မုံရွာတွင် မီးလောင် အိမ်ခြေ ရှစ်ဆယ်ခန့် ဆုံးရှုံး

အောင်မြင်၊     ၊ ယမန်နေ့ည ၈ နာရီခွဲအချိန့်တွင် မုံရွာမြို့၊ ထန်းတော တောင်ပိုင်း အောင်ဇေရုံရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၈၀ ခန့် ဆုံးရှုံးရကြောင်း သတင်းရရှိသည်။ မီးလောင်မှု ဖြစ်ပွားရာ ရပ်ကွက်သည် မုံရွာမြို့ပတ်လမ်း အရှေ့ဘက်တွင်ဖြစ်ပြီး ပျဉ်ထောင်အိမ်၊ ဝါးကပ်အိမ်များ ပေါများပြီး အိမ်တွင်း တနိုင်တပိုင် အမှုန့်ကြိတ်လုပ်ငန်း၊ မုန့်လုပ်ငန်းမျိုးစုံ လုပ်ကိုင်မှုများသော အိမ်တွင်း စက်မှု လက်မှု လုပ်ငန်းများ တည်ရှိရာ ရပ်ကွက်ဖြစ်သည်။  

         မီးလောင် ကျွမ်းမှု ဖြစ်ပွားရာ ရပ်ကွက်နှင့် မုံရွာဗဟိုမီးသတ်ကြီးသည့် ဝေးကွာလှခြင်း မရှိဘဲ ကားမောင်းချိန် ၅ မိနစ်သာ ကြာမြင့်နိုင်သော နေရာဖြစ်သော်လည်း မီးသတ်ကားများ လာရောက်မှု နောက်ကျခြင်းကြောင့် ယ္ခုကဲ့သို့ မီးလောင်မှု၊ ဆုံးရှုံးမှု များပြားရခြင်းဖြစ်ကြောင်း ကျူရှင်ဆရာ ဦးအောင်မျိုးက FNG သို့ ပြော သည်။ မုံရွာအနီးအနားရှိ မြို့များမှ ချောင်းဦး၊ မြင်းမူ၊ ရေဦး၊ အရာတော်တို့မှ မီးသတ်ကားများ လာရောက် ငြိမ်းသတ်ခဲ့သည်။ 

မုံရွာမြို့သည် မီးဘေးဒါဏ်ကို အကြိမ်ကြိမ်ခံခဲ့ရသော မြို့တမြို့ဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကလည်း မုံရွာမြို့ရဲ့ ထင်ကရ ဈေးသစ်ခေါ် ချင်းတွင်းရတနာ ဈေးမီးလောင်မှုကြောင့် ငွေကြေးတန်ဖိုး များစွာဆုံးရှုံးခဲ့ရသည်။ မီးလောင်မှုကို ရဟန်းသံဃာတော်များနှင့် အရံမီးသတ်အဖွဲ့ဝင်များ၊ ပြည်သူသူများ ပူးပေါင်းငြိမ်း သတ်ခဲ့ကြသည်။ မီးလောင်ခံရသည့် ရပ်ကွပ်သူ၊ ရပ်ကွက်သားများမှာ မီးလောင်ပြင်ကို တိုင်းအထူး စစ်ဒေသမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုမှုအပြီးတွင် အသိမ်းခံရမည်ကို စိုးရိမ်နေကြသည်။

ထိုသို့ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအပြီးတွင် မိမိတို့ အိမ်ခြံကို အသိမ်းခံရပြီး မြို့ပြင် အလှမ်းကွာသော နေရာသို့ ပြောင်းရွှေ့ နေရာချခံရမှုများ ယ္ခင်က ရှိခဲ့ဘူးသည်။ မီးလောင်နေရာသည် မုံရွာခရီးသည် တင်ကားဂိတ်နှင့် မလှမ်းမကမ်းတွင် ရှိနေခြင်းကြောင့် စီးပွားရေး အကွက်အကွင်း ကောင်းသော နေရာတခုဖြစ်နေသည်။
 
Free don Nes Group

No comments: