နိုင်ငံတကာရဲတပ်ဖွဲ့အကြီးအကဲ အမည်တုဖြင့် Facebook Account ပြုလုပ်ထား

နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)၏ အကြီးအကဲက ကမ္ဘာပေါ်တွင် ဆိုင်ဘာရာဇ၀တ်မှုများသည် အကြီးမားဆုံး ခြိမ်းခြောက်မှုများ ဖြစ်လာနေကြောင်း သတိပေး ပြောကြားလိုက်သည်။ အင်တာပိုလ် အကြီးအကဲ ရိုနယ်လ်ကေနိုဘယ်လ်က နာမည်ကျော် Social Networking ၀က်ဘ်ဆိုက်ကြီး Facebookတွင် ၎င်း၏ အမည်ကို အတုပြုလုပ် သုံးစွဲထားသော Account နှစ်ခုရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး အလွန်အရေးပါသည့် ထောက်လှမ်းရေး လျှို့ဝှက်ချက်များ ပေါက်ကြားအောင် ထောင်ချောက်ဆင်ထားမှု ဖြစ်နိုင်ကြောင်း သတိပေးလိုက်သည်။ ၎င်းက Account တု နှစ်ခုအနက် တစ်ခုကို ထိန်းချုပ်သုံးစွဲနေသူသည် လူသတ်မှု၊ မုဒိမ်းမှုစသည်တို့ ကျူးလွန်ထားသည့် ရာဇ၀တ်ကောင်များနှင့် ပတ်သက်သော သဲလွန်စ အထောက်အထား မှတ်တမ်းများကို ရရှိအောင် ကြိုးပမ်းလျက်ရှိကြောင်း ဖွင့်ဟခဲ့သည်။ အင်တာပိုလ်၏ ပထမဆုံး သတင်းအချက်အလက် လုံခြုံရေး ညီလာခံကို ဟောင်ကောင်တွင် ကျင်းပခဲ့ရာ နိုဘယ်လ်က ယခုကိစ္စအား ထုတ်ဖော်ပြောဆိုသွားခြင်းဖြစ်သည်။ ၎င်းက “အင်တာပိုလ်ရဲ့ သတင်းအချက်အလက် လုံခြုံရေး စောင့်ကြည့်အဖွဲ့တွေက ကျွန်တော့်နာမည်သုံးထားတဲ့ အယောင်ဆောင် Facebook Account နှစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ကျွန်တော့်နာမည်ကို ခိုးယူပြီး သတင်းအချက်အလက်တွေ 
စုဆောင်းဖို့ ကြိုးစားနေတာပါ”ဟု ပြောကြားသွားသည်။ ယင်းအနက် Account တစ်ခုသည် မကြာမီက အင်တာပိုလ်၏ အော်ပရေးရှင်းတစ်ခုဖြစ်သော အနီအောက်ရောင်ခြည် စစ်ဆင်ရေးနှင့် ပတ်သက်ပြီး သတင်းအချက်အလကများ ရရှိအောင် ကြိုးပမ်းခဲ့ကြောင်း နိုဘယ်လ်က အတည်ပြုခဲ့သည်။ ကမ္ဘာ့နိုင်ငံ အမြောက်အမြားနှင့် ချိတ်ဆက်ထားသည့် အင်တာပိုလ် ရဲအဖွဲ့ကြီး၏ အနီအောက်ရောင်ခြည် စစ်ဆင်ရေးနှင့် ပတ်သက်ပြီး သတင်းပေါက်ကြားမှုအချို့ ရှိခဲ့သည်ဟု ယူဆရပြီး ယင်းတွင် လူသတ်မှု၊ ငွေမည်းခ၀ါချမှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ မုဒိမ်းမှုစသည်တို့၏ အချက်အလက်များ ပါဝင်ဖွယ်ရှိသည်။ နိုဘယ်လ်က အယောင်ဆောင်သူများသည် မိမိနာမည်ကို အသုံးချကာ မသင်္ကာသူများ၏ သတင်းအချက်အလက်များကို စုဆောင်းရယူခဲ့ကြောင်း ပြောဆိုသွားသည်။ မိမိတို့အနေနှင့် ကံကောင်းခဲ့ခြင်းမှာ စီစစ်မှုများ လျင်လျင်မြန်မြန် ပြုလုပ်နိုင်ခဲ့သဖြင့် သတင်းယိုစိမ့်မှု အန္တရာယ်ကို တားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ဆိုင်ဘာရာဇ၀တ်မှုများ၏ အန္တရာယ်သည် အင်တာပိုလ်ကဲ့သို့ အဖွဲ့အစည်းမျိုးကိုပင် ခြိမ်းခြောက်လာနေသည်ကို ယခုကိစ္စက မီးမောင်းထိုးပြသွားကြောင်း ပြောကြားသွားခဲ့သည်။

Source:TheRegister
Credit Planet Myanmar News

No comments: