မွေးရပ်မြေ

ခိုက်ခိုက်တုန်ချမ်းသည့် အအေးဒဏ်ကို ရင်ဆိုင်ရင်း မိုင် ၇၀၀ ကျော် ဝေးသည့် ဇာတိမြို့သို့ ကျွန်တော်ပြန်ခဲ့သည်။ မြို့မှ ကျွန်တော်ထွက်လာခဲ့သည်မှာ အနှစ် ၂၀ ရှိပြီ။
    ဆောင်းရက်တို့ ကုန်ခါနီးချိန်ဖြစ်သည်။ ကျွန်တော် မြို့နှင့် နီးလာသည်နှင့်အမျှ တနေ့လုံး နှင်းဖွဲဖွဲစွေကာ ကောင်းကင်အုံ့မှိုင်းလျက်ရှိသည်။ အေးမြသောလေသည် သဘောင်္ခန်းထဲသို့ ဝင်လာတတ်သည်။ ဝါးယင်းရွက်ကြားမှ လူသူတိတ်ဆိတ်နေသော ရွာကလေးများကို တခါတရံ မြင်ရတတ်သည်။ လူရိပ်လူယောင်ဆို၍ လုံးဝမမြင်ရ။ ရွာငယ်များသည် အုံ့မှိုင်းသော၊ ဝါကျင့်သော ကောင်းကင်အောက်တွင် ထီးတည်းရှိနေကြသည်။ ပတ်ဝန်းကျင်ကိုကြည့်၍ ကျွန်တော့် စိတ်ထဲတွင်ပင်လျှင် လွမ်းရမလို၊ ဆွေးရမလို တမျိုးကြီး ခံစားရသည်။
    ကျွန်တော် အနှစ် ၂၀ လုံးလုံး စိတ်ထဲတွင် စွဲလမ်းနေသည့်အိမ် မဟုတ်တော့ပါတကား။
    ကျွန်တော် အနှစ် ၂၀ လုံးလုံး မြင်ယောင်နေသည့်အိမ်သည် ယခု ကျွန်တော်မြင်နေရသည့်အိမ်နှင့် လားလားမျှမတူ။ သို့ရာတွင် ကျွန်တော်နေခဲ့သည့် အိမ်၏ ချမ်းမြေ့ဖွယ်ကောင်းပုံ၊ လှပသာယာပုံကို ပြန်ပြောပါဟု ဆိုလျှင်မူ ကျွန်တော် ပြန်မပြောတတ်။ ကျွန်တော့်တွင် ပြောစရာ စကားလုံးမရှိ။ ယခုမူ ကျွန်တော့်အိမ်သည် ကျွန်တော့်မှတ်ဉာဏ်ထဲတွင် ကျွန်တော် မှတ်မိထားသည့်အတိုင်း မဟုတ်တော့။
    ထို့ကြောင့် အထင်နှင့်အမြင် ကွာနေသောအဖြစ်ကိုကြည့်ကာ ကျွန်တော့်စိတ်ကို ကျွန်တော်ဖြေရသည်။
    “ငါ့အိမ်ဟာ နဂိုကတည်းက ဒီလိုပါပဲ။ အရင်တုန်းကလည်း ဒီလိုပဲ။ ခုလည်း ဒီလိုပဲ။ ခုလည်း ငါထင်သလောက် အိမ်က စိတ်ညစ်ညူးစရာ ကောင်းနေတာ မဟုတ်ပါဘူး။ ပြောင်းနေတာက ငါ့အိမ်မဟုတ်ဘူး။ ငါ့စိတ်တွေ။ ဒီတခေါက် တောပြန်တဲ့အခါမှာ ငါ့မှာ တိမ်သလာဖုံးမနေတော့ဘူး။ အမြင်ရှင်းနေပြီ။ ဒါကြောင့် အိမ်အသွင်အပြင် ပြောင်းနေတယ် ထင်ရတာ”

    ဤတကြိမ် ကျွန်တော်ပြန်လာခြင်းမှာ ကျွန်တော့အိမ်ကို နှုတ်ဆက်ရန် လာခဲ့ခြင်းဖြစ်သည်။ ကျွန်တော်တို့ ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့သည့် အိမ်ကို ရောင်းလိုက်ပြီ ဖြစ်သဖြင့် နှစ်မကုန်မီ ဝယ်သူလက်သို့ လွှဲပေးရတော့မည်။ ထို့ကြောင့် ကျွန်တော်နှစ်ပေါင်းများစွာ နေခဲ့သော အိမ်ကို နှစ်သစ်မကူးမီ နှုတ်ဆက်ရဦးမည်။ ကျွန်တော့်မိသားစုကို ကျွန်တော် အလုပ်လုပ်နေရသည့် မြို့သို့ ခေါ်ရဦးမည်။

    နောက်တနေ့ အာရုဏ်တက်၌ ကျွန်တော့်အိမ်ပေါက်ဝသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သည်။ အိမ်ခေါင်မိုးပေါ်က ခြောက်သယောင်းလျက်ရှိသည့် သက်ကယ်စများသည် လေထဲတွင် လှုပ်ရှားနေကြသည်။ အိမ်က အိုမင်းလှပြီ။ ဤအိမ်ကို ကျွန်တော်ရောင်းရတော့မည်။ ကျွန်တော်တို့ သားချင်းများအနက် အချို့မှာ အိမ်ခွဲသွားကြပြီ။ ထို့ကြောင့် အိမ်ကြီးသည် အမြဲတမ်းလိုလို တိတ်ဆိတ်နေတတ်သည်။ အိမ်သို့ ရောက်သည်၌ အမေက အိမ်ပေါက်ဝမှ ကျွန်တော့်ကို ထွက်ကြိုသည်။ အသက်ရှစ်နှစ်ရှိ ကျွန်တော့်တူဟွန်အာက အမေ့နောက်င်္မှ ပြေးလိုက်လာသည်။

    အမေက ကျွန်တော့်ကို မြင်သည့်အခါတွင် ဝမ်းသာသည်။ သို့ရာတွင် စိတ်မကောင်း ဖြစ်နေပုံရသည်။ ဟန်ဆောင်နေမှန်းကို ကျွန်တော်သိလိုက်သည်။ အမေက ကျွန်တော့်ကို ခရီးပန်းသဖြင့် နားရန်၊ လက်ဖက်ရည်သောက်ရည် ပြောသည်။ အိမ်ပြောင်းရေးကိစ္စကို တခွန်းမျှ မပြောသေး။ ကျွန်တော့်ကို မမြင်ဖူးသည့် ဟွန်အာက ခပ်လှမ်းလှမ်းမှ ကျွန်တော့်ကို အကဲခတ်နေသည်။

    ခဏကြာတော့မှ အိမ်ကိစ္စကို စကားပြောရသည်။ မြို့တွင် အခန်းငှားပြီးကြောင်း၊ အိမ်ထောင်ပရိဘောဂ အချို့ကိုလည်း ဝယ်ပြီးကြောင်း ကျွန်တောက အမေ့ကို ပြောပြသည်။ နောက်ထပ်ပစ္စည်းများ ဝယ်ရန်အတွက် အိမ်ဟောင်းက ပရိဘောဂများကို ရောင်းချရမည်ဖြစ်ကြောင်းဖြင့်လည်း အမေ့ကို ပြောပြသည်။ အမေက ဤအချက်ကို သဘောတူသည်။ အချို့ပစ္စည်းကို ထုပ်ပိုးပြီးကြောင်း၊ ရွှေ့ပြောင်းရန် မလွယ်သည့် ပရိဘောဂပစ္စည်း တဝက်လောက်ကိုမူ ရောင်းချပြီးကြောင်းဖြင့် အမေက ပြောပြသည်။ သို့ရာတွင် ကြွေးမြီနည်းနည်းပါးပါး ပေးစရာ ကျန်နေသေးသည်။
    “အေးလေ တရက်တန်သည် နှစ်ရက်တန်သည်တော့ နားဦးပေါ့။ ပြီး ဆွေမျိုးတွေကိုလည်း လိုက်နှုတ်ဆက်ဦး။ ပြီးတော့ သွားကြတာပေါ့”
    “သွားတာပေါ့ အမေ”
    “သြော်...ယန်တူးတယောက်ကိုလည်း သွားနှုတ်ဆက်ပါဦးကွယ်။ အိမ်ရောက်တိုင်း မင်းကို တမေးတည်းမေးရှာတယ်။ မင်းနဲ့ တွေ့ချင်တယ်လို့ ပြောတာ ခဏခဏပဲ။ မင်းရောက်မဲ့ ရက်ကိုတော့ သူပြောထားတာပဲ။ ဘယ်အချိန် ပေါက်လာမလဲမသိဘူး”

    အမေ့စကားကို နားထောင်ရင်း ကျွန်တော့်မျက်စိထဲတွင် အတိတ်က ရုပ်ပုံလွှာတခုကို မြင်ယောင်လာသည်။
    ပြာလဲ့သည့် ကောင်းကင်တွင် ရွှေလကြီးက ထိန်ထိန်သာနေသည်။ ပင်လယ်သောင်စပ်က ဖြူးနေသည်။ သောင်စပ်တွင် ပယင်းရောင် ဖရဲခင်းများက တမျှော်တခေါ်ကြီး ရှိနေကြသည်။ ဖရဲခင်းများ အလယ်၌ ၁၁ နှစ်၊ ၁၂ နှစ်သားရွယ် သူငယ်ကလေးတယောက်၊ လည်တွင် ငွေဘယက်ဆွဲခလျက် သူ့ခြေထောက်ကြားတွင် လိမ့်နေသော ခရဲသီးတလုံးကို ကောက်ဆွတချောင်းဖြင့် ထိုးနေသည်။
    ထိုသူငယ်မှာ ယန်တူးဖြစ်သည်။ ယန်တူးကို ကျွန်တော်စတွေ့ခဲ့သည်မှာ အနှစ် ၃၀ ကျော်ပြီ။ ထိုစဉ်က ယန်တူးသည် ၁၀ နှစ်ကျော်ကျော်သာ ရှိဦးမည်။ ကျွန်တော့်အဖေလည်း မဆုံးသေး၊ ကျွန်တော်တို့တတွေလည်း အခုလောက် စီးပွားရေး မကျပ်တည်းသေး။ ထိုစဉ်က ကျွန်တော်ကလည်း မိဘအလိုလိုက်၍ နွဲ့ဆိုးဆိုးနေဆဲ ဖြစ်သည်။
    ကျွန်တော်တို့ ရိုးရာပူဇော်ပွဲကို ဆွေးမျိုးသားချင်း တလှည့်စီ အကုန်အကျခံ၍ နှစ်ပေါင်း ၂၀ ကြာလျှင် တလှည့်စီ ကျတတ်သည်။ ထိုနှစ်မှာ ကျွန်တော်တို့က တာဝန်ယူ၍ ပူဇော်ပွဲ ကျင်းပရမည့်နှစ် ဖြစ်သဖြင့် ကျွန်တော်တို့မိသားစု အတွက် အထွတ်အမြတ်ထားသော နှစ်တနှစ်ဖြစ်သည်။ နှစ်သစ်ပထမလတွင် ရိုးရာနတ်ရုပ်များကိုပင့်ကာ ပူဇော်ပွဲများ လုပ်ရတော့သည်။ ကန်တော့ပွဲအုပ်တွေကို အပျောက်အရှ မရှိအောင် အစောင့်ထားရတတ်သည်။
    ကျွန်တော်တို့အိမ်တွင် ပျံကျစာရင်းငှားတယောက်တည်းသာ ရှိသည်။ (ကျွန်တော်တို့နယ်တွင် စာရင်းငှားသုံးမျိုးရှိသည်။ နှစ်လုံးပေါက်လုပ်သူကို ချိန်ပြည့်စာရင်းငှာ၊ နေ့လည်ပိုင်းတွင်သာ လုပ်သူကို ချိန်ပိုင်းစာရငှားနှင့် ကိုယ့်လယ်ကိုလိုပ်ပြီး နှစ်သစ်ကူး ပူဇော်ပွဲများတွင်သာ လာလုပ်သူများကို ပျံကျစာရင်းငှား ဟုခေါ်ကြသည်။) ထို့ကြောင့် ရိုးရာပူဇော်ပွဲတွင် လူတယောက်တည်းဖြင့် မလုံလောက်။ ဤတွင် စာရင်းငှားက ကန့်တော့ပွဲအုပ်များ စောင့်ရှောက် ထိန်းသိမ်းရန် သူ့သား ယန်တူးကို ပို့လိုက်မည်ဟု အဖေ့ကို ပြောသည်။
    အဖေက သဘောတူသည့်အခါတွင် ကျွန်တော် ဝမ်းသာလိုက်သည့်ဖြင်း။ ယန်တူးအကြောင်း ကျွန်တော် မကြာာခဏ ကြားဖူးပါတယ်။ ကျွန်တော်နှင့် သက်တူလောက်ရှိသည်။ ကျွန်တော့်ကို ဝါထပ်သည့် နှစ်တွင် မွေဒစာ် သူ့ဇာတာခွင်တွင် ဓာတ်ကြီးငါးပါးနက် (ပထဝီဓာတ်) ဟု မှည့်သည့် ယန်တူးက ညွတ်ကွင်းထောင်ရာတွင် အလွန်တော်သည်။ ငှက်များ မကြာခဏ မိတတ်သည်။ ထို့ကြောင့် ယန်တူးကို ခေါ်မည်ဆိုသည့်အခါ ကွန်တော်ပျော်သည်။
    ကျွန်တော်သည် အတာကူးအခါကိုသာ စောင့်နေသည်။ အတာကူးလျှင် ယန်တူးလာမည် မဟုတ်လော။ နှစ်ကုန်၍ အမေက ယန်တီးလာပြီ ပြောသည့်ခါမှ ကျွန်တော်သည် ဝမ်းသာအားရ ပြေးလာခဲ့သည်။ ယန်တူးသည် မီးဖိုထဲတွင် ရပ်လျက်ရှိသည်။ သူ့မျက်နှာဝိုင်း နီမြန်းနေသည်။ ခေါင်းပေါ်တွင် ဦးထုပ်ပျော့ကလေး တလုံးကို ဆောင်းထားသည်။ သူ့ရင်ဘတ်ပေါ်တွင် ငွေဘယက်ကလေး ဆွဲထားသည့်ကို ကြည့်လျှင် သူ့အဖေကသူ့ကို အလိုလိုက်ဟန်တူသည်။ ယန်တူးတယောက် ကျန်းမာအောင် အဆောင်သဘော ဆွဲပေးခြင်းဖြစ်သည်။ ယန်တူးက အရှက်အကြောက်ကြီးသည်။ ကျွန်တော်တယောက်ကိုသာလျှင် ရဲရဲတင်းတင်း ဆက်ဆံတတ်သည်။ ကျွန်တော်တို့ချည်း ကျန်ရစ်သည့် အခါ၌ ယန်းတူးနှင့် ကျွန်တော် စကားလက်ဆုံကျကြသည်။ သို့ဖြင့် ချက်ချင်းမိတ်ဆွေ ဖြစ်သွားကြသည်။

ထိုစဉ်က ကျွန်တော်တို့နှစ်ယောက် ပြောခဲ့ကြသည့် စကားများကို ကျွန်တော်မမှတ်မိတော့။ သို့ရာတွင် ထိုစဉ်က ယန်တူးပျောက်နေသည်။ မြို့ရောက်သဖြင့် မမြင်ဘူးသည်များကို မြင်ရသည်ဟု ကျွန်တော်မှတ်မိတော့သည်။
    နောက်တနေ့တွင် ကျွန်တော်က သူ့ကို ငှက်ထောင်ခိုင်းသည်။
”ဟာ၊ မရဘူးဗျ” ယန်တူးက ပြောသည်။ “ညဦးပိုင်း နှင်းခါးကြီးကျမှ ငှက်ထောင်လို့ လွယ်တာ။ ကျုပ်တို့ တောမှာဆိုရင် နှင်းခါးကြီးကျပြီးလို့ နှင်းတွေဖွေးနေတော့ နှင်းတွေကိုရှင်း၊ မြေကြီးပြောင်ပြောင်ပေါ်မှာ ခြင်းကြားကြီးကို တုတ်နဲ့ထောင်ထား၊ တောင်းအောက်ကို စပါးစေ့တွေပက်၊ ငှက်တွေလာ အစာကောက်တော့ ဘေးကနေပြီး ကြိုးကလေးနဲ့ တုတ်ကို ဆွဲချလိုက်ရော။ ဘာပြောင်းကောင်းမလဲ ငှက်တွေငှက်တွေ။ ခါတွေလည်း ရတယ်။ တောကြက်လည်း ရတယ်။ ချိုးသိမ်းလည်းရတယ် ငှက်တော်လည်းရတယ်။
ယန်တူးပြောသဖြင့် နှင်းခါးကြီးကျမည့်ရက်ကို ကျွန်တော် မျှော်ရသည်။
“တကယ်တော့ ခုအချိန်က ငှက်ထောင်လို့ မကောင်းဘူးဗျ။ သိပ်အေးတယ်” ယန်တူးက တခါက ပြောဖူးသည်။ “နွေကျရင် ကျုပ်တို့ တောကိုလိုက်ခဲ့၊ နေ့လယ်ကျရင် ပင်လယ်ကမ်းစပ်ထွက်ပြီး ခရုကောက်။ ခရုကလည်း စုံလို့ပဲ။ အစိမ်းရှိတယ်။ အနီရှိတယ်။ ပြီးတော့ ဝင်ကစွပ်လည်း ပေါတယ်။ ဂုံးခွံ ကလေးတွေကလည်း အများကြီးပဲ။ ညနေကျတော့ အဖေနဲ့ကျုပ် ဖရဲခင်းထဲသွားမယ်။ ခင်ဗျားလည်း လိုက်ခဲ့ပေါ့ဗျ”
“ဖရဲသီး သူခိုး သွားစောင့်တာလား”
“ဟင့်အင်း။ ကျုပ်တို့ဆီမှာ ဖရဲသီးကို လူမခိုးပါဘူး။ လမ်းသွားလို့ ရေငတ်ရင် တွေ့ရာဖရဲခင်းထဲဝင်ပြီး ဖရဲသီး ဆွတ်စားတာပဲ။ ပိုင်ရှင်ကလည်း ဘာမှမပြောဘူး။ သိပ်ပေါတာပဲ။ ဖရဲခင်း သွားတာက ဖြူကောင်တို့၊ ရှဥ့်တို့၊ ယုန်တို့ သွားစောင့်တာ။ ညလသာသာ ဖရဲခင်းထဲက ဝါးသံကြားပြီဆိုရင် ဖြူကောင်တွေ့ပြီသာ အောက်မေ့။ ကောက်ဆွကလေးကိုင်ပြီး တိတ်တိတ်ကလေး ကပ်သွား”
ဖြူကောင်ဆိုသည်ကို ထိုအချိန်တွင် ကျွန်တော် ဘာမှန်းမသိသေး။ ယခုထိလည်း ကောင်းကောင်းမသိသေး။ သို့ရာတွင် ခွေးပေါက်စကလေးလို သတ္တဝါမျိုးဖြစ်မည်။ ကိုက်တတ်လိမ့်မည်ဟု ကျွန်တော်ထင်သည်။
“အဲဒီ ဖြူကောင်က မကိုက်ဘူးလား”
“လက်ထဲမှာ ကောက်ဆွ ပါသားပဲ။ ဘာကြောက်စရာရှိလဲ။ အနားရောက်သွားရင် ကောက်ဆွနဲ့ လှမ်းရိုက်ရုံပဲ။ ဖြူကောင်က သိပ်ပါးတယ်။ လူနားရောက်ရင် ဖြူဆူးတွေကိုချပြီး လုံးလုံးကြီးဖြစ်အောင် လုပ်ထားတယ်။ လူခြေထောက်ကြားထဲ မတင်း ဝင်တိုးတော့တာပဲ။ ဖမ်းဖို့လည်း မလွယ်ဘူး။ လုံးထားရင် အမွေးတွေက သိပ်ချောတာပဲ”
လောက၌ ဤရာမျိုးတွေ ရှိလိမ့်မည်ဟု ကျွန်တော် တခါမျှ မသိဖူးခဲ့။ ပင်လယ်စပ်တွင် သက်တံ့ရောင်လို ရောင်စုံလက်နေကြသည့် ခရုခွံများ၊ လာသာသည့်ညများတွင် ဖြူကောင်ဝင်တတ်သော ဖရဲခင်းများ စသည်တို့ကိုလည်း ကျွန်တော်တခါမျှ မမြင်ဖူး။ ကျွန်တော်သိသည်မှာ ကုန်စိမ်းဆိုင်တွင် ရောင်းသည့် ဖရဲသီးများသာ ဖြစ်သည်။
“ကျုပ်တို့ ပင်လယ်ပိုင်းမှာ ငါးပျံတွေလည်းရှိတယ်။ ခြေနှစ်ချောင်းနဲ့။ ဖားများလိုပဲ သိပ်ခုန်နိုင်တာပဲ။ ဒီရေတက်ပြီဆိုင် ငါးပျံတွေ အများကြီးပါလာတတ်တယ်”
ယန်တူး၏ ဦးနှောက်သည် ဤလို အထူးအဆန်း ဗဟုသုတတွေ သိုမှီးထားရာ ဘဏ္ဍာတိုက် ဖြစ်သည်။ ဤလို ဗဟုသုတမျိုးကို ကျွန်တော်တို့ အသိုင်းအဝိုင်းတွင် မရနိုင်။ ကျွန်တော့် အသိုင်းအဝိုင်းက ဤအကြောင်းများကို နားမလည်။ ယန်တူးက အပြောကျယ်သော ပင်လယ်တွင် ကြီးပြင်းလာသူဖြစ်ပြီး၊ ကျွန်တော်တို့က အိမ်တံတိုင်း၏ အထက်က ကောင်းကင်လောက်ကိုသာ မြင်ဖူးကြသူများ ဖြစ်သည်။
သို့ရာတွင် ယန်တူးနှင့် ကြာကြာမနေလိုက်ရ။ အတားကူးပြီးသည့်နောက်တွင် ယန်တူးတောသို့ ပြန်ရတော့သည်။ ထိုသောအခါ ကျွန်တော်ငိုသည်။ ယန်တူးလည်း မျက်ရည်တရှုပ်ရှုပ်ဖြင့် မီးဖိုထဲက မထွက်တော့။ သူ့အဖေ သွားခေါ်မှ မီးဖိုထဲတွင် ကုတ်နေရာမှ ထွက်လာသည်။ နောက်တွင် ယန်တူးက ကျွန်တော့အဖို့ ခရုခွံတအိတ်နှင့် ငှက်တောင်လှလှ ကလေးများကို ပေးလိုက်သည်။ ကျွန်တော်ကလည်း သူ့အထံ တကြိမ်နှစ်ကြိမ် လက်ဆောင်ပေးဖူးသည်။ သို့ရာတွင် လူကိုယ်တိုင်ကား နောက်ထပ်မတွေ့ကြတော့။
ယခုယန်တူးအကြောင်းကို အမေ့ထံမှ ကြားရသည့်အခါ၌ ငယ်ငယ်က အကြောင်းများသည် လျှပ်စီးလက်သလို လက်ခနဲ ပေါ်လာကြသည်။ ငယ်ငယ်က ကျွန်တော်တို့ နေခဲ့သော အိမ်သစ်ကြီးကိုလည်း ကျွန်တော် သတိရသည်။
“ဟုတ်လား အမေ။ ခု ယန်တူးကော ဘယ့်နှယ်လဲ”
ကျွန်တော်က အမေ့ကို မေးသည်။
“ခမျာများ ကျပ်တည်းပါတယ်ကွယ်” အမေကပြော၍ ပြတင်းမှ အိမ်ပြင်သို့ လှမ်းကြည့်နေသည်။ “ဟော အမေတို့ အိမ်ထောင်ပစ္စည်းတွေကို ဝယ်ဖို့ဆိုပြီး လူတွေလာကြပြန်ပြီ။ တကယ်လည်း ဝယ်တာမဟုတ်ဘူး။ လစ်ရင် လစ်သလို ဆွဲသွားကြတာ။ အမေ သွားကြည့်လိုက်ဦးမယ်”
အမေက အိမ်ပြင်သို့ ထွက်သွားသည်။ အိမ်ပြင်မှ မိန်းမသံများကို ကျွန်တော် ကြားနေရသည်။ ကျွန်တော်က ကျွန်တော့်တူ ဟွန်အာကို ခေါ်၍ သူနှင့် စကားပြောသည်။ စာရေးတတ်ပြီလော။ အိမ်ပြောင်းရမည်ဆို၍ ဝမ်းသာသလော။
“ကျွန်တော်တို့က မီးရထားကြီးနဲ့ သွားမှာလား”
“ဒါပေါ့ကွ”
“ပြီးတော့ လှေနဲ့ သွားဦးမှာလား”
“ဒါပေါ့။ ပထမ လှေနဲ့ ဟိုဘက်ကမ်းကို ကူးရမယ်”
“အလိုတော်။ မုတ်ဆိတ်ရှည်ကြီးတွေနဲ့ ပါလား”
စူးရှသည့် အသံတသံကို ကျွန်တော် ရုတ်တရက် ကြားလိုက်ရသည်။ မော့်ကြည့်လိုက်သည့်အခါတွင် ကျွန်တော့ရှေ့တွင် အသက် ၅၀ ခန့် မိန်းမကြီးတယောက် ခါးထောက်ရပ်နေသည်ကို တွေ့ရသည်။ သူ့မေးရိုးကြီးများက ကြံ့ခိုင်တောင့်တင်းသည်။ နှုတ်ခမ်းများက ပါးသည်။ ကွန်ပါသေတ္တာထဲက ကွန်ပါတချောင်းလို ခြေထောက်ကို ချဲကားရပ်ထားသဖြင့် ဘောင်းဘီဝတ်ထားကြောင်း တွေ့ရသည်။
ကွန်တော်က ဘာပြန်ပြောရမှန်းမသိ။
“ငါ့ကို မှတ်မိရဲ့လား။ နင်ငယ်ငယ်တုန်းက ငါထိန်းလာခဲ့ရတာပဲ”
ကျွန်တော် ကြောင်နေသည်။ ထိုစဉ် အမေရောက်လာကာ
“ငါ့သားက အိမ်ပြန်မရောက်တာ ကြာပြီ မဟုတ်လားအေ့။ ညည်းကို ဘယ်မှတ်မိတော့မလဲ” အမေက ကျွန်တော့်ဘက်သို့ လှည့်ပြောသည်။
“ဟဲ့ လူလေး။ မင်း သူ့ကို မမှတ်မိဘူးလား။ မျက်စောင်းထိုးအိမ်က မရန်လေ။ တို့ဟူးရောင်းတဲ့ မရန်”
ကျွန်တော် မှတ်မိပြီ။ ကျွန်တော်ငယ်ငယ်တုန်းက လိမ်းထိပ်တွင် တို့ဟူးရောင်းသည့် မရန်ဆိုသည့် မိန်းမတယောက်ရှိသည်။ သူ့ကို တို့ဟူးမရန်ဟု ခေါ်ကြသည်။ ထိုစဉ်က မရန်က မျက်နှာကို မှုန်နေအောင် သ,ထားသည်။ ထိုအခါ၌ သူ့မေးရိုးများသည် ယခုလောက် မကား။ နှုတ်ခမ်းများသည်လည်း ယခုလောက်မပါးဟု ထင်ရသည်။ ကျွန်တော်ငယ်စဉ်က မြင်ရသော မရန်၏ပုံမှာ တချိန်လုံးလုံး တို့ဟူဆိုင်နေသော မရန်၏ ပုံဖြစ်၍ ယခု ကွန်ပါတချောင်းလို ခြေနှစ်ချောင်းကို ကား၍ ရပ်နေသည်ကို မြင်ရသောအခါ ကျွန်တော် ရုတ်တရက် မမှတ်မိ။ ထိုစဉ်က မရန်ရုပ်ကလေးကလည်း သနရုပ္ပရှိသည်။ မှုန်နေအောင် ခြယ်သထားသည်။ ထိုကြောင့် သူတို့ တို့ဟူးဆိုင်တွင် လူစည်တတ်သည်။ သို့ရာတွင် ထိုစဉ်က ကျွန်တော့မှာ “ချာတိတ်” မျှသာဖြစ်၍ သူ့ကို စိတ်ဝင်စားရမှန်း မသိသေး။ သို့ဖြင့် ကျွန်တော်သူ့ကို လုံးလုံး သတိမရတော့။ ယခု မရန်က ခြေနှစ်ချောင်းခွဲ၍ ရပ်ရင်း ကျွန်တော့်ကို အထင်သေးသည့် အကြည့်မျိုးဖြင့် ကြည့်နေသည်။ သူကြည့်ပုံက နပိုလီယန်အကြောင်းကို မကြားဖူးသော ပြင်သစ်တယောက်၊ သို့မဟုတ် ဂျော့ဝါရှင်တန်နာမည်ကို မကြားဖူးသော အမေရိကန်တယောက်ကို ကြည့်ပုံမျိုးဖြစ်သည်။
သူက ကျွန်တော့ကို ခပ်လှောင်လှောင်ပြုံးကြည့်ရင်း
“ဘာလဲ။ နင် ငါ့ကို မမှတ်မိတော့ဘူး မဟုတ်လား။ မြို့ရောက်လို့ သွေးကြီးမွေးကြီးဖြစ်ပြီး တို့လိုတောသူတွေကို မသိတော့ဘူးပေါ့”
“မဟုတ်ပါဘူးဗျာ”
ကျွန်တော်က ထစ်ထစ်ငေါ့ငေါ့ပြောရင်း ထိုင်ရာမှ ထသည်။
“နင်တို့ပြောင်းတော့ အကြွင်းအကျန်လေး ဘာလေး တောင်းရအောင် လာတာဟေ့။ အိမ်ထောင် ပရိဘောဂလေး ဘာလေးပေါ့ဟယ်။ နင်တို့ မြို့ကျတော့ ဒါမျိုးတွေ သုံးလည်းသုံးမှာ မဟုတ်ပါဘူး။ ပြီးတော့ သယ်ရပိုးရတာလည်း တာဝန်ကြီးပါဘိသနဲ့။ နင်တို့လို သူဌေးတွေက ဒါမျိုးတွေ မသုံးပါဘူး။ တို့ဆင်းရဲသားတွေသာ”
“သူဌေးမဟုတ်ပါဘူးဗျာ။ ခုပစ္စည်းတွေ ပြန်ရောင်းပြီးမှ အသစ်ဝယ်နိုင်မှာပါ”
“ဘာလဲ၊ နင်က ဝေ့လည်ကြောင်ပတ် လုပ်ဦးမလို့လား။ ဘယ်ကလာပြီး သူဌေးမဟုတ်ရမှာလဲ။ မယားက သုံးယောက်။ အပြင်ထွက်ရင် လူရှစ်ယောက် ထမ်းတဲ့ ဝေါနဲ့။ ဒါ သူဌေးမဟုတ်လို့ ဘာလဲ။ မရှိချင် ယောင်ဆောင် မနေပါနဲ့”
ကျွန်တော် ဘာမှ မပြောနိုင်တော့။ တချီတည်း ပါးစပ်ပိတ်သွားသည်။
“ပိုက်ဆံရှိတဲ့လူများ သိပ်ကပ်စေးနဲ့တာပဲ။ ကပ်စေးနဲ့လာပြီဆိုရင် ပိုက်ဆံလည်း သိပ်စုတော့တာပဲ”
မရန်ကပြောသည်။ မရန်သည် တခွန်းသာပြောကာ လှည့်ထွက်သွားသည်။ ပြန်အလှည့်တွင် အမေသုံးသည့် လက်အိတ်ကို ဆတ်ခနဲကောက်ကာ သူ့အိတ်ထဲသို့ ထည့်သွားသည်။
ထိုရက်များတွင် ဆွေမျိုးများ ရောက်လာကာ နှုတ်ဆက်ကြသဖြင့် ဧည့်ခံစကားပြောနေရသည်နှင့် အချိန်ကုန်နေသည်။ ဧည့်သည်ပါးသည့် အချိန်ကလေးတွင် ထုပ်ပိုးစရာများကို ထုပ်ပိုးသိမ်းဆည်းရသည်။ သို့ဖြင့် သုံးလေးရက် အချိန်ကုန်သွားသည်။
တညနေတွင် ချမ်းချမ်းဖြင့် ကျွန်တော် လက်ဖက်ရည်ကြမ်း ထိုင်သောက်နေစဉ် အိမ်ပေါက်ဝမှ ခြေသံကြားရသဖြင့် ကျွန်တော်လှည့်ကြည့်လိုက်သည်။ ရုတ်တရက်တော့ ကျွန်တော်လန့်သွားသည်။ ထိုနောက် ရုတ်တရက်ထကာ ဆီးကြိုသည်။
ဧည့်သည်က တခြားသူမဟုတ် ယန်တူးဖြစ်သည်။ သူ့ကို ယန်တူးမှန်း ချက်ချင်းသိလိုက်သော်လည်း ကျွန်တော့်မျက်စိထဲတွင် တရေးရေးမြင်နေသည့် ယန်တူးမဟုတ်တော့။ သူ့ခန္ဓာကိုယ်သည် ယခင်ကထက် နှစ်ဆမျှ ကြီးနေသည်။ သူ့မျက်နှာ ဝိုင်းဝိုင်းသည် ယခင်က နီမြန်းနေသည်။ ယခု ဖျော့တော့ဝါထိန်ကာ ပါးရေတွေ တွန့်နေပြီ။ ပင်လယ်ကမ်းစပ် လေတိုက်ထဲတွင် နေကုန်နေခန်း လုပ်ရသော လယ်သမားများ ထုံးစံအတိုင်း သူ့မျက်လုံးများက သူ့အဖေ မျက်လုံးများလို မျက်ကွင်းတွေ နီရဲ့ကာ ခပ်မို့မို့ ဖြစ်နေကြသည်။ သူ့ခေါင်းတွင် ဦးထုပ် ခပ်စုတ်စုတ်တလုံးကို ဆောင်းထားသည်။ ခပ်ပါးပါး ဂွမ်းကပ်အင်္ကျီတထည်တည်းကို ဝတ်ထားသဖြင့် ခိုက်ခိုက်တုန်လျက်ရှိသည်။ သူ့လက်ထဲတွင် အထုပ်တထုပ်နှင့် ဆေးတံတချောင်းကို ကိုင်ထားသည်။ သူ့လက်များသည်လည်း ငယ်ငယ်က ကျွန်တော်မြင်ခဲ့ဖူးသည့် နီနီရဲရဲ ဖောင်းဖောင်းကစ်ကစ် လက်ကလေးများ မဟုတ်တော့။ ကိုင်းပင်တပင်က အခေါက်လို ကြမ်းရှကွဲအက်နေပြီ။
ဝမ်းသာလွန်းသဖြင့် ကျွန်တော် ဘာပြောရမှန်းမသိ။ “ဟေ့- ယန်တူး” ဟု သာ အော်နိုင်တော့သည်။
ငယ်ငယ်က ရှောင်းဟောင်းနှောင်းဖြစ်တွေကို ပုတီးစေ့ သွန်ချလိုက်သလို ကျွန်တော်ပြောချင်သည်။ တော်ကြက်ထောင်သည့်အကြောင်း၊ ငါးပျံများအကြောင်း၊ ခရုခွံများ၊ ဖြူကောင်များအကြောင်း စသည်တို့ကို ကျွန်တော်မေးချင်သည်။ သို့ရာတွင် အာစေးထည့်ထားသလို ကျွန်တော့ ပါးစပ်က စကားလုံး တလုံးမျှ မထွက်။
ယန်းတူးက တွေတွေကြီးရပ်နေသည်။ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း စသည့်ဝေဒနာများသည် သူ့မျက်နှာတွင် အထင်းသားပေါ်နေကြသည်။ သူ့နှုတ်ခမ်းများက တရွရွ လှုပ်နေကြသည်။ သို့ရာတွင် အသံထွက်မလာ။ အတန်ကြာမှ လှိုက်လှဲလေးစားစွာဖြင့်-
“ဆရာ” ဟု ခေါ်သည်။
ကျွန်တော် တကိုယ်လုံး တုန်သွားသည်။ သူနှင့် ကျွန်တော့်ကြားတွင် ကြေကွဲစရာ ထူထဲသည့် တံတိုင်းကြီး ခြားနေကြပြီ။ ကျွန်တော် ဘာမျှ ပြန်မပြောနိုင်သေး။
ယန်တူးက နောက်သို့လှည့်ကာ
“ဟဲ့- ငရှန် ဆရာ့ကို ကန်တော့” ဟု ဆိုကာ သူ့နောက်တွင် ပုန်းနေသည့် သူငယ်ကလေးတယောက်ကို ရှေ့သို့တွန်းလိုက်သည်။ လွန်ခဲ့သည့် အနှစ် ၂၀ ခန့်က ယန်တူး၏ ရုပ်မျိုး။ သို့ရာတွင် ယန်တူးထက်ပိန်သည်။ အသားဖြူသည်။ သူ့လည်ပင်းတွင် ငွေဘယက်ကလေးတော့ မပါ။
“ဒါ ကျွန်တော့ အငယ်ဆုံးကောင်လေ ဆရာ” ယန်တူးက ပြောသည်။
“လူထဲသူထဲ တခါမှ မရောက်ဖူးတော့ ကြောက်နေတယ်”
အမေက ဟွန်အာနှင့်အတူ အိမ်ပေါ်မှာ ဆင်းလာသည်။ ကျွန်တော့်တို့ စကားပြောနေသံကို ကြားဟန်တူသည်။
“အရီး ပေးလိုက်တဲ့စာ ရတယ်ခင်ဗျ” ယန်တူးက ပြောသည်။ “ဆရာပြန်လာမယ်ဆိုတော့ ဝမ်းသာလိုက်တာခင်ဗျာ”
“အမလေး နင့် အစ်ကိုလေးကို ဒီလောက် ရိုသေမနေစမ်းပါနဲ့။ နင်တို့ ကစားဖက်ပဲ” အမေက ရွှင်မြူးစွာပြောသည်။ “ငယ်ငယ်တုန်းကလဲ အစ်ကိုလေးလို့ ခေါ်ပေါ့”
“ဟာ အရီးကလည်းဗျာ၊ ရိုင်းရာကျနေမှာပေါ့။ ဟိုတုန်းက ကလေးဆိုတော့ နားမလည်လို့ခေါ်တာ”
စကားပြောရင်း ယန်တူးက သူ့သားငယ်ကိုခေါ်ကာ ကျွန်တော့်ကို ကန်တော့ခိုင်းသည်။ သို့ရာတွင် သူငယ်ကရှက်သဖြင့် သူ့အဖေနောက်တွင် တွယ်ကပ်နေသည်။
“သြော်...ငရှန်တဲ့လား”
အမေက မေးသည်။ “တို့က လူစိမ်းတွေဆိုတော့ ရှက်နေဟန် တူပါရဲ့။ ဟွန်အာရေ သွား သူ့ကစားချေကြ”
ဟွန်အာက ယန်တူးနောက်တွင် ရပ်နေသည့် ငရှန်ကိုသွားခေါ်သည်။ ထိုအခါကျမှ ငရှန် ရှောရှောရှူရှူ ပါသွားသည်။ အမေက ယန်တူးကို ကုလားထိုင်တွင် အထိုင်ခိုင်းသည်။ သို့ရာတွင် ယန်တူးက ရုတ်တရက်မထိုင်။ အတန်ကြာတွေနေပြီးမှ မဝံ့မရဲဖြင့် ထိုင်သည်။ ထို့နောက် အရိုးရှည်ဆေးတံကြီးကို နံရံတွင် လှမ်းထောင်ကာ၊ လက်ထဲက အထုပ်ကို လှမ်းပေးသည်။
“ဆောင်းတွင်းကြီးဆိုတော့ လက်ဆောင်ပေးစရာ ဘာမှ ကောင်းကောင်းမွန်မွန် မရှိဘူး။ ရှိတဲ့ ပဲဆံကလေးပဲ ယူခဲ့ရတယ်”
ကျွန်တော်က သူ့စီးပွားရေး အခြေအနေကို မေးသည်တွင် ယန်းတူးက ခေါင်းယမ်းကာ-
“မကောင်းပါဘူး အစ်ကိုလေးရာ။ အိမ်ရှိလူကုန် အလုပ်လုပ်တာပဲ။ ငရှန်ထက် အငယ်ကောင်တောင် ဝင်လုပ်တာပဲ။ ဒါပေမယ့် မစားလောက်ပါဘူး။ ပြီးတော့ အေးအေးချမ်းချမ်းလည်း မရှိပါဘူး။ ဟိုလူကလာ ဆက်ကြေးတောင်း၊ ဒီလူကလာ ဆက်ကြေးတောင်းနဲ့၊ တောင်းသမျှ ပေးနေရတာပဲ။ တယောက်လာ ဥပဒေတမျိုး၊ နောက်တယောက်လာ တမျိုးနဲ့။ စပါးကလည်း သိပ်မကောင်းဘူး။ အထွက်သိပ်နည်းတယ်။ အထွက်ကောင်းပြန်တော့လည်း သွားရောင်းရင် ဟိုအခွန်ပေးရ၊ ဒီအခွန်ပေးရနဲ့ လက်ထဲမှာ ဘာမှ မကျန်ဘူး။ မရောင်းပြန်ရင်လည်း ကိုယ့်မှာ စားစရာမရှိ”
ယန်တူးက ခေါင်းကို ယမ်းမြဲယမ်းနေသည်။ ပါးရေများ တွန့်နေပြီ ဖြစ်သော်လည်း သူ့မျက်နှာပေါ်က အကြောအချင်များသည် လှုပ်ရှားခြင်းမရှိ။ ကျောက်ရုပ်တခုလို ခံစားချက် ကင်းနေသည်။ ယန်တူး၏ဘဝသည် ခါးသီးနာကြည်းဖွယ် ကောင်းသည်မှာ ဘာမျှ အငြင်းထွက်စရာမလို။ သို့ရာတွင် ယန်တူးသည် သူ့နာကြည်းမှုကို မဖော်ပြတတ်။ ခဏအကြာတွင် ယန်တူးသည် အရိုးရှည်ဆေးတံကြီးကို တိတ်ဆိတ်စွာ ဖွာနေသည်။
အမေက သူနှင့် စကားပြောကြည့်သည့်အခါတွင် သူ့၌ အိမ်အလုပ်တွေ ကျန်ရစ်ခဲ့ကြောင်း၊ နောက်တနေ့တွင် ရွာသို့ ပြန်ရမည်ဖြစ်ကြောင်းဖြင့် သိရသည်။ သူတို့ သားအဖ မနက်စာ မစားရသေးသဖြင့် ထမင်းကြမ်းကြော်စားရန် မီးဖိုချောင်သို့ အမေက လွှတ်လိုက်သည်။
သူထွက်သွားသည့်အခါ အမေနှင့် ကျွန်တော်သည် ယန်တူး၏ ဆင်းရဲမွဲတေလှသော အဖြစ်ကို ကြည့်၍ ခေါင်းယမ်းမိကြသည်။ သားသမီးများခြင်း၊ သရောခိုင်းခြင်း၊ အခွန်အတုတ်ကြီးလေးခြင်း၊ ဓားပြများ သောင်းကျန်းခြင်း၊ အရာရှိများနှင့် မြေရှင်များ မင်းမူခြင်းစသည့် အရာအားလုံးသည် ယန်တူး၏ အဆီအသားတို့ကို ဖြစ်ညှစ်ဝါးမျိုပစ်ခဲ့ပြီ။ ယန်တူး၏ ဘဝသည် ကျပ်စည်းထားသည့် အလောင်းကောင်ခြောက်လို ခန်းခြောက်နေပြီ။ ကျွန်တော်တို့ သယ်မသွားနိုင်သည့် ပစ္စည်းများကို ယန်တူးအား ပေးပစ်ခဲ့မည်ဟု အမေကဆိုသည်။ သူကြိုက်ရာကို သူရွေးပါစေတော့။
ထိုညနေတွင် ယန်တူးသည် သူလိုချင်သည့် ပစ္စည်းများကို ရွေးသည်။ စားပွဲရှည်နှစ်လုံး၊ ကုလားထိုင်လေးလုံး၊ ဖယောင်းတိုင်တင်ခုံ၊ ဖယောင်းတိုင်များနှင့် ချိန်ခွင်တလက်တို့ဖြစ်သည်။ မီးဖိုထဲက ပြာများကိုလည်း သူယူမည်ဟု ဆိုသည်။ (ကျွန်တော်တို့ အရပ်တွင် ကောက်ရိုးကို မီးဆိုက်သည်။ ကောက်ရိုးပြာက သဲမြေတွင် မြေသြဇာလုပ်၍ ကောင်းသည်။) ကျွန်တော်တို့ ပြောင်းသွားသည့်အခါတွင် ထိုပစ္စည်းများကို လှေဖြင့် လာတင်မည်ဟု ယန်တူးကပြောသည်။
ထိုညတွင် ကျွန်တော်တို့နှစ်ယောက် ရှေးဟောင်းစကားပြောကြသည်။ သို့ရာတွင် လေးလေးနက်နက်မဟုတ်။ နောက်တနေ့ မနက်တွင် ယန်တူးတို့ သားအဖ ပြန်သွားကြသည်။
နောက်ကိုးရက်အကြာတွင် ကျွန်တော်တို့လည်း ပြောင်းရန် ပြင်ကြသည်။ ပြောင်းမည့်နေ့ မနက်တွင် ယန်တူးနောက်တခေါက် ပေါက်လာပြန်သည်။ ထိုအကြိမ်တွင်မူ သူ့သား ငရှန် မပါလာတော့။ သူ့လှေကိုစောင့်ရန် ငါးနှစ်သမီးကလေးကို ခေါ်လာခဲ့သည်။ ဤနေ့က ကျွန်တော်တို့ကလည်း အလုပ်များနေကြသဖြင့် စကားပြောချိန်မရ။ ဧည့်သည်တွေကလည်း ပြည့်နေသည်။ အချို့က နုတ်ဆက်ရန် လာကြခြင်းဖြစ်သည်။ အချို့က ပစ္စည်းယူရန် လာကြခြင်းဖြစ်သည်။ အချို့ကလည်း ထိုနှစ်ခုစလုံးအတွက် လာကြခြင်းဖြစ်သည်။ မော်တော်ပေါ်သို့ ကျွန်တော်တို့ ရောက်ချိန်တွင် ညနေစောင်းနေပြီ။ အိမ်တွင် ရှိသမျှ ပစ္စည်း အစုတ်အပြတ်၊ အကြီးအသေး၊ အကောင်းအဆိုး ဟူသမျှကို ရှင်းလင်းပြီးပြီ။
မြစ်ကမ်းတဖက်တချက်ရှိ စိမ်းညို့သော တောင်တန်းကြီးများသည် ဆည်းဆာတွင် မှုန်ပြာရီဝေလျက် ရှိကြသည်။ ကျွန်တော်နှင့် ဟွန်အာက မော်တော်ဦးခန်း ပြတင်းပေါက်ဝမှာ ကိုယ်တပိုင်းထွက်ကာ ရေးရေးမှုန်မှုန် မြင်ရသော ရှုခင်းကို ငေးကြည့် လိုက်လာကြသည်။
“ကျွန်တော်တို့ ဘယ်တော့ ပြန်လာမှာလဲဟင် ဦးလေး”
ဟွန်အာ ရုတ်တရက် မေးလိုက်သည်။
“ဘယ်တော့ ပြန်လာမလဲ၊ ဟုတ်လား။ ပြောင်းပြီဆိုမှတော့ ဘာလို့ ပြန်လာဦးမှာလဲကွ”
“ငရှန်က သူတို့ရွာကို လာဦးလို့ ခေါ်ထားတယ် ဦးလေးရ”
ဟွန်အာ နက်ပြောင်သော မျက်လုံးများ အပြူးသားဖြင့် စိုးရိမ်တကြီးပြောသည်။
အမေနှင့် ကျွန်တော်လည်း စိတ်မကောင်းကြ။ နှစ်ယောက်သား ယန်တူးအကြောင်းကို ပြောမိကြသည်။ ကျွန်တော်တို့ အိမ်ပြောင်းတော့မည်ဟု ကြားကတည်းက တို့ဟူသည် မရန်တယောက် အိမ်သို့ နေ့တိုင်းပေါက်လာတတ်ကြောင်း၊ တမြန်နေ့ကမူ ကျွန်တော်တို့ အိမ်ထဲက ပြာကျင်းကို မရန် လာတူးကြောင်း၊ ထိုပြားကျင်းထဲမှ အိုးပန်းကန် တဒါဇင်လောက်ရကြောင်း၊ ဤအရာများကို ယန်တူးဝှက်ထားလိမ့်မည် ထင်ကြောင်း၊ ယန်တူးသည် ပြာကျင်းလာတူးသည့် အခါကျမှ ယန်တူးက ယူမည်ဟု ရည်ရွယ်ထားဟန်ရှိကြောင်းဖြင့် မရန်က ပြောပြသည်ဟု အမေက ပြောပြသည်။ မရန်သည် ထိုအရာများကို တွေ့သည့်အခါတွင် ဝမ်းသာအားရ ဖြစ်လျက်ရှိသည်။ ခွေးလှောင်ခွက်ကို ယူ၍ ခပ်သုတ်သုတ် ထွက်သွားသည်။ (ခွေးလှောင်ခွက် ဆိုသည်မှာ ကျွန်တော်တို့ အရပ်က မွေးမြူရေးသမားများ အသုံးပြုသည့် အရာဖြစ်သည်။ သစ်သားလှောင်အိမ်ကလေးဖြစ်၍ အထဲတွင် အစာထည့်ထားသည်။ ကြက်များက ခေါင်းဝင်၍ အစာကောက်နိုင်သော်လည်း ခွေးများက စားမာန်ထကာ ဟောင်နေတတ်သဖြင့် ခွေးလှောင်ခွက်ဟု ခေါ်ကြသည်။) ဤပန်းကန် ခွက်ယောက်များကို ယူ၍ မရန် အားရဝမ်းသာ ပြေးပုံကို ကျွန်တော် မြင်နေသည်။ သူ့ခြေထောက် သေးသေးကလေးများဖြင့် ဤမျှ မြန်မြန် ပြေးနိုင်သည်ကို ကျွန်တော်အံ့သြရသည်။
ကျွန်တော်တို့ မော်တော်သည် မြို့နှင့် ဝေးသထက် ဝေးလာသည်။ ကျွန်တော့ မွေးရပ်မြေက တောင်များနှင့် မြစ်များလည်း အဝေးတွင် တဖြည်းဖြည်းဝေး၍ ကျန်ရစ်ကြပြီ။ မွေးရပ်မြေမှ ခွဲခွာရသဖြင့် ကျွန်တော် ဝမ်းမနည်း။ သို့ရာတွင် ကျွန်တော့ဘေး ပတ်ပတ်လည်၌ ကျွန်တော့ ပေါင်းဟောင်းသင်းဟောင်းများနှင့် ကျွန်တော့ကို တကွဲတပြားစီ ခွဲခြားပစ်လိုက်သည့် မမြင်နိုင်သော တံတိုင်းကြီးတခု ကာဆီးနေပြီဟုကား ကျွန်တော် ခံစားရသည်။ ဤသို့ တွေးမိတိုင်း ကျွန်တော် ဝမ်းနည်းသည်။ ဖရဲခင်းထဲက ငွေဘက်ယက်ကလေး ဆွဲထားသည့် ကျွန်တော့် သူရဲကောင်းသည် ယခင်က ကျွန်တော့ မျက်စိထဲ၌ ပီပီသသ ကြီးပေါ်တတ်လာသည်။ ယခု ကျွန်တော် မျက်စိထဲတွင် ရုတ်တရက် မှုန်ဝါးပျောက်ကွယ်သွားပြီ။ ဤသည်ကို တွေးမိလျှင် ပို၍ ဝမ်းနည်းသည်။
အမေနှင့် ဟွန်အာက အိပ်ပျော်နေကြပြီ။
ကျွန်တော်က အိပ်ရာပေါ်တွင် လှဲရင်း မော်တော်ဦးသို့ လာ၍ ရိုက်ခတ်နေသည့် လှိုင်းသံများကို နားထောင်နေသည်။ ကျွန်တော်က ကျွန်တော့်လမ်းကို သွားနေပြီ။ ကျွန်တော်နှင့် ယန်တူးကြားတွင် အတားအဆီးကြီးနေသော်လည်း ကျွန်တော်တို့ ကလေးများကမူ တူညီချက်တွေ ရှိကြသေးသည်။ ယခုပင် ဟွန်အာသည် ငရှန်အကြောင်းကို ပြောနေသေးသည် မဟုတ်လော။ သူတို့ခေတ်ရောက်လျှင် ကျွန်တော်တို့လို ဖြစ်လိမ့်မည်ဟု ကျွန်တော်မထင်။ သူတို့ကြားတွင် တံတိုင်းကြီး ခြားနေသည့် အဖြစ်မျိုးကို ခွင့်ပြုလိမ့်မည်ဟု ကျွန်တော်မမျှော်လင့်။ သို့ရာတွင် သူတို့ကိုလည်း ကျွန်တော့်လို မောင်းကျောက်တုံး ဘဝသို့ မရောက်စေချင်။ ယန်တူးကိုလည်း မဖြစ်စေချင်။ အခြားသူများကဲ့သို့သော သောက်စားပျော်ပါး၍ ပျက်စီးသည့် ဘဝမျိုးသို့ မရောက်စေချင်။ သူတို့ခေတ်သည် ခေတ်သစ်ဖြစ်ဖို့ ကောင်းသည်။ ကျွန်တော်တို့ မကြုံဖူးသော ဘဝသစ် ဖြစ်သင့်သည်။
ကျွန်တော်သည် မျှော်လင့်ချက်တွေကို တွေးရင်း မောဟိုက်သွားသည်။
ကျွန်တော်သည် ငိုက်မြည်းစပြုလာသည်။ ပယင်းရောင် စိမ်းနေသာ ပင်လယ်ကမ်းစပ်၊ ပြာလဲ့ ကြည်စင်သော ကောင်းကင်တွင် ထွန်းလင်းနေသော ရွှေလမင်း စသည်တို့ကို ကျွန်တော် မြင်ယောင်နေသည်။
မျှော်လင့်ချက်ဆိုသည်မှာ တကယ်ရှိသည်ဟု ပြောနိုင်သည့်အရာမျိုးလည်း မဟုတ်၊ မရှိဟု ပြောနိုင်သည့် အရာလည်း မဟုတ်၊ စင်စစ် မျှော်လင့်ချက်ဆိုသည်မှာ မြေကြီးပေါ်က လမ်းကြောင်းနှင့် တူသည်။ ပထမတုန်းက မြေကြီးပေါ်တွင် လမ်းဟူ၍ ရှိသည်မဟုတ်။ သို့ရာတွင် လူများစွာ ဖြတ်သန်းသွားလာကြသည့် အခါ၌မူ မြေကြီးပေါ်တွင် လမ်းကြောင်းတခု ပေါ်ပေါက်လာရသည် မဟုတ်လော။
မျှော်လင့်ချက်ဆိုသည်မှာလည်း ထို့အတူဟု ကျွန်တော် တွေးမိသည်။

(Lu Hsun’s My Old Home)
မြသန်းတင့် ဘာသာပြန်သည်။

1 comment:

Anonymous said...

သြော်..စာရေးအား တယ်ကောင်းပါလားလို့ စိတ်ထဲက တွေးရင်း ဆွဲဖတ်လာတာ
အောက်ဆုံးရောက်တော့မှ ဟင်းးးခနဲ ဖြစ်သွားရတယ်..
ခုလိုလေး တင်ပြပေးတာ ရှဲရှဲပါ