တောင်းရမ်း စားသောက်နေရသော မြန်မာကျောင်းဆရာအိုများ၏ လူမှုဒုက္ခများ

ဆယ်စု နှစ်ပေါင်းများစွာ ပညာရေး တာဝန်များကို ကျရာ ဒေသများတွင် တာဝန် ထမ်းဆောင်ခဲ့ကြပြီး အငြိမ်းစား ယူထားကြသူ မြန်မာ ကျောင်းဆရာအိုများမှာ လူမှုဒုက္ခ အ၀၀ကို ခါးစည်း ခံရလျက် ရှိကြောင်း သတင်းရရှိသည်။
         မန္တလေး တက္ကသိုလ် သမိုင်းဌာနမှာ နှစ် ၃၀ ကျော် ကထိက တာဝန်ယူခဲ့ပြီး အငြိမ်းစား ယူထားသူ ဆရာကြီး တစ်ဦးမှ မောက္ခသို့ ရင်ဖွင့် ပြောပြခဲ့သည်။ “အဘတို့ ရတဲ့ ပင်စင် လစာက လုံးဝကို မလောက် မငပါ။ လမ်းစရိတ်နဲ့ လဖက်ရည်ဖိုးမျှသာ ရှိတယ်။ ပင်စင် တစ်ခုတည်းနဲ့ အမှီပြုထားရတော့ ဘယ်လိုမှ စားလို့ သောက်လို့ မ၀ဘူး။”
ရှမ်းပြည်နယ် တောင်ကြီး အထကကျောင်းတွင် ကျောင်းအုပ် လုပ်ခဲ့သူ အသက် ၇၁ နှစ်အရွယ်ရှိ ဆရာကြီး ဦးစိုင်းမင်းလွင်မှ မိသားစုကလည်း မထောက်ပံ့နိုင်သဖြင့် တပည့်ဟောင်းများ အိမ်သို့ တစ်အိမ်တက်ဆင်း လိုက်လံ တောင်းစားရင်း ကျန်ရှိနေသည့် ဘ၀၏ နောက်ဆုံး နှစ်များကို ဖြတ်သန်း နေရကြောင်း ပြောပြခဲ့သည်။

         ရန်ကုန်တိုင်းအတွင်း အထက်တန်း ကျောင်းအုပ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး မြို့နယ်တစ်ခုတွင် ပညာရေးမှူး လုပ်ခဲ့ဖူးသူ ဆရာကြီး ဦးအေးသိန်းမှ ကျောင်းဆရာ စလုပ်ခါစ ကာလများနှင့် မတူတော့ဘဲ ဆရာတန်ဖိုး လုံးဝ ကျဆင်း နေရသဖြင့် လုပ်ခဲ့သမျှ အရာမထင်ဟု ခံစားရကြောင်း၊ ရင်နာနေရကြောင်း၊ ပညာရေးစနစ်ကြီး ပျက်စီးနေသည်ကို ကြည့်ပြီး စိတ်ဆင်းရဲရကြောင်း ခံစားပြောပြခဲ့သည်။ “ဒီနေ့ခေတ် ပညာရေးစနစ်ကို ဘယ်လိုမှ နားမလည်နိုင်ဘူး။ ဆရာဟာ ဆရာနဲ့ကို မတူတော့ဘူး။ မနက် ကျောင်းမသွားခင် ဈေးဗန်းကိုင်ပြီး ဈေးရောင်းရတဲ့ ကျောင်းဆရာမတွေလေ။ သူတို့ကို အပြစ်တော့ မတင်ရက်ဘူး။ ဒါပေမဲ့ တန်ဖိုးကတော့ သွားပြီ။ ကျောင်းသားဟာလည်း ဆရာတွေအပေါ်မှာ တန်ဖိုးထားမှု ကျဆင်းသွားတာ။ အနှစ် ၂၀ ကျော် ကာလမှာ အဆိုးဝါးဆုံးပါ။”

          မူလတန်း ကျောင်းအုပ် တာဝန်ကို ၄၅ နှစ်တိုင်တိုင် ထမ်းဆောင်ခဲ့သူ ပဲခူးတိုင်း၊ နယ်မြို့လေးတစ်မြို့မှ အသက် ၆၈ နှစ် ရှိပြီဖြစ်သည့် ဆရာမကြီး ဒေါ်ခင်ခင်ဝင်းက သူတို့ ပညာသင်ကြား ပေးခဲ့ကြသော သူများမှာ ယခုအခါ နိုင်ငံ ခေါင်းဆောင်များပင် ဖြစ်နေကြကြောင်းနှင့် မည်သည့် အခါကမျှ ဆရာကန်တော့ပွဲ အခမ်းအနား မလုပ်ခဲ့ကြဘူးကြောင်း ပြောပြခဲ့ပါသည်။ ထို့အပြင် စားဝတ်နေရေးအတွက် မလောက်မင ဘ၀နှင့် ရှင်သန်နေရကြောင်း၊ တောင်းရမ်း စားသောက် နေရကြောင်းတို့ကိုလည်း မျက်ရည်အပြည့်ဖြင့် ခံစားပြောပြခဲ့သည်။
“ကျမ မူအုပ် တာဝန်ကို ၄၅ နှစ် ထမ်းဆောင်ခဲ့ပါတယ်။ ကျမတို့ ရှက်လည်း ရှက်နေလို့ မရတော့ပါဘူး။ ဆေးကုဖို့က ငွေမရှိဘူး။ သားသမီး နောက်ခံကလည်း မရှိဘူးလေ။ တောင်းရမ်း စားသောက် နေကြရပါတယ်။ ရှက်လည်း မရှက်တော့ပါဘူး။ တပည့် ကျောင်းသားတွေ အခုအခါမှာ လူကြီးတွေဖြစ်၊ ကုမ္ပဏီ ဒါရိုက်တာကြီးတွေ၊ စီအီးအိုတွေဖြစ်၊ အချို့ဆို ဗိုလ်မှူးကြီးတွေ၊ ဗိုလ်ချုပ်တွေတောင် ဖြစ်နေကြပြီ။ မုဒိတာ ပွားရပါတယ်။ သို့သော်လည်းပဲ ကျောင်းသား ဟောင်းများမှ လှူဒါန်း ပေးကမ်း စွန့်ကြဲမှုကို မျှော်လင့် နေကြရတာပါ။ ပုံမှန် ရပ်တည်လို့မှ မရတာ။ လူအိုရုံကလည်း လက်မခံဘူး။ အဲဒါနဲ့ အခုမြင်တဲ့အတိုင်းပဲ တောင်းရမ်း စားသောက်ပါတယ်။”
ပြီးခဲ့သည့် သြဂုတ်လတွင် ကျောင်းဆရာ ဆရာမများ အပါအ၀င် အငြိမ်းစား ၀န်ထမ်းများ ၅၀ ဦးမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပင်စင်လစာ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

မောက္ခ ပြည်တွင်း ပညာရေးသတင်း။

No comments: