ပိုင်သည်၊ ဆူသည်၊ မြင်းခုန်သည်

ပိုင်သည်၊ ဆူသည်၊ မြင်းခုန်သည်
အောင်မျိုးထွန်း
 
စက်တင်ဘာ ၄ ရက်၊ ညသန်းခေါင်ယံ။ ပဲခူးမြို့လယ်တွင် လူငယ်လေးနှစ်ယောက် သေနတ်ဖြင့် ပစ်သတ်ခံရသည်။ ပွဲချင်းပြီးသေ၏။ စစ်တပ်အရာရှိက ခိုင်းစေသဖြင့် စစ်သားက ပစ်သည်။ သေသည်။ ပဲခူးတမြို့လုံး အုံးအုံးကြွက်ကြွက် ဖြစ်ကြသည်။ ကိုယ်ချင်းစာစိတ်ဖြင့် ၀မ်းနည်းကြသည်။ ဒေါသ တချောင်းချောင်းထွက်ကြသည်။ ထိုသတင်း ရန်ကုန်ကိုရောက်သည်။ မန္တလေးနှင့်မော်လမြိုင်သို့ ပျံ့သည်။ မြစ်ကြီးနား၊ ကော့သောင်းတို့မှ ကြားကြသည်။ မြန်မာပြည်တနံတလျား တောမီးပမာ တမုဟုတ်ချင်းကူးစက်သည်။ လှည်းနေလှေအောင်း မြင်းစောင်းမကျန် ကြားကြားသမျှရင်ထဲ ဆို့နစ် ပက်လက်ဖြစ်ကြသည်။
ပစ်သတ်ခံရသူ လူငယ်လေးနှစ်ယောက်ဘက်မှ ပြည်သူတို့ ပြတ်ပြတ်သားသားရပ်တည်၏။ ပစ်ခတ်သူစစ်ဗိုလ်၊ စစ်သားများကို စက်ဆုတ်ရွံရှာမုန်းတီးသည်။ မတရားသဖြင့် လက်နက်အားကိုး အနိင်ကျင့် ဗိုလ်ကျသူတို့ဘက်မှ လူထုသည် ဘယ်တော့မှမရပ်။ ထိုသူတို့ကို ရင်ထဲ၊ အသည်းထဲမှ နာနာကျင်ကျင်မုန်းသည်။ တသက်လုံးမုန်းသည်။ ရှစ်လေးလုံးဒီမိုကရေစီဇာတ်၏ အစဖြစ်သော ကြို့ကုန်း ကျောင်းသား အရပ်သားရန်ပွဲလို ဖြစ်လာကြမလားဟု တချို့သုံးသပ်ကြသလို ရွှေဝါရောင်လှုပ်ရှားမှုကြီး၏ အစ ပခုက္ကူရိုက်နှက်မှုလို ဇာတ်ရှည်သွားမလားဟု ပဲခူးလူသတ်မှုကြီးကို နှိုင်းယှဉ်ဝေဖန်ကြသံတွေ ပွတ်လောထသည်။
 
စက်တင်ဘာလသည် ရွှေဝါရောင်လ ဖြစ်သဖြင့် လူထုကပိုစိတ်ဝင်စားသည်။ စိတ်လှုပ်ရှားသည်။ တိုက်တိုက်ဆိုင်ဆိုင် သံဃာ့လှုပ်ရှားမှု သုံးနှစ်မြောက်အခါသမယတွင် ပဲခူးမြို့မှစတင်ပြီး ဆန္ဒပြလှုပ်ရှားမှုတွေ ဖြစ်လာလေမလားဟု ပြည်သူတချို့ မျှော်လင့်ကြသည်။ မျှော်လင့်ရလောက်အောင်ကို ပဲခူးလူထုကြီးက မခံမရပ်နိုင်ဖြစ်ကြ၊ ကြိမ်မီးအုံးမျှပူဆွေး ၀မ်းနည်းကြသည်။ တနိုင်ငံလုံးရှိ ပြည်သူတွေကလည်း ပဲခူးဖြစ်စဉ်ကို မျက်တောင်မခတ်စတမ်း စောင့်ကြည့်နေကြသည်။
 
ထိုအနေအထားတွင် စိတ်ပျက်စရာအသံကြားလိုက်ရသည်။ ဘီဘီစီမြန်မာပိုင်း အစီအစဉ်၏ စက်တင်ဘာ၊ ၇ ရက်နေ့ည ထုတ်လွှင့်မှု အင်တာဗျူးတခု။ ထိုနေ့သည် ဈာပနမြေချ သင်္ဂြိလ်သောနေ့ဖြစ်၏။ ``ဆူတယ်ဆိုတာ....ပိုင်မှ´´အနှီစကားလုံးသည် ကြားရသူအပေါင်း၏ နားကို ကန့်လန့်ဖြတ်ဝင်၏။ နားဝကို ခက်ရင်းခွဖြင့် ထိုးစိုက်ကြသလိုပင်။ ပြောလိုက်သူက ပဲခူးမြို့မှ လမ်းပြကြယ်ဦးအေးမြင့်။ ဦးအေးမြင့်ဖြစ်ချင်တာက လူငယ်လေးနှစ်ယောက် သေဆုံးမှုနှင့်ပက်သက်ပြီး မလိုလားအပ်သော ဆူဆူပူပူလှုပ်ရှားမှုများ ပေါ်ပေါက်မလာရေးဟု နားလည်မိသည်။ အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့်ဖြစ်စေ၊ ကာယကံရှင်မိသားစုတို့၏ ဆုံးဖြတ်ချက်အရဖြစ်စေ ကျန်ရစ်သူမိသားစုများကလည်း ထိုသဘောအတိုင်း ဖြစ်စေချင်သည်။ လူငယ်လေးနှစ်ယောက်၏ နောက်ဆုံးခရီးကိုဖြောင့်ဖြူးအေးချမ်းစေလိုသည်။ လူသတ်တရားခံများနှင့်ပက်သက်ပြီး လုံးဝမကျေနပ်ကြ။ ငယ်ထိပ်မြွေပေါက်သလို ဒေါသအမျက် ဆူပွက်ကြ။ နာကျည်းရွံရှာကြ။ `တောက်´ ခေါက်ကြ။ သို့သော် လူထုသည် နိုင်ငံရေးတွင် ပါးရည်နပ်ရည်ရှိသည်။ သုံးလေးကွက်ကျော်မက မြင်သည်။ သူတို့ ဘယ်လိုနေရမလဲ ဆိုတာအတွက် အကင်းပါးသည်။ ၂၀၀၇ ခုနှစ်နောက်ပိုင်း လူထုဆန္ဒပြပွဲများ မပေါ်ပေါက်တော့သည်မှာ သုံးနှစ်ရှိပြီ။ အားလုံး သတိကပ်ထားကြသည်။ နောက်ထပ်နိုင်ငံရေးတက်ကြွသူအမာခံများကို `မျှား´ ခေါ်သည်ဟု သုံးသပ်သည်။ လမ်းမပေါ်ထွက်လာစေရန် မျက်ရိပ်ပြသလားဟု သံသယ၀င်သည်။ လာမည့် နိုဝင်ဘာလ၊ နောက်ဆုံးပတ်တွင် လူထုမျှော်လင့်သော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာစရာရှိသည်ကို ပြေးမြင်၏။ 
ယခုကာလသည် ပထမတန်းစားနှင့် ဒုတိယတန်းစား နိုင်ငံရေးလှုပ်ရှားတက်ကြွသူများ အားလုံးနီးပါး စစ်အစိုးရ၏ သံတိုင်ကြားရောက်နေရသည့် အချိန်ဖြစ်သည်။ တချို့ကား အဝေးမှာ။ ပြည်တွင်းရှိ လက်ကျန်အမာထည်များ နေမြဲအတိုင်းရှိကြဖို့လိုသည်။ နောက်လိုက်ကောင်းများလည်း အလဟသ မဆုံးရှုံးစေချင်။လူထုသည် အထာ ညက်၏။ ထိုသဘောဖြင့် ပဲခူးကိစ္စကို ချဉ်းကပ်ပြီး ကိုယ်တိုင်ဆုံးဖြတ်လိုက်ကြသည်။ တစုံတယာက်၏ ဖျောင်းဖျနားချမှုကြောင့် မဟုတ်ဆိုသည်ကို ဆရာသမားတို့ ဂဃနဏသိဖို့လိုသည်။ လူထုကြီးက နိုင်ငံရေးစိတ်တွက်သင်ခန်းစာကို မွစိတက်လောက်အောင် ကြေညက်ပြီးပြီ။
 
နောက်ဆုံး ပဲခူးမြို့ခံတွေ ဒေါသ ချုပ်တည်းပြီး လူငယ်လေးနှစ်ယောက်၏ မြေချခရီးကို ပြီးစီးစေသည်။  ရန်ကုန်မှ ရောက်လာသော တက်ကြွသူများလည်း နိုင်ငံရေးရည်၀၀ဖြင့် ဈာပနကို ဖြတ်သန်းသည်။ အလွန်သေသပ်ကျနသည်။ ``ဆူတယ်ဆိုတာ....ပိုင်မှ´´ ဆိုသည့် စကားကို အဓိပ္မာယ်ဖွင့်လို့ကို မရ။ အဘိဓာန်သီအိုရီတွေထဲ ရှာလို့ကို မရ။ သခင်ပေါက်စ ကျောင်းသားတွေ အခွင့်အရေးရလျှင် ရသလို ကိုလိုနီနယ်ချဲ့ အစိုးရကို ဆူပူဆန္ဒပြကြတာ `ပိုင်´ လို့တော့ဖြင့် မထင်ပါ။ လုပ်သင့်လို့ ၊ လုပ်ချင်လို့ဟု အဖြေထွက်မည်။
 
လွန်ခဲ့သည့် (၂၂) နှစ်ကျော်က ဦးနေ၀င်းအစိုးရအား ကြွေးကြော်ဆန္ဒပြ (ဆူပူ) ခဲ့သော ရှစ်ဆယ့်ရှစ်ကျောင်းသားများကို ``ပိုင်လို့ ဆူခဲ့တာလား...´´ ဟု လမ်းပြကြယ်ကြီးအနေဖြင့် တယောက်ချင်း လိုက်မေးဖို့ ကောင်းသည်။ မြန်မာ့နိုင်ငံရေးသည် မြင်းခုန်သလို...။  

 အောင်မျိုးထွန်း၉-၉-၂၀၁၀