၂၁ ရာစု မန္တလေး


ဓမ္မာရုံဘုရားပွဲနှင့် ဘုန်းကြီးပျံ၊ အလှူမင်္ဂလာဆောင်နှင့် က လေး ပုခက်တင်ပါမကျန် ဇာတ်ပွဲ၊ အငြိမ့်ပွဲများ အပြိုင်အဆိုင် ထည့်သွင်းကာ ၁၂ ရာသီပွဲလမ်းမပျက် လမ်းပိတ်အောင် စည် ကားခဲ့ သောမြို့၊ နံနက်အရုဏ်တက် ဆွမ်းထချက်ကာ ထိုင် ကိုယ်တော် တစ်မျိုး၊ ရပ်ကိုယ်တော် တစ်သွယ် ဆွမ်းခဲဖွယ် များ လောင်းလှူခဲ့သောမြို့၊ ထောင့်ကျကျ လေးထောင့်ကွက် ၀င်းတွေမှာ နှစ်အိမ့်တစ်အိမ် ဆွေမျိုးတွေလို နေထိုင်ခဲ့ကြ သော မြို့၊ မြန်မာဘုရင် နောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့ရာ မြန် မာ့ယဉ်ကျေးမှု အမွေအနှစ်များ ကျန်ရှိခဲ့သောမြို့၊ ရှည် လျား ထည်ဝါသော သမိုင်းရှိပြီး ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် ၀ံ့ ကြွားခဲ့သော ထိုမြို့မှာ ၂၁ ရာစု အရောက်တွင် အပြောင်း အလဲများ၊ အရွေ့ များစွာဖြစ်ပေါ်ခဲ့လေပြီ။

အရှေ့ဘက် ရှမ်းရိုးမတောင်တန်းများဘက်မှ နံနက်ခင်း နေ ရောင်ခြည်သန်းလာတော့ မန္တလေးမြို့က သံဃာတော်တွေ ဆွမ်းခံထွက်လာကြသည်။ သံဃာတော်များ၏ ကြွချီဦးတည်ရာမှာလည်း နေထွက်ရာမြို့အရှေ့ခြမ်း မန္တလေး မြို့သစ်ဘက်ဖြစ်သည်။ ယခင်လို မြို့တွင်းမဟုတ်တော့ဘဲ အနည်း ငယ်အလှမ်းဝေးသော မန္တလေးမြို့ သစ်ဘက်ခြမ်း ဖြစ်လာခဲ့သည်မှာ နှစ်အနည်းငယ်ကြာ ခဲ့လေပြီ။ တစ်နေကုန် ရုန်းကန်စီးပွားရှာပင်ပန်းခဲ့သော မန္တလေးမြို့ပေါ်လူထုအတွက် နေ့စဉ် နံနက်စောစောထကာ ဆွမ်းထချက်ရ မည့် အလုပ်က မလွယ်ကူတော့ပေ။ 

ထို့ကြောင့် ဝေးလံလှသည့် မြို့သစ်သို့ သွားရောက် အလှူခံရမည့်အရေး အဆင်ပြေစေရန် ယာနဒါန ဆွမ်းခံကြိုပို့ယာဉ်များ ပေါ် ထွက်လာခဲ့သည်။ အလှူအတန်း ၀ါသနာပါသူများ စုစည်းကာ တစ်ပတ်တစ်ခါ စုပေါင်းဘုံဆွမ်းလောင်းအသင်းများ ဖွဲ့စည်းလာခဲ့ကြ သည်။ လမ်း ၈၀ ယူနန်ဘုံကျောင်းမှလည်း ၀ါတွင်းဥပုသ်များတွင် ဆွမ်းခဲဖွယ်များ လောင်းလှူပေးခဲ့ကြလေသည်။ 

“မန္တလေးဝန်းကျင် သံဃာတော်တွေအတွက် သူတို့ ဒကာ၊ ဒကာမတွေ ပြောင်းသွားတဲ့ မြို့သစ်ကိုပဲ ဦးတည်ပို့ပေးနေရပါ တယ်” ဟု မိုးထိအောင်စည်ယာနဓာန ဆွမ်းခံကြိုပို့ယာဉ် အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြို့သစ်ရောက် မန္တလေးသူ၊ မန္တလေးသားများက အလှူအတန်းအပြင် ဓလေ့ထုံးစံအတိုင်း သူတို့ရောက်ရှိသွားသည့် ရပ်ကွက် ဘု ရားပွဲလေးများတွင် ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲတုန်း။ သူတို့ ချန်ထားရစ်ခဲ့ရသည့် မန္တလေးမြို့အတွင်း ဓမ္မာရုံဘုရားပွဲများကတော့ ခြောက်ခြောက်ကပ်ကပ် အငြိမ့်ပွဲဇာတ်ပွဲ အသာထားခြင်းပွဲကလေးနှင့် ပြီးရတာများလာသည်။ ပွဲမကြိုက်သည့် မြို့နေလူထုအကြား၊ ပွဲတော်ရက်မှာ တိုက်တံခါးပိတ် အိပ်လာကြသည့် မြို့နေလူတန်းစားများအကြား အငြိမ့်တွေ၊ ဇာတ်တွေလည်း ခေါင်းမထောင်နိုင် ကြတော့။ “ခုတော့ ကျွန်တော်တို့ မြို့သစ်ဘက်တွေကို အားထားနေရတယ်။ မြို့ထဲဇာတ်ကလည်း ကြည့်မယ့်သူနည်းသွားပြီ” ဟု ဇာတ်သဘင်သက် နှစ် ၃၀ ကျော်ရှိသည့် ပိုးချစ်ဇာတ် အထွေထွေတာဝန်ခံ ဦးလေးဇင်က ပြောသည်။

မိုးမချုပ် အိပ်ရေးမပျက် အငြိမ့်ပွဲ၊ ဇာတ်ပွဲအစားထိုး ခြင်းလုံးသရုပ်ပြပွဲတွေကိုတော့ မြို့နေလူထုက အားပေးမှုရှိသည်။ “ဆုငွေတွေ လည်း ချကြတယ်။ သူတို့လည်း လိုက်ခတ်လာကြတယ်။ ဘုရားကြီး ခြင်းအလှခတ်ပြိုင်ပွဲမှာတောင် သူတို့အဖွဲ့တွေ ပါလာကြပြီ။ တရုတ်ပြည်ကိုလည်း အလှပြလိုက်ခတ်ဖို့ ဖိတ်ခေါ်ခဲ့ဖူးတယ်” ဟု ခြင်းလုံးသရုပ်ဖော်ကစားသည့် အဖွဲ့တည်ထောင်ထားသော ဦးကျော်သန်းက ပြောသည်။ 

အားကစားကို စိတ်ပါဝင်စားမှုရှိသည့် မန္တလေးမြို့ပေါ် နေထိုင်သူများအတွက် အဆင့်မြင့်ကိရိယာများကို အသုံးပြုထားသည့် အား ကစားခန်းမတွေ အလျှိုလျှို ပေါ်ထွက်လာသည်ကလည်း ခေတ်သစ်မန္တလေး၏ ပုံရိပ်တစ်ခု ဖြစ်သည်။ မြို့တွင်းရှိ လမ်းလျှောက် အားကစားပြုလုပ်ရန်ကောင်းသော မန္တလေးနန်းမြို့ကျုံးဝန်းကျင်က သူတို့အတွက် အဆင်ပြေ ဆုံးနေရာဖြစ်လာသည်။ ထိုက်ကျိနှင့် ၀ူရှူးကစားရင်း နံနက်ခင်းတိုင်း မြို့နေလူထုနှင့် မန္တလေးကျုံးကြီး ဆုံစည်းဖြစ်နေကြသည်။ ၀ူရှူးနှင့် ထိုက်ကျိကစားသူ မြို့နေ လူ ထုနှင့် မန္တလေးကျုံးကြီးက ခွဲ၍မရတော့။ “နံနက်ခင်းတိုင်း ကျုံးဘေးမှာ ၀ူရှူးတွေ၊ ထိုက်ကျိတွေ အဖွဲ့လိုက် စုပေါင်းကစားနေကြ တာ တွေ့ဖူးတယ်။ မြို့သစ် ၆၂ လမ်းမှာလည်း လုပ်လာကြပြီ” ဟု မန္တလေးမြို့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်ဆွေက ဆို သည်။

မန္တလေးကျုံးဝန်းကျင်တွင် စုပေါင်းအားကစားလုပ်နေကြသလို မန္တလေးမြို့တွင် နေထိုင်သည့် ဒေသခံများကလည်း နောင်ရှေ့ရေး မျှော်တွေးကာ တရုတ်ဘုံကျောင်းများသို့ အတူတကွ သွားရောက်ပညာသင်ကြားနေကြပြီ ဖြစ်သည်။ “တချို့က ဒီမှာ ဆရာတောင် ပြန်ဖြစ်ကုန်ပြီ” ဟု တရုတ်ဘုံကျောင်း ၀န်ထမ်းတစ်ဦးက ဆိုသည်။ ၂၀၁၂ ခုနှစ်အတွင်းမှာတော့ မန္တလေးမြို့တော်စည်ပင် သာယာ ရေးကော်မတီမှ လူမြင်ကွင်းများတွင် တပ်ဆင်ထားသည့် ဆိုင်းဘုတ်များ၌ မြန်မာစာနှင့် နိုင်ငံတကာသုံး အင်္ဂလိပ်စာမှလွဲ၍ လူအ များ နားမလည်သည့် အခြားဘာသာစကားများ အသုံးမပြုရန် မေတ္တာရပ်ခံ ဖြုတ်သိမ်းစေခဲ့သည်။ ထို့အတွက်တော့ လုပ်ငန်းရှင် အချို့ အခက်အခဲဖြစ်စေခဲ့သည်။ အများဆုံး ဆက်ဆံနေရသူများ ဖတ်ရှုနားလည်စေရန် တရုတ်စာဖြင့် ရေးထိုးထားသော ဆိုင်း ဘုတ်များ ဖြုတ်သိမ်းပေးခဲ့ရသည်။ ယခုအချိန်ထိ စည်ပင်သာယာက တားမြစ်ထားသော်လည်း တပ်ဆင်အသုံးပြုနေသူအချို့ ရှိနေ ဆဲပင်ဖြစ်သည်။ “တရုတ်စာမထည့်ထားတော့ အခက်အခဲရှိတယ်” ဟု လေယာဉ်လက်မှတ်အရောင်းဆိုင် ၀န်ထမ်းတစ်ဦးက ဆို သည်။

ဆိုင်ပြင်ပက ဆိုင်းဘုတ်ကိစ္စအပြင် ဆိုင်အတွင်း ၀န်ဆောင်မှုကိစ္စများကလည်း ရှိနေသေးသည်။မန္တလေးမြို့ရှိ အင်တာနက် ဆိုင် များအတွက် ရပ်တည်ဖို့ လွယ်ကူ စေမည့် နည်းလမ်းတစ်ခုမှာ အင်တာနက်လိုင်းကောင်းရန်အပြင် ချက်တင်ဆော့ဖ်ဝဲ တစ်ခုဖြစ် သည့် Chinese QQ အက်ပလီကေးရှင်းနှင့် တရုတ်စာရိုက်စနစ်ဖြစ်သည့် Pyin Yin Keyboard နှင့် Sogo Font တို့ကို ကွန်ပျူတာ များအတွင်း ထည့်သွင်းထားရန်ပင်ဖြစ်သည်။ 
 
ထိုသို့သာ ထည့်ထားပါက စီးပွားလာဘ်ရွှင်ဂါထာများပင် ရွတ်ရန်မလိုတော့ပါ။ “မန္တလေးက ဆိုင်တွေအတွက် အဲဒီဆော့ဖ်ဝဲနဲ့ အက် ပလီကေးရှင်းတွေက မရှိမဖြစ်ပဲ” ဟု အင်တာနက်ဆိုင်ဝန်ထမ်း တစ်ဦးဖြစ်သူ ကိုအောင်က ဆိုသည်။ မန္တလေးမြို့ယဉ်ကျေးမှု တစ်ခု ဖြစ်လာသည့် KTV ကာရာအိုကေဆိုင်များတွင်လည်း တရုတ်သီချင်းများထည့်မထားသည့် ဆိုင်အတွက် ဈေးကွက်နေရာ ကျဉ်း သည်ဟု ဆိုင်တာဝန်ခံအချို့က ဆိုသည်။ 
 
“ဆိုင်တော်တော်များများ မရှိမဖြစ် ထည့်ထားရတယ်” ဟုဆိုင်ဝန်ထမ်းတစ်ဦးက ပြောသည်။
 
မျက်ရစ်မပါသော မန္တလေးမြို့က ပျိုဖြူချောများအတွက် အိုင်းလိုင်နာက အသုံးဝင်ဆုံးဖြစ်လာသည်။ ပါးနီကြိုက်သည့် သူမတို့ အ တွက် နဂိုရဲပြီးသား မျက်နှာကြောင့် အရောင်မပါသည့် ပါးနီကို ပိုမိုသုံးစွဲလာသည်။ မန္တလေးမြို့၏ ပူပြင်းလှသည့် နေရောင်ကို အန်တုပြီး စီးပွားရှာနေသူတို့အတွက် ရည်ရွယ်ကာ Skin Care လုပ်ရန် ဗြူတီစလွန်းတွေက မှိုလိုပေါက်ကာ ပေါ်ထွက်လာသည်။ မျက်နှာတစ်ခါ ပေါင်းတင် ကျပ်နှစ်သောင်း၊ သုံးသောင်း၊ Skin Care တစ်စုံ ကျပ်ခုနစ်သိန်း၊ ရှစ်သိန်းသည် ၎င်းတို့အတွက် မပြော ပလောက်ဟု ဗြူတီစလွန်း ဆိုင်ရှင်အချို့နှင့် အလှအပပစ္စည်း ရောင်းချနေသူ အချို့က ဆိုသည်။ အသားအရေစိုပြည်လှပအောင် သစ်သီးသီးနှံတွေ စားသုံးလေ့ရှိကြသည့် မန္တလေးမြို့နေ လူတန်းစားများအတွက် အသီးအနှံဆိုင်လေးတွေက အပြိုင်အဆိုင် ပေါ် ထွက်လာသည်။ သစ်သီးမျိုးစုံ ကြိုက်တတ်ကြသည့်အတွက် အဖိုးတန်သစ်သီးတွေက ဆိုင်တွေမှာ နေရာဝင်ယူလာသည်။ တစ် ပိဿာလျှင် ကျပ် တစ်သောင်းငါးထောင်ခန့်ရှိသည့် ယိုးဒယား စပျစ်သီးများ၊ တစ်လုံးလျှင် ကျပ် ၁၈၀၀ ၀န်းကျင်ရှိသည့် နဂါး မောက်သီးများ၊ တစ်လုံး ကျပ် ၂၅၀၀ ခန့်ရှိသည့် ကျွဲကောသီးများကို သစ်သီးဆိုင်တွေက ရဲရဲဝင့်ဝင့် တင်နိုင်လာကြသည်။ “မြန်မာ တွေကတော့ အခါကြီးရက်ကြီး သစ်သီးကိုးမျိုးတင်တဲ့ အခါမျိုးဆိုရင် ရောင်းရတယ်။ ပုံမှန်ရက်မျိုးကတော့ ဈေးအရမ်းကြီးတဲ့ အသီးတွေ သိပ်မ၀ယ်ကြဘူး””ဟု လမ်း ၈၀ တွင် သစ်သီးရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

သစ်သီးတင်မဟုတ်၊ အခြားစားသောက်မှုများလည်း မသိမသာပြောင်းလဲလာသည်မှာ မန္တလေး၏ ပုံရိပ်သစ်များဖြစ်သည်။ မုန့်တီ၊ မုန့်ဟင်းခါး၊ ထမင်းသုပ်၊ မုန့်သိုင်းခြုံအစရှိသည့် မြန်မာမုန့်မျိုးစုံ ရောင်းချနေသည့် ဈေးချိုတော်ညဈေးတန်းထက် ရှမ်းခေါက်ဆွဲ၊ အကင်စုံ၊ မာလာဟင်းနှင့် တရုတ်အစားအစာတွဲဖက်ပြီး မျိုးစုံရောင်းချနေသည့် ၇၆ လမ်း ညဈေးတန်းက ပိုမိုအရောင်းအ၀ယ် ဖြစ် လာသည်။ မုန့်မျိုးစုံတွဲဖက်ရောင်းချသည့် မန္တလေးလက်ဖက်ရည်ဆိုင်များတွင် မန္တလေးမုန့်တီနှင့် အကြော်စုံထက် ရှမ်းခေါက်ဆွဲနှင့် ၀က်ခေါက်ကြော်က မရောင်းမဖြစ်ရောင်းချနေရသည့် မန္တလေး အစားအသောက်ဖြစ်လာသည်ဟု ဆိုင်ရှင်အချို့က ဆိုသည်။

ယခင်နှစ်ပိုင်းက မဟာမြတ်မုနိဘုရားဝန်းကျင်ရှိ ကျောက်ဆစ်တန်းတွင် ကွမ်ရင်မယ်တော် ရုပ်ပွားတော်များ၊ ဦးတီပွား ရုပ်ပွားတော် များ သူ့ဆိုင်ကိုယ့်ဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် ထုလုပ်ပေးခဲ့ရသည်ဟု မဟာမြတ်မုနိဘုရားကြီးမှ အမှတ်တရအရောင်းဆိုင်ရှင်တစ်ဦးက ဆိုသည်။ အခုတော့ အချိန်ယူ ထုလုပ်ရသည့် ကျောက်ဆစ်ရုပ်ပွားတော်ကို စောင့်ရန်မလိုတော့။ တရုတ်နိုင်ငံမှ ၀င်ရောက်လာသည့် ဈေးနှုန်း ကျပ်တစ်ဆယ့်ငါးသိန်းဝန်းကျင်အထိရှိသော ဗုဒ္ဓရုပ်ပွားတော်များ၊ ကွမ်ရင်မယ်တော် ရုပ်ပွားတော်များ၊ တရုတ်နိုင်ငံလုပ် ကြွေပန်းအိုးကြီးများ၊ တရုတ်စစ်သူကြီးအရုပ်များ၊ တရုတ်နတ်ရုပ်များ ရောင်းချပေးနေသည့်ဆိုင်များ ပေါ်ထွက်လာပြီဖြစ်သည်။

မန္တလေးသည် အရှိန်အဟုန်ဖြင့် ပြောင်းလဲလာပြီဟု မန္တလေးမြို့ခံ အချို့က သုံးသပ်သည်။ မနည်းကြံ့ကြံ့ခံနေရတယ်ဟုလည်း မန္တ လေးသား စာရေးဆရာဆူးငှက်က ပြောသည်။ မန္တလေးသည် တကယ်တော့ မန္တလေးပင် ဖြစ်ပါသည်။
 
ရေးသားသူ-ညီညီဇော်  

4 comments:

နော်နော် said...

ရှယ်ပါရစေ။

Unknown said...

ရှယ်နိုင်ပါတယ်ခင်ဗျား။ ရှယ်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျား။

Anonymous said...

ငယ်လေး ရေ ရှယ်သွားပြီ

အမရွှေစင်

Unknown said...

ဟုတ်အစ်မ ကျေးကျေး။