အပြည်ပြည်ဆိုင်ရာ အချစ်ဒုက္ခသည်များနေ့


“ကိုယ် သိပ်ကြေကွဲတယ်ကွာ” ကိုနွယ်သာကီ၏ အသံသည် ဆွေးဆွေး မြည့်မြည့်။ ၀င်း အောင်ထွန်းက လက်ဖက်ရည်ဖိုး ရှင်းလိုက်ပြီး ပြန်မည် စိတ်ကူး၏။ ကိုနွယ်သာ ကီ စကားဆက်၍ ဣနြေ္ဒမပျက်ပြန်ပြီး ထိုင်ရသည်။ ကျူရှင်သွားရန် အချိန်နီးနေ၏။ ကိုနွယ် သာကီကပို၍ လျှာတွေ့နေဟန် တူ၏။ သူ့အချစ် သမိုင်းကို အဖန်တလဲလဲ ကြားရပေါင်း များ၍ အလွတ်ပင်ရနေ၏။ ပြောသူအဖို့ မရိုး သော ဇာတ်ထုပ်။ 

လွန်ခဲ့သော အနှစ် အစိတ်က ဇာတ်လမ်း။ ကိုနွယ်သာကီနှင့် ခင်ခင်ဆွေတို့၏ အ သည်း နှလုံးရာဇ၀င်။ ဆယ်စုနှစ် သုံးနှစ်ကာလကမူ ခင်ခင်ဆွေဟူသော အမည်သည် အဆန်းဆုံး ဖြစ်များဖြစ်နေမည်လား မသိ။ စိန်ဖိလိုမီနာ၏ တက္ကသိုလ်ဝင်တန်း ကျောင်းသူ ၀န်ထောက်သမီး ဟူသော အရှိန်အ၀ါသည် အတော်ပင် ကြီးကျယ် ကြောင်း ကိုနွယ်သာကီ ပြောပြ၍ သိရသည်။ မြ၀တီ မဂ္ဂဇင်းအဖုံး ဓာတ်ပုံပါဖူး သည်က စ၍ ခင်ခင်ဆွေ၏ ကျော် ကြားမှုသည် ရုပ်ရှင် မင်းသမီး တစ်ယောက်ထက် မလျော့ဟုလည်း ဆို၏။ “ဆွေက အဆိုတော် ကိုမြကြီးရဲ့ မခင်နှင်းဆီ သီချင်းကို ကြိုက်တဲ့ နေရာမှာလည်း ကိုယ်နဲ့ အကြိုက်ချင်းတူတယ်" ၀င်းအောင်ထွန်း ခေါင်း ညိတ်သည်။

ကိုနွယ်သာကီ၏ မျက်လုံး အစုံကို ကြည့်၏။ ညို့ လျက်ရှိသည်။ အနှစ်အစိတ် သုံးဆယ်သို့ ရုတ်ခြည်းပင် ပြန်ရောက်သွားပုံရ၏။ လေးဆယ့် လေးငါးရှစ်နှစ် အရွယ်သည် ပြန်လည် ပြေးဆုတ်သွားခြင်းကား မရှိ။ ထက်ဝက်နီးပါး ငယ်သော ၀င်းအောင်ထွန်းကို အချစ်ဇာတ်လမ်းတွင် ပါဝင်ခဲ့ဖူးသော သူငယ်ချင်း တချို့ ဟု ထင်ယောင်ထင်မှားများ ဖြစ်နေသလားမသိ။ “ဆွေက ကိုယ့်ကို ကိုနွယ်တဲ့၊ ချစ်သဲနွယ်တဲ့။ အခေါ်များတာက ဒါလင်တဲ့” ခုနေ ဒါလင်ဟု ခေါ်ဝေါ်ကြလျှင် ဒိုက်တွေ၊ တောဘဲ တွေပဲဟု ထင်ကြမှာကို ၀င်းအောင်ထွန်း တွေးမိ၏။

“ကိုယ့်အသက်က နှစ်ဆယ်ကျော်၊ ဆွေက ဆယ့်ရှစ်နှစ်။ ဆွေ့အရပ်က ကိုယ့်ကို မီလုလု ငါးပေသုံးလေးလက်မလောက်၊ အသား လေးက ဆွတ်ဆွတ်ဖြူတယ်လို့ ပြောရမှာထက် ၀ါဖန့် ဖန့်လေး။ မျက်ခုံးဆိုတာ စိမ်းနေတာ၊ နှစ်ဖက်ကို ဆက်မလား အောက်မေ့ ရတယ်”

ကြားဖူးပြီးသား အလှဘွဲ့။ ကိုနွယ်သာကီသည် လက်ဖက်ရည်ကြမ်း တစ်ငုံငုံသည်။ ငယ်စဉ်က အလေးမခြင်း၊ အားကစားလိုက် စားခြင်းကြောင့် ကျယ်ပြန့်သော ရင်အုပ်၊ လက်မောင်း၊ လက်ဖျံတို့သည် ကြွက်သား အဖောင်းအရစ်နှင့် ရှိနေသေး၏။ အရပ်မြင့်မြင့်၊ ဒေါင်ကောင်းကောင်း၊ ခန္ဓာကိုယ် နှင့် လိုက်ဖက်သော မျက်နှာကျမှာ ညှိုးလျော့လျော့။ မေးရိုး ကားကားမှာ အံကြိတ်သောအခါ ပို၍ကားသည်။

“ဆွေက ကိုယ့်ကို အသည်း နင့်အောင်ချစ်တာ ကိုယ်တစ်စက်ကလေး သံသယမ၀င်ပါဘူး။ မေတ္တာသက်ဝင် ချစ်ခင်ပါသော်လည်း ဂုဏ်ပကာသန တံတိုင်းကြီးကို မထွင်းဖောက် နိုင်ခဲ့လို့ သစ္စာယွင်း ပျောက်ခဲ့ရတာပါပဲ ၀င်းအောင်ထွန်းရာ”

ဝင်းအောင်ထွန်း မပြုံးမိအောင် စိတ်ထိန်း ထားရသည်။ ရှေးလူကြီးတွေ စကားပြောတာ စာသံ ပေသံ တယ်ဆန်တာပဲ ဟု အောက် မေ့၏။ နဘေတွေ ကာရန်တွေနှင့် ပြောတတ် ဆိုတတ်ပါကလားဟု တွေးသည်။ မကြာခဏ ကြားရတိုင်း ရယ်ချင်သည်။ တစ်ထောင့် ကိုးရာခြောက်ဆယ့် ခုနှစ်ဝန်းကျင် က ဘာသာစကားသည် ရတုရွတ်သလိုလို ဂြိုဟ်နှင် စာဖတ် သလိုလိုပါကလားဟု ထင်၏။

“ဘွဲ့မရတဲ့ ကိုယ့်ကို ဆွေ့မိဘတွေက အထင်မကြီးဘူး။ တိုက်တွေ၊ ကားတွေ ကင်းမဲ့တဲ့ ကိုယ့်ကို အထင်မကြီးဘူး။ ဆွေကိုယ် တိုင်က သူ့ကို ခွင့်လွှတ်ဖို့ နောက်ဆုံး စာရေးခဲ့တယ်။ ကိုယ် ဆွေ့စာတွေ ခုထိ သိမ်းထားတယ်။ သူ့ဆီကို ရေးတဲ့ နောက်ဆုံးပြန်စာ လည်း မိတ္ထူ ကူးထားတယ်။ ပြန်ဖတ်တိုင်း ဆွေးတယ်ကွာ”

ပြုံး၍ ခေါင်းညိတ်ပြ လိုက်သည်။ လွယ်အိတ်ထဲရှိ အချိန် စာရင်း ကတ်ပြားကို ဆွဲယူပြီး လက်ပတ်နာရီ ကြည့်ရင်း ကြည့်၏။ ကျွန် တော့်ကို ခွင့်ပြုပါဦး အစ်ကို ဟုဆိုကာ ထိုင်ရာမှ ထ၏။ ကိုနွယ်သာကီ ခေါင်းညိတ်သာ ညိတ်ရ၏။ စကား မ၀သော အကြည့်ဖြင့် ကြည့်ရင်း...

“မင်းတို့ကို မြင်တော့ နှစ်အစိတ်၊ သုံးဆယ် ငယ်သွား သလိုပဲ၊ ဆွေနဲ့ ချစ်ခဲ့တဲ့ ရက်တွေကို ပိုသတိရတာပေါ့ကွာ”
ဟောင်းနွမ်းသော ၀တ္ထုစာအုပ် နှစ်အုပ်၊ သုံးအုပ်ကို ကိုနွယ်သာကီ လက်ထဲတွင် ကိုင်ထား၏။

၂။
ဂစ်တာတစ်ကြိုးကို အသံမီအောင် ပြန်ညှိနေသော တင်ဝင်းစိုးကိုကျော်ကာ လမ်းကွေ့ရှိ သစ်သားအိမ်ကြီးဆီသို့ ကိုနွယ်သာကီ ငေး ကြည့်ကြည့်နေ၏။ နှစ်ခြင်းဘုရားရှိခိုး ကျောင်းတံခါးဝ အုတ်ခုံပေါ်သို့ ကုက္ကိုကိုင်းရိပ်တွေကြားမှ လရောင်ကျနေ၏။ ၀င်းအောင် ထွန်းက ဓာတ်ခဲသုံး အီလက် ထရွန်နစ် ကာစီယိုဆင်သဇိုက်ဇာ တူရိယာကို အသံတစ်ချက် နှစ်ချက်တို့သည်။ ကိုင်ဇာ၏ အိမ်ရှေ့ မင်းသားလေး မောင် မောင်၊ ဂစ်တာနဲ့ ဆင်သဇိုက် ဇာသံ၊ မောင်တင်စိုး၏ အဆို၊ ကိုနွယ်သာကီ၏ ခြေဖျားသည် စည်းချက်လိုက် နေ၏။ သီချင်း ဆုံးသောအခါ...

“တစ်ဆောင်းသစ်ပြန်ပြီ တို့၊ မခင်နှင်းဆီတို့ မရဘူး လားကွ”

ဝင်းအောင်ထွန်း ပြုံးသည်။ ထို့နောက်
“တီးရတာ ခက်တယ် အစ်ကိုရ”

“လုံးပြည့်မတီးဘဲ ရစ်သမ်နဲ့ တီးလို့ မရဘူးလား”

တင်ဝင်းစိုးက ဂစ်တာနဲ့ မလိုက်ဘူး အစ်ကိုနွယ်သာကီ ဟု လှည့်ကြည့်ပြီး ပြော၏။
“ငါ ဒီအုတ်ခုံမှာ မိုးတွင်း မိုးမရွာတဲ့ ညတွေမှာ လာထိုင် ဖြစ်တယ်။ ဟိုတုန်းကတည်းက ထိုင်ခဲ့တဲ့ ဘူမိနက်သန်လေကွာ”

ဆယ့်ငါးနှစ်ကာလမှပင် ရှေ့တူရူရှိ သစ်သား အိမ်ကြီးကို ရောင်းကာ တစ်နယ် ပြောင်းသွားခဲ့သော မခင်ခင်ဆွေကို ကိုနွယ်သာကီ ပြန်လည် မြင်ယောင်နေပုံ ရ၏။ ပတ်လည် ၀ရန်တာနှင့် နှစ်ထပ် အိမ်ကြီး၊ အခန်းခန်း၊ အဆောင်ဆောင်၊ စုလစ်မွမ်းချွန်၊ ပန်းဆွဲ ကနုတ်တို့ဖြင့် နန်းဆန်သော အိမ်အိုကြီး သည် လရောင်အောက်တွင် သွေ့သွေ့ခြောက်ခြောက်။ ခေါင်းရင်းဘက် ခြံထဲရှိ ခေတ်မီ တစ်ထပ်တိုက်၏ အလှကြောင့် လားမသိ၊ အိမ်အိုကြီးသည် ရင့်ရော် ထိုင်းမှိုင်းကာနေ၏။ ထူထဲသော အုတ်ထရံဝင်းသည် အိမ်အို အိမ်ဟောင်းကြီးကို ပို၍ ငြီးငွေ့စဖွယ်ဖြစ်စေသည် ထင်၏။

“မိုးတဖွဲဖွဲ ရွာတဲ့အခါမျိုးမှာတောင် ငါဒီမှာ လာထိုင်ခဲ့တာ။ အဲဒီတုန်းက ငါ့သူငယ်ချင်း မောင်မောင်လတ်ဆိုတဲ့ ကောင်ရဲ့ မယ်ဒလင် ရေစိုပြီး ကော်တွေကွာကုန်တာ”

သူပြောပြ၍ မောင်မောင်လတ်ဆိုသူကို တင်ဝင်းစိုးတို့ သိကြသည်။ ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် တာဝန်ထမ်း ဆောင်နေသည်။ ကိုနွယ်သာကီထံသို့ မနှစ်ကလာစဉ် မြင်ဖူးခဲ့သည်။

“တင်အောင်က အဆိုကောင်းကွ။ စိန်ပန်းပြာနဲ့ ဝေးသူရေ ဆိုတာ နားထောင်ရင်း မျက်ရည်ကျချင်တယ်။ ခုမင်းတို့ သိပ်ကြိုက်တဲ့ စာရေးဆရာက တယော အင်မတန် ကောင်းတာ၊ တယောကလည်း တကယ်ချွဲတာ၊ ငါတင် မကပါဘူး။ ဆွေဆိုတာ မျက်ရည်ကျရ တယ်လို့ စာကို ရေးတော့တာကွ”

တင်အောင်ဆိုသော ကိုနွယ်သာကီ၏ သူငယ်ချင်းသည် ဌာနကြီး တစ်ခုမှာ အကြီးအကဲ တစ်ဦး ဖြစ်နေပေပြီ။ တယော လက်သံ ကောင်းသည်ဆိုသော သူငယ်ချင်း သည် လေးစားဖွယ် စာများရေးကာ ထင်ရှားနေသော စာရေး ဆရာ။

“ဒီကောင်တွေနဲ့ ကင်းကွာခဲ့တာ အနှစ်နှစ်ဆယ် ဆိုပါ တော့။ အင်း အနှစ် နှစ်ဆယ်၊ အနှစ် နှစ်ဆယ်။ မနေ့ တစ်နေ့က လိုပါပဲ”

တင်ဝင်းစိုးက...
“အစ်ကို နွယ်သာကီ ဥပစာ အပိုင်း (က)ပဲ တက်ဖြစ်ခဲ့တာ မှားတယ်။ သိပ္ပံသမားဖြစ်ပြီး စိတ်အလို လိုက်လွန်းခဲ့ တယ်ထင်တယ်။ ကျွန်တော့် စကားမှားရင် တောင်းပန်တယ်နော်”

သူပြုံးသည်။ မလုံမလဲပြုံးရင်းဆေးပေါ့လိပ်ဖွာနေသည်။
“သူ့ကို အောက်မေ့တဲ့ စိတ်ကြောင့် ကျောင်းစာထဲ စိတ်မ၀င်စားတော့တာပေါ့ကွာ”

“ကျောင်းစာ လွှတ်ပစ်တဲ့ နည်းနဲ့ အချစ်ကို သက်သေထူ ခဲ့တယ်လို့ ပြောခဲ့ဖူးတယ်ဆို”

ဝင်အောင်ထွန်းက ၀င်မေးသည်။ တစ်ဆင့်တစ်ဆင့် ကြားဖူးသော စကားဟု သူသိသည်။ အင်းဟူသော အသံကို ခပ်တိမ်တိမ် ပြောသည်။
“ဒေါ်ခင်ခင်ဆွေက ကျောင်းဆက်တက်ဖို့ မပြောဘူး လား အစ်ကိုနွယ်သာကီ”

တင်ဝင်းစိုးမေး၏။
“သူ့မင်္ဂလာဆောင် ဖိတ်စာပို့ရင်း ကျောင်းဆက်တက်ဖို့ တော့ ရေးတယ်ကွ။ အဲဒီတုန်းက စာယူလာတာ မရင်နွယ်”

မရင်နွယ်သည် တင်ဝင်းစိုး၏ ဆရာမ လက်ထောက် ကထိက ဒေါ်ရင်နွယ်။
“ခုထိ ဒေါ်ခင်ခင်ဆွေကို အစ်ကိုနွယ်သာကီ ချစ်နေသေး လား” 

“မြူရဲ့တစ်မှုန် သဲရဲ့တစ်ပွင့် မပြောင်းလဲသေးပါဘူး တင်ဝင်းစိုးရာ”

ဝင်းအောင်ထွန်းက စပြီ စပြီ စာသံ ပေသံ စပြီဟု ကိုနွယ် သာကီမကြားအောင် လေသံပါးပါးဖြင့်ပြော၏။ တင်ဝင်းစိုးက ပြုံးသည်။
“မင်းရော မင်းချာတိတ်မက မင်းကိုစွန့်ပြီး ရင်ခွဲသွား တုန်းကရော မခံစားရဘူးလား”

တင်ဝင်းစိုး ရယ်၏။
“ကျွန်တော်မှ ရင်မကွဲတာ၊ နွယ်နွယ်ယဉ်ထွန်းကို မရွေးဘဲ သူ့ကို ရွေးခဲ့တဲ့ ကျေးဇူးကိုတောင် မထောက်ထားဘူး ဆိုပြီး ဒေါသဖြစ်ရ သေးတယ်။ သူ့မိဘတွေက သင်္ဘော အရာရှိ အသေးစားလေးကို သဘောကျလို့ သူယူတာ ဘာဖြစ်လဲ အစ်ကို နွယ်သာကီ”

“မင်း မခံစားရဘူးလား”

“တစ်ပတ်တစ်ခါ ရုပ်ရှင်အတူကြည့်နေကျဆိုတော့ ဆယ့်လေးငါးရက်တော့ ငေါင်တောင်တောင် ဖြစ်သွားတာပဲ၊ ခု ထားသီတာရီကမှ ကျွန်တော့်ကို တကယ်ချစ်တာ။ ကျွန်တော်တို့ ဘွဲ့ရပြီး ဘွဲ့လွန်တက်တဲ့နှစ်မှာ လက်ထပ်ကြမယ်”

“မင်း အချစ်ဦးအတွက် မခံစားရဘူးလား တင်ဝင်းစိုး”

“ရုပ်ရှင်ရုံထဲမှာ ကြမ်းပိုးကိုက်သလောက်ပါ”

ဘုရားရေဟု ကိုနွယ်သာကီမြည်၏။
“သူနဲ့အတူ သွားခဲ့တဲ့နေရာတွေ၊ စားခဲ့တဲ့ အစား အသောက်တွေ၊ သူပြောခဲ့တဲ့ စကားတွေကို မင်းသတိမရ ဘူးလား တင်ဝင်းစိုး”

“မဟာသိပ္ပံ အရည်အချင်း စစ်အောင်ဖို့ကိုပဲ ပိုသတိရတယ်။ အမှန်ပြောတာ”

“ဒါဖြင့် မင်းရင်ထဲမှာ အသည်းနှလုံးဆိုတာ ရှိရဲ့လား ငါ့ညီရာ”

“ဟာဗျာ၊ အစ်ကိုနွယ်သာကီကလည်း လူပဲဗျာ ရှိတာပေါ့”

တင်ဝင်းစိုး ရယ်နေသည်။ ပိုလာဘာလီ တေးသွားအစကို တစ်ကြိုးဖြင့်တီးပြီး ရပ်လိုက်၏။
“ကိုယ်နဲ့ အဆင်မပြေတာ ဘယ်တတ်နိုင်ပါ့မလဲ အစ်ကို နွယ်သာကီရာ”

သူ ဆေးလိပ်ဖွာနေသည်။ နွေလေသည် ဝေ့ကာဝေ့ကာ ရှိ၏။ အေးမြသော ညဉ့်ဦးသည် လရောင်အောက်တွင် နစ်ဝင် နေ၏။
“မင်း အသည်းနင့်အောင် မချစ်လို့ပါ”

“ချစ်တာနဲ့ စွဲလမ်းတာ တခြားစီပဲ အစ်ကို”

သူ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး
“တယ်ဟုတ်ပါလား ၀င်းအောင်ထွန်းရ”

“ဟုတ်တယ်လေ အစ်ကိုနွယ်သာကီ၊ ကျွန်တော်လည်း တင်ဝင်းစိုးလိုပဲ။ ကိုယ့်ကိုမှ မကြည်တာ၊ အကြာကြီးစဉ်းစား ဖို့အချိန် ဘယ် ပေးနိုင်မလဲ”

“သံယောဇဉ်ဆိုတာ ရှိသေးတယ်လေကွာ”

“သံယောဇဉ်တော့ သံယောဇဉ်ပေါ့။ အစ်ကိုနွယ်သာကီ လိုတော့ စိတ်မရှည်နိုင်ဘူး။ အချိန်လည်း မပေးနိုင်ဘူးလေ” 
သူအံ့အား သင့်နေသည်။

၃။
ဝါကြန့် နွမ်းကြေနေသော စာတွေ၊ နီညိုရောင် ဆေးသား ကွာစပြုနေသော ခင်ခင်ဆွေ့ ဓာတ်ပုံ။ အားလုံးကို တယုတယ ထပ်ကာ ပလတ်စတစ် အိတ်ထဲသို့ ထည့်ပြီးသိမ်းသည်။ ထို့ နောက် စက္ကူကတ်ထူ ဘူးထဲသို့ ထည့်ပြီး သိမ်းသည်။ အိမ်ခန်း ထောင့်ရှိ အ၀တ် သေတ္တာ အံထဲသို့ ထည့်သည်။ သန်းစိုးဦးက သူ့ကို လှမ်းကြည့်ကာ
“ဦးလေး အဲ အစ်ကိုနွယ်သာကီက အဲဒါတွေ ခုထိ သိမ်းထားတုန်းကိုး”

ခုတင်ပေါ်တွင် ပြန်ထိုင်ရင်း သူပြုံးသည်။ ပင်ပန်း နွမ်းနယ်သော အပြုံး။ အတိတ်၌ မှီတွယ်သောအပြုံး။
“ချစ်ဦးသူ ပေးရစ်ခဲ့တဲ့ လွမ်းအမွေ၊ ပိုင်ဆိုင်စရာ ဆိုလို့ အဲဒါပဲ။ ဒါပါပဲ သူငယ်ချင်းရာ”

အသက်ထက်ဝက်မကကြီးသောသူက သူငယ်ချင်းဟု ခေါ်သဖြင့် သန်းစိုးဦး ကျောတွန့်သွားသည်။
“ကိုယ် ရင်ဖွင့်တာကို မောင်ရင် သဘော ပေါက်ပါတယ်နော်”

ပက်လက် ကုလားထိုင်တွင် ထိုင်နေသူ သန်းစိုးဦးက ပြုံး၍ ခေါင်းညိတ်သည်။ ခုတစ်ကြိမ်ပါဆိုလျှင် ရင်ဖွင့်ခဲ့သည် မှာ ဆယ့်လေးငါး ကြိမ်မကမက မည်သာ။

“အင်း လပြည့်။ တော်သလင်း လပြည့်နေ့ဆိုရင် ကိုယ်နဲ့ ဆွေနဲ့ ချစ်ခဲ့တဲ့နှစ် ဆယ့်ခုနစ်နှစ်ပြည့်တဲ့၊ အဲ ခွဲခွာခဲ့ရလို့ နှစ်ဆယ့်ခုနစ်နှစ် ပြည့်တဲ့နေ့ပဲ”

သြော် ငါမမွေးခင် ငါးနှစ်လောက်က ကိစ္စတွေပါလား ဟု သန်းစိုးဦး တွေးသည်။
“သူက အ၀ါရောင်ကို သိပ်သဘောကျတာ။ ထဘီ၊ အင်္ကျီ၊ လက်ကိုင်ပ၀ါ၊ လက်ပွေ့အိတ်၊ နှင်းဆီပန်းက အစ အ၀ါနု။ ကော်ပြန့် စိမ်းကို ကြက်သွန်မြိတ်တို့ ဆလတ်ရွက်တို့နဲ့ ချဉ်ရည်တို့စားတာ သူသိပ်ကြိုက်တာ။ ဒါပေမယ့် အနောက်တိုင်း မဆန်ပါဘူး”

ကြားမှ ခုလိုက်သော ဒါပေမယ့်ကို သန်းစိုးဦး သဘောမပေါက်။ ခေါင်းသာ ညိတ်လိုက်သည်။ ဂျင်းဘောင်းဘီရှည် ၀တ်ထားသော သူ့ကို ကိုနွယ်သာကီ ရည်စူး ပြောသလား ဘာလား မစဉ်းစားချင်တော့။ တစ်မနက်လုံး နားတွေ အူနေ၏။ နှစ်ခုမြောက် ကဏ္ဍသာ ရှိသေးသည်။ အိမ်အပြင်၌ နေရောင်စောင်းပင် စောင်းပြီ။ ကိုနွယ်သာကီ လျှာတွေ့နေ ခိုက်သာ ရှိသေး၏။ တော်တော် စကား ပြောနိုင်တဲ့သူ။ အဆုတ်အား တော်တော့်ကို ကောင်းဟန်တူ၏။

“ရုပ်ရှင်မင်းသမီး ဆိုရင် အင်နီတာအက်ဂဘက်နဲ့ အဲလစ် ဇဘက်တေလာကို သူရော၊ ကိုယ်ရော ကြိုက်တာ၊ အဆိုတော်ကတော့ ပက်ဘွန်းနဲ့ ပရက်စလေ၊ ဗမာထဲကတော့ ဇေယျနဲ့ မေမြင့်ကို အကြိုက်ချင်းတူကြတယ်”

ဗဟုသုတရသည်ဟု အောက်မေ့ကာ သန်းစိုးဦး ခေါင်း ညိတ်လိုက်သည်။
“ဒါပေမယ့် အချစ်ဆိုတာ အရှုံးပေးခြင်းပါပဲ။ ရယူခြင်း မဟုတ်၊ ပေးဆပ်ခြင်းပေါ့လေ။ ဘ၀ဆိုတာဟာ ကောင်းကင်လိုပဲ သူငယ်ချင်း။ ကြည်လင်တဲ့အခါ ကြည်စင်ပြာလဲ့လို့၊ တော်ကြာ မိုးသားဖြူဖြူ အုံ့ချင်အုံ့၊ ဆိုင်းချင်ဆိုင်း၊ တိမ်သား တွေ မှိုင်းချင်မှိုင်း၊ ညို့ချင်ညို့ လောကမှာ အချစ်ဆိုတဲ့ ပရမတ်တရားကလွဲရင် ဘာမှ မတည်မြဲဘူး မဟုတ်လား။ ကိုယ်ကျေနပ်ပါတယ် သူငယ်ချင်း”

ဟာ၊ ဒုက္ခပဲဟု စိတ်ထဲက ညည်းမိသည်။ ခုဖြစ်နေတဲ့ ကိစ္စကို ပြောနေသလိုပဲဟု အံ့သြသည်။ စကားတွေ အဆက် အစပ် ရှာကြည့် သည်။
“ကျွန်တော် ထင်တယ်”

“ဒေါ်ခင်ခင်ဆွေက အစ်ကိုနွယ်သာကီကို မေ့လောက် ပါပြီ”

ကိုနွယ်သာကီ ခေါင်းမညိတ်၊ ခေါင်းမခါ။
“အချစ်စစ် အချစ်မှန်တို့တွင် မေ့ပင်စိုက်သော်လည်း ရှင်သန်စရာ မရှိဆိုတဲ့ ခေါမ စကားပုံလိုပေါ့ သန်းစိုးဦးရာ၊ သူမေ့ချင် မေ့ပါစေ အနန္တစကြ၀ဠာ ကုန်ပါစေ ကိုယ်တော့ဖြင့် မမေ့ပါဘူး”

“အစ်ကိုနွယ်သာကီ မမေ့ရင် အစ်ကိုနွယ်သာကီပဲ ရှုံးမှာပေါ့”

ပြုံးသည်။ သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် ချသည်။ နားရင်းနှစ်ဖက်မှ ပြောင်ကာ အထက်သို့ ထောင်ထောင် တိတိ ညှပ် ထားသော ဘိုကေဆံပင်ကို အသာသပ်ကာ
“ရှုံးမယ်လေ၊ မေတ္တာရဲ့ အရှုံးသမား၊ အရှုံးနိဒါန်းစပြီး အရှုံးနဲ့ နိဂုံးချုပ်တဲ့ အရှုံးသမားရဲ့ လေလွင့် အသည်းပေပဲ သန်းစိုးဦးရယ်။ အသက်အသည်း ဆယ်ပြန် အပ်နှင်းပြီး ဘ၀နဲ့ ရင်းလို့ ချစ်ခဲ့ရသူ အဖို့ အရှုံးချည်းပါပဲလေ။ အရှုံးချည်းပါပဲ၊ အရှုံးချည်းပါပဲ”

အသံသည် တဖြည်းဖြည်း တိုးတိုးသွား၏။
“မိန်းမဆိုတာဟာ ဒီလိုပါပဲ။ အချစ်စစ် အချစ်မှန် နန်းကို မေတ္တာတံတားခင်း အသည်းပေါင်းကူး ဆက်ပေးပေမယ့် ပကာသနကိုမင်၊ ဂုဏ်ကိုကြင်ပြီး ချစ်ဦးသူရဲ့ ရင်ကို ဖားခွဲ သွားသလို ငွေဓားနဲ့ခွဲ၊ သစ္စာ ပျက်တိမ်း သွေလွှဲသွားတာချည်း ပါပဲကွာ။ မိန်းမဆိုတာ မနုဿီဟ အသည်းနှစ်ခွ၊ ကမ္ဘာမှာ သစ္စာရှိတဲ့ မိန်းမတစ်ယောက်ရဲ့ အိမ်က မုန်ညင်းဆီနဲ့ လိမ်းမှ အသည်းကွဲတာ ပြန်ဆက်နိုင်မယ် ဆိုပြီး ရှာ ရှာ ရှာစမ်း။ မရပါဘူး၊ မရပါဘူး၊ မရပါဘူး”

ဟာ ပုဂ္ဂိုလ်ကြီး တယ်ရမ်းတာပဲ။ ကိုယ့်ဆွေမျိုးထဲမှာ တောင် ခြွင်းချက် မထားတော့ဘူး။ မိန်းမကို ရန်လိုစွာ ကြည့်တဲ့ သူပဲ၊ ၀ါးလုံးချေး သုတ်ရမ်းတဲ့ ဘဲကြီးပဲဟု အောက်မေ့၏။ လေယူလေသိမ်းကတော့ မဆိုးဘူး။ အသံသွင်း ဇာတ်လမ်းထဲက စကားပြော တွေထက်တောင် မိုက်တိုက်တိုက်၊ ရှာ၊ ရှာ၊ ရှာစမ်းတွင် အသံမြှင့်ပုံ၊ ကျယ်ပုံ၊ မရပါဘူးတွေကို တိုးပုံ၊ နှိမ့်ပုံတွေ။ ရုပ်မြင်သံကြား ထဲမှာ မြင်ရသော ခေတ်ဟောင်း ရုပ်ရှင်ထဲက စကားပြောနည်း အတိုင်းပါလားဟု တွေးသည်။

“ကိုယ့်မှာက ဒီဂရီမရှိ၊ တိုက်မရှိ၊ ကားမရှိ။ ဒီဂရီ စော်မနံပြန်ပါဦးဆိုတဲ့ နည်းနဲ့ အနှင်ခံရတာ။ ခံပေါ့။ သစ္စာ ဘက်တော်သား နွယ် သာကီကို ကယ်နိုင်တာ ယစ်ရွှေရည်ပဲ။ မိန်းမ တစ်ကုဋေထက် တန်ဖိုးရှိတဲ့ ယစ်ရွှေရည်၊ ကိုယ့်ဘ၀ရဲ့ အဖော်မွန်၊ သစ္စာမွန်။ အင်း မိန်းမ၊ မိန်းမ”
မိန်းမ မကောင်းကြောင်း ကဗျာလင်္ကာတွေ ရွတ်ပြသည်။ သံနေသံထား လက်ဟန်၊ ခြေဟန်ဖြင့်။ ရွတ်ဖက်သရဇ္ဈယ် ကောင်းနေဆဲ တွင် သန်းစိုးဦးက ၀ါးခနဲသမ်းမိသည်။ အားတော့ အားနာသွား၏။

၎။
အအေးဆိုင်ထဲသို့ ၀င်လာသော ကိုနွယ်သာကီကို ချစ်ထွန်းညိုက ဟိုမှာ ဟိုမှာဟု ခပ်တိုးတိုးပြောပြီး မေးငေါ့ပြ၏။ ၀င်းအောင်ထွန်း နှင့် သန်းစိုးဦးက ပြိုင်တူလိုလို လှမ်းကြည့် သည်။ တင်ဝင်းစိုးက ခေါင်းကုတ်ပြီး
“ကြည့်ရတာ ရှတ်ပေါက်တယ် ထင်ရတယ်”

ဝင်းအောင်ထွန်းက နှစ်ဆယ့်လေးနာရီ ဇိုးပိတ်နေကျပဲ၊ အဆန်းလားဟု ပြော၏။ ဒေါ်ခင်ဆွေဆွေ့ ရည်းစားစာတွေ အိတ်ထဲ ထည့်လာရင် ဒုက္ခပဲ။ စာမေးပွဲနီးလို့ ခေါင်းအေးအေး ထားချင်လို့ ဒီမှာ လာထိုင်ပါတယ်။ အချစ်ဂြိုဟ်မင်းနဲ့မှ တည့်တည့်လာတိုးနေ တယ်ဟု သန်းစိုးဦးက စိတ်ပျက်စွာပြော၏။ ပုဆိုးတိုတို ၀တ်ကာ၊ ပင်နီတိုက်ပုံ အင်္ကျီလက်ကို တံဆောင်ဆစ် နားသို့ ရောက်အောင် ခေါက်ပြီးတင်ထားသော ကိုနွယ်သာကီ သဏ္ဌာန်သည် နီးလာ၏။ ချစ်သူက သဘောကျသည်ဟု ဆိုဖူးသော ၀တ်စားဆင်ယင်မှု။

“သူ့ မဟာအာလူး မာရသွန် ရွှီးပွဲကြီးနဲ့ ငါတို့တော့ လေဘေးသင့်တော့မှာပဲ”

ဝင်းအောင်ထွန်းက တီရှပ်အင်္ကျီ ရင်ဘတ်စကို ဆွဲကာ လျှော့ကာနှင့် အအိုက်သက်သာအောင် ပြုသည်။ စိတ်ညစ်သော အမူအရာ တမင်ပြသော ၀င်းအောင်ထွန်းကို သန်းစိုးဦးက ပြုံးပြ၏။ ထို့နောက်
“အမျိုးသားပြတိုက်ထဲမှာ ဘဲကင် ချိတ်သလို ချိတ်ပြီး ပြထားဖို့ကောင်းတဲ့ သူပဲ။ လူငယ်များ သင်ခန်းစာယူစရာဆို တဲ့ စာတန်း ဆွဲပြထားရမယ်။ အချစ်ကင်ပေါ့”

ဝင်းအောင်ထွန်း ရယ်သည်။
“ငါ့အစ်ကိုကြီးတွေ၊ အစ်မတွေက သူ့ကို မနောက်ဖို့၊ မပြောင်ဖို့ ခဏခဏ သတိပေးလို့။ သနားစရာပါကွာတဲ့။ အစ်ကိုတို့ သူငယ်ချင်း ဆိုတော့လည်း လေးစားရတာပေါ့ကွာ”

ဝင်အောင်ထွန်း စကားကို သန်းစိုးဦးက ခေါင်းညိတ်ပြီး
“ငါက မေ့မေ့ပြီး ဦးလေးလို့ ယောင်ခေါ်မိရင် ဘဲကြီးက မကြိုက်ဘူးကွ”

တင်ဝင်းစိုးက
“သူ့ သူငယ်ချင်းတွေနဲ့ သူနဲ့ပေါင်းလို့ တယ်မှ မရတော့တာ။ တို့ကိုပဲ သူငယ်ချင်းလုပ်ပြီး ပေါင်းရတာ။ သူ့ဖီလင်တွေ အန်ချချင်တာ ကိုး”

ဝင်းအောင်ထွန်းက အစစ်ပဲဟု အစချီပြီး
“သူနဲ့ ရွယ်တူတွေက အိမ်ထောင့် တာဝန်တွေ၊ အလုပ် တာဝန်တွေနဲ့ သူပြောတာ ဘယ်လာ နားထောင်နိုင်ကြပါတော့ မလဲ”

သူ့ သူငယ်ချင်းတွေအားလုံး သူ့နေရာနဲ့သူ အကောင် ပလောင်ချည်းပဲ၊ သူတစ်ယောက်တည်း ငုတ်တုတ်ကျန်ခဲ့တာ ကွဟု သန်းစိုး ဦးက မှတ်ချက်ချ၏။
“အသည်းဂလေ သမားပဲနော်”

ဝင်းအောင်ထွန်းနှင့် တင်ဝင်းစိုးတို့က ခေါင်းညိတ်သည်။ သန်းစိုးဦးက
“မနေ့ကလည်း သူ့အသည်းစွဲတဲ့ ၀တ္ထုထဲက မင်နီသား ထားတဲ့ စာပိုဒ်တွေ ငါ့ကို ဖတ်ခိုင်းတယ်”

ဝင်းအောင်ထွန်းက စာရေးဆရာ အမည် လေးငါးမည်ကို ပြောပြီး သူတို့ရေးတာတွေ မဟုတ်ဘူးလားဟု မေး၏။ သန်းစိုးဦးက ဖန် တစ်ရာ တေနေပါပြီကွာ။ သူကြည့်ခိုင်းလို့ စာအုပ်ယူကြည့်ရင်း အလွတ်တောင် ရတော့မယ် ဟု ပြော၏။ တင်ဝင်းစိုးက
“အသည်းကွဲရင် ရှတ်တေ့၊ ဂျလေဘီရိုက်၊ ဘ၀ကို ခုံဖိနပ် စုတ်လို့ သဘောထားခိုင်းတဲ့ဟာတွေ။ သူက အဲဒီဝတ္ထုတွေ ဖတ်ပြီး တမင် ရောဂါရှာတာ”

သန်းစိုးဦးနှင့် ၀င်းအောင်ထွန်းတို့က ဟားလိုက်၏။
“သူက တဆွေးဆွေး တမြည့်မြည့် နေနေရတာကိုပဲ အရသာတစ်ခုလို ဇိမ်ခံနေတာလို့ ငါထင်တာပဲ”
ဝင်းအောင်ထွန်း၏ ထင်မြင်ချက်ကြောင့် တွေခနဲဖြစ်သွား ကြ၏။

၅။
“သောက်တတ်ပါတယ် အစ်ကိုနွယ်သာကီ ယောက်ျားပဲဗျာ။ ဖန်ခွက်ထဲက အရက်ကို ပါးစပ်ထဲ မော့ထည့်တာပဲ”
ချစ်ထွန်းညိုက ရယ်ပြီးပြော၏။

“ဒါဖြင့် သောက်လေ”

“ပျော်ပွဲစားတို့၊ မွေးနေ့ပွဲတို့မှ ကျွန်တော်တို့ သောက်တယ်။ ပြီးတော့ တွေ့ကရာ အရက် မသောက်ဘူး။ ၀ီစကီ လောက်မှ”

ကိုနွယ်သာကီ မျက်နှာပျက်သွားသည်။ ငါက အစ်ကို့ အိမ်နေလို့ မရလို့ ညီမအိမ်ကို ပြောင်းနေရတာ၊ ဘယ်လာဝီစကီ သောက်နိုင်ပါ့ မလဲဟု ညည်းပြောပြော၏။ ကိုနွယ်သာကီတွင် မွေးချင်းတွေ များ၏။ အစ်ကို၊ အစ်မ၊ ညီ၊ ညီမတို့၏ အိမ်တွင် နေ၏။ တူ၊ တူမ တချို့ က ငြိုငြိုငြင်ငြင် ဖြစ်ချင်သည်။ ဘာအလုပ်မှ မလုပ်ဘဲ ငါတို့အိမ်မှာ နေတယ်၊ စားတယ်။ ဒီအထဲ ကဇော်သောက်တာလည်း နံစော် နေတာဟု ပြောသူက ပြောသည်။ အစ်ကို၊ အစ်မ၊ ညီ၊ ညီမတို့က သူစိမ်းဖက်လာ သောအခါ မောင်ကို၊ ညီကို၊ အစ်ကိုကို သဒ္ဓါသော် လည်း အထားရခက်လာ ဟန်တူ၏။ ဟိုအိမ်မှာ မသင့်လျှင် သည်အိမ်၊ သည်အိမ်မှာ အဆင်မပြေ ဟိုအိမ်၊ တစ်လှည့်တစ်ပြောင်း နေရ သော ဘ၀။

“ငါ့ဘ၀ကို ဖျက်ဆီးတာ မိန်းမ။ ငါ့ညီတို့ မိန်းမဆိုရင် အထူးသတိထားကြ” ချစ်ထွန်းညို ရယ်သည်။ ဖြူဖွေးသော မျက်နှာတွင် နီမြန်း ၍ပင် လာသည်။

“ထားပါတော့ အစ်ကိုနွယ်သာကီရဲ့၊ သဘောတရားအရ ပဲ ပြောပါ့မယ်။ မိန်းမတွေက ဖျက်ဆီးတယ်ဆိုတာ ခံရတဲ့ သူက ပိုညံ့ လို့ပေါ့”
ဟား ဟား၊ မင်းငါ့ကို တွယ်ထည့်တာပဲဟု မူးသံဖြင့် ပြော၏။

“အချစ်က ငါ့ဘ၀ကို နင်းချေပစ်တာ ကျတော့ကော ချစ်ထွန်းညို”

“ဆင်က နင်းတာလား၊ ဆင်ခွာအောက်ကို ပြေးဝင်တာလား အစ်ကို”

ဝင်းအောင်ထွန်းက တယ်ပိုင်တဲ့ မေးခွန်းပါလား သဘောဖြင့် ခေါင်းတစ်ချက် ညိတ်သည်။ ကိုနွယ်သာကီသည် ချက်ချင်းမဖြေ။ သန်းစိုးဦးဆီမှ ဆေးပေါ့လိပ်ကို လှမ်းယူပြီး ဖွာနေသည်။ တင်ဝင်းစိုးက ကိုနွယ်သာကီထံသို့ စူးစူးစိုက်စိုက် ကြည့်နေ၏။
“ထမင်းတွေ ဟင်းတွေက ကျွန်တော်တို့ မိတ်ဆွေပဲ။အသက်ရှည်အောင် အသက်ရှင်အောင်ကူညီနေတဲ့ အရာတွေပဲ။ စူဇကာပုဏ္ဏား သေရတာ အဲဒီ အစားနင်ပြီး သေရတာ မဟုတ်လား အစ်ကို”

နီမြန်းကာ အရက်ဖော ဖောနေသော ပါးဖောင်းဖောင်းကို စုန့်အစ်အောင်ပြုံးပြီး
“အချစ်စားပိုးနင့်တဲ့ သူက ငါဆိုပါတော့”

ချစ်ထွန်းညို ပြုံး၏။
“အရက်ရောဂါရှာနေတာပဲ”

“အရက်နဲ့ မကျွမ်းခင်မှာ အချစ်ကြောင့် ကျွမ်းခဲ့ရတာ ကြာပြီကောကွာ”

“အဲဒါပြောတာ မဟုတ်ဘူး အစ်ကို၊ အစ်ကို့စကားအရ အချစ်နာရင်ကွဲနာဆိုတာ အစ်ကို တမင်ရောဂါရှာပြီး ရောဂါ ခံစားရတာကို ကျေနပ် သဘောကျနေတာ။ တမင် ဖီလင် ယူနေတာ”

ချစ်ထွန်းညို စကားကြောင့် ကိုနွယ်သာကီသည် ခေါင်း ကိုဆတ်ခနဲ ထောင်၏။ မှိုင်းကာ ညိုကာကြည့်သော အကြည့် မှာ စူးရှ တောက်ပြောင်လာ၏။
“မင်း ငါ့ကိုစော်ကားချင် စော်ကားပါကွာ။ ဆွေ့ကိုချစ်တဲ့ အချစ်ကို မစော်ကားချင်ပါနဲ့”

ချစ်ထွန်းညို ခေါင်းခါ၏။
“ထမင်းမပါတဲ့ အချစ်၊ အိမ်မရှိတဲ့ အချစ်၊ အ၀တ်အစား မရှိတဲ့ အချစ်၊ ပညာမပါတဲ့အချစ်ကို ကျွန်တော်တို့ ဘယ်တော့မှ မယုံဘူး အစ်ကို”

“မင်း ဒုတိယအကြိမ် စော်ကားတာပဲ ချစ်ထွန်းညို”

“ဆွေးနွေးတာပါ အစ်ကိုနွယ်သာကီ”

“သူ ငါ့ကို လမ်းခွဲသွားတာပါ ချစ်ထွန်းညို”

“စွန့်ခဲ့တဲ့နေရာမှာ ခုထိရပ်ပြီး ကျန်ရစ်ခဲ့တဲ့ သူအတွက် ကျွန်တော်တို့ နှမြောတယ်”

ကိုနွယ်သာကီ လက်မှ အရက်ဖန်ခွက်သည် နှုတ်ခမ်း ရှေ့သို့ ရောက်ပြီးတန့်သွား၏။ ကြမ်းပေါ်သို့ ပြန်ချထားသည်။ သူ့လက်စွဲဝတ္ထု တွေထဲက စာရေးဆရာ၏ အဘိဓမ္မာကိုပြော သည်။ သူတို့ ရယ်ကြ၍ စကားရပ်သွား၏။

“ငါ့ကို မယူရင် သစ္စာဖောက်၊ ငါ့ကို မကြိုက်ရင် ဂုဏ် မက်မ၊ ဘ၀ အာမခံချက် မပေးနိုင်တာလေးတစ်ခုနဲ့ စွန့်ရက် တဲ့ နင့်လိုအမိုက်မ အတွက် လောကကို ရွဲ့ပြမယ်။ ကျောင်းမနေ ဘူး၊ အရက်သောက်မယ်၊ ကြေးစားမတွေ ခဏ၀ယ်မယ်၊ ဘ၀အပျက်ခံပြီး ချစ်သက် သေထူမယ်ဆိုတဲ့ စာတွေကို ကျွန်တော်တို့ မလေးစားတတ်တော့ ပြန်ပြောရမှာတောင် ခက်နေတယ် အစ်ကို”

ဝင်းအောင်ထွန်းက စကားအဆုံးတွင် ပြုံးနေ၏။ ကိုနွယ် သာကီ မျက်ခုံးပင့်သည်။
“မင်းတို့နဲ့ စကားပြောရတာ အရင်ကလောက် မကောင်း တော့ဘူး”

သန်းစိုးဦးက
“ကျွန်တော်တို့ နားထောင်တဲ့သူအဖြစ်နဲ့ နေခဲ့တာကြာပြီပဲ အစ်ကို။ ပြန်ပြီးဆွေးနွေးဖို့ အရွယ်ရောက်လာတော့ ဆွေးနွေး ရမှာပေါ့”

တင်ဝင်းစိုးက ကျွန်တော်တို့ပြောတာ အစ်ကိုတစ်လှည့် ပြန်ပြီး နားထောင်ပါဦးလေ။ ဒါကလည်း အစ်ကို့အတွက် အချိန်ရော၊ ဘ၀ ရော ရှိပါသေးတယ်ဆိုတာ အားပေးစကား ပြောဖို့ပါဟု ခပ်တိုးတိုးဆို၏။

၆။
ပြင်ရင် အချိန်ရှိပါသေးတယ်ဟု ၀င်းအောင်ထွန်းက ညည်းပြောပြော၏။ တစ်မျိုးကြီးပဲနော်ဟု ချစ်ထွန်းညို ဝေဖန် ၏။ တင်ဝင်းစိုးက ခေတ်ဟောင်း အချစ်သမားကြီးနဲ့ ငါတို့နဲ့ အခင်ပျက်များ ပျက်သွားမလား မသိဘူးဟု စိုးရိမ်စွာဆို၏။ သန်းစိုးဦးက
“ကမ္ဘာပေါ်မှာရှိတဲ့ အဲဒီလိုလူမျိုးတွေစုပြီး နေ့တစ်နေ့ သတ်မှတ်ပေးရမယ်။ အဲဒီ အထိမ်းအမှတ်နေ့ကို ပွဲတစ်ခုအဖြစ် ကျင်းပပေးဖို့ တော့ မလိုအပ်ဘူးကွ။ ဟုတ်တယ် မဟုတ်လား”

ရယ်သောသော သံတွေ ထွက်လာလေ၏။ ၀င်းအောင် ထွန်းက ကိုနွယ်သာကီ မေ့ကျန်ခဲ့သော ၀တ္ထုစာအုပ် လေးငါး အုပ်ကို စားပွဲပေါ်မှ လှမ်းယူလိုက်၏။ ဟောင်းကာ နွမ်းကာ၊ ကြေကာပွကာရှိသော တစ်ခေတ်က ၀တ္ထုတွေ။ လက်ဖက်ရည် ဆိုင်ရှေ့ ရေ မြောင်းထဲသို့ လှမ်းပစ်ချလိုက်သည်။ ရေစီးမသန်သေး၍ ကောင်းစွာ မျောပါ မသွားသေး။


ငြိမ်းကျော်
ရွှေအမြုတေမှ ကူးယူဖော်ပြပါသည်။ 

No comments: