တရုတ်သို့ အဓမ္မ ထိမ်းမြားမှုနှင့် လူကုန်ကူး ခံခဲ့ရသူ အမျိုးသမီး တစ်ဦး၏ ဖွင့်ဟ ၀န်ခံချက်


မြန်မာနိုင်ငံ အတွင်းရှိ လူကုန်ကူးမှု ဖြစ်စဉ်များထဲမှ လူကုန်ကူးသူ တရားခံများ၏ (၆၅) ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်သည်ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုမှ သိရသည်။ လူကုန်ကူးခံရသူ အများစုမှာလည်း အမျိုးသမီး များပင်ဖြစ်၍ (၈၅) ရာခိုင် နှုန်းရှိကြောင်း သိရသည်။

ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ နှစ်စဉ် လူကုန်ကူးခံရမှု ပုံစံ (၇) မျိုးဖြင့် ဖြစ်ပွားလျှက်ရှိကြောင်း၊ ထိုပုံစံ (၇) မျိုးတွင် အဓမ္မထိမ်းမြား လက်ထပ်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။ ရွှေပြည်သာမြို့နယ် အတွင်းပိုင်း ကျသည့် ရပ်ကွက်ငယ်တစ်ခုတွင် နေထိုင်ပြီး တရုတ်ပြည်သို့  လူကုန် ကူးခံရကာ (၂) လ၀န်းကျင်ကြာမြင့် ပြီးမှ  ပြန်လည်ရောက်လာသည့် အမျိုးသမီးတစ်ဦးက ကိုယ်တိုင် လူ ကုန်ကူးခံရသည့် အဖြစ်အပျက်မှ ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူ တစ်ဦး၏  ပြောပြချက်များအား သိရှိနိုင်ရန် ဖော်ပြအပ်ပါသည်။

မို့မို့
အသက် (၃၂)နှစ်

ယောင်္ကျားအလုပ်က အိမ်တွေကို ဆေးလိုက်သုတ်ရတာဆိုတော့ မိုးတွင်းဆိုရင် အလုပ်ကမရှိဘူး။ အဲ့ဒါနဲ့ မစိုးဆိုတဲ့ အစ်မဆီက ပိုက်ဆံတွေ ခဏခဏ ယူချေးမိတယ်။ ကြာတော့ ပိုက်ဆံအကြွေး (၃) သောင်းလောက် ရှိသွားတယ်။ ကိုယ်က ပြန်လည်း မဆပ် နိုင်ဘူး။ သူက တရုတ်ပြည်မှာ အိမ်ဖော် လုပ်မလားတဲ့။  တရပ်ကွက် သားချင်းဆိုတော့ သူ့ကိုလည်း ယုံတယ်လေ။
 
ဒီလိုနဲ့ ၈ လပိုင်း (၂၂) ရက်နေ့က မစိုးနဲ့ လားရှိုးကို လိုက်သွားတယ်။ ဘာမှမပူနဲ့။ စားပြီးသောက်ပြီး (၂) သိန်းရမယ်ဆိုလို့ မစိုးပြော တဲ့ စကားကို ယုံပြီး  ယောင်္ကျား သဘောမတူတဲ့ကြားကနေ လိုက်သွား ခဲ့တယ်။ ရန်ကုန်ကနေ လာရှိုးကို ကျွန်မ ခရီးဆက်ခဲ့တယ်။
 
သားအိမ်အစစ်ခံရတယ်-

ကျွန်မတို့ လားရှိုးကနေ မင်းတိန် ရောက်တော့ ပွဲစားမိန်းမတွေ (၆) ယောက်လောက်ကို တွေ့ရတယ်။ သူတို့က ကျွန်မ အိမ်သာသွား ရင်အိမ်သာ၊ ထမင်းစားရင်လည်း အမြဲစောင့်ကြည့်နေတယ်။ ပြီးတော့ သူတို့က အဲ့ဒီမှာ ကျွန်မကို ကလေးမွေးနိုင်၊ မမွေးနိုင် ဗိုက် ကိုစစ်တယ်။ သားအိမ်ကို စစ်တယ်။ တစ်ကိုယ်လုံးကို စက်တွေနဲ့ စစ်ဆေးတယ်။ ကျွန်မကို ဓါတ်ပုံရိုက်ယူတယ်။ ကျွန်မစိတ်ထဲမှာ ထင်နေပြီ… သူတို့တွေက လူကုန်သည် ပွဲစားတွေလားလို့ စိတ်ထဲမှာ သံသယရှိနေပြီ။ နောက်တော့ ကျွန်မ သိလိုက်တယ် သူတို့ တွေက လူပွဲစားတွေဆိုတာ။

တရုတ်ငွေ (၄) သောင်းနဲ့ အရောင်းအ၀ယ်ဖြစ်တယ် ကျွန်မကို ဖုန်းတွေနဲ့လည်း အရောင်းအဝယ်လုပ်နေတာ ကြားတယ်။ အဲ့တာနဲ့ ကျွန်မ ထွက်ပြေးဖို့ လုပ်တယ်။ ဘယ်ထွက်ပြေးလို့ရမလဲ.. သူတို့မိသွားတယ်။ ကျွန်မကို သူတို့တွေက ရိုက်နှက်တာ တွေလုပ်တယ်။
နောက်တော့ ပွဲစားမိန်းမတွေက ကျွန်မလက်ထဲကို တရုတ်ဖုန်းတစ်လုံး လာထည့်ပေးတယ်။ သူတို့နဲ့ ဆက်သွယ်လို့ ရအောင်တဲ့။ အဲ့ဒီအချိန်မှာ ကျွန်မသိလိုက်တယ်။ ကျွန်မရောင်းစားခံရပြီ။ ကျွန်မသူတို့ တရုတ်ငွေ(၄) သောင်းနဲ့ အရောင်းအ၀ယ်ဖြစ်သွားတယ်။ ကျွန်မ အရမ်းခံစားရတယ်။  ကျွန်မဘာမှ မစားနိုင်တော့ဘူး။ ငါတော့ သေရတော့မှာပဲ ဆိုပြီး ငိုပဲငိုနေခဲ့တယ်။ ကျွန်မကိုဝယ်တဲ့ တရုတ်ကြီးက အသက်က (၃၇) နှစ်လောက် ရှိပြီ။ သူ့အိမ်ကိုရောက်သွားတော့ သူ့အမေရယ်၊ သူ့ညီရယ် ရှိတာတွေ့ရတယ်။

စောင့်ရှောက်ရေးဂေဟာမှာ သောင်သင်နေတယ် 
သူ့ဆီရောက်လို့ (၄) ရက်မြောက်နေ့မှာ သူက ကျွန်မကို လက်ဟန်ခြေဟန်နဲ့ အပြင်သွားဖို့ခေါ်တယ်။ ဒီလိုနဲ့ မြို့ထဲရောက်တော့ သူက ယောင်္ကျားလေး အိမ်သာထဲကို ၀င်သွားတယ်။ ကျွန်မလည်း ထွက်ပြေးဖို့ စိတ်ကူးရသွားတယ်။ နီးစပ်ရာ သတင်းစာရောင်း နေတဲ့ တရုတ်ကြီး တစ်ယောက်ကို ကျွန်မ ခြေဟန်လက်ဟန်နဲ့ ငိုပြီးပြောပြတယ်။ အဲ့ဒါနဲ့သူက တရုတ်ရဲကို ဖုန်းဆက်ပေးတယ်။ တရုတ်ရဲ ရောက်လာတယ်။ ကျွန်မကို စခန်းကို ခေါ်သွားတယ်။ ကျွန်မကိုမေးတဲ့ အခါမှာ ကျွန်မကို ၀ယ်တဲ့ တရုတ်ကြီးကို ဖုန်းနဲ့ ဓါတ်ပုံရိုက်ထားတာ ရှိတယ်လေ။ အဲ့ဒါကို ပြလိုက်တယ်။ သူတို့က အဲ့ပုံကို ဖျက်ပစ်တယ်။  ကျွန်မကို ပွဲစားမိန်းမတွေဆီကို ဖုန်းခေါ် ခိုင်းတယ်။ ပွဲစားတွေက ဖုန်းကို ချချပစ်တယ်။ လုံးဝ မကိုင်ဘူး။ အဲ့ဒါနဲ့ တရုတ်ရဲတွေက မူဆယ်နယ်စပ်ဂေဟာကို လိုက်ပို့ပေးတယ်။
အဲ့ဒီမှာ (၁၅- ၁၆) အရွယ် ကောင်မလေးတွေ အများကြီးပဲတွေ့ရတယ်။ တချို့ဆို ကိုယ့်ကိုကိုယ်တောင် မမှတ်မိချင်ဘူး။ ဦးနှောက် ပျက်နေတဲ့သူတွေ၊ ကိုယ့်အိမ်လိပ်စာတောင် ကိုယ်မမှတ် မိကြလို့ အမျိုးသမီးများ ထိန်းသိမ်းစောင့်ရှောင်ရေး   ဂေဟာမှာ သောင် တင်နေတဲ့လူတွေလည်း အများကြီးပဲ။ အဲ့ဒီမှာတွေ့ရတဲ့ မိန်းကလေးတွေ အများစုက အရမ်းဆင်းရဲပြီး စားဝတ်နေရေး မပြေလည် လို့ လူကုန်ကူးခံရတဲ့ သူတွေကြီးပဲ။

(၂)လတာ ငရဲခန်း
“ရည်ရွယ်တာက ဘုံနန်း၊ ခံစားရတာ ငရဲခန်း  ” ဆိုတဲ့ ဂေဟာမှာတွေ့တဲ့ ဆောင်ပုဒ်လေး တိုင်းပါပဲ။ ဒါ့ကြောင့် ကျွန်မ ကိုယ့်နိုင်ငံမှာ လက်လုပ်လက်စားပဲ လုပ်ရလုပ်ရ ရှာဖွေစားတော့မယ်။ လူကုန်ကူးတဲ့ ပွဲစားတွေ ကိုလည်း များများဖမ်းစေချင်တယ်။ အမျိုးကောင်း သမီးလေးတွေကို မပျက်စီးစေချင်ဘူး။ ကိုယ့်နိုင်ငံမှာ ရှိတဲ့အလုပ်တွေကိုပဲ ရှာဖွေစားသောက်ကြပါ။ သူများနိုင်ငံဆိုတာက မလုံခြုံ ပါဘူး။ အထင် မကြီးစေချင်ဘူး။ ကျွန်မလည်း ကျွန်မကို လူကုန်ကူးခဲ့တဲ့ ပွဲစားတွေကိုလည်း တိုင်ချက်ဖွင့် ထားတယ်။ ၂၂ ရက်နေ့ ၈ လပိုင်းက လိုက်သွားခဲ့တာ။ အခု ၂၁ ရက်နေ့ ၁၀ လပိုင်းမှာ ပြန်ရောက် လာတာပါ။ ၂ လနီးပါးကြာ ခဲ့ပါတယ်။

မြန်မာပြည်မှာပဲ အလုပ်လုပ်တော့မယ် အခု ကျွန်မ စိတ်ကူးထားတာက ၁ ပတ်လောက်နားပြီးရင် ယောင်္ကျားနဲ့ အလုပ်လုပ်မယ်လို့ စိတ်ကူး ထားပါတယ်။ လူကုန်ကူးခံရမှုမှာ လက်ရှိအချိန်တွင် မြို့ပေါ်မှ မိန်းကလေး မျာသာမက ယောင်္ကျားလေးများပါ လူကုန်ကူး ခံနေရကြောင်း လူကုန်ကူးမှု ကာကွယ်တာဆီးရေးအဖွဲ့များထံက  သိရသည်။

“ အရင်တုန်းကဆို အသိပညာနည်းပါးတဲ့ တောရွာတွေက လူတွေပဲ လူကုန်ကူးခံရပေမယ့် အခုဆိုမြို့တွေက လူတွေပါ လူကုန်ကူး ခံနေရတယ်။ မိန်းကလေးတွေ အများစု လူကုန်ကူးခံရတာကို လူတွေသိပေမယ့် နယ်စပ်ဘက်တွေကနေ တဆင့်သွားတဲ့ ယောင်္ကျား လေးတွေလည်း လူကုန်ကူး ခံနေကြရတာတွေ အများကြီးရှိပါတယ် ”  Youth Legal Clinic အဖွဲ့မှ ဒေါ်လှလှရီက ပြောသည်။

မြန်မာနိုင်ငံမှနေ၍ အခြားနိုင်ငံများသို့ လူကုန်ကူးခံရမှုတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရခြင်းမှာ အများဆုံးဖြစ်နေကြောင်း လူကုန် ကူးမှုဗဟိုမှ စာရင်းများအရ သိရသည်။ တရုတ်နိုင်ငံသို့ လူကုန်ကူး ခံရသူ အရေ အတွက်များပြားနေခြင်းမှာ တရုတ်ပြည်အစိုးရမှ ချမှတ်ထားသော one Child ပေါ်လစီ ကြောင့် အိမ်ထောင်သည်အများစု ကလေးယူရာတွင် ယောင်္ကျားလေးသာ အယူများနေပြီး တရုတ် ပြည်တွင် သတို့သမီး သန်း(၂၀၀) ၀န်းကျင် လိုအပ်လျက် ရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများ လူကုန် ကူး ခံနေရခြင်းဖြစ်သည်။

တရုတ်အစိုးရ အနေဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးကို ထိရောက်စွာ အရေးယူမှု မပြုလုပ်သည့် အတွက် မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ လုံခြုံရေးကို မိမိတို့ ကိုယ်တိုင်ထိန်းသိမ်းရန် အရေးကြီးကြောင်း ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ဆိုထားသည်။

No comments: