ကျေးလက်မှာ တရက်တာ


ကျေးလက်ရဲ့ မနက်ခင်းဟာ ရောင်နီမလာခင်မှာပဲ လင်းကြက်ကဆော်လိုက်တယ်။ တဆက်တည်းမှာပဲ ရွာဦးကျောင်းက တုန်းမောင်းခေါက်သံကလည်း ဆက်မပြတ် အာရုဏ်ကို အသိအမှတ်ပြုလိုက်တယ်။ ဆွမ်းချက်သူချက်၊ ပဲပြုတ်သူပြုတ်၊ ထွန်တုံးပြင်သူကပြင်၊ လှည်းကသူကနဲ့ ကျေးလက်ရဲ့ မနက်ခင်းလေးဟာ ရုတ်ချည်းသက်ဝင်လာတော့တယ်။ နေဝန်းနီနီ မည်ကာမတ္တထွန်းပလာတဲ့အချိန်ရောက်တော့ ကြေးစည်သံနောင်နောင်နဲ့ ကျောင်းသားသုံးယောက် ကိုရင်ငါးပါးဟာ မနှေးမမြန် ဆွမ်းခံကြွလာတာဟာလည်း သဒ္ဓါစိတ်ကို ထက်သန်စေတယ်။ ဒီလိုပဲ ကျေးလက်မနက်ခင်း နေ့တဓူဝကို ကုသိုလ်နဲ့ စတင်လိုက်တယ်။

ထွန်ကိုထမ်း နွားကိုဆွဲ ခင်းနီချင်း ရောင်းရင်းကိုခေါ် သုတ်သုတ်နဲ့ လယ်ခင်းထဲဝင်ကြတယ်။ ချွေးတလုံးလုံးနဲ့ ချက်စိတ်ထိုးကာထွန်ရတယ်။ ဘယ်မှညာ ညာမှဘယ်လှည့်ကာ ပတ်ကာ မြေသြဇာတိုးအောင် လုပ်ယူကြတယ်။ နေမြင့်ရင် နွားကိုရေတိုက် ကိုယ်တိုင် ဖန်ရည်ကျိုက်လို့ ခဏမောဖြေကာ ရာသီဥတုသာမသာ၊ ကောင်းမကောင်း၊ ဒီမျိုးစေ့နဲ့ ဒီအခင်း ထွက်ချင်းလှထွက်ရင် တင်းခြောက်ဆယ်။ မိုးကောင်းမယ်ဆိုပေါ့ ဒီလိုလည်းတွေးရသေးတယ်။ လှူမယ်၊ ကြွေးမယ်၊ စုမယ်။ ထမင်းရေချောင်းစီးမဟုတ်တောင် ဘုန်းကြီး ပါးသုံးဆယ်သုံးပင့်ပြီး ဆွေးကျွေးပရိတ်တရားနာနိုင်တယ်။ ငါ့လုပ်အားသမျှဟာ သာသနာအတွက် အကျိုးရှိစေရမယ်။ ဒီကျေးလက်လူထုမှာ စေတနာကောင်းတွေရှိတယ်။

ဒီလိုနဲ့ ဆယ်ချက်တီး ဆွမ်းခံဝင်ချိန်ရောက်တော့ သနပ်ခါးကျော့ကျော့နဲ့ မဟေသီ ဂျိုင့်ဆွဲကာ ထမင်းလာပို့တယ်။ မကြည်းရွက်သုတ် ငပိဖုတ်နဲ့လည်းမြိန်တယ်။ အသားကို တဖဲ့နှစ်ဖဲ့ အာဟာရမျှအောင် ကဲ့ယူစားတယ်။ အိုးခွက်တွေဆေး ဂျိုက်ကိုသိမ်းပြီး ကျောင်းဆင်းလာတဲ့ ကလေးကို ထမင်းကျွေးရအုံးမယ်။ တဆက်တည်း အအားမနေ နွားစာစဉ်း၊ ဝက်စာပြုတ် ပဲခြွေ တကုတ်ကုတ်နဲ့ အိမ်သူသက်ထားကလည်း ဝီရိယထားတယ်။ ဝတ်တွေကိုလျှော်ဖွတ်၊ ခြောက်လျှင်သိမ်း စုတ်နေရင် ဖာထေး ပြဲနေရင် ချုပ်ရသေးတယ်။ မိုးအုံ့ပြီး မိုးသေးလေးများကျရင် ပြေးကလေး လှမ်းထားတဲ့ စပါးတွေကို ရုတ်ရသေးတယ်။ ခွေးတက်ရင် ခွေးကိုဟောက် ကြက်ယက်ရင် ကြက်ကိုချောက် တောမရောက်တောင်မရောက် အလုပ်ကလည်းရှိသေးတယ်။ နွားနေပူမှာ၊ နွားရေဆာမှာကိုလည်း ကြောင့်ကြရသေးတယ်။ ကျေးလက်ဆိုပေမဲ့ အလုပ်ကတယ်မသေးဘူးနော့်…။

နေဝန်းနီ ပုစွန်ဆီလည်း ယွန်းတော့မယ်။ ယောင်္ကျားလည်း ထွန်သိမ်း၊ ကလေးကကျောင်းဆင်း ညနေခင်းရောက်မှ လူစုံတယ်။ မီးခိုးတအူအူနဲ့ ပူပူနွေးနွေး မိသားစု ထမင်းလက်ဆုံး စားဖို့ သက်ထားဟာ မနားရှာရဘူး။ ရေနံဆီ မီးခွက်ကလေးမှိတ်တုတ်မှိတ်တုတ်နဲ့ ကျွန်းစားပွဲကိုခင်း ထမင်းစားကြရင်း မျက်နှာခြင်းကြည့်ကာ နားယူကြတယ်။ ကာလသားများက အပျိုလှည့်ရင်း ဗဒင်သီချင်းဆိုသံကို အရသာခံကြတယ်။ မိုးလင်းမှ ညနေအထိ အတင်းအဖျင်းလေးတွေကိုပြောပြီး ဂွိဂျောက်ဂွိဂျောက် ရေဒီစုတ်လေးကို လယ်မှာထား ပဲပြုတ်လေးစားကာ တနေ့တာအမောတွေကို ဖြေကြတယ်။ ကျေးလက်ချစ်စရာ့ မိသားစုလေးဟာ ဘုရားရှစ်ခိုး သတ္တဝါအနန္တကို မေတ္တာပို့ကာ အိပ်ရာထဲ ဝင်လှဲကြတော့တယ်။ ညအခင်းအကျင်းမှာလည်း ကုသိုလ်နဲ့ပဲဆုံးသတ်ကြတယ်။ တံခါးတွေကိုပိတ် မီးကိုမှိတ်ကာ တရက်ကို ကုန်ဆုံးစေတော့တယ်။

ကျေးလက်မှာ ဘုရားတရားရှိတယ်။ ကျေးလက်မှာ မေတ္တာရှိတယ်။ အကြင်နာနဲ့ ပျုငှာမှုရှိတယ်။ ဗမာတို့ရဲ့ ယဉ်ကျေးမှုအချက်အချာဟာ ကျေးလက်မှာရှိတယ်။ ကျေးလက်တေးဟာ ပိုလို့သာတယ်။ ကျေးလက်ဟာ တန်ဘိုးထားစရာ ချိန်ထိုးပြစရာ ပေတံကောင်းတလက် ဖြေနေပါတော့တယ်။

လောင်စာ

1 comment:

ခိုင်နုငယ် said...

ကျေးလက်ရဲ့အငွေ့အသက်လေးတွေ
အရောက်လာလို့ခံစားသွားပါတယ်။

ခင်မင်စွါဖြင့်
ခိုင်နုငယ်