မော်လ်ဒိုဗာ နိုင်ငံတွင် ပြုလုပ်သော ဆန္ဒခံယူပွဲ မဲပေးသူ အလွန်နည်း၍ အထမမြောက်

မော်လ်ဒိုဗာနိုင်ငံတွင် စက်တင်ဘာလ ၅ ရက်နေ့က ပြုလုပ်သော သမ္မတကို တိုက်ရိုက်ရွေးကောက် တင်မြှောက်ရန် သင့်မသင့် မဲဆန္ဒခံယူမှုမှာ မဲပေးသူ အလွန်နည်းသောကြောင့် အထမမြောက်ခဲ့ကြောင်း ၀န်ကြီးချုပ် က ထုတ်ပြန်ကြေညာခဲ့သည်။
        မဲရေတွက်မှု မပြီးစီးသေးသော်လည်း မဲပေးနိုင်သူ စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်အောက်သာ လာရောက် မဲပေးခဲ့သောကြောင့် မဲဆန္ဒခံယူပွဲ အထမမြောက်သည်မှာ သေချာကြောင်း ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။ ပြည်ပရောက် နိုင်ငံသားများ၏ မဲများကိုသာ ကောက်ယူရန် ကျန်ချိန်တွင် မဲပေးသူ အရေအတွက် မပြည့်မီသောကြောင့် သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးချယ်သည့် စနစ်ကို အသုံးပြုရန် သို့မဟုတ်ပါက ပါလီမန်က ရွေးချယ်သော စနစ်ကိုပင် ဆက်ထားရန် ဆန္ဒမဲခံယူမှုမှာ မည် သည့်ဘက်ကမှ အသာမရရှိခဲ့ပေ။
        လက်ရှိစနစ်အရ သမ္မတကို ပါလီမန်က ရွေးခြင်း ဖြစ်သော်လည်း ယမန်နှစ်ကတည်းက မည်သည့် သမ္မတလောင်းမှ လိုအပ်သော မဲ ၆၀ ရာခိုင်နှုန်းကျော် မရသောကြောင့် သမ္မတသစ် မတင်နိုင်ဘဲ ဖြစ်နေသည်။ ''မဲပေးသူတွေဟာ ကျွန်တော် တို့ မျှော်လင့်သလောက် တက်တက်ကြွကြွ မရှိကြပါဘူး''ဟု ဆန္ဒခံယူပွဲ ပြုလုပ်ရေး အဓိက ထောက်ခံခဲ့သူ ၀န်ကြီးချုပ်က ဆိုသည်။

        ''ဆန္ဒခံယူမှုအတွက် အနည်း ဆုံးလိုအပ်တဲ့ မဲပေးခွင့် ရှိသူ ၃၃ ရာခိုင်နှုန်း လာရောက်မဲပေးဖို့ လိုအပ်ချက်ဟာ ပြည့်မီဖို့ မရှိတော့ပါဘူး''ဟု ၎င်းက ဆိုသည်။ ဥရောပတွင် အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သော မော်လ်ဒိုဗာတွင် အနောက်လိုလားသော လစ်ဘရယ် ညွန့်ပေါင်း အစိုးရက သမ္မတမရှိ ဖြစ်နေသည့် ပြဿနာ ဖြေရှင်းရန် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။
        ၂၀၀၉ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကွန်မြူနစ်ပါတီက ပွတ်ကာသီကာ အရေးနိမ့်ပြီး လေးပါတီ ညွန့်ပေါင်းအစိုးရ တက်လာခဲ့ကတည်းက သမ္မတ မရှိဘဲ ဖြစ်နေခဲ့သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည့် ကွန်မြူနစ်ပါတီသည် ယခု ပြည်သူ့ဆန္ဒခံယူပွဲကို သပိတ်မှောက်ရန် လှုံ့ဆော်ခဲ့ပြီး အောင်မြင်သည်ဟု ယူဆရသည်။ 

သတင်းရင်းမြစ်။           ။ Eleven Media Group

No comments: