သစ္စာ

သစ္စာ
မင်းကိုနိုင်


အမျိုးသားရေးအတွက်
အသက်ပေးသွားသော
ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေးမနီသေးလျှင်
အသင်တို့သွေး ပတ်ဖျန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိဥာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ဝိဥာဉ် ပူးကပ်ဝင်၍
ကျွန်ုပ်အားထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေးတော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးအတွက်
ကျွန်ုပ်အသက် လမ်းတ၀က်မှ
ပေးဆက်ရလည်း
လူ့ဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တရပ်ကျေပြွန်မှန်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိဥာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုကြပါလေ။

မင်းကိုနိုင်။

ပေးပို့သူ ဘလော့ဂ်ါ အလင်းဆက်အား အထူးကျေးဇူးတင်ရှိပါသည်။ 

No comments: