နေပြည်တော်တွင် ပြည့်တန်ဆာ စစ်ဆင်ရေး ပြုလုပ်


နေမျိုးဦး၊ ၊စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်မြို့ရှိ အနှိပ်ခန်းများ၊ ဗြူတီဆလွန်း၊ ဟိုတယ်များ၊ ဘား၊ ညကလပ်နှင့် ကာရာအိုကေ အပန်းဖြေခန်းများကို  ယမန်နေ့ညမှ ယနေ့မနက် အရုဏ်တက်ချိန်ထိ အာဏာပိုင်များက ၀င်ရောက် ဖမ်းဆီးရာ ပြည့်တန်ဆာနှင့် ဖျော်ဖြေရေး အပျော်မယ် ၄၀၀ ကျော် အဖမ်းခံထားရသည်ဟု Freedom News Group မှ သတင်းရရှိသည်။ ထိုသို့ ဖမ်းဆီးရာတွင် လူမှားပြီး ဖမ်းဆီးမှုများလည်း ရှိကြောင်း နေပြည်တော်မြို့ရှိ ဟိုတယ်တစ်ခုမှ မန်နေဂျာတဦးက ပြောသည်။ ကောင်မလေးတွေ သူတို့အတွဲနဲ့ သူတို့ လာကြတာကို အော်ကွီး (ပြည့်တန်ဆာ) ဆိုပြီး ဖမ်းတယ်။ ကောင်မလေးတွေက ငြင်းတယ်။ မဟုတ်ပါဘူး ကျွန်မတို့ ရိုးရိုး ကာရာအိုကေ လာဆိုတာပါလို့ ပြောတာ ရဲတွေက ဖာသည်မတွေ နင်တို့ လာမငြင်းနဲ့ အကြောင်း မသိရင် ခက်မယ်ဆိုပြီး ပြန်ပြောတော့ ကောင်မလေးတွေက ငိုကြတာ ညက နေပြည်တော်နဲ့ ပျဉ်းမနားမှာ ၀ုန်းဒိုင်း ကြဲနေတာပဲဟု ပြောသည်။

နေပြည်တော်မြို့တွင် ယခုကဲ့သို့ ဖမ်းဆီးခြင်းမှာ တပ်မတော်နေ့ နီးကပ်လာခြင်းကြောင့် ဖြစ်သည်ဟု ထင်ကြေး ပေးကြသော်လည်း လိင်အလုပ်သမများမှာ ထိုင်းနှင့် အမေရိကန် ထောက်လှမ်းရေးများနှင့် အဆက်အသွယ် ရှိသောကြောင့် ဖမ်းဆီးခြင်း ဖြစ်သည်ဟုလည်း နေပြည်တော် ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိတဦးက Freedom News Group သို့ ပြောသည်။

နေပြည်တော်တွင် လတ်တလောတွင် ဟိုတယ်အသစ်များ ဖွင့်လှစ်နေပြီး ထိုဟိုတယ်များ၌ ဧည့်သည်များ စည်ကားရန်အတွက် အချို့ဟိုတယ်များမှ အပျော်မယ်များ ထားကြသည်ဟု ဟိုတယ်မန်နေဂျာတဦးက ပြောသည်။

ဖမ်းဆီးမှုမှာ ဟိုတယ်များရှိသည့် ဥတ္တရသီရိနှင့် ပုဗ္ဗသီရီမြို့နယ်များတွင် အများဆုံး ဖြစ်သည်။ ကာရာအိုကေ ခန်းများတွင် ဖမ်းဆီးမှုများမှာ အများဆုံးဖြစ်ပြီး အဖမ်းခံရသည့် အမျိုးသမီးများမှာ အနယ်အနယ် အရပ်ရပ်က လာရောက် အလုပ်လုပ်ကိုင်သူများ ဖြစ်သည်။

နေပြည်တော်တွင် မြန်မာ ပြည့်တန်ဆာ ဈေးကွက်အပြင် အရှေ့ ဥရောပနှင့် ထိုင်းနိုင်ငံမှ ပြည့်တန်ဆာ ဈေးကွက်လည်းရှိပြီး မြန်မာ ၀ီကီလီခ်က မကြာခင်မှာပင် နေပြည်တော်ပြည့် တန်ဆာဈေးကွက် အကြောင်းကို ဖွင့်ချမည်ဟု သတင်းထုတ်ပြန်ထားသည်။ 

Free don News Group

No comments: