ဆိုင်ကယ်မြို့တော်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပြဿနာ

မြို့ဧရိယာ ၄၁ ဒသမ ၃၉ စတု ရန်းမိုင်နှင့် လူဦးရေတစ်သန်းနီးပါးရှိသော မန္တလေးမြို့၏ စီးပွားရေး အချက်အချာနေရာ (Central Business District) ဧရိယာများအတွင်း၌ ယာဉ်ကြောရှုပ်ထွေးမှုများ ပိုမိုများပြားလာခဲ့ ပြီး လူတစ်ဦးချင်း သယ်ယူပို့ဆောင်ရေးဖြစ်သည့် ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး အသုံးပြုသွားလာသည့် ခရီးစဉ် (Individual Transportation) များကြောင့် မြို့ပြလမ်းများအတွင်း Traffic Congestion များ ငါးနှစ်တာကာလအတွင်း ပိုမိုကြုံတွေ့လာကြောင်း သိရှိရသည်။ မြို့ပြ၏ မော်တော်ယာဉ် သုံးစွဲမှုအနေဖြင့် လွန်ခဲ့သော ငါးနှစ်ကျော်ကာလအတွင်း မြို့လူဦးရေ တစ်သန်းနီးပါး၌ ဘတ်စကား အသုံးပြုသူအရေအတွက်မှာ  ၁၀ ရာခိုင်နှုန်းကျော်သာ ရှိကြောင်း မြို့ပြ ဆိုင်ရာ စာတမ်းတစ်စောင်တွင် တွေ့ရှိရသည်။

ဆိုင်ကယ်မြို့တော် ဖြစ်လာသောမန္တလေး
    ယခင်က စက်ဘီးမြို့တော်ဟု တင်စားခေါ်ဝေါ်ခဲ့သော မန္တလေးမြို့ တွင် ၂၀၀၃ ခုနှစ်အတွင်း ဆိုင်ကယ် စီးရေ ၆၅၇၁၈ စီးရှိခဲ့ရာမှ ၂၀၀၄ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဒေသဆိုင်ရာလိုင်စင်များ ချထားပေးခဲ့ရာ ဆိုင်ကယ်အစီးရေ ၁၃၀၀၀၀ ကျော် တိုးပွားလာခဲ့ရာ ယခုအခါ ဆိုင်ကယ် မြို့တော်ဟု ပြောင်းလဲခေါ်ဆိုလာခဲ့ကြသည်။ ထို့အတူ ၂၀၀၈ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်များတွင်လည်း ဆိုင်ကယ်လိုင်စင်များ ထပ်မံချထားပေးခဲ့၍ ယခုအခါ မန္တလေးမြို့အတွင်း ဆိုင်ကယ် စီးရေ ငါးသိန်းဝန်းကျင်ခန့်ထိ ရောက်ရှိလာခဲ့သည်။

    ယင်းသို့အခြေအနေတွင် မန္တလေးမြို့၌မောင်းနှင်လျက်ရှိသော စက်တပ်ယာဉ်များ (မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်နှင့် အခြားစက်တပ်ယာဉ်များ အားလုံး)၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပြဿနာများကို သြဂုတ်လ ၃ ရက်နေ့မှစတင်၍ လှည့်ကင်းများ၊ ရှောင်တခင်စစ်ဆေးခြင်းများဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ပညာပေးရေးနှင့် စည်းကမ်းသတ်မှတ်ရေး ဆပ်ကော်မတီမှ ထုတ်ပြန်ကြေညာ၍ အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေရကြောင်း သိရသည်။

    "သွားလာနေကြသူတွေမှာ နား လည်မှုမျိုးနဲ့ မောင်းနှင်တာမျိုးဖြစ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအနေနဲ့ တော်တော်အားနည်းပါတယ်။ နောက်ပြီးလေးထောင့်ကျ မြို့ကွက်ပုံစံနဲ့ မြို့ပြလမ်းတွေဟာ ပေ ၆၀၀ ကို တစ်ပြ သတ်မှတ် ဖောက်လုပ်ထားတဲ့ အတွက် ပေ ၆၀၀ အတွင်းမှာ လမ်းဆုံးတစ်ခုရှိနေတယ်။ လမ်းတွေရဲ့ အကွာအဝေး တူညီနေပြီး ဖြတ်လမ်းမရှိတဲ့လမ်းတွေအရ စီးပွားရေး အချက်အချာ နေရာတွေမှာ တိုးပွားလာတဲ့ယာဉ်စီးရေနဲ့ လမ်းအသုံးပြုမှု ယာဉ်ကြောရှုပ်ထွေးမှုတွေ များလာခဲ့တယ်"ဟု မြို့ခံတစ်ဦးက ဆိုပါသည်။

    "ဆိုင်ကယ် အသုံးပြုမှုများတဲ့ အတွက် လမ်းဆုံလမ်းခွနဲ့မီးပွိုင့်တွေ မှာ မီးပွိုင့်လွတ်တာနဲ့ သူ့ထက်ငါ အပြိုင်ကြုံသလို ၀င်ထွက် မောင်းနှင်ကြတော့ မလိုလားအပ်တဲ့ ယာဉ်ကြောရှုပ်ထွေးမှုနဲ့ ယာဉ်မတော်တဆမှုတွေ ရှိလာတယ်"ဟု ဆက်လက်ပြောကြား ခဲ့သည်။

စက်ဘီးစီးနေဆဲမြို့
    ပုဂ္ဂလိက သွားလာရေးအတွက် အသုံးပြုဆဲဖြစ်သော စက်ဘီးများကလည်း အခြေခံလူတန်းစားများအတွက် တွင်ကျယ်သော အသုံးပြုမှုအဖြစ် ရှိနေရာ မန္တလေးမြို့တွင်း လမ်းများနှင့် ဆက်စပ်လျက်ရှိသော မြို့သစ်ကဲ့သို့ မြို့ဆင်ခြေဖုံး ရပ်ကွက်များသို့ သွားရာ လမ်းများပေါ်တွင် အလုပ်သွား၊ အလုပ်ပြန်ချိန်များ၌ ယာဉ်ကြောရှုပ် ထွေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ယာဉ်ကြောရှုပ်ထွေးမှုနှင့် ယာဉ်အန္တရာယ်ဖြစ်ပွားမှုများ လျော့ကျစေ ရန်အတွက် စက်ဘီး၊ ဆိုင်ကယ် သီးသန့်လမ်းများ ဖောက်လုပ်၍လည်းကောင်း၊ တစ်လမ်းမောင်းများ သတ်မှတ်၍လည်းကောင်း ယာဉ်ကြောရှုပ်ထွေးမှုများကို ဖြေရှင်းလျက်ရှိသည်။ စက်ဘီးစီးရေ သိန်းကဏန်းချီ ရှိနေသောကြောင့် မန္တလေးမြို့၏ ယာဉ် အသုံးပြုမှုပုံစံအရ ယာဉ်များ၏ Speed ကိုကန့်သတ်လျက်ရှိသည့် အနှေးယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကြောင့် အချိန်ကြန့်ကြာမှုများကို အများဆုံး ရင်ဆိုင်နေရကြောင်း မြို့ပြအင်ဂျင်နီယာတစ်ဦးက သုံးသပ်ပါသည်။

မော်တော်ယာဉ်လိုင်းများ
    မန္တလေးမြို့တွင်း ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်လိုင်းပေါင်း ၄၃ လိုင်းတွင် ယာဉ်စီးရေ ၁၅၀၀ ၀န်းကျင်ခန့်ရှိနေပြီး အဆိုပါယာဉ်လိုင်းများပြေးဆွဲရာ လမ်းပိုင်းများဖြစ်သည့် ပြတိုက်ရှေ့နှင့် မဟာမုနိဘုရားကြီး သွားရာလမ်း၊ ဈေးချိုတော်နှင့်ကိုင်းတန်း ဈေးလမ်းကြောဖြစ်သည့် ၈၄ လမ်း ပေါ်တွင် ယာဉ်ကြောအရှုပ်ထွေးဆုံး ဖြစ်ပေါ်လျက်ရှိသည်။

    အဆိုပါလမ်းပိုင်း အခြေအနေကို မန္တလေးမြို့ခံတစ်ဦးက "ဈေးချိုတော် ပိတ်တဲ့ ဥပုသ်နေ့တစ်ရက်ပဲ ၈၄ လမ်း မကြီးက ရှင်းတယ်။ ကျန်တဲ့နေ့တွေ ဆိုရင် အ၀င်အထွက် လွယ်ပါတယ်ဆိုတဲ့ ဆိုင်ကယ်တွေတောင် ၈၄ လမ်းမ ပေါ်မှာ တိုးဖို့မလွယ်ဘူး။ ဘတ်စကားလိုင်းတွေက ယာဉ်ကြောနှစ်ထပ်တောင် မကဘူး။ ခရီးသည်စောင့်ပြီး အလုအယက်စောင့်တင်တာမျိုး၊ နောက်က ယာဉ်ကြောကိုမကြည့်ဘဲ ရပ်ချင်သလို ရပ်ပြီး တင်တာ၊ ချတာမျိုးတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုနဲ့ မတော်တဆမှု တွေများတယ်။ အဲဒီလို ယာဉ်ကြောရှုပ်ထွေးမှုတွေအရ ဈေးချိုဝန်းကျင် ၈၄ လမ်း၊ ၈၅ လမ်းကြား၊၂၇ လမ်းနဲ့ ၂၈ လမ်းတွေကို အရင်ကတည်းက တစ်လမ်းမောင်းတွေ သတ်မှတ်ထားတယ်။ အခုဆို အဓိကလမ်းမကြီး ဖြစ်တဲ့ ၈၄ လမ်း၊ ၂၆ လမ်းနဲ့ ၂၇ လမ်းကြားကို တစ်လမ်းမောင်းထပ်ပြီး သတ်မှတ်ခဲ့ရတယ်။ လမ်းအကျယ်က ပေ ၆၀ ကျော်ရှိပြီး ခြောက်လမ်းသွားအသုံးပြုနိုင်တဲ့ အကျယ်အ၀န်းရှိပေမယ့် အသုံး ပြုသွားလာသူတွေရဲ့ ယာဉ်စည်းကမ်း လိုက်နာမှုအားနည်းလို့ နှစ်လမ်းသွား အဆင့်အောက် လျော့ကျသွားတယ်"ဟု ဆိုပါသည်။

မန္တလေးမြို့၏လမ်းမများ
    ယာဉ်အသုံးပြုမှုများ နှစ်စဉ် များပြားလာခြင်းနှင့်အတူ  မြို့ပေါ်ရှိ လမ်းများကို အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ လမ်းသစ်ဖောက်လုပ်ခြင်း တို့ကိုလည်း ယာဉ်စီးရေ၊ လူဦးရေနှင့် အနာဂတ်ကာလ လိုအပ်ချက်များအတွက် မြို့ပြ လမ်းများကို စီမံကိန်းများချမှတ် အကောင်အထည်ဖော်ခဲ့သည်။ ထို့ကြောင့် မြို့ပြလမ်းများ၏ ၉၀ ရာခိုင်နှုန်းခန့် မှာသွားလာရန်အတွက် အဆင်ပြေ ချောမွေ့မှု ရှိလာသော်လည်း လမ်းတိုးချဲ့ရန်မဖြစ်နိုင်သော လမ်းမအချို့နှင့် စီးပွားရေးအ ချက်အချာကျသည့် လမ်းမများပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု များကို ဖြေရှင်းပေးနိုင်ခြင်း မရှိကြောင်း တွေ့ရသည်။

Eleven Media Group မှ ကူးယူတင်ပြသည်။

No comments: