Google TV အစီအစဉ် အမေရိကန်တွင် စတင်မည်

ယခုနှစ်အတွင်း Google TV အစီအစဉ်ကို အမေရိကန်တွင် စတင်သွားမည်ဟု သိရသည်။  Google ၏ CEO ဖြစ်သူ အဲရစ်ရှမစ်ဒ်က ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ IFA ကုန်စည်ပြပွဲတွင် ယခုအစီအစဉ်အား အတည်ပြု ကြေညာခဲ့ပြီး တစ်ကမ္ဘာလုံးသို့ (၂၀၁၁) ခုနှစ်တွင် ထုတ်လွှင့် ပြသသွားမည်ဟု ပြောကြားခဲ့သည်။ Google TV သည် သမားရိုးကျ ရုပ်မြင်သံကြား အစီအစဉ်များကို အင်တာနက် Browser များမှ ကြည့်ရှုနိုင်မည့် ၀န်ဆောင်မှုအတွက် ခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။ 

ယခု Google TV ကို အခမဲ့ ထုတ်လွှင့်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် Google ၏ Android OS သုံး ဖုန်းများနှင့် Apple ၏ iPhone တို့မှပါ ကြည့်ရှုနိုင်ရန် ရည်ရွယ်မျှော်လင့်ထားသည်။ Google TV ကို အထောက်အပံ့ပေးသွားမည်ဟု Sonyက ကြိုတင်ကြေညာထားပြီး Samsung ကလည်း ၎င်းသည်လည်း Google TV နှင့် ပတ်သက်ပြီး လေ့လာသုံးသပ်မှုများ ပြုလုပ်မည်ဟု အတည်ပြုခဲ့သည်။ 
Apple TV ကို အဓိက ယှဉ်ပြိုင်ရန် ရည်ရွယ်ဟန်ရှိသော ကိစ္စအား ရှမစ်ဒ်က ကြေညာလိုက်ပြီးနောက် ရှယ်ယာ ဈေးကွက်တွင် Google ၏ တန်ဖိုးမှာ အတက်ဖက်သို့ အတန်ငယ် ဦးတည်လာသည်။ Apple သည် iPhone နှင့် iPad မှ Applicationများ မသုံးစွဲနိုင်သော Apple TV ကိရိယာကို မကြာသေးမီက (၉၉) ဒေါ်လာထိ ဈေးလျှော့ကာ ထုတ်ဝေရောင်းချခဲ့သည်။ ယင်းသည် အင်တာနက်မှတဆင့် TV Show တစ်ခုလျင် (၀.၉၉)ဒေါ်လာဖြင့် ငှားရမ်းကြည့်ရှုနိုင်အောင် စီစဉ်ပေးထားပြီး iTune မှ ဗီဒီယိုများကိုပါ ရယူကြည့်ရှုနိုင်မည်ဟု သိရှိရသည်။


No comments: