သူ့ကြောင့်၊ သူတို့ကြောင့်

ကိုဇော်နိုင်ဦးရေ . . .  
    မြန်မာဘောလုံး အသင်းရှုံးတဲ့ အကြောင်း၊ အရှက်တကွဲဖြစ်ရတဲ့ အကြောင်း၊ ကျွန်တော်တို့ရဲ့သိက္ခာ တရားအတွက် ဘယ်လိုခံစားရတဲ့အကြောင်း လူတွေအတော်များများ ရေးထားကြတာ ခင်ဗျားလည်း ဖတ်ပြီးရောပေါ့။ နည်းပြနဲ့ ကစားသမားတွေ သွေးသစ်လောင်းဖို့လိုတယ်၊ နိုင်ငံခြားသားနည်းစနစ် ဒါရိုက်တာငှားမယ်၊ အခုကစားသမားတွေနေရာ မှာ လူငယ်လူသစ်တွေ မွေးမယ်ဆိုတဲ့ အက်ကြောင်းထပ်တဲ့
ဓာတ်ပြားဟောင်းကြီးလည်း နားမထောင်ချင်တော့ပါဘူး။ ဒီလိုလုပ်တာ ခဏ ခဏရှိပြီး မအောင်မြင်ခဲ့တာကလည်း အကြိမ်တိုင်းဖြစ်သလို၊ မျိုးဆက်ခါးပြတ်ပြီး ဒုက္ခရောက်ခဲ့တာကလည်း ခဏခဏဆိုတော့ ဒီကုထုံး အဟောင်းကြီး တစ်ခုတည်းနဲ့တော့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းရဲ့ အဆင့်အတန်းတက်လာဖို့ မရှိပါဘူး။

 ကိုဇော်နိုင်ဦးရေ . . .
    မြန်မာဘောလုံး အခုလိုဖြစ်ခဲ့ရတာကို ဥပမာပေးရရင်တော့ ကောင်းကင်အပေါ်ကိုပဲ မော့ကြည့်ပြီး လမ်းလျှောက်တဲ့ လူတစ်ယောက် ခလုတ်တိုက်မိပြီး မျက်နှာနဲ့ မြေကြီးအပ် လဲကျတဲ့အဖြစ်မျိုးပါ။ တစ်နှစ်တစ်နှစ် ဒေါ်လာသန်းပေါင်းများစွာ သုံးပြီးကျင်းပတဲ့ MNL ပြိုင်ပွဲကြီး၊ ၀င်ငွေလစာ သိန်းပေါင်းများစွာဝင်တဲ့ ဘောလုံးသမားတွေ၊ စီးပွားရေးတွေ တစ်ရှိန်ထိုး တိုးတက်ပြီး ဘီလျံနာဖြစ်ဖို့ တာစူနေတဲ့ အသင်းပိုင်ရှင် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ (alternative opportunity မရတဲ့သူတချို့တော့ ရှိရှာပါတယ်။ သူတို့ကတော့ လက်လျှော့၊ တချို့ကလက်လျှော့ဖို့ ပြင်ဆင်နဲ့ပေါ့)၊ ဒေါ်လာသန်းရာနဲ့ချီ ကုန်ကျမယ့် ကစားကွင်းသစ်ကြီး (၄) ကွင်းလည်း ဆောက်လုပ်ဖို့ပြင်ဆိုတော့ ကျွန်တော်တို့ မြန်မာအားကစားလည်း အရှေ့တောင်အာရှတောင် မပြောတော့ဘဲ အာရှအားကစား ပြိုင်ပွဲတောင် လေသံလှမ်းပစ်ပြီး ကျွန်တော်တို့ ကိုယ်တိုင် စိတ်ကြီးဝင် မိတော့တာပါပဲ။ [ပရိသတ်တွေကတော့ ၀င်ကြေး (၁၀၀၀) ကနေ (၂၀၀၀)၊ (၃၀၀၀) တိုးရင်တောင် လာကြည့်နိုင်ပုံမရပါဘူး]

    ဒါပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ ဘောလုံး အဆင့်အတန်းဟာ အဲဒီနိုင်ငံရဲ့ လက်ရွေးစင်အသင်းရဲ့ အဆင့်အတန်းနဲ့ပဲ ဆုံးဖြတ်လေ့ ရှိတာဆိုတော့ (၂) နှစ် (၁) ကြိမ်ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ မြန်မာအသင်းရဲ့ ရလဒ်ဟာ ကျွန်တော်တို့ရဲ့ ဘောလုံး အဆင့်အတန်းကို ရည်ညွှန်းသလို ဖြစ်ခဲ့ရပါတယ်။

အတ္တတွေများပြီး စိတ်ဓာတ်ပိုင်းမှာ တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင် ဖြစ်မှု၊ ဘက်လိုက်မှု၊ မညီမျှမှု၊ မညီညွတ်မှုတွေ အများကြီးရှိတဲ့ MNL ပြိုင်ပွဲကြီးရဲ့ အတ္တအရိပ်တွေ လွှမ်းနေတဲ့ ဒီကစားသမားတွေ ညီညီညွတ်ညွတ်ဖြစ်ဖို့ ပြင်ဆင်ချိန် ဘယ်လောက်ရခဲ့ပါသလဲ ...
 ကိုဇော်နိုင်ဦးရေ . . .
   မြန်မာဘောလုံးအသင်း ဒီလို အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာဟာ နည်းပြညံ့ဖျင်းမှုကြောင့်၊ ဘောလုံးသမားတွေ စိတ်ဓာတ်မရှိတာကြောင့်၊ အရည်အသွေး မရှိတာကြောင့်ဆိုပြီး ပုံချနေတာဟာ တရားမျှတမှုမရှိပါဘူး။ လက်ရွေးစင် အသင်းတစ်သင်းဖြစ်ပြီး MNL ကလပ်အသင်းတစ်သင်း လောက်တောင် ပြင်ဆင်ချိန်ရခဲ့ရဲ့လား၊ ပံ့ပိုးမှုရခဲ့သလားဆိုတဲ့ မေးခွန်းမျိုး မေးဖို့လိုပါတယ်။ အတ္တတွေများပြီး စိတ်ဓာတ်ပိုင်းမှာ တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်ဖြစ်မှု၊ ဘက်လိုက်မှု၊ မညီမျှမှု၊ မညီညွတ်မှုတွေ အများကြီးရှိတဲ့ MNL ပြိုင်ပွဲကြီးရဲ့ အတ္တအရိပ်တွေ လွှမ်းနေတဲ့ ဒီကစားသမားတွေ ညီညီညွတ်ညွတ်ဖြစ်ဖို့ ပြင်ဆင်ချိန် ဘယ်လောက်ရခဲ့ပါသလဲ။ မြန်မာ့ လက်ရွေးစင်အသင်း နိုင်ငံတကာ ပြိုင်ပွဲဘယ်နှစ်ပွဲပြိုင်ပြီး ခြေစမ်းပွဲ ဘယ်နှစ်ပွဲ ကစားခဲ့သလဲ။
 
ကိုဇော်နိုင်ဦးရေ . . .
   သူ့ကြောင့်၊ သူတို့ကြောင့်လို့ အပြစ်ပြောမယ်ဆိုရင် ငါ့ကြောင့် ဆိုတာလည်း ထည့်စဉ်းစားသင့်တာပါပဲ။ ကျွန်တော်တို့ အားကစားကလောင်ရှင်တွေ အနေနဲ့လည်း MNL ပြိုင်ပွဲဆိုတဲ့ ၀ါးလုံးခေါင်းထဲက မထွက်နိုင်ဘဲ လက်ရွေးစင်အသင်း ပြင်ဆင်မှုအတွက် မေးခွန်းတွေ မထုတ်ခဲ့ကြသလို၊ ဘောလုံးအဖွဲ့ချုပ်ရဲ့ စီမံခန့်ခွဲမှု အားနည်းတာကိုလည်း တိတိကျကျဝေဖန်ဖို့ ပျက်ကွက်ခဲ့ကြတယ် မဟုတ်ဘူးလား။ ဒါကြောင့် ပြဿနာတစ်ခုကို စဉ်းစားမယ်ဆိုရင် ပြဿနာရဲ့ အရင်းအမြစ်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အားမနာတမ်း ဝေဖန်အကြံပြုနိုင်ဖို့က ပိုအရေးကြီးလှပါတယ်။

 ကိုဇော်နိုင်ဦးရေ . . .
   ကျွန်တော်တို့ မြန်မာ့ဘောလုံးမှာ လက်ရှိသွားနေတဲ့ လမ်းကြောင်းကို အကြီးအကျယ် မြေလှန်ပြောင်းလဲပစ်စရာ မလိုပါဘူး။ ပိုပြီးခိုင်မာအောင် လုပ်ဖို့ပဲရှိပါတယ်။ အဓိက ပြောင်းလဲရမှာက 'စိတ်ဓာတ်' (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ ခံယူချက်ပါပဲ။ ဘောလုံးသမားတွေ၊ နည်းပြတွေ၊ ပရိသတ်တွေ သာမက ဘောလုံးအသင်း ပိုင်ရှင်တွေ၊ ဘောလုံးအ ဖွဲ့ချုပ်တာဝန်ရှိသူတွေ အနေနဲ့လည်း ပြောင်းလဲဖို့လိုပါတယ်။ ခေါင်းဆောင်ဖြစ်ရင် 'ထကြွ၊ နိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု' အကြီးအကဲဝတ်နဲ့ ညီဖို့လိုသလို၊ နောက်လိုက်ဖြစ်ရင်လည်း 'ညီညာထကြွ၊ ဆုံးမနာယူ . . .' အစရှိတဲ့ တပည့်ဝတ်နဲ့ညီဖို့ လိုပါတယ်။ အသင်းခေါင်းဆောင်၊ အဖွဲ့အစည်းခေါင်းဆောင် ဖြစ်လာရင် ကိုယ့်အတ္တကို ရှေ့တန်းမတင်ဖို့၊ အခွင့်အရေးကို ရတိုင်းမယူဖို့၊ အနစ်နာခံဖို့ လိုတယ်ဆိုတာ သတိပြုသင့်ပါတယ်။ ကိုယ့်ရဲ့အရိပ်တွေဟာ ကိုယ့်နောက်ကလူတွေရဲ့ စိတ်ထဲက အရိပ်လိုဖြစ်စေပါတယ်။ နောက်ပြီး ကိုယ့်အသင်းအနိုင်ရဖို့၊ ကိုယ်နိုင်စေချင်တဲ့အသင်း အနိုင်ရဖို့ ဆိုတဲ့အတ္တတွေကို ဖယ်ရှားပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်အမျိုးသားရေးပုံရိပ် မြင့်လာအောင် လုပ်သင့်ပါတယ်။

 ကိုဇော်နိုင်ဦးရေ . . .
   မြန်မာဘောလုံးနယ်ပယ်မှာ တင်မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းအတွင်းမှာလည်း အဓိကလိုအပ်နေတာ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုပါပဲ။ မှန်မှန်ကန်ကန် လုပ်ချင်ကိုင်ချင်တဲ့ သူတွေကို အားပေးဖို့ လိုပါတယ်။ ငါ့အလိုကို လိုက်မယ့်၊ ငါ့အကြိုက်ကိုလိုက်မယ့် ဘောင်းတော်ညိတ်၊ စိတ်တော်သိတွေပဲ များနေရင် တိုးတက်မှု ပြောင်းလဲမှုဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ တိုးတက်ချင်သူတွေ၊ မှန်မှန်ကန်ကန် ဖြစ်ချင်တဲ့သူတွေကို နည်းအမျိုးမျိုးနဲ့ အပြစ်ပုံချ လက်ညှိုးထိုးတာတွေ မလုပ်ပါနဲ့။ ကိုယ်ကိုယ်တိုင်က တရားမျှတမှ ကိုယ့်ရဲ့သမိုင်းက လည်းလှမှာပါ။ ကျွန်တော်တို့ရဲ့ သမိုင်းညံ့ဖျင်းနေခဲ့ရင် ဘယ်သူကြောင့်ဆိုတာ လက်ညှိုးထိုးဖို့ မကြိုးစားကြဘဲ ကိုယ်ကိုယ်တိုင် မှန်ကန်မှုရှိအောင် ကြိုးစားကြဖို့လိုပါတယ်။ သူ့ကြောင့် သူတို့ကြောင့်လို့ချည်းပဲ စဉ်းစားမနေကြပါနဲ့တော့ . . . ။   ။

မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်း၏ ၂၀၁၀ ဆူဇူကီးဖလားပြိုင်ပွဲမှတ်တမ်း
၇-၁၀-၂၀၁၀     -         မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်ကို ခန့်အပ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)က တရားဝင်အတည်ပြုထုတ်ပြန်။
၁၃-၁၁-၂၀၁၀   -         ၂၀၁၀ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပဏာမလက်ရွေးစင် (၃၀)ဦးရွေးချယ်ကာ လေ့ကျင့်မှုစတင်ပြုလုပ်။
၁၇-၁၁-၂၀၁၀   -         တရုတ်ကလပ်အသင်း ဒါလီယန်ရှီဒီနှင့် သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ရာတွင် (၄-၅)ဂိုးဖြင့်ရှုံးနိမ့်။
၁၉-၁၁-၂၀၁၀   -         တရုတ်ကလပ်အသင်း ဒါလီယန်ရှီဒီနှင့် ဒုတိယခြေစမ်းပွဲ ယှဉ်ပြိုင်ရာ(၃-၁)ဂိုးဖြင့်အနိုင်ရ။
၂၂-၁၁-၂၀၁၀   -         ၂၀၁၀ ဆူဇူကီးဖလားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အပြီးသတ်စာရင်း(၂၂)ဦးကို ထုတ်ပြန်ကြေညာ။
၂၇-၁၁-၂၀၁၀   -         ၂၀၁၀ ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန်အတွက် ဗီယက် နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ စတင်ထွက်ခွာ။
၂-၁၂-၂၀၁၀     -         ပွဲဦးထွက်အဖြစ် ဗီယက်နမ်ကို(၇-၁)ဂိုးဖြင့်ရှုံးနိမ့်။
၅-၁၂-၂၀၁၀     -         ဒုတိယပွဲစဉ်တွင် စင်ကာပူကို(၂-၁)ဂိုးဖြင့်ရှုံးနိမ့်။
၈-၁၂-၂၀၀၁၀   -         အုပ်စုနောက်ဆုံးပွဲစဉ်၌ ဖိလစ်ပိုင်နှင့် ဂိုးမရှိသရေကျခဲ့။
၉-၁၂-၂၀၁၀     -         ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ။
က အုပ်စုရပ်တည်မှု နောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်းကြောင့် ၂၀၁၂ ခုနှစ်တွင် ကစားမည့် ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲ အဆင့်မှစတင်၍ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

2010 AFC Challenge Cup (ခြေစစ်ပွဲ - ဘင်္ဂလားဒေ့ရှ်)
၂၆-၄-၂၀၀၉     မြန်မာ  ၄-၀     မကာအို
၂၈-၄-၂၀၀၉     မြန်မာ  ၂-၁     ဘင်္ဂလားဒေ့ရှ်
၃၀-၄-၂၀၀၉     မြန်မာ  ၁-၀     ကမ္ဘောဒီးယား
(အုပ်စုပထမဖြင့် မြန်မာအသင်းခြေစစ်ပွဲအောင်)

2010 AFC Challenge Cup (နောက်ဆုံးအဆင့်ပြိုင်ပွဲ - သီရိလင်္ကာ)
အုပ်စုအဆင့်
၁၆-၂-၂၀၁၀     မြန်မာ  ၄-၀     သီရိလင်္ကာ
၁၈-၂-၂၀၁၀     မြန်မာ  ၂-၁     ဘင်္ဂလားဒေ့ရှ်
၂၀-၂-၂၀၁၀     မြန်မာ  ၀-၃     တာဂျစ်ကစ္စတန်
(အုပ်စုဒုတိယဖြင့် မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ရောက်)
ဆီမီးဖိုင်နယ်
၂၄-၂-၂၀၁၀     မြန်မာ  ၀-၅     မြောက်ကိုရီးယား
တတိယနေရာလုပွဲ
၂၇-၂-၂၀၁၀     မြန်မာ  ၀-၁     တာဂျစ်ကစ္စတန်

မြန်မာ-စင်ကာပူယူ-၂၃ ခြေစမ်းပွဲ (ရန်ကုန်)
၂-၇-၂၀၁၀      မြန်မာ(ယူ-၂၃) ၂-၁     စင်ကာပူ(ယူ-၂၃)
၎-၇-၂၀၁၀      မြန်မာ့လက်ရွေးစင်       ၂-၁     စင်ကာပူ(ယူ-၂၃)

မြန်မာ-ဒါလီယန်ရှီဒီကလပ် ခြေစမ်းပွဲ (ရန်ကုန်)
၁၇-၁၁-၂၀၁၀   မြန်မာ  ၄-၅     ဒါလီယန်ရှီဒီ
၁၉-၁၁-၂၀၁၀   မြန်မာ  ၃-၁     ဒါလီယန်ရှီဒီ

၂၀၁၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ (ဗီယက်နမ်)
၂-၁၂-၂၀၁၀     မြန်မာ  ၁-၇     ဗီယက်နမ်
၅-၁၂-၂၀၁၀     မြန်မာ  ၁-၂     စင်ကာပူ
၈-၁၂-၂၀၁၀     မြန်မာ  ၀-၀     ဖိလစ်ပိုင်

မန်းဘောလုံး
Eleven Media Group မှ ကူးယူတင်ပြသည်။

No comments: