မီးစက်ကိစ္စဆွေးနွေးစဉ် မီးပျက်၍ လွှတ်တော်အား ပထမဆုံးအကြိမ် နေရာပြောင်း ကျင်းပ


၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် န၀မအကြိမ်အစည်းအဝေး၌ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအား MISUBISHI M701D ဂတ်ဆာဗိုင် (၂) ခု အခမဲ့ ပေးမည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးနေစဉ် မီးပျက်သွား၍ ပြည်သူ့လွှတ်တော် ခန်းမသို့ ပြောင်းရွှေ့ ကျင်းပရကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။


တိုက်ဆိုင်တာပဲလား ဘာလားတော့ မသိဘူး ထူးဆန်းတယ်၊ ပြည်ထောင်စုလွှတ်တော်မှာ ထိုင်းနိုင်ငံက မီးစက် (၂) လုံး လှူမယ်ဆိုတာကို ဆွေးနွေးနေစဉ်ပဲ ပြည်ထောင်စုလွှတ်တော်မှာ မီးပျက်တယ်။ အဲ့ဒါနဲ့ ပြည်သူ့လွှတ်တော်ကို ပြောင်းပြီး ကျင်းပရတယ် လွှတ်တော်ကျင်းပစဉ်တစ် လျှောက်တော့ ဒါပထမဆုံးပဲ ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
 

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို နေရာပြောင်းရွှေ့ကျင်းပရခြင်းကြောင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေး ကို ဖျက်သိမ်းခဲ့ကာ နိုဝင်ဘာ (၂၃) ရက်နေ့တွင်မှ (၂) ရက်စာ ဆွေးနွေး ကြရမည်ဖြစ်ကြောင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထံက သိရသည်။



ထိုင်းနိုင်ငံမှလှူဒါန်းမည့် ဂတ်စ်ကာဗိုင် (၂) ခုမှာ တစ်ခုလျှင် အမေရိကန်ဒေါ်လာ (၁၂၅) သန်းတန်ဖိုးရှိပြီး ပြောင်းရွှေ့စရိတ်အနေဖြင့် အမေရိကန် ဒေါ်လာ ၄၃.၁၆၂ သန်းနှင့် ငွေကျပ် သန်း (၁၃၀၀) ကိုလည်း ရံပုံငွေအဖြစ် ပေးအပ်မည်ဖြစ်ကြောင်းကိုလည်း လွှတ်တော်အတွင်း၌ ဆွေးနွေးခဲ့ သည်ဟု လွှတ်တော် ကိုယ်စားလှယ်များထံက သိရှိရသည်။


ထိုင်းနိုင်ငံက အခမဲ့လှူမယ်တဲ့ အမျိုးအစားက မီဆူဘစ်ရှီ M 701 D ဂတ်စ်ကာဗိုင် ၂ လုံးတဲ့ တစ်လုံးကို အမေရိကန်ဒေါ်လာ ၁၂၅ သန်း တန် တယ်တဲ့ နှစ်လုံးဆိုတော့ ဒေါ်လာ သန်း၂၅၀ ပေါ့ ပြောင်းရွှေ့စရိတ်ကတော့ မြန်မာဘက်က အကုန်ခံရမယ် ဒါပေမဲ့ သူတို့ဘက်က ရံပုံငွေအနေနဲ့ အမေရိကန် (၄၃.၁၆၂) သန်းရယ်ကျပ်သန်း (၁၃၀၀) ရယ် လှူထားတယ် ဟု ဒီချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။


ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ရေကြောင်းအားဖြင့် မိုင် (၁၇၀၀) ရှိပြီး အဆိုပါ မီဆူဘစ်ရှီ 701 D ဂတ်စ်ကာဗိုင် ၂ လုံးကို သီလ၀ါဆိပ်ကမ်းမှ အင်းစိန် ရွာမစက်ရုံသို့ သယ်ယူမည်ဖြစ်ပြီး မည်သည့်တိုင်းဒေသကြီးနှင့် ပြည်နယ်အတွက် အသုံးချသွားမည်ကိုတော့ မသိရှိရသေးကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။


ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် န၀မအကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ နောက်ဆုံးနေ့ ဖြစ်၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကို နိုဝင်ဘာ (၂၃) ရက်နေ့၌ နောက်ဆုံး ကျင်းပမည်ဖြစ်ပြီး တစ်လကြာ ရပ်နားမည်ဖြစ်ကာ  ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှသာ ပြန်စ ဖွယ်ရှိသည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ထံမှ သိရသည်။

ဝင့်သင်ဇာကျော်(မြစ်မခ) 

No comments: