ကမ္ဘာပျက်မည့် ၂၀၁၂ နဲ့ မာယာလူမျိုးများ


ကမ္ဘာပျက်မည့် ၂၀၁၂ နဲ့ မာယာလူမျိုးများ 
သက်ပိုင်သူ

၂၀၁၂ ဒီဇင်ဘာ ၂၁ ရက် နေ့မှာ ဘာတွေဖြစ်ကြမလဲ။ ကမ္ဘာကြီးပျက်မယ်တဲ့ အားလုံးလိုလိုက ပြောကြတယ်။ အဲသည့်နေ့မှာ ကမ္ဘာက နေစကြာဝဠာရဲ့ အလယ်မှာ နေနှင့် တတန်းတည်း ကျရောက်မယ်တဲ့။ နေက နေဖြာထွက်လာတဲ့ မီးစတွေက ကမ္ဘာကို ကျရောက်ပြီး မီးဟုန်းဟုန်းတောက်ပြီး ပျက်စီးမတဲ့။ အဲဒါတွေကတော့ အခုတလော သိပ္ပံလောကကနေ ထွက်လာတဲ့ ကမ္ဘာပျက်မယ့် အကြောင်းတွေပေါ့။

နောက်ထပ် ကမ္ဘာပျက်မယ့် အကြောင်းအရာကို ဖော်ပြထားတဲ့ အရာကတော့ မက်ဆီကို လူမျိုးတွေ ၃၆ ဘီစီ (နှစ်ပေါင်း၂၀၀၀ကျော်) မှာ ရေးဆွဲခဲ့တဲ့ Long Count ပြက္ကဒိန်ပါပဲ။ အဲသည်ပြက္ကဒိန်အကြောင်း မပြောခင် ထိုအရာကို ရေးဆွဲခဲ့တဲ့ လူမျိုးတွေ အကြောင်း စပြောရအောင်။

မာယာလူမျိုးများက မက္ကဆီကို တောင်ပိုင်းကနေ စန်တရယ် အမေရိက မြောက်ပိုင်း အထိ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးထောင်ကျော်ကတည်းက နေထိုင်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း သမိုင်းမှတ်တမ်းအနေအရ ကြည့်မယ်ဆိုရင်တော့ နှစ်ပေါင်း ၃၀၀၀ ကျော်လောက်ကပေါ့။

မာယာလူမျိုးတွေ ကျွန်တော်တို့ ကမ္ဘာမြေအတွက် ဘာတွေ ချန်ခဲ့သလဲဆိုရင် လှပတဲ့ ဘုရားကျောင်းတွေနဲ့ ပိရမစ်တွေပါပဲ။ နောက်ပြီး အားလုံးကို သို့လောသို့လော ဖြစ်စေတဲ့ Long Count ပြက္ကဒိန်ပေါ့။ တကယ်တော့ မာယန်းလူမျိုးတွေက အေးဆေးတဲ့ လူမျိုးတွေပါ။ တခါတရံ လူအချင်းချင်း ယဇ်ပူဇော်တာက လွဲလို့ပေါ့လေ။ နောက်ပြီး သူတို့ လူမျိုးတွေကို နက္ခတ်ဗေဒပညာရှင်တွေလို့လည်း ခေါ်ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်လောက်မှာ တယ်လီစကုတ်မပါဘဲ နေစကြာဝဠာ၊ ဂြိုလ်တွေရဲ့ လည်ပတ်နေပုံကို လေ့လာနိုင်ခဲ့ကြတယ်။ အချိန်ကို အမြဲတမ်း သတိထား ကြည့်တတ်ကြတဲ့ လူမျိုးများ ဖြစ်ကြပြန်တယ်။ မာယာလူမျိုးတွေ တည်ထောင်ခဲ့တဲ့ မြို့တော်က အမေရိကရဲ့ မဟတ်တန်မြို့တော်လောက် ကြီးပါတယ်။ လူဦးရေကလည်း တော်တော်များပါတယ်။ ဒါပေမယ့် အဲသည်မြို့တော်ကို သူတို့အားလုံး ရုတ်တရက် စွန့်ခွာသွားကြတယ်။ အခုထက်ထိ ဘာကြောင့် စွန့်ခွာသွားသလဲ ဆိုတာကို ဘယ်သူမှ သေသေချာချာ မသိကြပါဘူး။ သမိုင်းပညာရှင်တွေ၊ ရှေးဟောင်း သုတေသန ပညာရှင်တွေအတွက် အခုထက်ထိ အဖြေရှာ မရသေးတဲ့ ပုစ္ဆာတစ်ပုဒ်ပါပဲ။

မာယာလူမျိုးတွေက ပထမဆုံး ဖတ်စာကို တီထွင်ကြသူတွေလို့လည်း ဆိုပြန်ပါတယ်။ ဒါပေမယ့် သူတို့တွေ ဘာတွေ ရေးခဲ့သလဲဆိုတာကို တော်တော်နဲ့ အဖြေရှာ မရခဲ့ပါဘူး။ သူတို့ ရေးသားတဲ့ စာတွေက ပုံတွေ သင်္ကေတတွေချည်းပါပဲ။ စပိန်လူမျိုးတွေရဲ့လက်အောက်ကို ၁၇ ရာစုမှာ ကျရောက်ခဲ့ပြီး မာယာလူမျိုးတွေရဲ့ လက်ဆင့်ကမ်း သယ်လာတဲ့ မှတ်တမ်း စာအုပ်တွေ အားလုံး မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်။ ထိုမီးရှို့ခဲ့တဲ့ အထဲက စာအုပ်လေးအုပ်ပဲ မပျက်ဆီးပဲ ကျန်ရစ်ခဲ့တယ်။ ထိုကျန်ခဲ့တဲ့ စာအုပ်တွေက သင်္ချာအက္ခရာတွေအကြောင်း ရေးထားပါတယ်။ ဒါပေမယ့် နောက်ပိုင်း သမိုင်းပညာရှင်တွေခမျာ သူတို့ ဘာတွေ ရေးထားသလဲဆိုတာ သေသေချာချာ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဂျာမဏီမှာ ဟစ်တလာစစ်ရှုံးပြီး သူ့ရဲ့ အမျိုးသား စာကြည့်တိုက်ကြီး မီးလောင်ခံရပါတယ်။ ထောင်ပေါင်းများစွာသော စာအုပ်တွေ မီးလောင်ခံနေရတဲ့ အထဲက ရုရှစစ်ဗိုလ်တွေက တွေ့ရာစာအုပ်တွေကို ဆွဲပြီး လက်ဆောင်ပစ္စည်းအဖြစ် သိမ်းကြပါတယ်။ စစ်ဗိုလ်တစ်ဦးက မာယာလူမျိုးတွေရဲ့ အက္ခရာတွေကို ဖော်ပြထားတဲ့ စာအုပ်ကို ရခဲ့ပြိး ထိုစာအုပ်မှ တဆင့် မာယာလူမျိုးတွေရဲ့ သမိုင်းနဲ့ အရေးအသားတွေကို အဓိပ္ပါယ် ဖော်နိုင်ခဲ့ကြတယ်။

မာယာလူမျိုးတွေရဲ့အကြောင်းကို ဆက်ပြောပြရလျင်တော့ အံ့သြဖွယ်ရာကောင်းတဲ့ သူတို့ရဲ့ နက္ခတ်ပညာပါပဲ။ ကြယ်တွေရဲ့ အခင်းအကျင်းကို တယ်လီစကုတ်မပါဘဲ လေ့လာနိုင်ခဲ့ကြတယ်။ နောက်ပြီး မာယာရှေးဟောင်းမြို့တော် အချို့ကိုလည်း ခုနှစ်စဉ်ကြယ်ဘက်ကို မျက်နှာလှည့်ပြီး တည်ထောင်ခဲ့ကြတယ်။ မာယာတွေအားလုံး Zenial passages လို့ခေါ်တဲ့ နေရဲ့ အရိပ်ပျောက်တဲ့ အချိန်ကို အရမ်း စိတ်ဝင်စားကြပါတယ်။ Zenial Passages ဆိုတာ Tropic cancer လို့ခေါ်တဲ့ မြောက်ဘက် အီကွေတာနဲ့ Tropic Capricorn လို့ခေါ်တဲ့ တောင်ဘက် အီကွေတာကြားက အလယ်တည့်တည့်မှာရှိတဲ့ နေရာမှာ နေက ဦးခေါင်းထက်မှာဆိုရင် အရိပ်မထင်ပါဘူး။ အဲသည်လို အရိပ်မထင်တာကလည်း တနှစ်မှာ နှစ်ကြိမ်ဘဲ တွေ့ရပါတယ်။

မာယာလူမျိုးတွေက အာကသသဘောတရားနဲ့ သက်ဆိုင်တဲ့ အချိန်တွေကို ယုံကြည်ကြတယ်။ သူတို့ရဲ့ ဘာသာရေးပွဲတွေဟာ အာကာသနဲ့ မိခင်ကမ္ဘာမြေဲကြီးတို့ရဲ့ သဘာဝလည်ပတ်မှုနဲ့ အလွန်ပဲ ဆက်စပ်နေကြပြီး ပြက္ကဒိန်တွေကို အသုံးပြုခဲ့ကြတယ်။ မာယာဘုန်းတော်ကြီးတွေက ထိုလည်ပတ်မှုသံသရာကို လေ့လာပြီး ပြက္ကဒိန်ပေါ်က ခုနှစ်တွေ ဂဏန်းတွေပေါ်မှာ မူတည်ပြီး အနာဂတ်ကို တွက်ချက်ကြပါတယ်။ ထိုပြက္ကဒိန်ပေါ် မှုတည်ပြီးတော့လည်း အာကာသ ဂြိုလ်သွားဂြိုလ်လာနဲ့ဆိုင်တဲ့ အခမ်းအနားတွေကို ကျင်းပကြတယ်။ တခါတရံ ထိုအခမ်းအနားတွေအတွက် လူကို စတေးတဲ့ ယဇ်ပူဇော်ပွဲတွေကို ထည့်သွင်းကြတယ်။ စတေးခံရမည့်လူရဲ့ ခြေတွေလက်တွေကို ကိုင်ထားပြီး ဘုန်းတော်ကြီး လုပ်သူက ထိုလူရဲ့ ရင်ကိုခွဲ အသည်းကို ထုတ်ပြီး ပူဇော်ကြပါတယ်။ တခါတရံ ကလေးတွေကို ဖြူစင်မှု အထိန်းအမှတ်အနေနဲ့ စတေးကြပြန်ပါသေးတယ်။ ဘာပဲပြောပြော သူတို့ရဲ့ ဘာသာရေး ဓလေ့ထုံးစံတွေကို ပညာရှင်တွေ သေသေချာချာ နားမလည်နိုင်ကြသေးပါဘူး။ ဒါပေမယ့် ပညာရှင်တွေက မာယန်းတွေက စကြာဝဠာနဲ့ ဆိုင်တဲ့ သဘောတရားကို ခေတ်ဆန်ဆန် တွေးတတ်သူများလို့ ကောက်ချက်ချပြန်ပါတယ်။ သူတို့တွေက ကောင်းကင်၊ မြေကြီးနဲ့ မြေအောက် သဘာဝတွေကို နားလည်ခဲ့ကြတယ်။ ကောင်းကင်ဆိုတာ သဘာဝလွန် ဖြစ်ရပ်တွေကို ကြည့်လို့ရတဲ့ ပြတင်းပေါက်လို့ တင်စားခဲ့ကြပြီး ကြယ်တွေ ဂြိုလ်တွေရဲ့ အသွားအလာကို နက္ခတ်မျှော်စင်တွေဆောက်ပြီး စောင့်ကြည့်လေ့လာ အနာဂတ်ကို ကြိုတင်ဟောခဲ့ကြတယ်။ မာယန်းတွေရဲ့ ဘာသာရေး အနှစ်ချုပ်က Cycles လို့ခေါ်တဲ့ သဘာဝလည်ပတ်မှုနဲ့ မတည်မြဲချင်းတရားပါပဲတဲ့။

အခုတလော ခေတ်စားနေတဲ့ Change ဆိုတဲ့ စကားလုံးက မာယာတွေအဖို့ ရိုးရှင်းတဲ့ စကားတစ်ခု ဖြစ်ခဲ့ပါတယ်။ ပြောင်းလဲဖို့ အချိန်တန်လာရင် ပြောင်းလဲရမယ်ဆိုတဲ့ သဘောတရားတွေဟာ မာယာတွေကြားမှာ ကြာမြင့်စွာ ဖြစ်တည်ခဲ့ကြပါတယ်။ ထိုပြောင်းလဲခြင်းတွေကိုလည်း မာယာတွေရဲ့ ပြက္ကဒိန်မှာ အတိအကျ ဖော်ပြခဲ့ကြတယ်။ အချိန်ရဲ့ လည်ပတ်မှုတွေ တစ်နေ့ထက်တစ်နေ့ မြန်ဆန်လာကြတယ် ဆိုတာကိုလည်း အဲဒီပြက္ကဒိန်တွေပေါ်မှာ ထောက်ပြခဲ့ကြတယ်။ သူတို့ရဲ့ ပြက္ကဒိန်တွေမှာ နေဘယ်တော့ ကြတ်မယ် ဆိုတာကအစ နှစ်ပေါင်းထောင်ချီပြီး ကြိုတင်ခန့်မှန်းနိုင်ခဲ့ကြတယ်။ ကမ္ဘာကြီး ဖြစ်တည်လာတဲ့ အစပိုင်းကနေ တွက်ချက်လာတဲ့ သူတို့ရဲ့ ပြက္ကဒိန်ဟာ ၂၀၁၂ ဒီဇင်ဘာ၂၁ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အဲသည့်ရက်ကပဲ အခုတလော လူတွေ တော်တော်များများကို ဦးနှောက်စားစေတာပေါ့။

မာယာပြက္ခဒိန်အကြောင်းပြောလျင် လူတော်တော်များများက အတော့်ကို စိတ်ဝင်စားကြပါတယ်။ ဘာဖြစ်လို့ လူတွေက သည်ပြက္ခဒိန်ကိုပဲ စိတ်ဝင်စားကြတာလဲ။ ကမ္ဘာမှာ အဓိက ပြက္ခဒိန်နှစ်မျိုး ရှိပါတယ်။ တစ်ခုက နေ၀င်နေထွက် ကြည့်ပြီး တွက်သည့် Solar Calendar နှင့် လဆုတ်လကွယ် တွက်သည့် Lunar Calendar ဆိုပြီး အဓိက နှစ်မျိုး ရှိပါတယ်။ အခုကမ္ဘာသုံး ပြက္ခဒိန်က Solar System ကို ကြည့်ပြီးမှ တွက်ထားသည့် ပြက္ခဒိန်ပါ။ အာရှမှာ တော်တော်များများ သုံးကြတာကတော့ Lunar Calendar ပါ။ မြန်မာပြက္ခဒိန်က လဆုတ်လကွယ် ပြက္ခဒိန်ပေါ့။ တစ်ချို့ပြက္ခဒိန်တွေ ကျပြန်တော့လည်း ရေတက်ရေကျကို တွက်ပါတယ်။ Hebrew Calendar ကျပြန်တော့လည်း နေနဲ့လကို ကြည့်ပြီး တွက်ပါတယ်။

အခုလက်ရှိ သုံးနေတဲ့ ပြက္ခဒိန်ကို Gregorian Calendar လို့ခေါ်ပြီး ၁၅၈၂ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ မှာ ကတ်သလစ်ပုပ်ရဟန်းမင်းကြီး Gregory XIIIက တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အဲသည်မတိုင်ခင်က ရှေးဟောင်း ရောမခေတ် ၄၆ ဘီစီမှာ ဂျူလီးယက်ဆီဇာ တီထွင်ခဲ့တဲ့ Julian Calendar ဖြစ်ပါတယ်။ အဲသည် ပြက္ခဒိန်က ရက်ထပ်ရက်တွေ များနေတော့ အီစတာပွဲတော် ကျင်းပတဲ့ ရက်တွေက တနှစ်နဲ့ တနှစ်မတူပါဘူး။ နောက်တော့ Gregorian ပြက္ခဒိန်ကို အသုံးပြုဖို့ အမိန့်ပေးခဲ့ပါတယ်။ ပြက္ခဒိန်အဟောင်းက ဧပရယ် ၁ ရက်နေ့ ကနေ ပြက္ခဒိန်သစ် ဇန်န၀ါရီ ၁ ရက်နေ့ကို ပြောင်းသုံးလိုက်တဲ့ အချိန်မှာ လူတွေရဲ့ တနေ့တာ လုပ်ငန်းဆောင်တာတွေက ကမောက်ကမဖြစ်ကုန်တယ်။ ဒါနဲ့ပဲ April Fool ဆိုတာ ပေါ်လာတော့တာပါပဲ။ Gregorian ပြက္ခဒိန်မှာတော့ တစ်နှစ်ကို ရက်ပေါင်း ၃၆၅ ရက် ရှိပါတယ်။

အခုကမ္ဘာသုံး ပြက္ခဒိန်နဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ချီကြာခဲ့တဲ့ မာယာပြက္ခဒိန်ရဲ့ တစ်နှစ်တာ ရက်ပေါင်း ၃၆၅ ရက်က တူညီပါတယ်။ မာယာလူမျိုးတွေက ပြက္ခဒိန်ကို တွက်တဲ့ အခါ နေ၊ လတို့ရဲ့ သဘောတရားသာမက အာကာသရဲ့ သဘောတရားတွေ သောကြာဂြိုလ် လည်ပတ်မှုကို ကြည့်ပြီး တွက်ထားတာကြောင့် တစ်ချို့ ပညာရှင်တွေက ယခုလက်ရှိ ပြက္ခဒိန်ထက်တောင် ပိုပြီး တိကျတယ်လို့ ယူဆကြပါတယ်။ (စကားချပ်။ ရှေးဟောင်း ဘာသာရေးတွေမှာ နေကို အဓိကထားပေမယ့် မာယာလူမျိုးတွေက သောကြာဂြိုလ်ကို နေထက် ပိုတန်ဖိုးထားပါတယ်) မီဆိုအမေရိကလူ့အဖွဲ့အစည်းမှာ သုံးတဲ့ ကမ္ဘာ့ရှေးအကျဆုံး Long Count Calendar ကိုလည်း ထည့်သုံးပါတယ်။ အဲသည်ပြက္ခဒိန်မှာ ရက်ပေါင်း၂၆၀ ပဲ ရှိပါတယ်။ ထို ၂၆၀ ရက် ပြက္ခဒိန်က ရှေးခေတ် လူ့အဖွဲ့အစည်းရဲ့ ကောက်စိုက်ချိန်နဲ့ ကောက်ရိတ်သိမ်းချိန်တွေကို တွက်ထားတာပါ။ မာယာ Solar Calendar မှာတော့ လပေါင်း ၁၈ လ ရှိပြီး ရက်ပေါင်း ၂၀ စီရှိပါတယ်။ အဲသည် Solar Calendar ရဲ့ ၅၂ ပြည့်သွားတဲ့ အချိန်ကို မာယာလူမျိုးတွေ Circle လည်ပတ်မှုတစ်ခု ပြီးဆုံးတဲ့ကာလ အပိုင်းအခြားတခု သတ်မှတ်ပြီး နောက်ထပ် အချိန်အပိုင်းအခြားတစ်ခုကို စတင်တယ်လို့ သတ်မှတ်ပါတယ်။ ၅၂ ပြည့်လိုက်တိုင်းမှာ နက္ခန်ဗေဒ ပညာရှင်တွေက နက္ခတ်တာရာ ပူဇော်ပွဲ ကျင်းပတတ်ပြီး နောက်ထပ်ကာလ အသစ်ကို စောင့်ြဲကိုကြပါတယ်။ မာယာလူမျိုးတွေမှာ နတ်ကိုးကွယ်မှုတွေ ရှိပေမယ့် သူတို့ရဲ့နတ်တွေ အများစုက သင်္ချာဂဏန်းနံပါတ်တွေ ဒါမှမဟုတ် ပြက္ခဒိန်ထဲက နံပါတ်တွေကို ကိုယ်စားပြုနေတတ်ပါတယ်။ မာယာလူမျိုးတွေရဲ့ အချိန်သဘောတရားကို ကြည့်ရင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တို့ကို သေချာနားလည်တဲ့ လူမျိုးတွေလို့ ဆိုလို့ရပါတယ်။ ထိုအချင်းအရာကပဲ မာယာလူမျိုးတွေရဲ့ ရှေ့ကို ကြိုတွက်နိုင်တဲ့ ပြက္ခဒိန်တခု ဖြစ်လာတော့တာပါပဲ။ ရှေ့ကို ကြိုတွက်နိုင်ပေမယ့် ရှေ့မှာ ဘာဖြစ်နိုင်သလဲဆိုတာ သေချာ ဟောနိုင်ခြင်းကို မဆိုလိုပါဘူး။

မာယာလူမျိုးတွေက ဖြစ်ပြီး၊ ပျက်မယ်ဆိုတဲ့ သဘောတရားနဲ့ ထိုပျက်ဖို့အတွက် အကြောင်းတရား ဖန်လာနိုင်တဲ့ အချက်ကို ပြက္ခဒိန်ကနေတဆင့် နားလည်ကြပါတယ်။

မာယာလူမျိုးတွေက ပြက္ခဒိန် တခုကို ကျောက်တုံးတွေဖြင့် အခိုင်အမာ တည်ဆောက်ခဲ့ပါတယ်။ အဲသည်အရာက El_Castillo Pyramid ဖြစ်ပါတယ်။ အဲသည်ပိရမစ်ရဲ့ လှေကားစုစုပေါင်းဟာ ပြက္ခဒိန်က ရက်ပေါင်း ၃၆၅ရက်ကို ကိုယ်စားပြုတဲ့ ၃၆၅ လှေကားထစ် ရှိပါတယ်။ ကမ္ဘာက နေကိုလှည့်ပတ်သည့်အခါ နေ့စဉ် နေရောင်ကျမှုတွေက ကွဲပြားပါတယ်။ ထိုကွဲပြားမှုကို မာယာလူမျိုးတွေက သေသေချာချာ တွက်ချက်ပြီး ပိရမစ်ကို တည်ဆောက်ခဲ့တာကြောင့် ပိရမစ်အပေါ် အရိပ်ကျမှုတွေက ထူးခြား လှပနေပါတယ်။ မာယာပြက္ခဒိန်မှာ အဆင့်ကိုးဆင့်ရှိသလို ထိုပိရမစ်ကလည်း အဆင့်ကိုးဆင့်စီ ရှိပါတယ်။ အဆင့်တိုင်းမှာလည်း အစိတ်အပိုင်း ၁၃ ခုစီ ရှိပါတယ်။ ထိုအစိတ်အပိုင်းများက ကမ္ဘာဖန်တီးမှု ၇ ရက် (7Period of Light) ၆ ည (6 period of Dark) ကို ကိုယ်စားပြုတဲ့ သင်္ကေတ ကျောက်ပြားတွေ ဖြစ်ပါတယ်။ နေ့တွေက လူတွေရဲ့ Consciousness အသိအမြင် နားလည်တိုးတက်အောင် လုပ်သည့်အပိုင်းဖြစ်ပြီး ညတွေကတော့ ထိုအသိအမြင်ကို အသုံးချသည့်အပိုင်း ဖြစ်ပါတယ်။

မာယာပြက္ခဒိန်ရဲ့ အဆင့် ကိုးဆင့်ရဲ့ အဓိပ္ပါယ်ရိုးရှင်းစွာဖြင့် နားလည်နိုင်ပါတယ်။
(အဆင့်၁- Cellular Cycle- Action/Reaction) ပြက္ခဒိန်ရဲ့ ပထမဆုံးအဆင့်က လွန်ခဲ့သောနှစ်ပေါင်း ၁၆.၄ ဘီလီလျံက စပါတယ်။ ထိုအဆင့်ရဲ့ သဘောတရားက ဆိုတဲ့ ပြုလုပ်ချက်တခုကို ပြန်သက်ရောက်မှု တခုပါပဲ။ ၁၆.၄ ဘီလီလျံကို ၁၃ (၇ နေ့+ ၆ ည) နဲ့စားရင် ၁.၂၆ ဘီလီလျံ ရပါတယ်။ အဲဒါက နေ့နဲ့ည တခုချင်းစီရဲ့ ကြာမြင့်တဲ့ အစိတ်အပိုင်းပါပဲ။
ပထမ အဆင့်မှာတော့ ဓါတ်သတ္ထုတွေ၊ နေစကြာဝဠာ ဖွဲ့စည်းပုံတွေ ဂြိုလ်ဖွဲ့စည်းမှုတွေ တဖြေးဖြေး ပြောင်းလဲလာပါတယ်။

(အဆင့်၂- Mammalian Cycle- Stimulus/ Respont) ဒီတဆင့်မှာတော့ လွန်ခဲ့သောနှစ်ပေါင်း ၈၂၀ မီလီလျံက စပါတယ်။ နေ့နဲ့ည တခုချင်းစီမှာ နှစ်ပေါင်း ၆၃.၄ မီလီလျံရှိပါတယ်။ ဒီတပိုင်းမှာတော့ ပထမအဆင့်က ဆဲလ်ဖွဲ့စည်းမှုတွေကို တွန်းအားပေးပြီး ထိုဆဲလ်တွေက တုံ့ပြန်သည့်အပိုင်း ဖြစ်ပါတယ်။ ထိုအပိုင်းမှာ ဒိုင်နိုဆောတို့လို ကြီးမားတဲ့ သတ္တ၀ါကြီးတွေ ပေါ်ပေါက်လာပါပြီ။

(အဆင့်၃- Famililial Cycle- Stimulus/ Individual Respond) ဒီအဆင့်ကတော့ ဒုတိယအဆင့်ရဲ့ တိုးတက်ပြောင်းလဲမှုဖြစ်ပြီး သက်ရှိ အရာဝတ္ထုတွေက မိသားစုပုံစံအုပ်စု ဖွဲ့လာကြပါတယ်။ ဒီအဆင့်ရဲ့ ဖြစ်ပေါ်လာတဲ့ တုန့်ပြန်မှုက အုပ်စုတခုချင်းထက် တဦးတယောက်ချင်းစီလို့ ထင်မိပါတယ်။

(အဆင့်၎- Tribal Cycle- Similarities/ Differences) ၂ မီလီလျံ အစပိုင်းက ဖြစ်ပြီး ဒီအဆင့်မှာ ရရှိလာတာကတော့ အသိစိတ်ဓါတ် ဖြစ်ပါတယ်။ ထိုအသိစိတ်ဓါတ်က တဦးနှင့်တဦး တူညီမှု ခြားနားမှုတွေကို ခွဲခြားနိုင်ခဲ့ပြီး ထိုစိတ်ကြောင့် တူညီတဲ့သူ အချင်းချင်း နေထိုင်တဲ့ အုပ်စုတခုအဖြစ် ပီပီပြင်ပြင် ပေါ်လာပါတယ်။ ထိုကာလကို သမိုင်းပညာရှင်တွေ ဘူမိဗေဒပညာရှင်တွေက ကျောက်ခေတ်လို့ ခေါ်ပါတယ်။ ကျောက်ခေတ်မှာ လူတွေက အသင်းအဖွဲ့ အနေဖြင့် နေနေကြပါပြီ။

(အဆင့်၅- Cultural Cycle- the consciousness of Reasons) လွန်ခဲ့သော ၁၀၂,၀၀၀ (တစ်သိန်းကျော်) က ဒီအဆင့်ကို စခဲ့ပါတယ်။ အဆင့် ၄ မှာ ရခဲ့တဲ့ သိစိတ်ကို ဒီနေရာမှာ အုပ်စုတခုချင်းက တခြားအုပ်စုတွေထက် မတူညီကြောင်းပြဖို့ အကြောင်း အချက်အလက်တွေကို ဖော်ထုတ်လာကြပါတယ်။ ထိုအချက်အလက်တွေကို ယဉ်ကျေးမှုလို့ ခေါ်ရင် ရမလားပဲ။ သဘာဝတရားတွေကို ကိုးကွယ်ချင် ကိုးကွယ်လာကြပေလိမ့်မယ်။

(အဆင့်၆- National Cycle- the consciousness of Law) ဒီအဆင့်ကတော့ လွန်ခဲ့တဲ့ ၃၁၁၅ ဘီစီက စပါတယ်။ ဒီအဆင့်ကို ကြေးခေတ်လို့ ဆိုလို့ရပါတယ်။ လူတွေက ကြေးနဲ့ ပြုလုပ်ထားတဲ့ လက်နက်တွေနဲ့ မတူညီတဲ့ လူမျိုးစုတွေကို တိုက်ခိုက်မယ်။ အနိုင်ရတဲ့ သူက ရှုံးတဲ့ လူတွေကို သူတို့လက်အောက်ကို သွင်းလာမယ်။ သာမန် အုပ်စုလေးတွေကနေ အုပ်စုကြီးတခု ပေါ်ပေါက်လာပြီး ထိုအုပ်စုတွေကို ထိန်းသိမ်းဖို့ လိုက်နာရမယ့် နည်းလမ်းတွေကို ရှာဖွေလာကြမယ်။ ထိုနည်းလမ်းတွေက လိုက်နာရမယ့် ဥပဒေတွေ ဖြစ်လာကြပါတယ်။ ဘယ်အရာက မှန်တယ် မှားတယ်ဆိုတာကို ဝေဖန် ပိုင်းခြားလာကြပါတယ်။

(အဆင့်၇- Planetary Cycle- the consciousness of Power) ဒီအဆင့်ကတော့ ၁၇၅၅ အေဒီကနေ စပါတယ်။ အရင်တုန်းက လူတွေက သဘာဝရဲ့ စေစားရာကို ခံခဲ့ရပြီး၊ အဆင့် ၇ မှာတော့ သဘာဝကို ကောင်းကောင်း အသုံးချနိုင်ခဲ့ပါပြီ။ လွန်ခဲ့သော အဆင့်တွေမှာ စိုက်ပျိုးရေးက အဓိက ကျခဲ့ပေမယ့် လူတွေက ရေနွေးငွေ့ စွမ်းအားတို့လို သဘာဝကနေ ဖန်တီးလို့ရတဲ့ စွမ်းအားကို ပိုင်ဆိုင်လာတဲ့အခါ စက်မှုလုပ်ငန်းတွေ အပြိုင် ထွန်းကား လာခဲ့တယ်။ ပြင်သစ်စက်မှုတော်လှန်ရေး ပေါ်ပေါက်လာခဲ့တယ်။ စွမ်းအင်ရဲ့ တန်ဖိုးကို နိုင်ငံ့ခေါင်းဆောင်တွေ သိလာတဲ့အခါ ထိုစွမ်းအားကနေ တဆင့် ဖန်တီးတဲ့ လက်နက်တွေ ပိုင်ဆိုင်လာကြတယ်။ အနုမြူလို လက်နက်တွေ တပ်ဆင်ဖို့ နိုင်ငံကြီး တစ်ချို့က ကြိုးပမ်းလာကြတယ်။ ရလာဒ်ကတော့ ကမ္ဘာ့စစ်ပွဲကြီးတွေ တောက်လောင်ခဲ့ရတာပါပဲ။

(အဆင့်၈- Galactic Cycle- Consciousness of Ethics/ Global Concsciouness) ဒီအဆင့်မှာတော့ အင်အားကြီးတဲ့ လူမျိုးတွေရဲ့ နေရာကို အင်အားနည်းတဲ့ လူမျိုးတွေက ၀င်ရောက် ယူလာနိုင်ပါတယ်။ ဒိအဆင့်ရဲ့ အစကတော့ ဇန်န၀ါရီ ၅ ရက် ၁၉၉၉ဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၉ ရက် ၂၀၁၁ မှာ ဆုံးမှာ ဖြစ်ပါတယ်။ ဒီကာလအပိုင်းအခြားမှာ ယောက်ျားတွေပဲ ကြီးစိုးတဲ့ ကမ္ဘာမှာ အင်အားနည်းပါးတဲ့ အမျိုးသမီးတွေက ဦးဆောင်မှု နေရာကို ယူလာနိုင်ကြပါမယ်။ သမ္မတနေရာကို ၀င်ယူနိုင်တဲ့ အမျိုးသမီးခေါင်းဆောင်တွေ ပေါ်ထွက်လာပါတယ်။ လူဖြူတွေ ကြီးစိုးတဲ့နေရာလို အမေရိကမှာ အိုဘားမားလို လူမည်းတွေက ခေါင်းဆောင်နေရာကို ရလာကြပါတယ်။ နောက်ပြီး အင်အားကြီး အနောက်နိုင်ငံတွေရဲ့ ပါဝါက တဖြေးဖြေး လျော့ကျလာပြီး အာရှက အစားထိုးဝင်ရောက် နေရာ ယူလာနိုင်ကြပါလိမ့်မယ်။ တနိုင်ငံနှင့် တနိုင်ငံ ကာထားတဲ့ နံရံတွေ ပြိုကျပြီး တစ်ခုနဲ့တခု လွယ်ကူစွာ ဆက်သွယ်နိုင်မယ့် အရာတွေ အမြင်တွေ ပေါ်လာပါလိမ့်မယ်။ အရင်က ကမ္ဘာကြီးက အကြီးကြီးပဲလို့ ပြောလာရာကနေ ကမ္ဘာကို ရွာလေးတစ်ရွာအဖြစ် တင်စားလာကြတာလည်း တွေ့နေရပါတယ်။ အင်တာနက်ကြောင့် လူတွေအားလုံး အတားအဆီးမရှိ အသိဉာဏ်တွေ ဝေမျှနိုင်ကြတာကိုလည်း တွေ့နေကြရပါတယ်။

(အဆင့်၉- Universal Cycle- the unlimited ability of Conscious Co- Creation)
ဒီအဆင့်ကတော့ လာမယ့် ဖေဖော်ဝါရီလ ၁၀ ရက် ၂၀၁၁ မှာ စပါတယ်။ ဒီအဆင့်မှာ လူတွေရဲ့ အသိအမြင်တိုးတက်မှု ထိပ်ဆုံးကို ရောက်မှာ ဖြစ်ပြီး၊ တန်ဖိုးကြီး ပေးဝယ်နေရတဲ့ စွမ်းအင်တွေ သုံးစွဲနေရာကနေ အလကားရတဲ့ စွမ်းအင်တွေကို တီထွင် သုံးစွဲနိုင်ကြ ပါလိမ့်မယ်တဲ့။ ဒီအဆင့်ရဲ့ နောက်ဆုံး အဆုံးသတ်ကတော့ ဒီဇင်ဘာ ၂၁ ရက် ၂၀၁၂ ပဲ ဖြစ်ပါတယ်။ အဲဒီနေ့မှာ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်က အဆုံးကို ရောက်မှာ ဖြစ်ပါတယ်။

မာယာလူမျိုးတွေက ပြက္ခဒိန်ရဲ့ အဆုံးကို ဖော်ပြပြီး နောက်ထပ် ဘာဆက်ဖြစ်မလဲ ဆိုတာကို မရေးထားကြပါဘူး။ ဒီပြက္ခဒိန်ရဲ့ အဆုံးမှာ နောက်ထပ် ခေတ်သစ်တခုကို အသွင်တမျိုးနဲ့ စမယ်လို့ မာယာဘုန်းတော်ကြီးတွေက ပြောကြပါတယ်။ အခုလူတွေ ပြောနေကြတဲ့ ကမ္ဘာပျက်မယ်ဆိုတာကို မာယာပြက္ခဒိန်က ညွှန်းဆိုခဲ့ခြင်း မရှိပါဘူး။

ဒါဆို ပညာရှင်တွေက မာယာပြက္ခဒိန်ကို ဘာလို့ လက်ထဲ ကိုင်ထားပြီး အသုံးချနေတာလဲ။ ယခုလက်ရှိ သုံးနေတဲ့ Gregorian ပြက္ခဒိန်ထဲနဲ့ မလုံလောက်ဘူးလားလို့ စောဒက တက်ချင် တက်ပါလိမ့်မယ်။ ဒါပေမယ့် မာယာပြက္ခဒိန်ကို ပညာရှင်တွေ ခဏခဏ ညွန်းဆိုနေခြင်းက သာမန်ခုနှစ်၊ ရက်၊ လတွေကို ဖော်ပြတဲ့ အရာထက်ပိုလို့ပါပဲ။ မာယာပြက္ခဒိန်က နေတွေလတွေကြည့်ပြီး တွက်ချက်ထားတဲ့ နက္ခတ်ဗေဒပြက္ခဒိန်သက်သက် မဟုတ်ပါဘူး။ သူ့မှာ လူတွေရဲ့ နေထိုင်မှု အတွေးအခေါ်တွေ အမူအကျင့်တွေ ပါဝင်နေပါတယ်။ နောက်ပြီး မမြင်နိုင်တဲ့ စွမ်းအင်တွေ လှည့်လည်နေကြတယ်။ နေ့တွေရက်တွေ ဖော်ပြတဲ့ အရာထက် ဘာပြီးရင် ဘာလာမယ်ဆိုတဲ့ Time Schedule နဲ့တူပါတယ်။

မာယာပြက္ခဒိန်ရဲ့ ပြောင်းလဲလာတဲ့ အဆင့် ၉ ဆင့်တိုင်းကို ကြည့်မယ်ဆိုရင် အဆင့်တဆင့်ပြီးတိုင်း အချိန်အပိုင်းအဆက အစနှစ်ဆယ်ပိုပို မြန်လာတာ တွေ့ရပါမယ်။ ဥပမာကြည့်ရင် ပိရမစ်ပုံစံပေါ့ အောက်ခြေအဆင့်က ပထမအဆင့် ဖြစ်ပြီး ပထမဆုံး အဆင့်မှာ ပြောင်းလဲမှုတခု ရောက်ဖို့ နှစ်ပေါင်း မီလီလျံချည်ပြီး စောင့်ရပါတယ်။ ပိရမစ်က အပေါ်ကို တဖြေးဖြေးရှူးပြီး တက်သွားသလို တဖြေးဖြေးနဲ့ တဆင့်ချင်း ပြောင်းလဲလာလိုက်တာ အဆင့် ၉ ရောက်ဖို့ နောက်ဆုံး ရက်ပေါင်း ၃၆၀ ပဲ ကျန်ပါတော့တယ်။ အခုလက်ရှိ ပတ်ဝန်းကျင်နဲ့ သမိုင်းကို ကြည့်ရင် ရှေးနှစ်ပေါင်း၂၀၀ ကျော်လောက်က တစ်ခုခုပြောင်းလဲဖို့ နှစ်ပေါင်းများစွာ စောင့်ရပါတယ်။ ဒါပေမယ့် အခုလွန်ခဲ့တဲ့ အနှစ် ၂၀ ကို ပြန်ကြည့်ရင် ယခုလက်ရှိ အနေအထားနဲ့ မတူတော့ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က မိုဘိုင်းဖုန်း အကြီးကြီးတွေ ကိုင်နေရကနေ နှစ်အနည်းငယ် အတွင်းမှာပဲ အသေးစားလေးတွေ ဖြစ်လာကြတယ်။ ထိုအသေးစားလေးတွေမှာ ရိုးရိုးသုံးနေရာကနေ သုံးလေးနှစ်အတွင်းမှာ စမတ်ဖုန်းလို့ ကွန်ပျူတာ အသေးစားလေးတွေအဖြစ် ပြောင်းလဲလာကြတယ်။ ၂၀၀၃ ခုနှစ်က လူနည်းစု ဖန်တီးလိုက်တဲ့ Facebook က ဆယ်စုနှစ်တောင် မကြာသေးဘူး အခုလူအများသုံးတဲ့ ၀က်ဆိုဒ်တစ်ခု အဖြစ်ပြောင်းလဲလာတယ်။ ဆိုလိုတာက တခုခုကို ပြောင်းလဲဖို့ အချိန်ယူရတာ လွန်ခဲ့သော အဆင့်တွေက နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပေမယ့် အဆင့် ၈ ကို ရောက်တဲ့ အခါကျတော့ မြန်လာတယ်။ နောက်ဆုံး အဆင့်မှာတော့ လူတွေရဲ့ အသိပညာက သည့်ထက်ပိုပြီး ထွန်းကားလာပြီး မျက်စိတမှိတ် အတွင်းမှာပဲ ပြောင်းလဲပစ်နိုင်မယ့် သဘောတရားတွေ ပါလာပါမယ်။

တကယ်တော့ မာယာပြက္ခဒိန်က အချိန်တွေကို ညွှန်းဆိုရာတင် မကပါဘူး။ အချိန်တွေရဲ့ လျင်မြန်စွာ ပြောင်းလဲတတ်တဲ့ အဟုန်ကိုပါ ဖော်ပြထားတဲ့ အရာတစ်ခုပါပဲ။ ပြက္ခဒိန်ဆုံးရင် ကမ္ဘာပျက် မပျက်ထက်၊ မာယာပြက္ခဒိန်ပေးတဲ့ အချက်ကတော့ သက်ရောက်မှု တခုခုတိုင်းမှာ ပြောင်းလဲသင့်တဲ့ အချိန်ရောက်ရင် ပြောင်းလဲရမယ်ဆိုတဲ့ သဘောတရားပါပဲ။ အခုလည်း လူတွေရဲ့ သဘာဝသယံဇာတကို လွန်ကျွံစွာ သုံးစွဲမှုတွေကြောင့် အချိန်ဆိုတဲ့ တိုတောင်းတဲ့ အတိုင်းအတာ တခုအတွင်းမှာ ကမ္ဘာမြေကြီး တဖြေးဖြေး ပျက်စီးလာတာကို တွေ့နေရတယ်။ သဘာဝဘေးအန္တရာယ်တွေ တချိန်တည်းမှာပဲ နေရာတိုင်း ဖြစ်နေကြတယ်။ မာယာပြက္ခဒိန်ရဲ့အရဆိုရင် ဒီဇင်ဘာ ၂၁ ရက် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီးက ၀ုန်းခနဲ ပျက်စီးသွားမှာ မဟုတ်ပါဘူး၊ ပြောင်းလဲလာတဲ့ ရာသီဥတုကို အံတုနိုင်မယ့် ကမ္ဘာ့လူသားတစုအနေနဲ့ ပေါ်ပေါက်လာမယ်လို့ ယူဆနိုင်ပါသည်။

ဤအချက်အလက်များ မှားယွင်းနေပါက စာရေးသူ၏ လေ့လာအား ညံ့ဖျင်းမှု ကြောင့်သာ ဖြစ်ပါသည်။ အမှားရှိလျင် ဝေဖန်နိုင်ပါသည်။ မာယာပြက္ခဒိန်မှာ နေ့နှင့်ည တခုချင်းစီရဲ့ ပြောင်းလဲမှုတွေ ရှိပါသေးတယ်။ ထိုနေ့နဲ့ ညတွေကို ကြည့်ပြီး ပညာရှင်တစ်ချို့က ၂၀၀၈ စီးပွားပျက်ကပ်ကိုတောင် ဟောနိုင်ခဲ့ပါတယ်။ ဆက်ရေးလျင် နောက်ထပ် လေ့လာရမှာတွေ အများကြီးဖြစ်တာကြောင့် သည်နေရာမှာပဲ ရပ်ပါတော့မယ်။ 

သက်ပိုင်သူ

ချောက်ကလက်ဝက်ဆိုက်မှ ကူးယူပါသည်။ ချောကလက် အသုံးပြုသူ One Kiss မှ ဖြစ်ပါသည်။

No comments: