ပေါ်နွေလလျှင်

ပေါ်နွေလလျှင်
နတ်သျှင်နောင်

ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊ မင်းလွင်ဦးနှင့်၊ ပျံ့ပျူးချုပ်ထိုင်း၊ မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊ ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း၊ ထွေထွေစွန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို၊ မြရည်သက်မှတ်၊ ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊ ပြာစင်ရွှန်းလတ်၊ ဖြူဝန်းမွတ်လျှင်၊ ကြာညွတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊ ဆင့်လောင်းလွမ်းဝှန်၊ ရှိလိမ့်ဟန်ကို၊ တိမ်စွန်လေလျှင်၊ ဖူးရောက်ချင်သည်။ ။ ငှက်သွင်ပျံကြွမတတ်သော။

မြော်ချေကလျှင်၊ ကာလအလျောက်၊ ပိတောက်လျံခဲ၊ ရွှေရည်စွဲက၊ ပုလဲငုံသွယ်၊ အလှယ်လှယ်တိ၊ စံပယ်ဖြူမွှေး၊ စံကားသေးကို၊ မြတ်လေးစုံမက်၊ ကျွန်ုပ်လက်ဖြင့်၊ ရွေးလျက်ရွရွ၊ မဆင်ရတည့်၊ ကာလသို့အောင်၊ ရည်စောင်ပန်းမှန်၊ မမီလွန်ကဲ၊ ချိန်တန်သို့သည်၊ ပြန်မည်လေသာ၊ မရောက်လှာဟု၊ ကြံကာခွေ၍၊ နေလိမ့်မည်ကို၊ ရှိသည်မှုရန်၊ မင်းရေးဝန်ကြောင့်၊ လျှောက်ပန်စေ့မျှ၊ မချေရသော်၊ ပြိုက်ကျသွယ်ဖြည်း၊ နှင်းထက်သည်း၍၊ ၀မ်းနည်းလျက်ပင်၊ ပျောင်းလိမ့်ထင်သည်။ ။ ညက်စင်စံများ အထွတ်သော။

ဖျော်ဖြေမှလျှင်၊ ယုယသံချို၊ ပြေလိုစိမ့်သား၊ ကျူးပိုက်ဖြား၍၊ ချီသွားမူးမူး၊ ရှေ့ရက်ဦးက၊ မကျူးထင်ထင်၊ ကဆုန်တွင်ကို၊ ကျိုင်းစင်မြခဲ၊ စစ်ပွဲရန်နှည်၊ ပြန်လျှင်းမည်ဟု၊ နှုတ်ခြည်ပေါ်သာ၊ ဆိုလေရှာသော်၊ မလ္လာရနံ့၊ ထုံပျံ့ပန်းသတ်၊ ခြူးနတ်ဆင့်ကုံး၊ စိန်ပွင့်အုံးဝယ်၊ ပင့်ရုံးရွရွ၊ လက်သင်မ၍၊ သက်မျှငယ်ချစ်၊ ပျောင်းလိမ့်ဖြစ်ကို၊ စိစစ်မိမိ၊ သတိချုပ်ဆည်၊ ပြေမည်မျှဝေး၊ ချစ်ဝန်လေးခဲ့၊ ရေးရေးဖူးချင်၊ မယ်သို့လျင်သည်။ ။ ငှက်ရှင်လျှံမျှရဟတ်သော။

တန်ဘိုးကြီးမား ရှေးဟောင်းလင်္ကာများကို လေ့လာချင်သူ ထိုထိုလူတို့အတွက် ရည်ရွယ်လျှက် တင်ပေးလိုက်ပါသည်။ ထို ပေါ်နွေလလျှင်လင်္ကာကို မြန်မာ့သွေးဘလော့ဂ်မှ တဆင့်ကူးယူမျှဝေခြင်းဖြစ်သည်။ အားလုံးကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ..။

No comments: