ပြည်ပမီဒီယာများနှင့် လုံခြုံရေး

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်အား လေးစားချစ်ခင်၊ ယုံကြည်မြတ်နိုးသည့် ပြည်သူတရပ်လုံးမှ ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြသလို စာရေးသူလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူတရပ်လုံးကို ကိုယ်စားပြုသည့် ပြည်သူ့ခေါင်းဆောင်ကြီး ဖြစ်သလို ပြည်သူတရပ်လုံး၏ အားထားမှီခိုရာ ကိုင်းကျွန်းကြီးလည်း ဖြစ်ပေသည်။

ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခြင်းသည် ပြည်သူတရပ်လုံး လွတ်မြောက်လာခြင်းဟု မှတ်ယူနိုင်ပါသည်။ သို့သော် ပြည်သူအပေါင်း အမှန်တကယ် လိုလားသည့် လွတ်မြောက်မှုမှာ စစ်ဖိနပ်အောက်မှ ဖိနှိပ်ချုပ်ချယ်၊ နိုင်ကျင့်စော်ကား၊ သတ်ဖြတ်ညှင်းဆဲမှုတို့မှ လွတ်မြောက်ရာဖြစ်သည်။ ထိုသို့ လွတ်မြောက်ရန်အတွက် သတိကြီးစွာဖြင့် တည့်မတ်ဖြောင့်တန်းစွာ လျှောက်လှမ်းကြဖို့ လိုပေသည်။ ဒေါ်အောင်ဆန်းစုကြည် တဖန် ထိမ်းသိမ်းမခံရရန် သတိကြီးစွာ လှုပ်ရှား ဆောင်ရွက်ကြဖို့ လိုအပ်ပါသည်။ လှေလှော်ရင်း တက် မကျိုးစေလို။

အာရ်အက်ဖ်အေမှ ပတ်စဉ် ထုတ်လွှင့်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေးအဖြေ ကဏ္ဍသည် ဒေါ်အောင်ဆန်းစုကြည်အတွက် အန္တရာယ်ရှိသည်ဟု မြင်မိပါသည်။ အမေးအဖြေ စကားလုံးများတွင် မရည်ရွယ်ဘဲ အမှားတစုံတရာ ပြောမိခဲ့လျှင် မလိုလားသူတို့၏ တိုက်ခိုက်နှောက်ယှက်မှုကို ခံရနိုင်သည်။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခါစ စစ်ခုံရုံးကိစ္စတွင် သတင်းသမားများ၏ ချွတ်ချော်မှုကြောင့် ဝေဘန်မှုအမျိုးမျိုး အပြစ်တင်မှုအဖုံဖုံတို့ကို ကြုံတွေ့ခဲ့ရသည်ကို ထောက်ဆကာ ကောင်းကျိုးလိုလားသည့် အတွက် သတိထားနိုင်ရန် အကြံပြုခြင်းသာ ဖြစ်ပါသည်။ ရန်သူက များလှသလို အန္တရာယ်ကြီးလှပါသည်။ (ငါးမင်းဆွေတို့လို အကျိုးမလိုလားသည့် ဖားသတ္တဝါများ)။

ပြည်ပ အသံလွှင့် သတင်းဌာနများမှလည်း အန္တရာယ်များသည့်၊ ဖြေရကျဉ်းကြပ်သည့် မေးခွန်းမျိုးကို ရှောင်ကျဉ်ကြဘို့ လိုပေသည်။ ထောင်နှုတ်ခမ်းဝတွင် ရပ်တည်လှုပ်ရှားကြရသည့် ပြည်တွင်း တိုက်ပွဲဝင်ရဲဘော်များကို အကျိုးမကြီးပါပဲ ဖြေရန်ခက်ခဲ အန္တရာယ်များသည့် မေးခွန်းများ မမေးမိစေရန် သတိထားကြဘို့လိုပေသည်။ ရံခါတွင် မရည်ရွယ်သော်လည်း ရန်သူမှ အနံ့ခံ၊ စုံစမ်းထောက်လှမ်းနိုင်ရန် လမ်းညွှန်သကဲ့သို့ ထုတ်လွှင့်ဖော်ပြနေသည်ကို ကြားသိရသည်မှာ နောက်ကျောမလုံ ရင်တုန်စရာကောင်းလှသည်။ ပြည်ပတင်းဌာနများ၏ ပယောဂ (အသုံးမကျမှု) ကြောင့် အကျဉ်းကျနေရသည့် ရဲဘော်တို့ အများအပြားပင်။

မိမိတို့ ရင်ဆိုင်နေရသည့် ရန်သူမှာ လူပီသသူများ မဟုတ်ကြ။ မာန်မာ၊ အတ္တနှင့် ဒေါသက ကြီးပါဘိသနဲ့ ဘုရားမရှိ၊ တရားမသိသည့် အာဏာရူးကြီးများ ဖြစ်သည်ကို ပြည်ပသတင်းဌာနများ ကြပ်ကြပ်သတိထားပါ။ ကလေးအရွယ် ကျောင်းသားအရွယ်၊ အိုကြီးအိုမ၊ ရဟန်းသံဃာအဆုံး ပြည်သူအမြောက်အများ ရက်စက်စွာ သတ်ပြထားသည်ကို ပြည်ပသတင်းဌာနများ မမေ့ကြနှင့်။ အာဏာ (အတ္တ) ကို ထိပါးလာမည်ဆိုလျှင် လူသတ်ရန် ဝန်မလေးကြသူများ ဖြစ်သည်။ သတင်းရရန်၊ သတင်းဦးရန်သာ စိတ်စောကာ ဆင်ခြင်မှုကင်း ဇွတ်တင်း မလုပ်ကြလေနှင့် တဖက်သားအား ထောက်ထားညှာတာကြပါ။

ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို အလေးထားကြဘို့ လိုပေသည်။ သတိဟူသည် ပိုသည်မရှိပါ။ အာရ်အက်ဖ်အေမှ အမေးအဖြေ အစီအစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် ထိပါးနိုင်သည်ဟု မြင်မိသဖြင့် ဆင်ခြင်နိုင်ရန် ရည်သန်ခြင်းဖြစ်သည်။ စကားပြောဖန်များလျှင် အမှားပါလာတတ်သည်ကြောင့် ဆန္ဒပြုခြင်းဖြစ်သည်။ ခေါင်းဆောင်များ စကားမှားလျှင် ပို၍ပင် အန္တရာယ် ကြီးပါသည်။ ဒေါ်အောင်ဆန်းစုကြည် မလုံခြုံလျှင် ပြည်သူအပေါင်း မလုံခြုံသည်နှင့် အတူတူပင်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးသည် ပြည်သူ့လုံခြုံရေးပင် ဖြစ်တော့သည်။ ပြည်သူ့လုံခြုံရေးအတွက် ပြည်သူတို့၏ နား၊ မျက်စိဖြစ်သော သတင်း၊ မီဒီယာများသည် စူးရှထက်မျှစွာ ကြည့်တတ်၊ မြင်တတ်၊ ကြားတတ်၊ နားထောင်တတ်ဖို့လိုပါသည်။ သတင်းဌာနများသည် မရှိမဖြစ်လိုအပ်သော အရာဖြစ်ကြောင်း ထင်ရှားပါသည်။ ထိုကြောင့် ပြည်တွင်းမှ လိုအပ်သည်များကို ဖြည့်တင်းကာ ကူညီထောက်ပံ့ သွားရမည်သာဖြစ်သည်။ ပြည်တွင်းလှုပ်ရှားမှုက ပို၍ ပဓာနကျပါသည်။ ပြည်ပမြန်မာသတင်းဌာများသည် တော်လှန်သော၊ မှန်ကန်သော ဒီမိုကရေစီ ဘက်တော်သားများ ဖြစ်ရမည်။ တော်လှန်ရေးအား အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် သတင်းဌာနများသည် တော်လှန်ရေး အကျိုးပြု သတင်းဌာနသာ ဖြစ်ရမည်။ အကျိုးဖြစ်ထွန်းမည်ဆိုလျှင် ဘက်လိုက်ရမည်သာဖြစ်သည်။ ရန်သူ့ အလိုကျသည့် လုပ်ရပ်များ မပြုမိအောင် သတိကြီးကြီး ထားရမည်ဖြစ်သည်။ သတိဟူသည် ပိုသည်မရှိပါ။

အုန်းရှိန်

No comments: