အိန္ဒိယသို့ ဘုရားဖူးသွားမည့် သူများအတွက် ဒီဇင်ဘာလမှစ၍ ကနဦး အယောက် ၁၀၀ အား တည်းခိုမှုနှင့် စားသောက်စရိတ်များကို အခမဲ့ဆောင်ရွက်ပေးမည်

အိန္ဒိယနိုင်ငံသို့ ဘုရားဖူးခရီးစဉ်များ သွားရောက်မည့် ပြည်တွင်း ခရီးသွားဧည့်သည်များအတွက် ၂၀၁၀ ပြည့်နှစ်ဒီဇင်ဘာလမှ စတင်ကာ စားသောက်စရိတ်နှင့် တည်းခိုစရိတ်များ အတွက် အခမဲ့နေထိုင်ခွင့်အား စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိဝိပဿနာအဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ဗန္ဓုလဦးရွှေက ပြောကြားခဲ့သည်။
 
အဆိုပါစီမံကိန်းကို စတင်ဆောင်ရွက်စဉ်တွင် ကနဦးရောက်ရှိသည့် ပြည်တွင်းခရီးသွားအယောက် ၁၀၀ ကို လက်ခံသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း ဦးရေတိုးချဲ့ လက်ခံဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ဘုရားဖူးခရီးစဉ်အဖြစ် သွားရောက်လည်ပတ်မည့် ခရီးသွားဧည့်သည် ဦးရေ ၁၀၀ အတွက် ၂၀၀၉ ခုနှစ် စက်တင်ဘာလမှ စတင်ကာ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ကြယ်သုံးပွင့် အဆင့်ရှိ လေးထပ်ဓမ္မသာလာ မြန်မာကျောင်းတော်ကြီးအား စတင်ဆောက် လုပ်ခဲ့ပြီး ယခု ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ပြီးစီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
" ဒီဇင်ဘာလအတွင်းမှာ ပြီးဆုံးတာနဲ့ ကနဦးရေက်လာတဲ့ ဘုရားဖူးဧည့်သည်အယောက် ၁၀၀ ကို လက်ခံပေးမယ်။ အခန်းတွေ အကုန်လုံးမှာ ပါကေးခင်းမယ်။ အဲယားကွန်း တွေ တပ်ဆင်ထားမယ်။ ရေအိမ်၊ ရေ ချိုခန်းတွဲလျက် အခန်းပါမယ်။ အစစ အရာရာ အဆင်ပြေအောင်လည်း ဆောင်ရွက်ပေးထားမယ်။ ဒီအတွက် ပြင်ပမှ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေကို လက်မခံဘူး။ ယောဂီတွေဆိုရင်တော့ လှူဒါန်းမှုတွေကို လက်ခံပါမယ်။ ဘုရားဖူးလာရောက်တဲ့ ခရီးသွားတွေအတွက် သက်သတ်လွတ် ထမင်းဟင်း ကျွေးသွားပါမယ်။ နှစ်ယောက်တွဲအခန်းကို ကျပ်သိန်း ၈၀ နဲ့ အလှူငွေလက်ခံပါတယ်။

အဓိကကတော့ ပြည်တွင်းက ခရီးသွားဧည့်သည်တွေကို ဦးစားပေး တည်းခိုခွင့်ပြုမယ်။ ပြီးမှ အခြားဧည့်သည်တွေကို တည်းခိုခွင့်ပြုသွားမှာပါ"ဟု အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိဝိပဿနာ အဖွဲ့၏ ဥက္ကဋ္ဌ ဗန္ဓုလ ဦးရွှေက ပြောကြားခဲ့သည်။

No comments: