မိမိတို့နှလုံးသားထဲတွင် စွဲထင်နေသည်က ရဲဘော်စိတ် ပင်ဖြစ်သည်။
ရဲဘော်ရဲဘက်စကားနှစ်လုံးသည် မိမိတို့ဘ၀တလျှောက်လုံးတွင် တန်ဖိုးထားခြင်း မြင့်မားနေဆဲပင်။ ၁၉၂၀ မှ ဖက်ဆစ်တော်လှန်ရေး… လွတ်လပ်ရေးရသည်အထိ သမိုင်းမှတ်တမ်းများ ကြားခဲ့ရသော မျိုးချစ် တော်လှန်ရေး သမားကြီးများ၏ အတွေ့အကြုံများ၊ နှုတ်ဖျားတို့တွင် ၄င်း၏အဓိပ္ပါယ်မှာ နှစ်လုံးသားကို ထိခိုက်လွန်းသည်။ ကြေကွဲ ၀မ်းနည်းစရာ၊ စွန့်လွှတ်ဖြတ်သန်းမှု ဖြစ်စဉ်များတွင် စိတ်ဓါတ်ခွန်အားတိုးသည့် ဆေးများဖြစ်ခဲ့သည်။ သမိုင်းပေး တာဝန်များ၊ ၀တ္တရားများ၊ သစ္စာတရားများနှင့် စောင့်ထိန်းလာခဲ့ရသည့် ကျင့်ဝတ် ကျင့်စဉ်များဟု ယုံကြည်ခံယူ မိပါသည်။
ပဒေသရာဇ်ခေတ်က ရဲမက်များ၏ သစ္စာတရားများလည်း ဖြစ်ပေလိမ့်မည်။ ဤတန်ဖိုးထားသည့် တော်လှန်ရေး ခွန်အား သတ္တိများ၏ အဓိပ္ပါယ်လေးနက်မှုတို့တွင် စစ်အာဏာရှင် ကြီးစိုးလာသော ခေတ်များတွင်မှ အနှစ်သာရတို့ ဖျက်ဆီးခံခဲ့ရသည်။ လေးနက်မှုများ စော်ကားခံခဲ့ရသည်ဟု မိမိတို့ ခံစားမိတော့သည်။
မဆလ ခေတ်က ရဲဘော်စိတ်ဓါတ်ကို လက်ဝဲဆန်သည့်၊ လက်ဝဲယိမ်းသည့် ကွန်မြူနစ်များ လူငယ်များက သုံးသည်ဟု ကြားသိခဲ့ရသည်။ တနည်းတော့ လက်ယာသမားဟု မိမိတို့ကိုယ်မိမိတို့ သတ်မှတ်ခဲ့ကြသောသူများက စိတ်ထဲမှာရွံ့နေဟန် ရှိနေသည်ကိုလည်း ကြားသိခဲ့ရသေးသည်။ ထိုခေတ် ထိုအခါများက လက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲများ ပေါင်းစပ်ပြီးအောင်ပွဲခံခဲ့သည့် ရုရှ(ဆိုဗီယက်နိုင်ငံ)၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကျူးဘားနိုင်ငံများ၏ အောင်ပွဲခံသမိုင်းများက ကမ္ဘာကို တုန်လှုပ်စေခဲ့သောကြောင့် ဖြစ်ပေမည်။ လက်ဝဲ စာရေးဆရာကြီးများဖြစ်ကြသော ဂေါ်ကီ၊ လူရွှန်း၊ ချက်ကော့ဖ် တို့၏အဓိက ဇာတ်ကောင်များ၏စိတ်ဓါတ်များ လွှမ်းမိုးနေသောကြောင့်လည်း ဖြစ်ပေလိမ့်မည်။ ကွန်မြူနစ်တို့၏ အောင်ပွဲရင့်ကျူးသံသီချင်း။ အောင်ပွဲခံသီချင်း။ ကွန်မြူနစ်မှန်လျှင် မသိမရ၊ မကျူးရင့်နိုင်သော အာဂုံမဆောင်ဘဲ မရနိုင်သော၊ သူတို့ချစ်မြတ်နိုးလွန်းသော သီချင်းတပုဒ်ကား အင်တာနေရှင်နယ် သီချင်း၊ တပုဒ်ပင်ဖြစ်ပါသည်။
သီချင်းအစသည် ထလော့… အငတ်ဘေးကျရောက်သူတို့တတွေ… ထလော့ … ကမ္ဘာ တ၀ှမ်းလုံးက ကျေးကျွန်တွေ… နှင့် စထားပြီး သံစုံပိုဒ်တွင် .. ရဲဘော်တို့လာ … စုရုံးကြဟေ … အဆုံးစစ်ပွဲနွှဲမယ်လေ… အင်တာနေရှင်နယ်… ကမ္ဘ မှာအကုန်ညီစေ… ဟူသောအပိုဒ်က ပိုတက်ကြွစေပြီး ရဲဘော်တို့ဟူသော အသုံးအနှုန်းက ပိုပြီးလေးနက် နေစေခြင်းဖြစ်ပါသည်။ သူတို့၏ ရဲဘော်ဟူသော စကားအဓိပ္ပါယ်သည် စည်းလုံးညီညွတ်ခြင်းနှင့် တိုက်ပွဲဝင်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်းတို့ကို ရည်ညွန်းနေပါသည်။
ရဲဘော်၏အနှစ်သာရသည် တိုက်ပွဲကြားမှာ ပိုပြီးပြည့်စုံစွာ ခံစားရပေလိမ့်မည်။ ရဲဘော်နှင့်အတူ ရဲမက်ဟူသော စကားနှင့် ထပ်တူပြုပါလိမ့်မည်။ ရဲဘော်ရဲဘက် သည် စကားဖို၊ စကားမ ဖြစ်ဟန်တူသော်လည်း ဝေါဟာရချည်းဘဲမဟုတ်။ အနှစ်သာရအပြည့်၊ တိုက်ပွဲ၊ ခံစားမှု၊ နှလုံးသား အောင်ပွဲများနှင့် သက်ဆိုင်ပေလိမ့်မည်။
လုပ်ဖော်ကိုင်ဘက်မဟုတ်၊ သေဖော်သေဘက်ဟုဆိုရသော် စကားအစွန်း လွန်မည်ဟု မထင်ပေ။ ၄င်းသည် သစ္စာတရားနှင့် မေတ္တာတရားကို ညွှန်းပေလိမ့်မည်။
၎င်းစကားတွဲဘက်တလုံးကို မဆလတို့ခေတ်က ဆိုက်ဝါးသုံးပြီး ဖျက်ဆီးခဲ့ဟန်တူသည်။ ကွန်မြူနစ်တို့ချစ်သော မြတ်နိုးသောဝေါဟာရ ရဲဘော်ကိုဖြုတ်၍မရတော့ ရဲဘက် ကိုခွဲပြီးသုံးဟန်တူပါသည်။ သာမန်ရာဇ၀တ်မှုအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများကို ရောသမပြီး အပြင်ထုတ် အလုပ်ကြမ်းခိုင်းပြီး ပေါ်တာ၊ ချွေးတပ်ဆွဲသည်ကို ဖျောက်ရန် စကားလုံးကိုသုံးကြသည်။ တချက်ခုတ်နှစ်ချက်ပြတ် ရဲဘက် ထုတ်သည်ဟု ဆိုတော့သည်။ စစ်သားများကို ရဲဘော်များဟု တင်စားချီးကျူးထားသည်ကို ဖြုတ်၍မရသောအခါ စစ်သားများနှင့် တူသယောင်ယောင် ရဲဘက်ဟု ခေါ်ဝေါ်သုံးစွဲပြီး အပြင်ထုတ်ခိုင်းတော့သည်။ ရဲဘက်စခန်းများတဲ့….။ လမ်းဖောက်၊ ကျောက်ထု တောရှင်းကိစ္စများတွင် အမှည့်ချွေ ချွေခိုင်းတော့သည်။ နိုင်ငံရေး၊ လူမှုရေး ကို သင်းကွပ် ညှင်းပမ်း နှိပ်စက်ခြင်းများပင်။
ရဲဘော်စိတ် ရဲဘက်စိတ်ကို ခွဲထုတ်လိုက်တော့သည်။ ရဲဘော်ကား ကျန်ခဲ့ပြီး ရဲဘက်ကား နှောင်းလူတို့အတွက် မကောင်းသောဝေါဟာရ စကားလုံးတလုံးအနေနှင့် ကျန်ခဲ့တော့သည်။ မဆလ ခေတ်ပြောင်းတော်လှန်ရေးမှာ အကြံကြီးလွန်းသည့် ဆိုက်ဝါးပင်။
မိမိတို့ကျောင်းသားလှုပ်ရှားမှုများတွင် ရဲဘော်ဟုခေါ်ခံရလျှင် ကြက်သီးထသွားလေ့ရှိသည်။ ရဲဘော်ဟူသည် နောက်ဆုံးပိတ်တိုက်ပွဲအထိ တိုက်မည်ဟု သိထားကြသည်။ သေမြေကြီး ရှင်ရွှေထီးဟူသော စကားလုံးထက် သေလျှင်တာဝန်ကျေပြီး မသေလျှင် ပြည်သူတို့နှင့်အတူ အောင်ပွဲခံမည်ဟု ယုံကြည်ထားကြသောကြောင့်ပင်။
မိမိတို့ငယ်စဉ် ၇၄၊ ၇၅၊ ၇၆ ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံများထဲမှ ရဲဘော်စိတ်အပြည့်ရှိသူတဦးကို တွေ့ခဲ့ဘူးသည်။ သူ့စိတ်ဓါတ်နှင့် တိုက်ပွဲဝင်မှုက စံပြပင်။ အာဇာနည်ဟုလည်း အလေးပြု မှတ်တမ်းတင်ထားပါသည်။ တက္ကသိုလ်ကျောင်းသားလည်း ဖြစ်သည်။ … သူ့ခေတ်သူ့သမိုင်းကို ဖြတ်သန်းကြတိုင်း အာဇာနည်မှတ်တမ်း သမိုင်းကား တုန်လှုပ်အောင် ကျန်ခဲ့ကြသည်။ …. အညတရ အာဇာနည်များလည်း ရှိခဲ့ကြပါသည်။ မှတ်တမ်းမတင်နိုင်ခဲ့၍ မသိခဲ့ကြသော်လည်း မိမိတို့ တွေ့သိခံစားခဲ့ရသော အတွေ့အကြုံ မှတ်တမ်းကိုတော့ မျိုးဆက်သစ်များအား ပြောရဦးမည့် တာဝန်နှင့်ဝတ္တရားများ ရှိပါသည်။
သက်ကြီးစကား သက်ငယ်ကြားပြီး အားရှိကြမည်။ ခွန်အားတိုးပွားလာကြမည်ဟု နားလည်ယုံကြည်မိသော်လည်း သက်ကြီးအမှား သက်ငယ်ကြားရသည်မှာလည်း ရင်နင့်စရာ၊ စိတ်အားငယ်စရာ၊ ထိတ်လန့်စရာများနှင့် ပြည့်နေတတ်ပါသေးသည်။ … ခံယူတတ်သူ၊ တိုးတက်မှုကိုရရန် ခွန်အားတိုးပွားနေသော မျိုးဆက်သစ်များကား သက်ကြီးစကားနှင့် သက်ကြီးအမှား။ … အမှားအမှန်တိုက်ပွဲများကို ကိုယ်ပိုင်ဥာဏ်ဖြင့်ချင့်ချိန်ပြီး မျိုးဆက်သစ်တာဝန်ကို ထမ်းဆောင်ပေလိမ့်မည်။ မျိုးဆက်သစ်တို့၏တာဝန်သည် အဖိနှိပ်ခံပြည်သူများဘက်မှရပ်ပြီး အောင်ပွဲခံနိုင်ခြင်းပင် ဖြစ်ပါသည်။ အောင်ပွဲရရှိနိုင်ရန် ခေတ်တခေတ်ကို ဖြတ်သန်းခဲ့သည့် အာဇာနည်သူရဲကောင်းတို့စိတ်ဓါတ် တနည်းပြောရလျှင် ရဲဘော်ရဲဘက် စိတ်ဓါတ်သည် ယခုလို ဖြစ်ပေလိမ့်မည်။
ရင်ကွဲတိုက်၊ ကြိုးတိုက် ဘယ်လိုဘဲခေါ်ခေါ် တိုက်(၂)တွင် မိမိတို့ ၇၄၊ ၇၅ အရေးအခင်းက ကျောင်းသား (၅၀)လောက် ရောက်နေသည်။ တဖက် အခန်း (၃၀) မျက်နှာချင်းဆိုင် ခွဲထားပြီး ရှေ့ဘက် (၁၀)ခန်းစီ အခန်း(၂၀)မှာတော့ အကျယ်ဟု ခွဲထားသည်။ သစ်သားတံခါးဖြင့် ပိတ်ထားသည်။ ကျန်အခန်း(၄၀)မှာ မျက်နှာချင်းဆိုင်အခန်း (၂၀)စီ ရှိသည်။ ၄င်းကို အကျဉ်းဟု ခေါ်သည်။ အကျဉ်းက နံပါတ် (၁၁)က စပြီး (၅၀)မှာ ဆုံးသည်။ ပုံစံဆန့်ကျင်၍တွဲဘက်ထောင်မှ ရိုက်နှက်ထုထောင်းပြီး ပို့ထားသည့် ကျောင်းသားများက အကျဉ်းဘက် အခန်းများတွင်ရှိသည်။ အသက် (၂၆)နှစ်က အကြီးဆုံးဖြစ်သည်။ ကျောင်းသားမဟုတ်ဘဲ ဘွဲ့ရသူတဦး(ကိုကျော်စိုး သင်္ချာ၊ သက္ကလအသင်းရွာ၊ ကိုးကိုးကျွန်းပြန် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဗဖူးညွှန့်)နှင့် ဦးကျော်လင်း (အထက်တန်းရှေ့နေကြီး အင်းစိန်) ကိုတော့ တခန်းစီခွဲထားသည်။ ၄င်းတို့နှစ်ဦးကို ဦးဆောင်ခဲ့သည်ဆိုပြီး သီးခြား တခန်းစီ ခွဲထားသည်။ မိမိတို့က တခန်း (၈)ယောက်၊ (၄)ယောက်၊ (၅)ယောက်၊ (၇) ယောက်စီ စသည်ဖြင့် ထည့်ထားသည်။ အ၀တ်တထည်ကိုယ်တခုနှင့် လမ်းတွင်လည်း ရိုက်နှက်လာကြသည့်အပြင် တွဲဘက်အဆောင်(၂)မှ ထွက်တုန်းကလည်း ၀ိုင်းသမကြသဖြင့် ကိုသက်လှိုင်(အာအိုင်တီ မြို့ပြ စတုတ္ထနှစ် အမေရိကန် ကွယ်လွန်) က ခေါင်းကွဲသည်။ အောင်ကို (အထက်တန်းကျောင်းသား တောင်သာ) စောလှငွေ(စတုတ္ထနှစ် စိတ်ပညာ) ခေါင်းကွဲပြီး မိမိကတော့ ဘယ်လက်မောင်းရိုး အက်သွားပြီး ဖူးယောင်သွားသည်။ ကျန်သူများမှာ မကွဲကြသော်လည်း အာလူးသီး အနည်းဆုံးနှစ်လုံးမှ သုံးလုံးထိ ဖူးယောင်သွားကြပြီး တချို့မှာ မျက်ကွင်းတဖက်ညိုကြ နှစ်ဖက်ညိုကြသည်။ နံနိမ့်သွားကြသည်။ တယောက်မှ အကောင်းပကတိ မရှိ။ လာလူး(အထက်တန်းကျောင်းသား မွတ်ဆလင်)နှင့် ထွန်းထွန်း(စတုတ္ထ ရူပဗေဒ စာရေးဆရာ တောင်တွင်း ဦးကိုကိုကြီးသားလတ် နယ်စပ်သေဆုံး)တို့ကတော့ ခေါင်းမှာ သွေးစလေးတွေနှင့် ရှိနေသည်။ မချုပ်ပေးပါ။ နောက်တနေ့ကျမှ အပ်ချည်နှင့် အစိမ်းချုပ် ချုပ်ပေးသည်။ ဘယ်သူမှ မညည်းကြ။ အံကြိတ်ထားကြသည်။
အဲဒီတုန်းက ကြိုးတိုက်တွင် နိုင်ငံရေးမှုနှင့် ကြိုးကျနေသူ လူငယ်ကျောင်းသား (၃)ဦး ရှိသည်။ ကိုတင်မောင်ဦးက ၇၄၊ ၇၅၊ ၇၆ ကျောင်းသား၊ စောလှဝင်းနှင့် ဗဆွေလေး (တကသ မဟုတ်) တို့က ပြည်ချစ်အဖွဲ့နှင့် ဆက်သွယ်၍ ပြန်လာသူများ၊ ဖောက်ခွဲရေးအမှုဟု စွဲချက်တင်ပြီး သေဒဏ်ပေးခြင်း ခံရသူများ ဖြစ်သည်။ အခြား ရာဇ၀တ်မှုများနှင့် သေဒဏ်ကြိုးပေးခံရသည့် အကျဉ်းသား(၃)ဦးကိုလည်း တခန်းစီ ထားကြသည်။ အဲဒီအချိန်က ၄င်းတို့က ဆန်ဖြူနှင့် အသားဟင်းတခွက် ပုံစံစားရသေးသည်။ နေ့လည် (၁)နာရီတွင် ရေချိုးခွင့် အ၀တ်လျှော်ခွင် လမ်းလျှောက်ခွင့် ရသေးသည်။ မိမိတို့ဘက် မလာရဟု အမိန့်ထုတ်ထားသည်။ တပါတ် နီးပါးကြာတော့ ကိုတင်မောင်ဦးက အောက်ခံဘောင်းဘီလေးနှင့် ခပ်သွက်သွက်လေး ပြေးလာပြီး ဘယ်သူတွေလဲ၊ ဘာဖြစ်တာလဲလို့ မေးသွားသည်။ … အစောင့် ၀ါဒါအလစ်မှာ ပြေး ပြေးလာခြင်း ဖြစ်သည်။ … စောလှဝင်းနှင့် ဗဆွေလေးတို့နှစ်ယောက်လည်း အလစ်အလစ် ပြေးလာတတ်ကြသည်။
မိမိတို့ထဲမှ မောင်အုန်းမြင့်လေး (အလယ်တန်းကျောင်းသား)ဖျားသည်။ အရိုက်ခံရသည့်အရှိန်နှင့် စိတ်ပင်ပန်းလွန်းသောကြောင့် ဖြစ်သည်။ သူတို့အခန်းတွင် (၈)ယောက်ဘဲ ရှိသည်။ အသက် (၁၇)နှစ်အောက်များပင်။ ထမင်းမစားနိုင်။ အခန်းတွင် ဂံဖလား (၂)လုံးသာ ပေးထားသောကြောင့် သေး၊ ချေး လျှံနေသဖြင့် အလှည့်ကျဝါဒါအား ပြောပြီး အပြင်ထွက် သွန်ကြရသည်။ သွန်ပြီးချက်ချင်း ပြန်ပိတ်သည်။ အတတ်နိုင်ဆုံး ဒီဒုက္ခတွေကို ကြိတ်မှိတ်ခံကြသည်။ ထောင်ပုံစံတော့ အကိုင်မခံနိုင်ဟု စိတ်ထဲတင်းထားကြသည်။ … နံနက်စာ လုံးတီးနှင့် ပဲမဲရည်ကျဲပုံစ။၊ ညနေစာ ရွက်စုံ ဟင်းရည်ကျဲ မဲမဲနှင့် ပုံစံ။ ထောင်မျှင်ငပိတကော်၊ ဘဲချေးရောင်။
ထောင်တွင်းပုံစံစကိုင်နေပြီ။ အဆောင်(၃)အပေါ်ထပ် အခန်း (၃)တွင် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကို သာမန်အကျဉ်းသားများနှင့် ရောထည့်ထားသည်။ ကျောင်းသားများက အကြိုးအကြောင်း ပြောပြသော်လည်း အခန်းကိုအတင်းဝင်သဖြင့် ၀ါဒါများနှင့် ကျောင်းသားများ ရိုက်ပွဲဖြစ်ကြသည်။ ကျောင်းသားများ အားလုံး မှောက်ကုန်သည်။ ၀ါဒါတချို့လည်း ကွဲပြဲသည်။ သူတို့ကလူစုများ၍ ခံလိုက်ရသည်။ ပုံစံကိုင်သည်။ ၄င်းအကြောင်းကို ကိုတင်မောင်ဦးဆီမှ သတင်းရသည်။ မိမိတို့အားလည်း ပြင်ဆင်ထားရန် သတိပေးသည်။ ကိုတင်မောင်ဦးဆီမှ သတင်းများ နေ့ခြင်းရောက်တတ်သည်။ မိမိတို့အားလည်း ပြန်လည် တုန့်ပြန်ရန် ပြင်ဆင်ထားရန် ပြောသည်။ သူလည်း မိမိတို့နှင့်အတူ တိုက်ပွဲဝင်ရန် ပြင်ဆင်ထားသည်ဟု ပြောသည်။ ရဲဘော်ရဲဘက်စိတ် အပြည့်ရှိသည့် ကိုတင်မောင်ဦးဆီမှ သတင်းက မိမိတို့အတွက် တန်ဖိုးကြီးလှသည်။
မောင်အုန်းမြင့်လေး ဖျားနေသဖြင့် ထမင်းမစားနိုင်ကြောင်းပြောသည့်အခါ ကိုတင်မောင်ဦးက ထွန်းထွန်းကြီးကိုပြောသည်။ …. ကိစ္စမရှိဘူး… ငါ ထောင်ဝါဒါလေးကို စာပြပြီး စည်းရုံးထားတယ်။ ငါ့ ပုံစံထမင်းဖြူနဲ့အသားဟင်းတပွဲကို ပို့ပေးလိုက်မယ်။ တိတ်တိတ်ကြိတ်စားကွာ … မင်း အတွက်ကရော … ငါ မင်းတို့ပုံစံထဲကဘဲ ယူစားလိုက်မယ်။ ညီလေးတွေကို ဂရုစိုက်ကြကွာ.. ဒါ ငါတို့ရဲဘော်လေးတွေဘဲ .. ဒီကောင်လေးတွေက ငယ်ပေမဲ့ ငါတို့ထက်တော်တယ်.. ပြတ်သားတယ်ကွ.. ။
ထွန်းထွန်းကြီးက မိမိဘေးက သံတိုင်ကိုင်ပြီးပြောတဲ့အခါ အပြင်ဘက်မှာ အားကစားလုပ်ဟန်ပြပြီး ပြန်ပြောနေတဲ့ ကိုတင်မောင်ဦးရဲ့ ရင်တွင်းကစကားတွေက မိမိနှလုံးသားထဲမှာ စူးနစ်နေသည်။ အစောင့်ဝါဒါက .. ဟေ့ကောင်တင်မောင်ဦး .. ပြန်လာခဲ့တော့.. မင်းအခွင့်အရေး သိပ်မယူနဲ့ကွတဲ့.. ။ အိုကေ… နံနက်စာ စပြီးပို့လိုက်မယ်။ အိုး… ကြည်နူးဝမ်းသာစရာကောင်းလိုက်တဲ့ ကိုတင်မောင်ဦးရဲ့စိတ်ဓါတ်က ဘယ်လောက်များမြင့်မြတ်လိုက်ပါသလဲ။ ၀တ္ထုထဲမှာ ဖတ်ဘူးကြားဘူးတယ်။ ဒါကတော့… ကိုယ်တွေ့။ ပထမဦးဆုံးပါဘဲ။
မိမိတို့အခန်းထဲမှာရှိတဲ့ ကျန် (၅)ယောက်က ကိုထွန်းထွန်းကြီးနဲ့ ကိုတင်မောင်ဦးကို ငေးကြည့်နေမိတယ်။ ကြိုးသမားက သူ့ရိက္ခာကို မိမိတို့ဆီ ရဲဘော်ရဲဘက်စိတ်တွေနဲ့ ပေးနေပါပကော..။ သူ့ရဲ့နောက်ဆုံးနေ့များအထိ စိတ်ဓါတ်က မိမိတို့နှလုံးသားကို တုန်ခါသွားစေတာဘဲ။ … လာမဲ့တိုက်ပွဲတွေအတွက်လည်း မိမိတို့နဲ့အတူ တိုက်ပွဲဝင်မည့် ညီငယ်များအတွက်လဲ ပြင်ဆင်ပြီးသား ဖြစ်သွားတော့တယ်။ ကိုတင်မောင်ဦး ကြိုးပေးမခံရခင် နှစ်ပါတ်လောက်က မိမိတို့ကို ရဲဘော်ရဲဘက် စိတ်ဓါတ်နဲ့ လေ့ကျင့်သင်ကြားပေးခဲ့ပါပကော။ သူတပါတ်တိတိ ရဲဘော်အုန်းမြင့်လေး နေကောင်းတဲ့အထိ သူ့ရာရှင်ကို ပေးခဲ့တယ်။ သူကတော့ ပုံစံလုံးတီးဆန်ကြမ်းနဲ့ နိုင်လွန်ဟင်းချို မဲပြစ်ပြစ်။ တခါတလေ တီကောင်နဲ့ ပိုးဟပ်၊ ပုရစ် ရောပြွန်းချက်လာတဲ့ဟင်းချိုကို အားပါးတရ ပြုံးပြုံးရွှင်ရွှင်နှင့် လွေးနေတာကို မိမိတို့ မြင်ယောင်နေမိကြသေးသည်။
ကိုတင်မောင်ဦး …. ဆလိုင်းတင်မောင်ဦး.. ရဲဘော်တင်မောင်ဦး…. ခင်ဗျားရဲ့ ရဲဘော်ရဲဘက် စိတ်ဓါတ်ကို ကျနော်တို့မသေခင် ပြောခွင့်တွေရခဲ့ရင် ပြည်သူလူထုနဲ့ နောင်မျိုးဆက်သစ်တွေကို ပြောပြချင်တယ်ဗျာ…. ဟု။
သူ့ရဲ့ကြီးမားလွန်းတဲ့ တော်လှန်ရေးသစ္စာ၊ တော်လှန်ရေးမေတ္တာ၊ …. သေဒဏ်ကျကြိုးပေးခံရနီးအထိ။ … နောက်ဆုံးပိတ်တိုက်ပွဲဝင် အသက်စွန့်သွားဆဲအထိ ပြသွားတဲ့ စိတ်ဓါတ်နဲ့လုပ်ရပ်တွေဟာ …. ။
ကျနော်တို့မေ့လို့ရမလားဗျာ။ တော်လှန်ရေးကိုစွန့်ခွာပြီး သွားလို့ရမလားဗျာ။ …. ကျနော်တို့ရဲ့ဘ၀လေးတွေကို ငဲ့ညှာပြီး တွေဝေ…. နေချင်လို့ ရမလားဗျာ…။
ခင်ဗျားရဲ့ ခွင့်လွှတ်တဲ့အပြုံးကို ကျနော်တို့မမြင်ချင်ပါဘူး။ …. ခေါင်းညိမ့်ပြီး လက်မထောင်နေတဲ့ အပြုံးလေးဘဲ မြင်ရပါစေမယ်။
(၁၉၇၆၊ ဂျွန် ၂၆ တွင် မဆလ စစ်အုပ်စု၏ မတရားစွပ်စွဲ ကြိုးပေးခံခဲ့ရသော ရဲဘော် ဆလိုင်းတင်မောင်ဦးနှင့် ၇၄၊ ၇၅၊ ၇၆ … ၈၈ …. ၉၆ … ၂၀၀၇ မှသည် ယနေ့အထိ ခေတ်အဆက်ဆက် မျိုးဆက်သစ်တာဝန်ကျေခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဦးညွှတ်လျှက် …)
ရဲဘော် မောင်မောင်တိတ်
(မကဒတ) ကျောင်းသားတပ်မတော်
၂၆၊ ၆၊ ၂၀၁၁
No comments:
Post a Comment