မြန်မာပြည်မှ ဟယ်လင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်းက မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ တောင်ကြီးမြို့ ဆေးရုံတွင် သူနာပြု ဆရာမအုပ်အဖြစ် လုပ်ကိုင်ခဲ့သော သူနာပြုဆရာမ ဟယ်လင်ရော့ဒရစ် (Helen Rodriguez) ကို အရှေ့တောင်အာရှ မဟာမိတ်စစ်သေနာပတိ လော့ဒ်မောင့်ဘက် တန်၏ ဇနီးက ‘ဟယ်လင်အော့ဖ်ဘားမား’ (Helen of Burma) ဟု မှည့်ခေါ်ခဲ့သည်။ အခြားသူများကလည်း သူ့ကို ‘ဟယ်လင် ဘော့ဖ်ဘားမား’ ဟူ၍ပင် ခေါ်ကြသလို စာများလည်း ရေးကြသည်။
ဟယ်လင်ရော့ဒရစ်ကို ဖခင်ပေါ်တူဂီလူမျိုး ခွဲစိတ်ကုဆရာဝန်ကြီး လင်းဘတ်ကင်နယ်ရော့ဒရစ် နှင့် မိခင် စကော့လူမျိုး သူနာပြု ဆရာမ တို့မှ ၁၉၁၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ ချင်းတောင်တန်း၌ ဖွားမြင်ခဲ့သည်။ ဖခင်သည် စကော့ တလန်ပြည် အီဒင်ဘာရာဆေးတက္ကသိုလ်မှ MRCP ဘွဲ့ယူရန်အတွက် အီဒင်ဘာရာမြို့သို့ ရောက်ရှိ ပညာသင်ကြားခဲ့ရာမှ သူနာပြု ဆရာမလုပ်နေသော သူ၏မိခင်နှင့် တွေ့ဆုံချစ်ကြိုက်ခဲ့သည်ဟု ဆိုသည်။ သူ၏ ဖခင်သည် မိခင်ဖြစ်သူအား လက်ထပ်ခွင့် တောင်းသောအခါ ယင်း၏ မိခင်ဘက်မှ မိဘများက သဘောတူကြ၏။ စကော့လူမျိုးတို့က မိမိတို့သားသမီးများနှင့် သူစိမ်းတရံများ လက်ထပ်ခြင်းကို သဘောမတူကြပေ။ သို့သော် ၄င်း၏ ဖခင်သည် ဇွဲမလျော့ဘဲ ဆေးပညာကို အပတ်တကုတ် ကြိုးစားမှုကြောင့် ပညာသင်ဆုရရှိကာ L.R.C.P, Ph.D ဘွဲ့များ ဖြေဆိုရခဲ့ပြီးနောက် အီဒင်ဘာရာသို့ ပြန်လည်ရောက်ရှိလာသည်။ ဖခင်သည် ဆေးပညာကိုသာ ကြိုးစားသည်မဟုတ်။ မိန်းမပိုးရာတွင်လည်း ဇွဲနဘဲကြီးသူဖြစ်သောကြောင့် နောက်ဆုံး မိခင်ဘက်မှ မိဘများက လက်ထပ်ခွင့်ပေးခဲ့သည်။ ဤသို့ဖြင့် ဆေးပညာပါရဂူဘွဲ့ရရှိပြီးနောက် ၄င်း၏ဖခင်သည် မြန်မာနိုင်ငံ ချင်းတောင်တန်းရှိ ကျန်းမာရေးဌာနတွင် အလုပ်ရခဲ့သည်။ ချင်းတောင်တန်းတွင် ဆေးဝန်ထမ်းအဖြစ် ထမ်းရွက်နေစဉ်အတွင်း ဟယ်လင်ဒရော့အား ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားလာသောအခါ ၄င်း၏ ဖခင်သည် မက်ဆိုပိုတေးမီးယား စစ်မြေပြင်နှင့် အာဖဂန် စစ်မြေပြင်တို့၌ စစ်မှုထမ်းခဲ့ရသည်။

