ကြံ့ဖွံ့ ကိုယ်စားလှယ်လောင်းများကို ဖွင့်ချဆန့်ကျင်ကြ

ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများကို ဖွင့်ချဆန့်ကျင်ကြ
(တူမောင်ညို)
(၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်)

သိန်းစိုး ရွေးကောက်ပွဲကော်မရှင်က “ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်နေ့ရက်” ကို စက်တင်ဘာလ (၆) ရက်နေ့မှ (၁၀) ရက်နေ့အထိ ဖြစ်ကြောင်း ကြေညာချက်အမှတ် (၉၀/၂၀၁၀) ဖြင့် ထုတ်ဖေါ်ကြေညာခဲ့သည်။

သို့အတွက် ၂၀၁၀ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများကို သိန်းစိုး ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ကြေညာရလိမ့်မည်။ သို့သော်လည်း ယနေ့အထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးချေ။

သို့သော်လည်း ဆန္ဒမဲပေးကြရန် ဗြောင်ကျကျ တိုက်တွန်းသည့် ဆောင်းပါး ၂ ပုဒ်ကို စက်တင်ဘာ (၁၀) ရက် နှင့် (၁၁) ရက်နေ့ထုတ် နေ့စဉ်သတင်းစာတွင် ဖေါ်ပြထားသည်။
- အားလုံးစုံညီမဲပေးကြမည်
- အနာဂတ်နိုင်ငံတော်ကို မိမိဆန္ဒမဲဖြင့် တည်ဆောက်ကြပါစို့

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်တွင်း/ပြည်ပ ဒီမိုကရေစီအင်အားစု အားလုံးက “၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ရန်” အတိအလင်း ကြေညာထားပြီးဖြစ်သည်။ သို့အတွက် ထိပ်တိုက်တွေ့နေကြပြီ။

ပြည်သူများသည် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရမည်။

မဲပေးခြင်း/မဲမပေးခြင်းသည် ပြည်သူများအတွက် ကိုယ်ပိုင်ရွေးချယ် ဆုံးဖြတ်နိုင်သည့် အခွင့်အရေးဖြစ်သည်။

ယင်းအခွင့်အရေး ရှိကြောင်းကို (နအဖ) စစ်အစိုးရက ထုတ်ပြန်ထားသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အခန်း(၁) ပုဒ်မ(၂) ပုဒ်မခွဲ (ဎ)တွင် “ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်သော အခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲနေနိုင်သော အခွင့်အရေး၊ လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်းမှ နုတ်ထွက်နိုင်သော အခွင့်အရေး၊ ရွေးကောက်ပွဲတွင မဲပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေး ကို ဆိုသည်” ဟု အတိအလင်း ရေးသားဖေါ်ပြထားသည်။

မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေးကို ပြည်သူများသည် ပြည့်ပြည့်ဝဝ အသုံးချပြီး စစ်အာဏာရှင်စနစ်ကို ကန့်ကွက် ဆန္ဒပြကြရမည်။ (နအဖ) စစ်အစိုးရသည် ကြံ့ဖွံ့ပါတီ အနိုင်ရရှိရေးအတွက် တရားဥပဒေဘက်/ အုပ်ချုပ်ရေးယန္တရား/ ငွေရေးကြေးရေး စသဖြင့် အဘက်ဘက်က အကွက်ချ ပြင်ဆင်ထားပြီးဖြစ်သည်။ အခြားပါတီများအတွက်မျှော်လင့်စရာမရှိ။ မပြိုင်မီကရှုံးနေရပြီ၊ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်း အရေအတွက်ဘက်က ကြည့်လျှင်ပင် ရှုံးမည့်အဖြေသည် ပေါ်လွင်နေပြီ။

မကြာမီ ကြံ့ဖွံ့ပါတီဘက်က ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမတ်လောင်းစာရင်းကို သိန်းစိုးကော်မရှင်က ကြေညာတော့မည်။ ယင်း အမတ်လောင်းများ ဆိုသူများမှာ စစ်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားအဆင့်ဆင့်တွင် ပါဝင်ခဲ့ကြပြီး လူထုလှုပ်ရှားမှုများကို အကြမ်းဖက် ဖိနှိပ်ခဲ့ကြသူများ၊ ပြည်သူ့ဘဏ္ဍာ ခိုးဝှက်ယူခဲ့ကြသည့် အကျင့်ပျက် ခြစားကြသူများသာ ဖြစ်လိမ့်မည်။

ပြည်သူများသည် မိမိတို့ကို ဖိနှိပ် အကြမ်းဖက်ခဲ့သူများ/ အကျင့်ပျက် ခြစားနေသူများကို ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ဆန္ဒမဲ ပေးရွေးချယ်ရန် မဖြစ်နိုင်ပါ။

မိမိအပေါ် အကြမ်းဖက် ဖိနှိပ် ရက်စက်ခဲ့သူကို ထပ်မံပြီး အကြမ်းဖက် ဖိနှိပ် ရက်စက်ရန် ဆန္ဒမဲပေး ရွေးချယ်ကြဦးမည်လား။

မဲပေးခြင်းမပြုဘဲ နေနိုင်သော အခွင့်အရေးကို ပြည့်ပြည့်ဝဝ ကျင့်သုံး၍ ကန့်ကွက် ဆန့်ကျင်ကြရမည်ဖြစ်သည်။

မဲမပေးဘဲ နေကြရမည်။

ဒီမိုကရေစီအရေး ဦးတည်သည့် မှတ်ပုံတင် နိုင်ငံရေးပါတီများကလည်း ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများ၏ “ဆိုးသွမ်းမှု/ အကြမ်းဖက် ဖိနှိပ်ရမ်းကားမှု/အကျင့်ပျက်ချစားခဲ့မှုများ”ကို ပြည်သူလူထု သိရှိနားလည်ပြီး ကန့်ကွက်ဆန့်ကျင်နိုင်ရန် ဖော်ထုတ်ဖွင့်ချသွားရမည့် တာဝန်ရှိပါသည်။

(တူမောင်ညို)
(၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်)
 
အညာနွေတမာမြေမှ ကူးယူဖော်ပြသည်။

No comments: