Apple ရဲ့ ထုတ်ကုန်သစ် လက်ပတ်နာရီအသွင် iWatch Music Player

pple က နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Music Player တစ်ခုဖြစ်တဲ့ iPod Nano အသစ်ဟာ လက်ပတ်နာရီလေးတစ်ခု အနေနဲ့လည်း အသုံးတည့်မှာ ဖြစ်ပါတယ်။ အလျားရော၊ အနံပါ (၁)လက်မကျော်စီသာ ရှိနေတဲ့ ကိရိယာသစ်လေးကို ဂျပန်နိုင်ငံသား ကိုင်အိုဂီကူဘိုက ကြိုးတပ်ပြီး လက်မှာပတ်ထားတဲ့ပုံကို အင်တာနက်ကနေတဆင့် ပြသခဲ့ပြီး iWatchလို့ နာမည်ပေးထားခဲ့ပါတယ်။ စက်တင်ဘာ (၁)ရက်နေ့က Apple ရဲ့ CEOဖြစ်သူ စတိဗ်ဂျော့ဘ်က တရားဝင် ထုတ်ပြန်ပြသလိုက်တဲ့ iPod Nano ဟာ Multitouch နည်းပညာ ပါဝင်တာကြောင့် နာရီအနေနဲ့ အသုံးပြုရင်လည်း လက်ချောင်းလေးတွေ အများကြီးနဲ့ Function မျိုးစုံ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အရောင်(၇)မျိုးနဲ့ ထုတ်ထားတဲ့ ကိရိယာလေးဟာ ဘက်ထရီသက်တမ်းလည်း ကောင်းမွန်ပြီး တစ်ကြိမ်အားသွင်းရုံနဲ့ သီချင်းနားထောင်ရင် (၂၄) နာရီဆက်တိုက် အသုံးခံပါတယ်။ ဒါပေမယ့် လက်ပတ်နာရီအဖြစ် iWatch လို့ ညွှန်းဆိုပြီး ပတ်မယ်ဆိုရင် ပြဿနာတစ်ခုကတော့ ရှိပါတယ်။ ဒါက ရေစိုမခံတာဖြစ်ပြီး ချွေးတို့ဘာတို့နဲ့ ထိမိတဲ့အခါ ပြဿနာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီနှစ်ကုန်လောက်ဆို iWatch ဆိုတဲ့ နာမည်နဲ့ အရောင်းရဆုံး လက်ပတ်နာရီမျိုး ဖြစ်လာနိုင်တယ်လို့ ယူဆသူတွေက အများအပြား ရှိနေပါပြီ။ ဂျော့ဘ်ကိုယ်တိုင်ကလည်း သူ့ရဲ့ဘုတ်အဖွဲ့ဝင် ဒါရိုက်တာတစ်ယောက်က အဲဒီနာရီကိုပဲ ပတ်တော့မယ်လို့ ပြောခဲ့တဲ့အကြောင်း ဖောက်သည်ချခဲ့ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗီဒီယိုကြည့်တာနဲ့ ဖုန်းခေါ်တာမျိုး မလုပ်နိုင်ရင်တောင် သီချင်းလည်းဖွင့်၊ ဓာတ်ပုံတွေလည်းကြည့်၊ ရေဒီယိုလည်းနားထောင်လို့ရတဲ့ လက်ပတ်နာရီမျိုးကတော့ စိတ်ဝင်စားစရာလို့ ဆိုရမှာ အမှန်ပါပဲ။

Source: Planet Net New

No comments: