF သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သတ်သတ် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဗမာလူမျိုးသည် လူမျိုးကြီးဖြစ်သဖြင့် ပါဝင်ခွင့် မရှိပေ။ ထို့ကြောင့် ABSDF ပေါ်လာသည့်အခါ NDF ခေါင်းဆောင်များက ABSDF ကို ပါဝင်စေချင်သဖြင့် DAB ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ထို့ကြောင့် ၎င်းတို့ စွတ်စွဲချက်မှာ မမှန်ကြောင်း ရှင်းလင်းရေးသားလိုက်သည့်အခါ ၎င်းတို့အသံ တိတ်သွားခဲ့ပါသည်။

ကျွန်တော်က ဆက်လက်၍ ကိုတင်မောင်ဦးသည် ချင်းလူမျိုးဖြစ်သည်။ သူသည် ဗမာပြည်တခုလုံးကို ကိုယ်စားပြုသည့် ကျောင်းသားခေါင်းဆောင်လည်းဖြစ်သည်။ ၎င်းတို့သည် ကိုတင်မောင်ဦးကဲ့သို့ တပြည်လုံး၏ ကျောင်းသားခေါင်းဆောင် မဖြစ်နိုင်ဟု ပြောသည့်အပေါ် ၎င်းတို့ထဲမှာ တဦးက ဘာကြောင့် သူတို့အနေနှင့် မဖြစ်နိုင်သနည်းဟု ပြန်လှန်မေးခဲ့သည့်အခါ ကျွန်တော်က ကိုတင်မောင်ဦးသည် တပြည်လုံးအတွက် တိုက်ပွဲဝင်ခဲ့၍ တပြည်လုံးက သူ့ကို ကျောင်းသားခေါင်းဆောင်ဟု အသိအမှတ်ပြုခြင်းဖြစ်ကြောင်း ၎င်းတို့မှာမူ မိမိလူမျိုးစု တခုတည်းကိုသာ ပြောဆိုနေသည့်အတွက် လူမျိုးစုခေါင်းဆောင်ထက်ပို၍ ဖြစ်လာစရာမရှိကြောင်း ရှင်းလင်းခဲ့ရဘူးပါသည်။

နိဂုံးအားဖြင့် ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ကို လီနင်က စာရေးသားထားခဲ့သော်လည်း လီနင် တည်ထောင်ခဲ့သော ကွန်မြူနစ်ပါတီက ခွဲထွက်လိုသူ မှန်သမျှကို သတ်၊ အစုလိုက် အပြုံလိုက် အကျဉ်းစခန်းများဆီသို့ပို့နှင့် ရက်ရက်စက်စက် ဖိနှိပ်ချုပ်ချယ်ခဲ့သည်မှာ ဓာတ်ပုံမှတ်တမ်းများနှင့် ရှိပါသည်။ တရုတ်အားပေးမှုနှင့် သီဟာနုအစိုးရကို ဖြုတ်ချပြီး တက်လာသော ခမာနီ ပိုပေါ့ အစိုးရ၏ Killing Field လူသတ်ကွင်းသည် ကိုယ့်လူမျိုး အချင်းချင်း လူတသန်းကျော် သုတ်သင်မှုကို ကျူးလွန်စေခဲ့ပါသည်။[13] ဖက်ဆစ်ဂျာမဏီဟစ်တလာ၊ ကွန်မြူနစ်စတာလင် အစိုးရ၊ မော်စီတုံး၏ ယဉ်ကျေးမှု တော်လှန်ရေး[14]သည် ကမ္ဘာက ကြက်သီးထလောက်အောင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် သမိုင်းတင်ထားခဲ့ရပါသည်။ ထိုကြောင့် ပြည်ထောင်စုသားအားလုံး စစ်အာဏာရှင်အောက်မှ ရုန်းထွက်ပြီး နောက်ထပ် တပါတီ အာဏာရှင်စံနစ်ဆီ သို့ မရောက်ရေးမှာ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါသည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်နောက် လိုက်လုံးလုံးဖြစ်ခဲ့ပြီး တရုတ်ပြည်မှ မော်စီတုံး တတိယမိန်းမ ချန်ချင်းနှင့် ဝမ်ဟုတ်ဝင်းတို့ ဦးဆောင်သည့် လေးဦးဂိုဏ်းမှ ယဉ်ကျေးမှု တော်လှန်ရေးလုပ်သည့်အခါ တောထဲတွင်ပင် ကိုယ့်ရဲဘော်ကိုယ်  သတ်ဖြတ်ခဲ့သည့် သာဓက ရှိခဲ့ပါသည်။
၁၉၄၈ မတ်လ (၂၇) ရက် တော်လှန်ရေးနေ့မှာ သခင်သန်းထွန်းက ဗန္ဓုလပန်းခြံမှာ ဟောပြောပွဲလုပ်၊ သခင်နုက အာဇာနည်ကုန်းမှာ ဟောပြောပွဲ လုပ်ခဲ့ကြတဲ့အခါ ဦးနုက သွေးထွက်သံယို ဖြစ်မဲ့ လမ်းစဉ်ကို မလိုက်ကြပါနဲ့၊ ငြိမ်းချမ်းရေး လမ်းစဉ်ကို လိုက်ကြပါ။ ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ၊ ပြည်သူ့ရဲဘော်တွေ အစရှိတဲ့ နိုင်ငံရေးသမားတွေ ညီညွတ်ကြရင် ဝန်ကြီးချုပ်ရာထူးရော ဖ.ဆ.ပ.လ ဥက္ကဋ္ဌ ရာထူးကိုပါ ထွက်ပေးပြီး အများလက်ခံသူကို တင်မြှောက်ပါ့မယ်လို့ ပြောခဲ့သည်။ သခင်သန်းထွန်းက ဖဆပလ အစိုးရကို လက်နက်နဲ့ ဖြုတ်ချရမယ်။ ဗားကရာချောက်ကြီးထဲမှာ ဖဆပလ အလောင်းကောင်တွေဟာ တောင်လို ပုံသွားစေရမယ်လို့ ဆိုခဲ့သည်ဟု တာတာစနေသားမှာ ဖတ်ရှု့ မှတ်သားရပါသည်။[15]
တချို့သူငယ်ချင်းများက အကယ်၍များ ဗမာပြည် ကွန်မြူနစ်ပါတီ အာဏာ အဲဒီအချိန်က ရခဲ့ရင် ပိုပေါ့တို့ထက် စောပြီး ဗမာပြည်သူတွေနဲ့ တိုင်းရင်းသားတွေ သန်းနဲ့ချီပြီး အသတ်ခံရမှာဘဲလို့ ပြောဘူးပါသည်။
သို့ရာတွင် ကျွန်တော့အနေနှင့် ကိုကျော်သန်း ပြောသလို ဗမာပြည် ကွန်မြူနစ်ပါတီသည် ပါတီစုံ စနစ်ကို လက်ခံကျင့်သုံးမည် ဆိုသည်ကို အထောက်အထားလိုပါသည်။ ဗမာပြည် ကွန်မြူနစ်ပါတီက ပါတီစုံကို တကယ်ယုံကြည်ပါ၏လော။ ပါတီစုံ ဒီမိုကရေစီကို လက်ခံပြီး ရွေးကောက်ပွဲဝင်သည့်အခါ အနိုင်ရပါက၊ ပါတီစုံကို တကယ်ကျင့်သုံးပါမည်လောဟု မေးစရာရှိပါသည်။ ပါတီစုံစံနစ်အောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရသည့်အခါ အတိုက်အခံပါတီများ ရှင်သန်ခွင့်ကို ဖျက်သိမ်း၍ တပါတီစံနစ်နှင့် အုပ်ချုပ်သော ကွန်မြူနစ်များ ရှိ၍ ဖြစ်ပါသည်။  ကျွန်တော်တို့ နောက်တခါထပ်၍တောခိုမတော်လှန်နိုင်တော့ပါ ။

လေးစားစွာဖြင့်
ထွန်းအောင်ကျော်
ဒီဇင်္ဘာလ၂၁ရက်၂၀၁၀ခုနှစ်
နေ့လည်၁၂နာရီတိတိ



ကျမ်းကိုးစာရင်း
(၁) ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပေါင်းချုပ်၊ ဆိုင်စုမှသည် မန်ဟိုင်းဆီသို့ ၊ Duwun Publishing, 2007 1st Edition
(၂) ဦးနု၊ တာတေစနေသား (Satunday’s Son) ၁၉၉၈၊ 1st Edition Irrawaddy Publishing, New Delhi
(၃) ဦးနု၊ ငါးနှစ်ရာသီ ဗမာပြည် (၁၉၄၁- ၄၅)
(၄) ပင်လုံညီလာခံသမိုင်းစဉ်အကျဉ်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဋ္ဌာနချုပ်၊ 
(၅) သိန်းဖေမြင့်ရေး ကျော်ငြိမ်း ရွှေပြည်တန်စာအုပ်တိုက် ဧပြီလ ၁၉၆၁နှစ် ဒုတိယအကြိမ်။
(၆) ဗမာ့အရေး (စာရေးဆရာညွန့်ပေါင်းရေးသည်) ထပ်မံတည်းဖြစ်သူ မောသီရိ, 1st Edition 2003, Irrawaddy Publishing, New Delhi.
() သိန်းဖေမြင့်၏ တော်လှန်ရေးကာလနိုင်ငံရေးအတွေ့အကြုံများ (တတိယအကြိမ် ) ယမုံနာစာပေ ၁၉၇၆ခု နှစ်
() Moying Li, Snow Falling in Spring, Coming of age in China during the Cultural Revolution. Melanie Kroupa Books,1st Edition 2008.
() Vladimir V. Kusin, Political Groups in the Czechoslovak Reform Movement, Columbia University Press, New York 1972.
(၁၀)  Noel Barber, Seven Days of Freedom The Hungarian Uprising 1956, Stein and Day Publishers, New York 1st Edition 1974.
(၁၁) The Secret Speeches of Chairman Mao, Edited by Roderick MacFarquhar, Timonthy Cheek, and Eugene Wu, Havard Contemporary China Series 6, Harvard University Press 1989.
(၁၂) Richard Evans, Deng Xiaoping and the making of Modern China, Penguin Books 1997
(၁၃) China Since the ‘Gang of Four’, Edited by Bill Brugger, St. Martin’s Press, New York 1980.
(၁၄) Timothy Cheek, Mao Zedong and China’s Revolutions, A Brief History with Documents
(၁၅) The Czech Black Book, Edited by Robert Littell, Frederick A. Praeger Publishers, New York, 1969.
(၁၆) What Happened in Czechoslovakia, An account of the Government crisis in February 1948,  1st Edition, Published in April 1948 by Orbis, Prague..
(၁၇) Czechoslovakia’s Blueprint for “Freedom”, Dubcek’s Statements- The Original and official Documents Leading to the Conflict of August, 1968, Introduction & Analysis by Paul Ello, Ph.D, Georgetown University School of Foreign Service, Published by Acropolis Books, Washington D.C 20009, Second Printing, October 1968. Colortone Creative Printing.
(၁၈) John F. Cady, A History of Modern Burma, Cornell University Press, Ithaca, New York, First Published 1958
(၁၉) Frank N.Trager, Bulilding a Warfare State in Burma 1978-1986
         




[1]ဦးနု၊တာတေစနေသား” စာမျက်နှာ ၁၀၅, 1st Edition 1998 Irrawaddy Publishing, New Delhi
ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော, “ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပေါင်းချုပ်၊ ဆိုင်စုမှသည် မန်ဟိုင်းဆီသို့” ၊ Duwun Publishing, 2007  1st Edition, page 114.
The Black book of Communism, Crimes, Terror, Repression; published in 1997 in France under the title of  “Le Livre noir du communisme: crime, terreur, re’pression by Editions Robert Laffont.  In the United States it is publish by Harvard University press, 1999 in English translation By RJ Rummel. : Also read on line at:

[3] Eastern Europe After the Soviet Invasion of Czechoslovakia, William  E Griffith, Rand Publication, 1968, Document number P-3983, pages :45, series: paper.

[6] ဗမာ့အရေး (စာရေးဆရာညွန့်ပေါင်းရေးသည်) ထပ်မံတည်ဖြစ်သူ မောသီရိ, ပထမအကြိမ်ပုံနှိပ်ခြင်း၂၀၀၃ ခုနှစ် စာမျက်နှာ ၇၆
[7]  ဦးနု၊ တာတေစနေသား,   စာမျက်နှာ ၁၂၄
[9]Dru Glodney သည် Pamona Collage ရှိ Pacific Basin Institute ၏ ဥက္ကဋ္ဌဖြစ်ပါသည်။
[14] China’s Cultural Revolution, 1966- 1969, Not a Dinner Party, Michael Schoenhals,(Editor)
Mao Zedong and China’s Revolutions: A Brief History with Documents ( The Bedford Series in History and Culture) Timothy Cheek (Author)

[15]ဦးနု၊တာတေစနေသား စာမျက်နှာ ၁၂၉


No comments: