မယုံကြည်အပ်သောအရာ

တစ်ခါက ပညာရှိ တစ်ယောက်ဟာ ကျမ်းတစ်စောင် ပြုစုဖို့ အတွက် ကျေးရွာတွေကို လေ့လာရေး ခရီး ထွက်ခဲ့တယ်။ သူပြုစုရမယ့် ကျမ်းရဲ့ ခေါင်းစဉ်က “မယုံ ကြည်အပ်သော အရာ”တဲ့။ ရွာတစ်ရွာ ရောက်တော့ အိမ်တစ်အိမ်က ပြေးထွက် လာတဲ့ နွားတစ်ကောင်က ရုတ်တရက် ၀င်ဝှေ့ပစ်တယ်။ ပညာရှိလည်း ဘိုင်းကနဲ ပစ်လဲသွားတယ်။ ဒါနဲ့ ချက်ချင်း ထော်လာဂျီ ငှားပြီး မြို့ကို ပြေးရတယ်။ ပေါင်တစ်ဖက်က ရောင်ကိုင်းပြီး တအား နာလာတယ်။ အရိုး အထူးကုနဲ့ ပြကြည့်တော့ “ပေါင်ကျိုးသွား ပုံရတယ်၊ ဓာတ်မှန် ရိုက်ကြည့်တာပေါ့” လို့ ပြောတယ်။

ဓာတ်မှန်လည်း ရအောင် ဆရာဝန်က “ကျိုးတာ သေချာသွားပြီ။ ခွဲစိတ်ပြီး စတီးချောင်း ထည့်ရမယ်။ ဆေးရုံ တက်လိုက်ပါ” လို့ ဆိုတယ်။ ဒါနဲ့ သူပြောတဲ့ ပုဂ္ဂလိက ဆေးရုံ တစ်ခုမှာ တက်လိုက်ရတယ်။ အခန်းခက တစ်ရက် တစ်သောင်းခွဲ၊ ဆရာဝန် ခွဲစိတ်ခက သုံးသိန်း၊ ဆရာဝန် တစ်ယောက် လာကြည့်ရင် သုံးထောင်၊ ဆေးဖိုးဝါးခ တိုလီထွာလီ ရှစ်သိန်းလောက် ကုန်သွားတယ်။ နာလည်းနာ၊ ငွေလည်းကုန် ဆိုတော့ ပညာရှိကြီးက တက်တ ခေါက်ခေါက်နဲ့ ပေါ့လေ။ နောက်ဒေါသတကြီးနဲ့ မယုံကြည်အပ်သောအရာ စာရင်းမှာ နွားချိုဆိုပြီး ရေးမှတ်လိုက်တယ်။

ခြေထောက်အနာ ပျောက်လာတော့ ထုံးစံအတိုင်း ပညာရှိကြီးဟာ မပြီးသေးတဲ့ သူ့ကျမ်း အတွက် ကျေးရွာတွေကိုလည်း ရပြန်တယ်။ ရွာတစ်ရွာရောက်တော့ ရေဆာတာနဲ့ အိမ်တစ်အိမ်ဝင်ပြီး ရေတောင်း သောက်တယ်။ ရေသောက်နေတုန်း ခွေးတစ်ကောင်က ခြေသလုံးကို စွပ်ကနဲ ၀င်ဆွဲတယ်။ ဘာပြော ကောင်းမလဲ အသားတစ်တွေ လန်ပြီး သွေးတွေ ငေါက်ခနဲ ပန်းထွက်တာပေါ့။ ရွာထဲက နီးရာ ဆေးခန်းကို အမြန်ပြေးပြီး ဆေးထည့်ရတယ်။ နောက်ကြုံရာ ကားနဲ့ မြို့ပြန်လာတယ်။ မြို့ရောက်လို့ မိသားစု ဆရာဝန်နဲ့ ပြကြည့်တော့ အနာက တော်တော်ပြဲနေတာနဲ့ ငါးချက် ချုပ်လိုက်ရတယ်။ နောက် ခွေးရူး ရောဂါအတွက် စိတ်ချရအောင် ဆိုပြီး လက်မောင်းမှာ ခွေးရူးပြန် ကာကွယ် ဆေးလေးလုံး ထိုးရတယ်။ ပထမနှစ်လုံး၊ နောက်ခုနှစ်ရက်မှာ တစ်လုံး၊ နောက်နှစ်ဆယ့် တစ်ရက်မှာ တစ်လုံး၊ တစ်လုံးကို တစ်သောင်း သုံးထောင့် ငါးရာ ပေးရတယ်။ ကျန်တဲ့ ဆေးဖိုးဝါးခနဲ့ ခုနှစ် သောင်းလောက် ကုန်သွားတယ်။ ဒါနဲ့ ပညာရှိလည်း စိတ်ဆိုးဆိုးနဲ့ သူ့ရဲ့ မယုံကြည်အပ်သောအရာ စာရင်းမှာ ခွေးသွားဆိုပြီး ရေးမှတ်ပြန်တယ်။ဒဏ်ရာ ဒဏ်ချက်တွေ ပျောက်တော့ ပညာရှိလည်း သူ့ကျမ်းပြီးမြောက်ဖို့ အတွက် ရွာတွေကို လည်ရပြန်တယ်။

ရွာတစ်ရွာ ရောက်တော့ မြင်းတစ်ကောင် အနား သွားကပ်ကြည့်လိုက်တယ်။ “တောရောက်ရင် မြင်းတစ်ကောင်လောက် ရှာခဲ့စမ်းပါ အစ်ကိုရာ။ကျွန်တော့်မြင်း ဈေးကောင်းရလို့ ရောင်းပစ်လိုက်တာ၊ အခု လှည်းတပ်ဖို့ မြင်းလိုနေတယ်ဗျ”ဆိုတဲ့ သူ့ညီမြင်း လှည်းဆရာရဲ့ စကားကို သွားသတိရတာကိုး၊ မြင်းက မြင်းကောင်း ဖြစ်ပုံရတယ်။ တော်တော် ချောတယ်။အဲလို ကပ်ကြည့်နေတုန်း ဗြုန်းဆို မြင်းကန်တာ ခံလိုက်ရတယ်။ နှုတ်ခမ်းတွေ စုတ်ပြတ်ပြီး သွားတွေ ကျွတ်ထွက်ကုန်တယ်။လူလည်း ကြယ်တွေ လတွေမြင်ပြီး သတိ လစ်သွားတယ်။ နောက်ကားငှားပြီး မြို့ပို့လိုက်ရ တယ်။ဆေးခန်းမှာ ဆရာဝန်က စုတ်ပြတ်သွားတဲ့ နှုတ်ခမ်းကို ပြန်ချုပ်ပေးတယ်။ နောက်ဒဏ်ရာတွေ အကင်းသေတော့ ကျိုးသွားတဲ့ သွားတွေကို သွားဆေးခန်းမှာ ပြန်စိုက်ရတယ်။ သွားတစ်ချောင်း နှစ်သောင်းဆိုတော့ သွားစိုက်ခတင် သိန်းချီ ကုန်သွားတယ်။ ပညာရှိလည်း ကျွဲမြီး တိုတိုနဲ့ သူ့ရဲ့ မယုံကြည်အပ်သောအရာ စာရင်းမှာ မြင်းခွာဆိုပြီး ရေးမှတ်လိုက်တယ်။

ဒီလိုနဲ့ ပညာရှိက ပညာရှိများ ညီလာခံမှာ သူ့ရဲ့ မယုံကြည်အပ်သောအရာ ကျမ်းကြီးကို တင်သွင်းတယ်။ နိဂုံးချုပ် လိုက်တော့ မယုံကြည်အပ်သောအရာ သုံးမျိုးရှိတယ်။တစ် . . . နွားချို၊ နှစ် . .ခွေးသွားနဲ့ သုံး . . . မြင်းခွာဆိုပဲ။ ကျမ်းက တော်တော် ခိုင်ခိုင်လုံလုံ ရှိတယ်။ မခိုင်လုံဘဲ နေမလား၊ ပညာရှိကြီးက သူ့ရဲ့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ တကွ တင်ပြတာကိုး။ ဒါနဲ့ ပညာရှိတွေက ပညာရှိကြီးကို “သိပ်တော်တယ်ဗျာ . . . ခင်ဗျားထက်တော်တဲ့ သူတောင်၊ ဒီလိုကောင်းတဲ့ ကျမ်းမျိုး ပြုစုနိုင်မှာ မဟုတ်ဘူး။ ကွန်ဂရက် ကျူလေးရှင်း” လို့ ပြောဆိုပြီး တခဲနက် ဂုဏ်ပြုချီး ကျူးကြတယ်။ နောက်ကန့်ကွက်သူ မရှိဘဲ မဟာပညာရှိဘွဲ့ကို ချီးမြှင့်လိုက်တယ်။

မဟာ ပညာရှိဖြစ်လာတဲ့ ပညာရှိဟာ တော်တော် အငြိုးအတေးကြီးသူဖြစ်တယ်။ သူခံခဲ့ရတာတွေကို အခဲ မကြေဘူး၊ နွားအကန်ခံရတဲ့ ရွာကို ပြန်သွားတယ်။ နွားရှင်ဆီကို သွားပြီး “သင်္ကြန်တွင်း နွား ဘေးမဲ့ပေးချင်လို့ ဟိုနွားကြီးကို ရောင်းပါ” ဆိုပြီး သူ့ကို ကန်ခဲ့တဲ့ နွားကြီးကို လက် ညှိုးထိုးတယ်။ နွားရှင်က ၀မ်းသာတာပေါ့။ တစ်သက်လုံး ကုန်းရုန်းလုပ်ခဲ့ရတဲ့ သူ့နွားကြီး လွတ်လပ်ရေးရတော့မှာကိုး။ ဒါနဲ့ လျှော့ဈေးနဲ့ ရောင်းလိုက်တယ်။ ဘာပြော ကောင်းမလဲ မြို့လည်းရောက်ရော “ငါ့ကို ဝှေ့တဲ့နွား တွေ့ကြသေးတာပေါ့” ဆိုပြီး ပညာရှိက နွားကို သားသတ်သမား လက်အပ်ပြီး အမဲပေါ် ပစ်လိုက်တယ်။ အောင်ပွဲခံတဲ့ အနေနဲ့ အမဲသားကို အရက်နဲ့ မြီးပစ်လိုက်တယ်။ နွားချိုကိုတော့ အမှတ်တရ အနေနဲ့ ယူထားလိုက်တာပေါ့။

ဒါနဲ့ မနားသေးဘူး၊ ပညာရှိဟာ ခွေးကိုက်ခံရတဲ့ ရွာကို သွားပြန်တယ်။ ခွေးရှင်ကို “ဦးကြီးရယ် . . . ဦးကြီးရဲ့ ခွေးကလေးက တော်တော်စွာတယ်။ ဒီလို စွာတဲ့ ခွေးမျိုးမွေးမှလည်း အိမ်လုံတာဗျ။ ကျွန်တော်က ပညာရှိဆိုတော့ အစည်း အဝေးတွေ ခဏခဏ တက်ရတယ်။ အိမ်မှာ လူမရှိတော့ သူခိုး သူဝှက်ရန် ကြောက်ရတယ်။ ခြံစောင့် ခွေးတစ်ကောင် လိုချင်နေတာ။ ကျွန်တော့် ခြံစောင့်ဖို့  ဒီခွေးလေးကို ရောင်းပါ။ ကောင်းကောင်း ကျွေးပြီး ကောင်းကောင်းထားပါမယ်” လို့ ပြောတယ်။ ပညာရှိဆိုတော့ တောသားက ယုံတာပေါ့လေ။ ဒါနဲ့ ခွေးကို အလကား နီးပါးနဲ့ ရောင်းလိုက်တယ်။ မြို့လည်း ရောက်ရော “ငါ့ကို ကိုက်တဲ့ ခွေးပညာပေးရသေးတာပေါ့”လို့ ကြုံးဝါးပြီး အရက်ဆိုင်မှာ ခွေးသားရောင်းတဲ့ လူရဲ့ လက်ထဲ ခွေးကို အပ်လိုက်တယ်။ ညနေရောက်တော့ “ပညာရှိကြီး အရက်နဲ့ မြီးဖို့” ဆိုပြီး ခွေးသားချက် တစ်ပန်းကန် လာပို့သွားတယ်။ ခွေးသားကို အရက်နဲ့ မြီးနေရင်းကနေ အမှတ်တရ ယူထားတဲ့ ခွေးသွားတွေကို ကြည့်ပြီး ပညာရှိက အားရကျေနပ် နေတယ်။ ခွေးသားက သိပ်မနူးဘူး။ နည်းနည်း မာနေတယ်။ သွားကလည်း အတုဆိုတော့ ၀ါးရတာ အားမရဘူး။ “ငါ့ကို သွားကျိုးအောင် ကန်တဲ့ မြင်း၊ ဒီတစ်ခါ ဒင်းအလှည့်” ဆိုပြီး ပညာရှိက မူးမူးနဲ့ အော်ပစ်လိုက်တယ်။

နောက် မကြာပါဘူး။ မြင်းကန်လိုက်တဲ့ ရွာကို သွားတယ်။ မြင်းရှင်ဆီကို ရောက်တော့ “ဒီမြင်း ကျွန်တော့် ရောင်းပါ” လို့ ပြောတယ်။ မြင်းရှင်က “ပညာရှိဆိုတာ မော်တော်ကား စီးရတာ မဟုတ်လား၊ မြင်းက ဘာလုပ်ဖို့လဲ”လို့ မေးတယ်။ ပညာရှိက “ဘဒွေး . . .ပိုလို ကစားနည်းကို သိလား။ မြင်းစီးပြီး မြင်းပေါ်ကနေ ဘောလုံးကို ဒုတ်နဲ့ ရိုက် ဂိုးဝင်အောင် သွင်းရတဲ့ ကစားနည်းလေ” ဆိုတော့ တောသားက ခေါင်းရမ်းပြတယ်။ “ပညာရှိဆိုတာ ဂေါက်ကစားရတယ်လို့ ကြားဖူးပါတယ်။ မြင်းစီးပြီး ပိုလိုကစားရတယ်လို့ ကြံကြံ ဖန်ဖန်ဗျာ” ဆိုပြီး ပြန်ပြောတယ်။ ပညာရှိက ဟန်ပါပါ အော်ရယ်လိုက်ပြီး “ဂေါက်ရိုက်တာ ဒိတ်အောက် သွားပြီ၊ အခု ခေတ်က ပိုလိုကစားတဲ့ ခေတ်ဗျ။ ကဲ . . . ဒီမြင်းကို ရောင်းလိုက်စမ်းပါ။ ကြိုက်ဈေးပေးပါမယ်။ နောက်ပိုလိုကစားတဲ့ မြင်းဆိုတာ နိုင်ငံခြားကပဲ ၀ယ်ကျွေးရ တာဗျ” ဆိုပြီးပြောလိုက်တယ်။ “အင်း . . . ငါ့မြင်းတော့ နိုင်ငံခြားက လာတဲ့ ပဲ စားရတော့မှာပဲ” ဆိုပြီး မြင်းရှင်က ၀မ်းသာအားရ ရောင်းလိုက်တယ်။ မြို့လည်း ရောက်ရော “ငါ့ကို ကန်တဲ့မြင်း သေမင်း လက်ရောက်ရော့ လဟယ်” ဆိုပြီး သားသတ်သမား လက်အပ် မြင်းသားပေါ် ပစ်လိုက်တယ်။
ပညာရှိဆိုတာက စာပေတွေ လေ့လာရတော့ အထိုင်များတယ်။ တစ်ခါတလေ ပညာရှိချင်း ၀ိုင်းဖွဲ့ ပြီး ပေါ်ကာ ဒေါင်းရတော့ ပိုဆိုးတာပေါ့။ ဒူလာ ကိုင်ချင်သလို၊ ညောင်းညာလာတယ်။ မြင်းသားက ဒူလာ ကောင်းတယ်လို့ ပညာရှိကြီးက ကြားဖူးပြီးသား၊ ဒါနဲ့ မြင်းသား တစ်ပိဿာလောက်ကို ချက် ပြီး အရက်နဲ့ မြီးပစ်လိုက်တယ်။ မြင်းခွာတွေကိုတော့ အမှတ်တရ အနေနဲ့ သိမ်းထားတာပေါ့လေ။

တစ်နေ့တော့ ပညာရှိကြီးဆီကို ခုံရုံးက ခေါ်စာတစ်စောင် ရောက်လာတယ်။ ဘာများလဲလို့ ပြူးပြာပြီး ခုံရုံးသို့ သွားခဲ့တယ်။ ခုံမင်း “ဒီမှာ ပညာရှိကြီး တိရစ္ဆာန်တွေကို လိမ်လည် သတ်ဖြတ်မှုနဲ့ ခင်ဗျားကို တရားစွဲထားတယ်”

“တရားလိုက ဘယ်သူပါလဲ ခင်ဗျာ”

“နွားတစ်ကောင်၊ ခွေးတစ်ကောင်နဲ့ မြင်းတစ်ကောင်ပဲဗျ။ သူတို့က ခင်ဗျားဟာ သူတို့ရဲ့ ညီအစ်ကိုဖြစ်တဲ့ နွားတစ်ကောင်၊ ခွေးတစ်ကောင်နဲ့ မြင်းတစ်ကောင်ကို ပိုင်ရှင်တွေဆီကနေ ၀ယ်သွားတယ်။ ကောင်းကောင်းထားပြီး ကောင်းကောင်း ကျွေးပါမယ်လို့လည်း ပြောခဲ့တယ်။ အဲဒီကတိမတည်ဘဲ ဒီတိရစ္ဆာန်တွေကို အငြိုးတကြီး သတ်ပစ်လိုက်တယ်လို့ ပြောတယ်ဗျ”

ပညာရှိလည်း မျက်နှာ ပျက်သွားတယ်။ ခုံမင်းက ဆက်ပြီး . . .
“နောက် ခင်ဗျားရဲ့ မယုံကြည်အပ်သောအရာဆိုတဲ့ ကျမ်းမှာ တစ် . . .နွားချို၊ နှစ် . . . ခွေးသွား၊ သုံး . . . မြင်းခွာဆိုပြီး ရေးထားတယ်ဆို”

“မှန်ပါတယ် ခုံမင်း”

“ဒီကျမ်းနဲ့ ခင်ဗျားက မဟာပညာရှိ ဘွဲ့ရတာဆို”

“ဟုတ်တယ်ဗျာ”

“သူတို့က တဟားဟားအော်ရယ်ပြီး အလကားပါကွာ။ ဒီ မယုံကြည်အပ်သော အရာဆိုတဲ့ ကျမ်းက ကျမ်းငပေါကြီးလို့ ပြောတယ်”

“ဘာ . . . ဒီကောင်တွေက ဒီလိုပြောရဲတယ်ပေါ့”

“ပြောတယ်ဗျာ။ ဒါတင်မကသေးဘူး။ ဒီကျမ်းက တော်တော် ချို့ယွင်းချက် ရှိနေတယ်။ တကယ်တမ်း မယုံကြည်အပ် ဆုံးအရာကို ဖော်ပြမထားဘူးတဲ့”

“တကယ်တမ်း မယုံကြည်အပ်ဆုံး အရာ ဟုတ်လား”

“ဟုတ်တယ်”

“ဘာလိုပြောလဲ ခုံမင်း”

“လူ့ ဦးနှောက်တဲ့။ ပညာရှိကြီးရဲ့ ဦးနှောက်မျိုးဆို ပိုတောင် မယုံကြည်အပ်ဘူးလို့ ပြောတယ်”

“တောက် . . . ခွေးမသားတွေ ဒီကောင်တွေကို အသရေဖျက်မှုနဲ့ တရား စွဲရမယ်”

“ဒါပေမယ့် ကျုပ်စုံစမ်းကြည့်တော့ သူတို့ ပြောသလိုပဲ။ ခင်ဗျားဟာ နွားတစ်ကောင်၊ ခွေးတစ်ကောင်၊ မြင်းတစ်ကောင်ကို ပက်ပက်စက်စက် သတ်ခဲ့တယ်ဆိုတာ ထင်ရှားနေတယ်ဗျ။ သက်သေခံ ပစ္စည်း တခြား သွားစရာ မလိုဘူး။ ခင်ဗျား အိမ်မှာ နွားချို၊ ခွေးသွားနဲ့ မြင်းခွာတွေ ရှိနေတယ် မဟုတ်လား”

“မြတ်စွာဘုရား . . .”

ဒီအရာတွေကို သိမ်းထားမိတာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်နေပြီဆိုပြီး ပညာရှိက မျက်လုံး ပြူးသွားတယ်။ နောက် မျက်နှာငယ်လေးနဲ့။
“ဒါတော့ ဒီသတ္တ၀ါတွေရဲ့ ဒဏ် ကျွန်တော် ခံရတာကိုး။ ကျွန်တော် နေရာမှာ ခုံမင်းဆိုလည်း ဒီလိုပဲ တုံ့ပြန်မှာ မဟုတ်လား။လူလူချင်း ကိုယ်ချင်းစာသင့်ပါတယ်ဗျာ။ သတ္တ၀ါတွေ သွေးထိုးတိုင်း မတရား မလုပ်သင့်ပါဘူး။ နောက် ကျွန်တော်က လူပါဗျ။ လူလို သိတတ်ပါတယ်။ ဟဲဟဲ . . . ဟဲဟဲ”

နောက်တစ်ပတ် အကြာမှာ ခုံမင်းက “ပညာရှိကို အသရေ ဖျက်မှု”နဲ့ နွား၊ ခွေး၊ မြင်းတို့ကို ကြိမ်ဒဏ် ဆယ်ချက်စီ အပြစ်ပေးပြီး မြိုင်ရပ်နှင်လိုက်တယ်။ ဒီလို ရလဒ်မျိုး ရလာတာကို ဒီသတ္တ၀ါတွေက မအံ့သြဘူး။ ဘာကြောင့်လဲဆိုတော့ ခုံမင်းက လူဖြစ် နေတာကိုးဗျ။ ဒီသုံးကောင်က အစပြုပြီး လောကမှာ မယုံကြည်အပ်ဆုံးအရာဟာ လူ့ဦးနှောက်ဆိုတာ တောရိုင်း သတ္တ၀ါတွေကြား ထဲထိအောင် ပျံ့နှံ့သွားတယ်။ ဒါကြောင့် သူတို့ဟာ လူကို အကြောက်ကြီး ကြောက်ပြီး လူဆိုရင် ဝေးဝေး ရှောင်ကြတယ်။ လူတွေရေးတဲ့ စာအုပ်တွေထဲမှာ မယုံကြည်အပ်သော အရာတွေက နွားချို၊ ခွေးသွား၊ မြင်းခွာဆိုပြီး သုံးမျိုးပဲ တွေ့ရတယ်။ လူ့ဦးနှောက် မပါဘူး။ ဘယ်ပါပါ့ မလဲ လူတွေက လူသာ အမြင့်မြတ်ဆုံး၊ လူက တန်ဖိုး အရှိဆုံးဆို တာလောက်ရေးချင်တာ၊ ကိုယ့်ပေါင်ကို လှန်ထောင်းတဲ့ အလုပ်၊ ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် အလုပ် ဘယ်တော့မှ မလုပ်ဘူး။ စာထဲပေထဲ အက္ခရာ တင်မထားပေမယ့် လောကမှာ မယုံကြည်ရဆုံး အရာက လူ့ဦးနှောက်ဆိုတာကိုတော့ လူတိုင်း သိနေကြတယ်ဗျ။

နတ်မှူး

No comments: