မြန်မာ့နိုင်ငံရေးနှင့် ဂုရုများ

မြန်မာ့နိုင်ငံရေး ဂုရုများ
မြန်မာပြည်မှပေးစာ
(သော်တာသစ်) 


သို့
နိုင် ငံ ရေး ဂု ရု များ

အ ပြော လွယ် သ လောက် အ လုပ် ခက် တယ် ဆိုတာ အ မှန် ပဲ။ ဧ ရာ ၀ တီ မှာ “ဒေါ် အောင် ဆန်း စု ကြည် ကြောင့် လူ မှု ရေး လုပ် ငန်း များ အ ဟန့် အ တား ဖြစ် ဟု ပြော” ဆို တဲ့ သ တင်း ကို ဖတ် လိုက် ရ တယ်။ မေး စ ရာ ရှိ လာ တာ က ဒေါ် အောင် ဆန်း စု ကြည် မ လွတ် ခင် မှာ ရော ဒီ လူ မှု ရေး လုပ် ငန်း တွေ ရဲ့ အောင် မြင် မှု၊ ထိ ရောက် မှု က ဘယ် လို ရှိ လဲ ၊ ဘယ် လောက် ရှိ လဲ။

ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် နှစ်ရှည်လများ အကောင်အထည် ဖော်နေရတဲ့ ကုလသမဂ္ဂ၊ NGO များက ပရောဂျက်ပေါင်း သောင်းခြောက်ထောင်ဟာ ထင်သလောက် အလုပ်မဖြစ်တာ ဘာကြောင့်လဲလို့ အကြောင်းရှာတော့ နောက်ဆုံး ပေါ်လစီကြောင့်ပဲလို့ ပြောကြတယ်။ အဲဒါကြောင့် မူဝါဒ အပြောင်းအလဲအတွက် အားပေးအားမြှောက် (Advocacy) ပြုတဲ့အခါ တင်းမာတဲ့သူတွေနဲ့ အပေးအယူ လုပ်ကြတဲ့ ပုံစံက အလျှော့ပေး ညှိနှိုင်း လိုက်လျောနည်းတဲ့။

နောက်တခုက အားပေး ထောက်ခံတာကို ဦးတည် လုပ်တဲ့ အခါ လူမသိသူမသိ (Low Profile) ပဲ သွားသင့်တယ် ဆိုတဲ့ အကြောင်းပြချက်ကြောင့် တာဝန်ယူပြီး လုပ်တဲ့သူ မရှိသလောက်ပဲ။ ဒီပုံစံနဲ့ သွားနေတာ ဘာတွေ၊ ဘယ်လောက်ထိ ခရီး ရောက်ခဲ့သလဲ။ တကယ်ပဲ မူဝါဒ အပြောင်းအလဲကို လုပ်နိုင်ပြီလား။ မလုပ်နိုင်သေးရင် လုပ်နိုင်ဖို့ ဖြစ်နိုင်ချေတွေ ရှိပြီလား။ အစိုးရသစ် ဖြစ်ပေါ်လာရုံနဲ့ (လူပြောင်းပြီး၊ မူမပြောင်းတာကို သိလျက်နဲ့) မျှော်လင့်ချက်တွေ တကယ်ရှိပြီလား။ ဘယ်အတိုင်းအတာ အထိ မျှော်လင့်နိုင်သလဲ။

စီးပွားရေး ပိတ်ဆို့မှုကိုပဲ ပြောပြော၊ နိုင်ငံရေးမှာ တင်းမာတဲ့ သဘောထား မပြောင်းလဲမှုကိုပဲ ပြောပြော ဒေါ်အောင်ဆန်းစုကြည်သည်သာ အဓိက တရားခံလို့ အစိုးရရဲ့ လက်ကိုင်တုတ်များက သစ္စာရှိရှိ ပြောနေတာဟာ တကယ်ရော ယုတ္တိတန်ပါသလား။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး စင်မြင့်ထက်က ပျောက်ကွယ်သွားရုံနဲ့ အရာခပ်သိမ်း ပြည့်စုံ ကောင်းမွန်သွားပြီလား။ ရွေးကောက်ပွဲကို ချောတိုင်တက်တာနဲ့ ပမာပြုပြီး အတွေ့အကြုံသည်သာ အမြတ်ဆိုတဲ့ ထုံးနှလုံးမူပြီး သကာလ၊ တကြိမ်မရတော့ နောက်တကြိမ်ပေါ့၊ ချက်ချင်းတော့ ဘယ်ဖြစ်မလဲဆိုတဲ့ ပုံစံမျိုး အင်ဒိုနီးရှား ဖြစ်စဉ်ကို နမူနာယူပြီး ချွေးသိပ်လို သိပ်။ ထားပါတော့။

နောင် အနှစ် ၂၀၊ ရွေးကောက်ပွဲ လေးကြိမ်လောက် ကျင်းပပြီးမှ ပြောင်းလဲမှု ဆိုတာမျိုး မျှော်လင့်ရမယ် ဆိုရင် လက်ရှိ အခြေအနေမှာ ဆင်းရဲတွင်း နက်သထက် နက်လာတာ၊ ပြည်သူတွေရဲ့ လူမှုစီးပွားရေးဘ၀ ဘာတခုမှ အာမခံချက် မရှိတာကို မေ့ထားလို့မရဘူး။ အသိသာဆုံးက တောရွာတွေမှာပဲ။ ဒီဒဏ်တွေ အခံရဆုံးက သူတို့ကိုး။ တောရော မြို့မှာပါရှိတဲ့ အခြေခံ လူတန်းစားတွေဘ၀ဟာ နိုင်ငံရေး ဂုရုကြီးများရဲ့ အနှစ်မပါတဲ့ တွက်ချက်မှုတွေအောက်မှာ မျှော်လင့်ရနိုးနိုးနဲ့ လုံးပါး ပါးရတော့မှာလား။

ပြောကြသလို ဒီစနစ်ကို အခြေခံပြီး နောင်နှစ် ၂၀ မှ ပြောင်းလဲမှု တကယ်ကြုံစတမ်း ဆိုရင် အဲဒီ အချိန်မှာ မြန်မာပြည်ရဲ့ ရှေးဟောင်း အမွေအနှစ်ပိုင်း၊ သယံဇာတပိုင်း၊ စီးပွားရေး အဆောက်အဦပိုင်း၊ ပညာရေး၊ ကျန်းမာရေးတွေ အားလုံး ပြာကျနေလောက်ပြီ။ လက်ရှိဖြစ်ပေါ်နေတဲ့ တိုင်းပြည်ရဲ့ အခြေအနေပြန်ပြီး ထူမတ်ဖို့တောင် အားလုံး အမြစ်ကလှန်ပြီး အချိန်အတော်ယူ ပြုပြင်ရဦးမယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ က နိုင်ငံခြားသွားတယ်ဆိုတဲ့ စကားမျိုးဟာ ခုခေတ်မှာ သိပ်ပြီး ပေါ်ပြူလာ မဖြစ်တော့ဘူး။ တောက ချက်ကြီးတို့၊ သာအေးတို့လည်း ရှိတဲ့လယ်လေး ပေါင်ပြီး နိုင်ငံခြား ရောက်ကုန်ပြီ။ ဖြစ်ရတဲ့ အဖြစ်က သူများနိုင်ငံ သွားပြီး ကျွန်ခံရတာ။ အသက် ၁၀ နှစ်ကျော်လို့ ခိုင်းကောင်းလောက်တဲ့ အခြေအနေရှိရင် မိဘတွေက ကလေးတွေကို မြို့က လက်ဖက်ရည် ဆိုင်တွေ၊ စားသောက် ဆိုင်တွေမှာ စားပွဲထိုးလုပ်ဖို့၊ လက်တို လက်တောင်း ခိုင်းဖို့ လွှတ်ပြီ။

ပြီးခဲ့တဲ့ လတွေက အညာဘက်ရောက်တော့ ရွာမှာ သက်ကြီး ရွယ်အိုတွေနဲ့ မိန်းမတွေပဲ ကျန်ခဲ့တာကို တွေ့ရတယ်။ အမျိုးသားတွေက တခြားမြို့၊ နိုင်ငံသွားပြီး အလုပ်လုပ်ကြတယ်။ ကလေးတွေကျတော့ အနီးအနား လက်လှမ်းမီရာမြို့မှာ အခိုင်းအစေ သွားလုပ်ရတယ်။ ကလေးမလေးတွေ ဆိုရင်တော့ အိမ်ဖော်ပေါ့။ မြင်းမူရွာလေးက လူတွေဟာ နီးစပ်ရာ မုံရွာမှာ အလုပ်လာလုပ်၊ မုံရွာကျတော့ မန္တလေးကိုတက်၊ မန္တလေးက လူက ရန်ကုန်ကိုရွှေ့၊ ရန်ကုန်က လူကျတော့ စင်ကာပူ၊ မလေး၊ ထိုင်းကို ခြေဖြန့်။ ဘယ်မှာလဲ သူတို့တွေရဲ့ ဘ၀အတွက် အာမခံချက်။ စိတ်ဓာတ်တွေ ခြစားကုန်ကြပြီ။

လူကြီးမင်းတို့ ပြောပြောနေတဲ့ အင်စတီကျူးရှင်း ဆိုတာကြီးကလည်း လက်ရှိအစိုးရနဲ့ အလွမ်းသင့်တဲ့ အာဏာကို ၁၀ ပြားဖိုးရရ၊ ၁၅ ပြားဖိုးရရ ငို့ဘတွေပဲ စုပြုံတိုးရင်းပဲ ပေါ်ပေါက်လာစရာ ရှိမှာပဲ။ ဘာတခုများ နင်းပြားတွေရဲ့ ဘ၀ကို ကိုယ်စားပြုပေးနိုင်တာ ရှိသလဲ။ အထပ်နှစ်ဆယ် တိုက်ပေါ်ကနေ လူထုအသံကို နားထောင်နေပါတယ်၊ သနားကြရှာ ပါတယ်ရယ်လို့ စုတ်သပ်ပြရုံနဲ့ မဟာကရုဏာရှင်ကြီးဆိုပြီး လူထုက ထောက်ခံနေမှာ မဟုတ်ဘူး။ သမိုင်းကြောင်း ခေတ်အဆက်ဆက်မှာ ပြုပြင် တော်လှန်ရေးဆိုတာ လူထုအား၊ လူထုရဲ့ ယုံကြည်မှု၊ လူထုရဲ့ ဦးဆောင် လှုပ်ရှားမှုဆိုတာနဲ့ပဲ ပေါ်ပေါက်လာရတာ ချည်းပဲ။ လူထု ခေါင်းဆောင်ဆိုတာ လူထုနဲ့ နီးကပ်၊ နီးစပ်ပြီး ဝေမျှခံစားနိုင်တဲ့ သူကိုသာ ပြည်သူက လှိုက်လှိုက်လှဲလှဲ တင်မြှောက်ကြတာပါ။

အခု ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယ ပင်လုံညီလာခံ ခေါ်ဖို့ ကြိုးစားနေတာ အားလုံး သိကြပါတယ်။ အမျိုးသား ရင်ကြားစေ့ရေးလို့ ဆိုလိုက်တာနဲ့ စကားက အရမ်း ကျယ်ပြန့်သွားပြီ။ လက်ရှိ အစိုးရကိုလည်း ပါဝင်လာအောင် ကြိုးစားရမှာ အတော်တော့ လက်ဝင်တာပဲ။

အကြောင်းက တော်တော် များများက လက်ရှိအစိုးရ အပေါ်မှာ အယုံအကြည်မရှိဘူး။ သမိုင်း တလျှောက်လုံးမှာ ညစ်ပတ်နည်းမျိုးစုံနဲ့ လိမ်ညာတာ ခံခဲ့ရတာကိုး။ ဒါပေမယ့် ရင်ကြားစေ့ရေး ဖြစ်တဲ့အတွက် အာဃာတတွေ ခဏဘေးချိတ်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက် ယူရမှာ ဆိုတော့ အတိုက်အခံ ဘက်ကရော၊ အစိုးရဘက်ကရော ညှိနှိုင်းရမှာပေါ့။

ဒီအနေ အထားကို ဖော်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ခြေလှမ်းတလှမ်း မမှားအောင် အများကြီး သတိထား နေရပါတယ်။ ဖြတ်ပြောချင်တာက တွေ့ဆုံညှိနှိုင်းဖို့ အမြဲတမ်း တံခါးပိတ်ခဲ့တဲ့ အစိုးရဘက်ကို အပြု သဘောဆောင်တဲ့ အမြင်ရှိသူ ပြည်တွင်းက ဂုရုကြီးကို တခုမေးချင်တယ်။

သူ့ရဲ့ “သန်း ၅၀ ကို အနိုင်ပေးပါ” ဆိုတဲ့ စာအုပ်ပါ ဆောင်းပါးတခုမှာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို “ဒေါ်အောင်ဆန်းစုကြည်” ရယ်လို့ သုံးနှုန်း ရေးသားတာဟာ အပြုသဘော ဆောင်သလို၊ အတိုက်အခံများ ဘက်ကလည်း မြန်မာကို “ဘားမား” လို့ သုံးနှုန်းတာတွေ ပြင်သင့်တယ်။ သဘောက အာဃာတတွေ လျော့ပါးပြီး တွေ့ဆုံနိုင်ဖို့ ရှေ့ပြေး အစပြုနိုင်အောင် ဒီလို အသေးအဖွဲလေးတွေက အစ ပြုပြင်သင့်တယ်လို့ လမ်းကြောင်းထားတာ ဖတ်ဖူးတယ်။

အခု ကြိုးစားနေတဲ့ ဒုတိယ ပင်လုံညီလာခံ အပေါ်မှာ အစိုးရရဲ့ သဘောထားက တွက်ဆထားတဲ့ အတိုင်းပါပဲ။ အကြောင်းအမျိုးမျိုးပြပြီး ရင်ကြားစေ့ရေး၊ တွေ့ဆုံညှိနှိုင်းရေးကို မျက်ကွယ်ပြုတဲ့ သူတို့ရဲ့ မူကို လက်ကိုင်ထားတုန်းပဲ။ သူတို့ရဲ့ တို့တာဝန်အရေး သုံးပါးကို အန္တရာယ် ပြုလာနိုင်တဲ့ ကိစ္စလို့ အသံဟစ်ပြီး ရှောင်လွှဲ နေတဲ့အခါ အမြဲတမ်း သံယောင်လိုက်ပေးခဲ့တဲ့ ဂုရုကြီးကလည်း ထုံးစံအတိုင်း သခင်အားရ ကျွန်ပါးဝ နေပြန်ပါတော့တယ်။

ပြည်ပက ဂုရုများကျတော့ တမျိုး။ အလွန် သတိထား သင့်ပါတယ်တို့၊ ဒုတိယ ပင်လုံညီလာခံသည်သာ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံရေးမှာ အမြတ်အစွန်း ထွက်အောင်၊ သူ့အခန်းကဏ္ဍနဲ့ သူ့သြဇာကို တည်ထောင်ဖို့ ပြယုဂ်ဖြစ်လာမယ်တို့ သုံးသပ်ကြပါတယ်။ တချို့တွေရဲ့ ပြောစကားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် သူကိုယ်တိုင်လည်း ယိုင်နဲ့နေပြီ၊ ပြည်သူတွေကိုလည်း ဘာမှ မလုပ်ပေးနိုင်၊ နှစ်တွေလည်း ကြာလှပါပြီ ဆိုတာတွေလည်း ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ပြန်ပြီး အသက်ဝင်လာတယ်။ လူငယ်တွေ နိုင်ငံရေးကို ပိုပြီး စိတ်ဝင်စားလာတယ်။ နောက်တခု ဒေါ်အောင်ဆန်းစုကြည် မရှိတော့ရင် ဘာဖြစ်မလဲ။ နိုင်ငံရေး လှုပ်ရှားမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပဲ မှီတည်နေသလား။

သေချာတာ တခုကတော့ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတာ၊ အားကိုးတာတော့ အမှန်ပဲ။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးမို့ဆိုတဲ့ ပုဂ္ဂိုလ်ရေး ခင်တွယ်မှုအပြင် သူကိုယ်တိုင်ကလည်း နိုင်ငံရေး လုပ်ခဲ့တဲ့ သမိုင်းတလျှောက်လုံး ရိုးသားခဲ့တယ်။ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ပြည်သူ ဘက်ကသာ ရပ်တည်ခဲ့တယ်။ အနစ်နာခံခဲ့တယ်။ ဖိအားတွေကြောင့် လိုင်းကြောင်မသွားဘူး။ နိုင်ငံရေးကို စိတ်ကူးယဉ်ပြီး လုပ်ခဲ့တာမဟုတ်ဘူး။ လူထုခေါင်းဆောင် ပီသခဲ့တယ်။ နိုင်ငံရေးမျိုးဆက် ပြတ်လုနီးပါး ဖြစ်နေတဲ့ အချိန်မှာ လူထုက တကယ် အားကိုးယုံကြည်ထိုက်တဲ့ နောက်ထပ် ခေါင်းဆောင်ကောင်း တယောက် လူထုရဲ့ ရှေ့ကို ပေါ်မလာသေးဘူး။ လုပ်တာက နည်းနည်း ခေါင်းဆောင်ရူး ရူးနေတဲ့သူတွေက များတာကိုး။ စေတနာ မမှန်ကြဘူး။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွတ်မြောက်ခါစ၊ အခြေအနေတွေ ရှုပ်ထွေးနေတဲ့ အချိန်မှာ၊ နောက်တခု သူ့လုံခြုံရေး အတွက်ရော (သူကတော့ သူ့လုံခြုံရေးအတွက် ထည့်မစဉ်းစားဘူး ဆိုပေမယ့် ပြည်သူအတွက်တော့ သူတယောက်ပဲ မျှော်လင့်စရာ၊ အားကိုးစရာ ဖြစ်တာမို့ ထည့်တွက် စဉ်းစားရမယ်။

ဘာလို့လဲ ဆိုတော့ အထက်က ပြောခဲ့သလို လူထုရဲ့ ညီညွတ်မှုကို သူသာလျှင် ဦးဆောင်နိုင်တယ်။ ပြည်ပရောက် အတိုက်အခံများက ပံ့ပိုးရုံသာ လုပ်နိုင်မယ်။ (တကယ်ဦးဆောင်မှု မပေးနိုင်ဘူးလို့ ယူဆတယ်။) သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို သတိကြီးကြီးနဲ့ ခြေလှမ်းလှမ်းနေရတယ်။ ဒါကို တချို့တွေက ဒီအတိုင်းသွားရင် နိုင်ငံရေးမှာ သေတော့မယ်တို့၊ ဒေါ်အောင်ဆန်းစုကြည် လုပ်ကိုင်နိုင်စွမ်းကျသွားပြီတို့ စတဲ့ ဝေဖန်ချက်တွေ ထွက်လာတာဟာ တကယ့်အခြေအနေနဲ့ အစပ်အဟပ်ကွာနေသလို ခံစားမိပါတယ်။

ပြည်ပရောက် အတိုက်အခံများ ဘက်ကလည်း အစိုးရရဲ့ လုပ်ရပ်ကို ရှုံ့ချရုံ၊ ကြေငြာချက်တွေ ပုံမှန်ထုတ်ရုံ၊ ကြွေးကြော်သံတွေ အော်ရုံ၊ စိုးရိမ်ကြောင်းတွေ ပြရုံနဲ့ မလုံလောက်ပါဘူး။ ပြည်တွင်းမှာ ပြောင်းလဲမှုဖြစ်အောင် အဓိက လုပ်ဆောင်ရမယ့်သူက ပြည်တွင်းက လူထုပဲမို့ ပြည်ပက သူတို့အနေနဲ့ လှုံ့ဆော်ရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူး။

ခက်တာက အပြောများပြီး အလုပ်မဖြစ်ကြတာ ခက်တယ်။ မြန်မာ့နိုင်ငံရေးရာ ကျွမ်းကျင်သူ၊ လေ့လာ စောင့်ကြည့်သူနဲ့ လှုပ်ရှားသူ၊ ခေါင်းဆောင်သူ မတူဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် တကယ်လက်တွေ့ကျကျ လှုပ်ရှားသူ၊ ခေါင်းဆောင်သူဆိုတာ မရှိသလောက်ဖြစ်ပြီး သဘောတရား ရေးရာတွေသာ ဖောင်းပွအောင် ပြောတဲ့ လေ့လာ စောင့်ကြည့်သူတွေ များနေတာ ခက်တယ်။ နိုင်ငံရေးဂုရု လုပ်နေတဲ့ elite တွေ ပြည်တွင်းမှာ သာမက ပြည်ပမှာပါ ရှိနေပါတယ်။       ။   

သော်တာသစ် 
Saturday, 25 December 2010 15:01

No comments: