တသိန်းပြည့်ပြီ


၂၁.၃.၂၀၁၁ (တနင်္လာနေ့) နံနက် (၈:၀၀) နာရီတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဈာပနလမ်းကြောင်း လက်ခံရာ ရုံးခန်းတွင် ၀န်ထမ်းများ၊ အသင်းသူ/သားများ၊ ၀တ်ရွတ်အဖွဲ့၊ ဓါတ်ပုံပညာရှင်များတို့သည် တယ်လီဖုန်းမြည်သံကို နားစွင့်နေကြသည်။ နံနက် (၉:၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ၄၉ ရပ်ကွက်၊ ငုဝါမြိုင် (၁) လမ်းနေဦးချစ်ဟန် အသက် (၇၈) နှစ်၏ နာရေးလမ်းကြောင်း အကူအညီ တောင်းခံလာခဲ့သည်။ ဦးချစ်ဟန် အသက် (၇၈) နှစ်သည် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ နာရေးကူညီမှုပေါင်း (၁) သိန်းတိတိပြည့်သော နာရေးလမ်းကြောင်းပင် ဖြစ်တော့သည်။
          နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဈာပနအဖွဲ့၊ မော်တော်ယာဉ်အဖွဲ့၊ ဓါတ်ပုံပညာရှင်အဖွဲ့တို့သည် မိမိတို့ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများအတိုင်း လုပ်ဆောင်ကြပြီးသည့်နောက် သုခအာဟာရ စားသောက်ဆိုင်တွင် နံနက်စာ ထမင်းသုံးဆောင်ပြီး မွန်းလွဲ (၁၂:၀၀) နာရီအချိန်တွင် ကွယ်လွန်သူ ဦးချစ်ဟန်၏ နေအိမ်သို့ သွားရောက်၍ ကူညီဖေးမမှုများ ပြုလုပ်ရန် အသင့်အနေအထား ဖြစ်နေသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက် ဦးဆောင်၍ အလုပ်အမှုဆောင်၊ အရံအမှုဆောင် အမျိုးသမီးတို့မှ နိဗ္ဗာန်ယာဉ်ပေါ်ရှိ နိုင်ငံခြားမှ လှူဒါန်းထားသည့် အခေါင်းအား နာရေးနေအိမ် ကိုက် (၂၀၀) အကွာအဝေးသို့ သယ်ဆောင်ခဲ့ကြပြီး နေအိမ်အတွင်းသို့ သင်းသားများမှ လက်ဆင့်ကမ်း ထပ်မံ သယ်ဆောင်ခဲ့ကြသည်။ ကွယ်လွန်သူ ဦးချစ်ဟန်သည် ငုဝါမြိုင်(၁) လမ်းရှိ တဲအိမ်လေးတွင် ဇနီးနှင့် နှစ်ဦးတည်းသာ နေထိုင်ပြီး အဆုတ်ဝေဒနာအား ဇနီးဖြစ်သူမှ ကုသပြုစုပေးနေရသော သူတစ်ဦးဖြစ်သည်။ ဦးချစ်ဟန်၏ ရုပ်အလောင်းအား အခေါင်းထဲသို့ထည့်ပြီး နာရေးနေအိမ် အပြင်တွင် အခေါင်းတင်ဆောင်ရန် စတီးထောင့်ခုံပေါ်သို့ လက်ဆင့်ကမ်း ပြန်လည်သယ်ဆောင်ပြီး အင်္ကျီအ၀တ်အစား၊ ဖိနပ်၊ ပန်း၊ ထမင်းထုတ် ထည့်သွင်းပြီးနောက် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူမှ ကျန်ရစ်သူဇနီးနှင့် မိသားစုတို့ ရက်လည်ဆွမ်းကျွေးရန်အတွက် သင်္ကန်းပရိက္ခရာနှင့် အသင်းသူ/ သားတို့၏ ချွေးနဲစာဖြင့် လှူဒါန်းထားသော အလှူငွေ (၃၇၀၀၀၀/-) ကျပ်တို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဦးကျော်သူ ဦးဆောင်၍ နိဗ္ဗာန်ယာဉ်ပေါ်သို့ ကွယ်လွန်သူ၏ ရုပ်အလောင်းအား အလုပ်အမှုဆောင်၊ အရံအမှုဆောင် အမျိုးသားများတို့မှ သယ်ဆောင်ပြီး ရေဝေးသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုလ် ပေးခဲ့ပါသည်။
          ယင်းနာရေးကူညီမှု (၁) သိန်းပြည့် အခမ်းအနားတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ နိုင်ငံခြားအခေါင်းဖြင့် မီးသင်္ဂြိုလ်ပေးခြင်း၊ ကွယ်လွန်သူအသက် (၈၀) ကျော်တို့အား ကူညီပေးသော အထူးနိဗ္ဗာန်ယာဉ်ဖြင့် ကူညီပေးခြင်း၊ ၀တ်ရွတ်အဖွဲ့ဖြင့် ကုသိုလ်ယူမေတ္တာပို့ အမျှပေးဝေခြင်း၊ ယပ်တောင်၊ ဆပ်ပြာ၊ ရေသန့်ဗူးတို့ နာရေးပို့ဆောင်သူတို့အား ဝေငှပေးခြင်း၊ နာရေးပို့ဆောင်သူတို့ လိုက်ပါစီးနင်းရန်အတွက် BM မော်တော်ယာဉ် (၁၀) စီးကူညီပေးခြင်း၊ ရက်လည်ဆွမ်းကပ်ရန် သင်္ကန်းပရိက္ခရာနှင့် အလှူငွေ (၃၇၀၀၀၀/-) ကျပ် လှူဒါန်းပေးခြင်း၊ အသင်းသူ/သားပေါင်း (၁၀၀) ဦးရေကျော်ဖြင့် ၀ိုင်းဝန်းကူညီဖေးမ ပို့ဆောင်ပေးခြင်း၊ ပြင်ပဓါတ်ပုံပညာရှင် (၄၈) ဦးတို့မှ မှတ်တမ်းတင်ဓါတ်ပုံများအား ကုသိုလ်ဖြစ် သက်စွန့်ဆံဖျား လာရောက် ရိုက်ကူးပေးခြင်းစသည့် ထူးခြားမှုများနှင့် အတူ ကွယ်လွန်သူ ဦးချစ်ဟန် တစ်ယောက်သည်လည်း မိမိ၏ ဘ၀ကူးပြောင်းသည့် အချိန်ကာလတွင် ဤကဲ့သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ စည်ကားသိုက်မြိုက်စွာ လှူဒါန်းကူညီဖေးမ သင်္ဂြိုလ် ပေးမည်ဟု ကြိုတင်၍ သိရမည် မဟုတ်ပေ။ 
“ကြိုမသိရ၊ ဤငါးဝ”
သက်တမ်းရှည်ရာ၊ ကြိုတင်ကာ၊ သူငါမသိနိုင်။
သေမည့်ရောဂါ၊ ကြိုတင်ကာ၊ သူငါမသိနိုင်။
သေမည့်ချိန်ခါ၊ ကြိုတင်ကာ၊ သူငါမသိနိုင်။
သင်္ချိုင်းနေရာ၊ ကြိုတင်ကာ၊ သူငါမသိနိုင်။
ဂတိလားရာ၊ ကြိုတင်ကာ၊ သူငါမသိနိုင်။
(ကျေးဇူးရှင်မဟာဗောဓိမြိုင်ဆရာတော်)


Mandalay Gazette မှ ukok44 ပို့စ်ကို ကူးယူဖော်ပြပါသည်။

No comments: