လူကြီးရောဂါ

 “လမ်းလျှောက်လား ကိုဘတင်”
“ဟုတ်တယ် မခင်မေရေ၊ ကျန်းမာရေးက အရေးကြီးတယ်ဗျ။ မခင်မေကော
နေကောင်းရဲ့ မဟုတ်လား”
 
“နေကောင်းပါတယ်။ ကောင်းတယ် ဆိုပေမယ့် သရိုးသရီပါပဲ ကိုဘတင်ရယ်။ သမီးက
ဆရာဝန် ဆိုတော့ တော်သေးတာပေါ့”

“အင်း မခင်မေတို့များ ဟန်ကျသဗျာ၊ ကျုပ်တို့မှာ တူတော်မောင် တစ်ယောက်နဲ့ ဟိုဟာလေး ဒီဟာလေးများ ခိုင်းချင်သူ့ကို ရှာမတွေ့ပေါင်ဗျာ။ လူငယ်ဆိုတော့ ခက်သားပဲလေ။ ဟဲ ဟဲ ဟဲ ကဲ နေမမြင့်ခင် ဆက်လျှောက်လိုက်ဦးမယ် မခင်မေ”

“ကောင်းပြီး ကိုဘတင်၊ အရေးအကြောင်း ရှိရင် သမီးကို လူလွှတ် ခေါ်ခိုင်းလိုက်ပေါ့။
အိမ်ချင်းက သိပ်ဝေးကြတာမှ မဟုတ်တာ”

“ကျေးဇူးပါပဲ မခင်မေရယ်။ ကဲ သွားလိုက်ဦးမယ်”

ဦးဘတင်သည် မာဖလာကို ပြင်စည်း။ သူ့ဦးခေါင်းပေါ်မှ ဘယ်ရီ ကက်ဦးထုပ်ကို ၀ဲလက်ဖြင့် ခပ်ဖိဖိကလေး အုပ်ဆောင်းလိုက်ပြီး လမ်းလျှောက် လက်ကိုင်တုတ်ကို ဟန်ပါပါ လွှဲကာ ဆက်လျှောက်သွားသည်။ ဒေါ်ခင်မေလေးလည်း သူ့အိမ်ရှေ့ ပန်းခြံတွင်းဝယ် ဘုရားတင်ရန် ပန်းများကို ရွေး၍ လိုက်ညှပ်ကာ ခူးနေသည်။ မြေးမလေးက သူ့နောက်မှ ပန်းခြင်းဆွဲကာ လိုက်ပါရင်း ဦးဘတင်သွားရာ ဘက်သို့ ကြည့်ကာ-

“ဘွားဘွား၊ အဲဒီဦးဘတင် ဆိုတဲ့ လူကြီးက ဘွားဘွားရဲ့ သူငယ်ချင်းလား”ဟု စပ်စုနေသည်။
“ဟုတ်တယ်ကွယ့် မီးငယ်လေးရဲ့။ ဘွားဘွားနဲ့ ငယ်ငယ်က ကျောင်းနေဖက် သူငယ်ချင်းတွေပေါ့”
“သနားပါတယ်နော်၊ သူ့မှာ သားသမီးလည်း မရှိဘူး။ သူ့တူလေး တစ်ယောက်နဲ့ နေရရှာတာ။ နောက်ပြီး အိမ်ဖော် မိန်းမကြီး တစ်ယောက်”

“သားတစ်ယောက် ရှိတယ်တဲ့။ နိုင်ငံခြား သင်္ဘောဆိုလား လိုက်နေတယ်။ ဟိုတစ်လောကတောင် သူ့အဖေဖို့ ပစ္စည်းတွေ ပို့လိုက်သေးတယ်။ ဖအေတစ်ခု သားတစ်ခုပေါ့လေ။ သူ့ မိန်းမ မခင်အိကတော့ မနှစ်ကပဲ ဆုံးသွားရှာတယ်။ မခင်အိလည်း ဘွားဘွားတို့နဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေပါ”

“ပစ္စည်းက ဘာလုပ်ဖို့လဲ ဘွားဘွားရယ်။ သူ့သားက သူ့အဖေ အတွက် ဗီဒီယိုစက်တဲ့။ သူတို့ အိမ်ကြီးက ခြောက်ကပ်ကပ်နဲ့ ပျင်းစရာကြီး။ သူ့မှာ မြေးတွေ မရှိဘူးလားဟင်”

“သူ့သားက အိမ်ထောင်မှ မပြုသေးတာ။ ဘယ်မှာရှိလိမ့် မှာလဲ။ ကဲ လာ ပန်းခြင်းလည်း ပြည့်တော့မယ်။ အိမ်ထဲ ၀င်ကြစို့ရဲ့”
ဒေါ်ခင်မေလေးတို့ မြေးအဘွား ပန်းခြင်းဆွဲ၍ အိမ်ထဲ ၀င်သွားကြစဉ် ဦးဘတင်သည် အတွေးစဉ် တစ်ခုဝယ် တွေးကာ နစ်မျောရင်း လမ်းလျှောက်နေသည်။

ခင်မေလေး၊ ခင်မေလေး။ အသံတိတ် ရုပ်ရှင်ခေတ်က နာမည်ကျော် ရုပ်ရှင် မင်းသမီးတစ်ဦး၊ ခင်မေကြီး နာမည်ကြီး လာတော့ ခင်မေလေး ပေါ်လာပြန်သည်။ သူ့အမည်က မောင်ဘတင်။ နာမည်ကြီး ရုပ်ရှင်မင်းသား က မောင်ဘတင့်။ အောက်ကမြစ် တစ်လုံးသာ ခြားသော်လည်း ရုပ်က ခပ်ဆင်ဆင်။ ဦးဘတင် ငယ်စဉ်က လူချော၊ လူရည်သန့်၊ အလွန်ရိုးသား အေးဆေးသည်။ ရှက်တတ် ကြောက်တတ်သည်။

ရုပ်ရှင်မင်းသား ဘတင့်နှင့် ခင်မေကြီးက အတွဲများသည်။ ထိုခေတ်တွင် အထက်တန်းကျောင်းသား မောင်ဘတင် နှင့် ကျောင်းသူ ခင်မေလေးတို့ကို ကျောင်းနေဖက် သူငယ်ချင်း များက နောက်ပြောင်ကြသည်။ ခင်မေလေးက မည်သို့မျှ မမှုသော်လည်း မောင်ဘတင်မှာ သူငယ်ချင်းများက နောက်ပြောင်လိုက်လျှင် မျက်နှာကြီး တစ်ခုလုံး နီရဲသွားသည် အထိ ရှက်သွေးဖြာတတ်သည်။ ယောက်ျားတန်မဲ့နှင့် အရှက် အကြောက်က ကြီးလွန်းသည်။ သူများတကာထက် ရင်ခုန်သံ နည်းနည်းမြန်သည်။ ခင်မေလေးနှင့် မျက်နှာချင်း ဆိုင်ရမည်ကို ကြောက်နေခဲ့သည်။ မတတ်သာ၍ မျက်နှာချင်းဆိုင် တွေ့လျှင်ပင် သူက မျက်နှာလွှဲသွားသည်။

ခင်မေလေးက ပြုံးမိသည်။ ယခုလို ရင်းရင်းနှီးနှီး အရောတ၀င် မပြောဆို မဆက်ဆံတတ်။ အသက်ကြီးမှ အရှက်ပြေသည် ထင်သည်။ ဒေါ်ခင်မေလေးက ဦးဘတင်၏ ငယ်စဉ် အရွယ်ကို တွေးမိတိုင်း ပြုံးမိသည်။ မပြုံးနိုင်သူမှာ ဦးဘတင်။ သူသည် ချွေးစေးများကို သုတ်ရင်း လမ်းသာ ဆက်လျှောက် နေသော်လည်း စိတ်များက တစ်ခုသော ၀ါဆိုလဆီသို့ ရောက်သွားသည်။

အထက်အညာရှိ မြို့ကလေး တစ်မြို့။ ဒုတိယ ကမ္ဘာစစ် ပြီးစ အချိန်က အစိုးရ ဟိုက်စကူးကျောင်း၊ S.H.S ဟု ခေါ်ကြသည်။ မောင်ဘတင်ရော၊ ခင်မေလေးပါ ဆယ်တန်း တက်နေကြဆဲ အခါ ဖြစ်သည်။ သူတို့သည် စစ်ကြီး အတွင်းက ပျက်ခဲ့ရသည့် ပညာရေးကို ဆက်ရန်အတွက် ကုန်းရုန်း၍ စာကြိုးစား နေကြဆဲဖြစ်သည်။ စစ်ဒဏ်က စစ်ဒဏ်၊ စာမေးပွဲက စာမေးပွဲ၊ ကျောင်းသား ကျောင်းသူက ကျောင်းသား ကျောင်းသူ။ ၀ါဆိုလပြည့် မတိုင်မီ နေ့တစ်နေ့။ နက်ဖြန် ၀ါဆိုလပြည့် ဘုရားတင်ရန် အတွက် ကျောင်းသား၊ ကျောင်းသူများ တပျော် တပါး ၀ါဆိုပန်းခူး ထွက်ခဲ့ကြသည်။ မြို့ကလေးမှ မနီးမဝေးရှိ တောပန်းတွေ ဝေသော မြိုင်ဟေမာ တစ်နေရာ။

ကျောင်းသား တစ်စု၊ ကျောင်းသူတစ်စု ကိုယ်ခင်မင် ရင်းနှီးရာ လူစုခွဲကာ ပန်းရှာ ပန်းခူးကြသည်။ မောင်ဘတင်က လိုက်သာ လာရပေမယ့် သိပ်စိတ်မပါလှ။ ထို့ကြောင့် ချောင်ကောင်းကောင်း တစ်နေရာတွင် ငူငူကြီးထိုင်ကာ အတွေး နယ်ချဲ့နေသည်။ မည်မျှကြာအောင် ထိုင်နေပါသည် မသိ “အမေ့”ဟု အလန့်တကြား အော်လိုက်သော မိန်းကလေး တစ်ဦး၏ အသံကို ကြားခါမှ မည်သို့များ ဖြစ်ပါလိမ့် ဟူသော ဇောနှင့် အသံကြားရာဆီ ထလာခဲ့သည်။

တွေ့ရသူမှာ ခင်မေလေး၊ နောက်ပြီး တစ်ယောက်တည်း။ လူစုကွဲ၍ လာခဲ့ဟန်တူသည်။ မြေပြင်ပေါ်တွင် ခြေတင်ပါးလွှဲ ထိုင်ကာ “အမယ်လေး ကျွတ်ကျွတ်ကျွတ်”ဟု  အော်ကာ ညည်းရင်း လဲကျနေသည်။
“ဟင် မခင်မေလေး၊ ဘယ်လို ဖြစ်တာလဲ”

နေ့စဉ်ကျောင်းတွင် တွေ့နေစဉ်က မျက်နှာလွှဲ သွားတတ်သော မောင်ဘတင်က ခင်မေလေး အနီးတွင် ဒူးတုပ်ထိုင်ချ လိုက်ရင်း အလောသောကော မေးသည်။ ခင်မေလေးက မည်သို့မျှ မဖြေ။ သူ၏ ၀ဲဘက် ခြေဖနောင့်လေးကိုသာ လက်နှင့်ကိုင်ရင်း မျက်စိစုံ မှိတ်ကာ တကျွတ်ကျွတ် စုတ်သပ်နေသည်။ မောင်ဘတင် ကြည့်လိုက်တော့ ခင်မေလေး၏ ၀ဲဘက် ခြေဖနောင့်တွင် တစ်လက်မခွဲခန့် ရှိသည့် ဆူးကြီးသည် ဆူးခက်ပါ နစ်ဝင်နေသည်။
“အို ဆူးစူးနေပါကလား။ အသာနေနော်။ ဆူးဖျားကျိုးကျန်မှာ စိုးရတယ်။ ကျွန်တော် နုတ်ပေးပါ့မယ်။ အို ထောက်ရှာ ဆူးကြီးပါလား”

“အင်း ဟင့် သိပ်နာမှာလား ကိုဘတင်ရယ်။ ခင်မေ မကြည့်ရဲဘူး”

“သိပ်မနာပါဘူး။ မကြည့်ရဲရင် မျက်စိမှိတ် နေပါ။ ကဲ ဟိုဘက်လှည့်”

ဖနောင့်တွင် အရင်းတိုင် စူးဝင်နေသော ထောက်ရှာဆူးကို မောင်ဘတင်က ဆတ်ခနဲ ဆွဲယူနုတ်လိုက်သည်တွင် သွေးများက ငေါက်ခနဲ ပန်းထွက်လာသည်။ မိန်းကလေး တစ်ဦး၏ မျက်စိများကို ရဲရဲမကြည့်ဝံ့သည့် မောင်ဘတင်သည် သွေးရဲရဲ သံရဲရဲကိုတော့ ကြည့်ဝံ့ ကြည့်ရဲသည်။ ပထမဆူး ဆိပ်ကုန် သွားစေရန် သွေးများကို ညှစ်ပစ်သည်။ ခင်မေလေးမှာ အိုး ...အား ဟူ၍သာ ညည်းတွားကာ စုတ်တသပ်သပ်နှင့် ကိုဘတင် ပြုသမျှ နုနေရသည်။ သွေးများ အတန် ထွက်သွားမှ သူ့လက်ကိုင် ပ၀ါဖြင့် ပတ်စည်းပေးသည်။

“ကဲ မခင်မေလေး ထပါ၊ ဆူးမကျန်တော့ပါဘူး။ ဒါပေမဲ့ နည်းနည်း ဖော့လျှောက်နော်။ ဟိုဘက်လူစုနားထိ ကျွန်တော် တွဲပို့ပေးပါ့မယ်။ အိမ်ကျရင် အနာကို နည်းနည်း ဂရုစိုက်နော်။ ထောက်ရှာဆူးက အဆိပ်ပြင်းတယ်”

ထော့နဲ့ထော့နဲ့နှင့် ခင်မေလေးသည် မောင်ဘတင်၏ ဖေးမ ကူမှုဖြင့် ထရပ်ရင်း သူ့ကျေးဇူးတင်ကြောင်းကို နှုတ်မှ ဖွင့်မပြောသော်လည်း မျက်လုံးများက ဓာတ်အားတို့ အား အပြည့်ဖြင့် ပြောနေသည်။ မောင်ဘတင်သည် ယခုမှ မျက်နှာကြီး ထူအမ်း နီရဲနေကာ ခင်မေလေးကို သူ့အဖော်များ ရှိရာသို့ တွဲကူ ခေါ်လာသည်။ နောင်ကျန် ရှိနေသေးသည့် ပညာရေးနှစ် ဟိုက်စကူး ကျောင်းရက်များတွင် မောင်ဘတင်၊ ခင်မေလေးတို့၏ ၀ါဆိုဦး ဆူးစူးစဉ်က ဇာတ်လမ်းမှာ ကျောင်းသား၊ ကျောင်းသူတိုင်း၏ နောက်ပြောင်စရာ ဇာတ်လမ်းဖြစ်သွားသည်။ ပြဇာတ်ခေတ်တွင် ပြဇာတ်မင်းသား ကျော်အေး၊ မေမေ၀င်းတို့၏ “၀ါဆို အခါဦးဝယ် xxx ပန်းခူးထွက်စဉ်က တကယ် xxx ခုတော့မှ ဖွင့်ပြောမယ် xxx” ဟူသော ပြဇာတ် သီချင်းကလည်း ခေတ် စားဆဲဆိုတော့-

သူတို့ ကြိုက်သွားကြ၍ မည်မျှညားဖို့ ကောင်းပါသနည်း။သို့သော် သူတို့ မညားကြပါ။ မညားကြရုံသာမက အသက် အတန်ကြီး၍ ကိုယ့်အိုး ကိုယ့်အိမ်နှင့် သားတွဲလောင်း၊ သမီးတွဲ လောင်းဖြစ်ကြသည် အထိ ပြန်မတွေ့ကြပါ။ ဦးစွာ ခင်မေလေးက အိမ်ထောင်ကျသည်။ တစ်မြို့တစ်ရွာမှ ဆရာဝန် တစ်ဦးနှင့် ကောလိပ်မှာ နေစဉ် တွေ့ကြသည် ဆို၏။ မောင်ဘတင် တစ်ယောက်မူ တော်တော်နှင့် အိမ်ထောင်မကျ။ အသက်အတန် ကြီး၍ အိမ်က လူကြီးများ မနေသာသောကြောင့် ပေးစားခါမှ မခင်အိဆိုသည့် တစ်မြို့တည်း သူနှင့် လက်ဆက်ခဲ့ကြသည်။ သူ့အလုပ် တာဝန်မှာ သတ္တုတွင်း ရှိသော မြို့များတွင်သာ နေထိုင် ရသောကြောင့် တနင်္သာရီ ကမ်းရိုးတန်းတွင်သာ အနေများသည်။ မခင်မေလေး၏ ခင်ပွန်းသည် ဒေါက်တာက ချင်းတောင်နှင့် ကချင်ပြည်နယ်မှာသာ အမှုထမ်းသက် များသည်။

တစ်ခါတစ်ရံ မိတ်ဟောင်း ဆွေဟောင်းများနှင့် တွေ့၍ စကား စပ်မိမှသာ သတင်း ကြားရသည်။ စာအဆက်အသွယ်လည်း မရှိ။ သို့သော် ကျောင်းနေဖက်ချင်း သတိတရရှိမှု ကလေးကတော့ ရှိနေကြသည်။ အသက် လေးဆယ်ကျော်လာသည် ဆိုလျှင်ပင် နှစ်များသည် လျှောစီး၍ ဆင်းသည့်ပမာ အဆင်းမြန် အကုန်မြန်လွယ် ကြသည်။ သားသမီး ကြီးသည်ဟုပင် မထင်ရသေး၊ မိုးဦး ပေါက်သော မှိုပမာ မြေးကလေးတွေက ဘယ်ကပေါက်မှန်း မသိ ပေါက်လာကြသည်။ ဒေါ်ခင်မေလေး မြေးတွေနှင့် ဖြစ် နေသောအချိန်တွင် ဦးဘတင်မှာ မိန်းမ မယူဘဲ ပေကတ်ကတ် လုပ်နေသော သားကြောင့် မြေးငယ်မရှိဘဲ ဆည်းလည်းသံ ညံညံနှင့် ဖ၀ါးနုနုလေးများ အသံကို မကြားရ ရှိနေသည်။ အဖြစ်ချင်း တူချင်ပြန်တော့ ဦးဘတင်၏ ဇနီး ခင်အိ သွေးတိုး ရောဂါနှင့် ဆုံးသော နှစ်မှာပင် ဒေါ်ခင်မေလေးသည် မုဆိုးမ ဖြစ်ရသည်။ အငြိမ်းစား အနားယူရန် မြို့ရွေးတော့လည်း တစ်မြို့တည်းမှာ လာရောက် ဆုံမိကြပြန်သည်။ ဒေါ်ခင်မေလေးက ဆီးချိုရောဂါ၊ ဦးဘတင်က သွေးတိုး ရောဂါနှင့် နှလုံးရောဂါ။ ဒါပဲ ကွာခြားသည်။

ထိုနေ့က ဦးဘတင်သည် လမ်းအများကြီး လျှောက်ပစ် လိုက်သည်။ သူ့စိတ်တွင်းဝယ် အကျိတ်အခဲကြီး တစ်ခုသည် တစ်ဆို့ နေသည့်ပမာ ခံစားရသည်။

ကောင်းကင်တွင် မိုးသားများ ဆိုင်းနေသည်။ ရာသီဥတု ကလည်း မှုန်ပျပျ၊ နယုန် လကွယ်က မိုးတစ်ပြိုက်နှစ်ပြိုက် ရွာပြီး မိုးက ပြတ်သွားသည်။ နေရ ထိုင်ရသည်မှာ အိုက်စပ်စပ် နိုင်လှသည်။ မိုးကိုသာ မျှော်နေမိသည်။

ဟော မိုးသား တိမ်လိပ်များသည် တက်လာပေပြီ။ မိုးသား တိမ်လိပ်ကို မြင်သည်နှင့် အလိုလို စိတ်အေးလာသည်။ အဆွေးဓာတ်ခံ ရှိသူများက ဆွေးကြသည်။ အမှတ်တရ ရှိသူများက ယနေ့သည် ၀ါဆိုလဆန်း ၁၄ ရက်ဖြစ်သည်ကို သတိ ပြုမိကြမည်ဖြစ်၏။

နက်ဖြန်ဆို ၀ါဆိုလပြည့်နေ့။ ဦးဘတင်သည် အိမ်မှ လမ်းလျှောက် ထွက်လာကတည်း က ရက်စွဲကို သတိ ရနေမိသည်။ ဒေါ်ခင်မေတို့ အိမ်ရှေ့ အရောက်တွင် မခင်မေလေး အိမ်ရှေ့ထွက် နှင်းဆီပန်း ညှပ်မည့် အချိန်နှင့်လည်း တိုက်ဆိုင် နေစေရန် တမင်ရွေး၍ ဖြည်းဖြည်း ထွက်လာသည်။ အကြံအစည်နှင့် လူများသည် ၀ီရိယ ရှိကြ၏။ ဟောတွေ့ပါပြီ။ ဒေါ်ခင်မေက ကတ်ကြေးနှင့် ပန်းညှပ်ကာ သူ့မြေးမလေး ကိုင်ထားပေးသော လက်ဆွဲ ခြင်းတောင်းတွင် ထည့်နေသည်။ နက်ဖြန် ၀ါဆို လပြည့်မို့ ရွေးညှပ်နေဟန် တူသည်။

“အဟမ်း အဟမ်း”

“ဟော ကိုဘတင်၊ အစောကြီးပါလား”

“ဟုတ်တင် မခင်မေ။ ဒီနေ့နည်းနည်း စောစောထွက် လာတယ်”

ဦးဘတင်က လက်ကိုင်တုတ်ကို မြေကြီးထောက်ရင်း ပြောသည်။

“သားဆီက စာရသလား”

“ရတယ် မခင်မေ။ နောက်နှစ်ပတ်လောက် ဆိုရင် ပြန်ရောက်တော့မယ်တဲ့ဗျ။ ဖေဖေ့အတွက် ကားလည်း ၀ယ်ခဲ့သတဲ့ဗျ”
“တော်ပေသားပဲ။ အားကိုးရသားပဲ။ ဒါထက် ချွေးမလေး ဘာလေးကော မကြည့်သေးဘူးလား”
မခင်မေလေးမှာ ဟန်မူမပျက် ငယ်စဉ်ကကဲ့သို့ အပြောရဲ၊ အကြည့်ရဲ၊ နှုတ်သွက်၊ လျှာသွက်ပင် ရှိသေးသည်။
“ဟင်း ဟင်း ဒါကတော့ သူတို့၊ ဟင်း ဟင်း လူငယ် ကိစ္စပဲဗျာ”

ဦးဘတင်မှာ သူ့သား မိန်းမယူမည့်ကိစ္စပြောရမှာပင် ရှက်နေဟန် တူသည်။
“ဘယ်ဒီလို ဟုတ်လိမ့်မလဲ ကိုဘတင်ရယ်။ ကိုယ့်မှာ ချွေးမက ရှားရှားပါးပါး ဒီတစ်ယောက်ပဲ ရမှာ။ အဲဒီတော့ ကိုယ့်စိတ်ကြိုက်... အမေ့”
စကားပြောရင်း နှင်းဆီ ပန်းခူးနေသည့် ဒေါ်ခင်မေလေး၏ လက်ကို နှင်းဆီဆူးက ၀င်စူးသည်ကြောင့် “အမေ့”ဟု အသံ ထွက်သွားသည်။
“ဟင် ဘွားဘွား ဆူးစူးသွားပြီ။ ဟင် သွေးတွေ ထွက်နေပါလား”

“ကိစ္စမရှိပါဘူး မီးငယ်ရယ်၊ နှင်းဆီဆူးပဲဟာ”

“နေဦး၊ မီးငယ် ဂွမ်းနဲ့ ပလတ်စတာ သွားယူဦးမယ်”

သွက်လက် ချက်ချာသည့် ဆရာဝန် ကတော်၏မြေး၊ ဆရာဝန်မ၏ သမီးဖြစ်သူလေးသည် ရှေးဦးသူနာ ပြုရန် အတွက် အိမ်ဆီသို့ ပြေး၍ ဆေးသေတ္တာ သွားယူသည်။
“နှင်းဆီဆူးမို့ ဂရုမစိုက်ဘဲ မနေနဲ့လေ မခင်မေ”
ဦးဘတင် အသံ ထွက်လာမှ ဒေါ်ခင်မေ မော့ကြည့်မိသည်။ သူတို့ အကြည့်ချင်း ဆုံကြသည်။

“ဒါပေမဲ့ ထောက်ရှာ ဆူးလောက်တော့ အဆိပ် မပြင်းပါဘူး”

ဒေါ်ခင်မေလေး၏ မှုန်သီသီ မျက်လုံးများသည် ကြယ်ပွင့်ကလေးများ ကဲ့သို့ လက်သွားသည်။ သူ့လက်ညှိုးထိပ်မှ သွေးစို့ကလေးသည် ဖနောင့်တွင် ထောက်ရှာဆူး စူးစဉ်က သွေးများကဲ့သို့ နီရဲစွာပင် ရှိသေးသည်။ မြေးငယ်ကလေးက ဆေးသေတ္တာကို ရှာနေရပုံရသည်။
“အဟမ်း မခင်မေကို ကျွန်တော်၊ ကျွန်တော်တစ်ခု မေးချင်တယ်”

ဦးဘတင်၏ အသံမှာ ထူးခြားစွာ ခြောက်ကပ်လှ၏။
“မေးလေ ကိုဘတင်၊ ဘာများ မေးချင်လို့လဲ”

ဒေါ်ခင်မေလေးလည်း မမျှော်လင့်သော စကားကြောင့် အတန် အံ့အားသင့်သွားပုံ ရှိသည်။ သို့သော် သူက အမြဲ ဟန်မပျက်သူ။
“အင်း မခင်မေ ၀ါဆိုပန်းခူး ထွက်တုန်းက၊ အဲ အဲ ကျောင်းမှာပါ။ အဲ အဲ ကြာပါပြီ”

“ဘာလဲ၊ ကျွန်မ ခြေထောက်ကို ထောက်ရှာဆူး စူးတုန်းက ကိုဘတင် နုတ်ပေးတာ ပြောတာ မဟုတ်လား”

“အဲ အဲ အဲဒါ မေ့နေပြီလားလို့ပါ”

“မမေ့ပါဘူး ကိုဘတင်ရယ်။ ခုလို သွေးမြင်ရတော့ ရှင်လည်း သတိရတယ် ဆိုပါတော့။ ကျွန်မ မေ့သွားပြီလားလို့ မေးချင်တာလား”

“ဟုတ် ဟုတ်ပါတယ်။ အဲ မဟုတ်သေးဘူး။ မဟုတ်သေးဘူး။ မေးချင်တာက ကျန် ကျန်နေသေးတယ်”

ဦးဘတင် မျက်လုံးများမှာ နှင်းဆီပွင့်တွေ ပေါ်တွင်သာ။
“ဘာများပါလိမ့် ကိုဘတင်ရယ်။ ပြောစရာရှိလည်း ပြောလေ”

ဒေါ်ခင်မေလေးက ရေလာမြောင်းပေး ပြောလိုက်သည်။
“အဲ အဲ ကလေးစကားပြောရရင်ဗျာ။ အဲဒီတုန်းက ခင်ဗျားကို ကျွန်တော် မေတ္တာ ရှိနေပါတယ်လို့ ဖွင့် ဖွင့်ပြော ခဲ့ရင် မခင်မေ ဘယ် ဘယ်လို တုံ့ပြန်မလဲလို့ သိချင်တာပါ”
ဟု ပြောလိုက်တော့သည်။

ဒေါ်ခင်မေလေးသည် အတန်ကြာ ပြန်မဖြေ။ သူ့အိမ် ဆီသို့ လှည့်ကြည့်နေသည်။ မြေးမလေးက ပြန်ထွက် မလာသေး။ ပြီးမှ-
“ကိုဘတင်၊ ရှင် ခုပြောနေတာက ရည်ရွယ်ချက် တစ်ခုခုနဲ့ ပြောနေတာလား။ သို့မဟုတ် ကုန်လွန်ခဲ့တဲ့ အတိတ် အရပ်ဆီက အဖြစ်အပျက် တစ်ခုကို အတိတ်ကံစမ်း အနေနဲ့ သိချင်လို့ မေးနေတာလား”

ဒေါ်ခင်မေလေး အသံမှာ တည်လွန်း၍ ဦးဘတင် လန့်သွားသည်။
“ဘာ ရည်ရွယ်ချက်မှ မရှိပါဘူးဗျာ၊ သိ သိချင်တာ တစ်ခုပဲ ရှိပါတယ်”

“သြော် အတိတ်က ကံစမ်းမဲကို သိချင်တယ် ဆိုပါတော့”

“ဟုတ်ကဲ့၊ ထားပါတော့။ အဲ- ဆိုကြပါစို့”

“ရှင်မှ မနှိုက်ဘဲနဲ့”

“ဗျာ”

“ရှင်မှ မနှိုက်ခဲ့ဘဲနဲ့”

“တကယ်လို့ မဲနှိုက်ခဲ့ရင်ကော”

“ပေါက်တယ်။ အောင်ဘာလေ မဲပေါက်တယ်။ အဲဒီ တုန်းကမှ မဲမနှိုက်ခဲ့ဘဲနဲ့ ခုမှ ထပ်နှိုက်ချင်တယ် ဆိုရင်တော့ ဗလာမဲပဲ ပေါက်မယ်။ ဒီမီးငယ်လေးကလည်း ဆေးပလတ်စတာ သွားယူတာ ကြာလိုက်တာ။ ကဲ ကျွန်မ အိမ်ထဲဝင်လိုက် ဦးမယ်။ ရှင်လည်း လမ်းလျှောက်စရာ ရှိတာ ဆက်လျှောက် ပေဦးတော့”

ဒေါ်ခင်မေလေး အိမ်ဆီသို့ လျှောက်သွားသည်ကို ဦးဘတင်သည် အတန်ကြာ စိုက်ကြည့်နေမိသည်။ သူ့မျက်နှာ တစ်ခုလုံးမှာလည်း ထူအမ်း၍ နီမြန်းနေသည်။ ဒေါ်ခင်မေလေး အိမ်တွင်း ၀င်သွားမှ ချာခနဲလှည့်ကာ ခြေလှမ်းများ လေးတွဲ့စွာဖြင့် သူ့လမ်းသူ ဆက်လျှောက် သွားတော့သည်။

နောက်တစ်နေ့ ၀ါဆို လပြည့်နေ့။ ၀ါဆို လပြည့်နေ့ထုတ် သတင်းစာများသည် ဝေေ၀ ဆာဆာနှင့် လှလှပပ ထွက်လာသည်။ သို့သော် နာရေးကြော်ငြာ တစ်နေရာတွင်မူ “ဦးဘတင် အသက် ၆၂” ဟူသည့် အမည်တွင် “လူကြီးရောဂါ” ဖြင့် ကွယ်လွန် အနိစ္စ ရောက်သည်ဟု မရေမရာ ဖော်ပြ ထားသည်ကို သတိပြုမိသူများ သာလျှင် တွေ့ရှိကြရမည် ဖြစ်ပါသည်။

ရွှေအမြုတေမှ ကူးယူဖော်ပြပါသည်။

No comments: