လူတို့၏ ဘ၀တွင် နေ့တစ်နေ့သည် တစ်သက်တွင် မမေ့နိုင်သည့် အဖြစ် ရှိတတ်သည်။ ထိုနေ့ကို ထူးခြားသော နေ့အဖြစ် တစ်သက်ပတ်လုံး သတိရ အောက်မေ့လျက် ရှိတတ်သည်။
နေ့တစ်နေ့၊ နေရာတစ်နေရာ၊ အကြောင်းအရာ တစ်ရပ်၊ ရှုခင်း တစ်ကွက်၊ အမှတ်အသား တစ်ခုအဖြစ် မြင်တွေ့လျှင် အမှတ် ရစေသော အခြင်းအရာများ အဖြစ် ရှိနေကြသည်။ ကျွန်တော့်တွင်မူ သို့လျှင် မမေ့နိုင်သော အခြင်းအရာ များက ထင်နေပြီ ဖြစ်ခြင်းကြောင့် တစ်ခါတစ်ရံ နောက်ခံ အကြောင်းကိုပင် မေ့နေတတ်သည်။ ကံကောင်းသည်ဟု ဆိုရမည်လား၊ ကံဆိုးသည်ဟု ဆိုရမည် လားမသိ။ ဥပမာ ကျွန်တော်တို့ ကိုယ်ပေါ်တွင် သေရွာ သို့ပါမည့် အမာရွတ်များ ဆိုကြပါစို့။ ပေါင်မှ အမာရွတ်ကို တစ်ခါ တစ်ရံတွင် ရေချိုးသည့် အခါ သတိပြုမိသည်။ ဒီအမာရွတ်က ဘာဖြစ်ပါလိမ့်။ သြော် ဂျပန်ခေတ်က မဟာနန္ဒာ ကန်တော်ရိုး မြင်းကသာ ကြက်တံတား အနီးတွင် မဟာမိတ် လေယာဉ်ပျံ ကျွဲညီနောင်မှ စက်သေနတ် မွှေ့ခဲ့ခြင်း အတွက် ရရှိခဲ့သည့် အမာရွတ်ပါလား။
ဒူးခေါင်းမှ အမာရွတ်ကလေး ပျောက်ကင်းလု နီးပါးပင် ရှိပြီ။ ဘယ်တုန်းက ဘာဖြစ်ပါလိမ့်။ သြော် မှတ်မိပါပြီ။ ၁၉၅၆ ခုနှစ် တိုက်ရေယာဉ် ၁၀၃ ပင်လယ်တွင် နစ်မြုပ်စဉ်က ရခဲ့သည့် အမာရွတ်၊ ဆယ့်သုံးရက်တိုင်တိုင် ပင်လယ်တွင် မျောပါပြီးမှ ဂျပန်သင်္ဘော အီစံမာရူး ပေါ်တွင် ဂျပန် ဆရာဝန် ခွဲစိတ်ခဲ့သည့် အနာပေကိုး။
ဒူးခေါင်းမှ အမာရွတ်ကလေး ပျောက်ကင်းလု နီးပါးပင် ရှိပြီ။ ဘယ်တုန်းက ဘာဖြစ်ပါလိမ့်။ သြော် မှတ်မိပါပြီ။ ၁၉၅၆ ခုနှစ် တိုက်ရေယာဉ် ၁၀၃ ပင်လယ်တွင် နစ်မြုပ်စဉ်က ရခဲ့သည့် အမာရွတ်၊ ဆယ့်သုံးရက်တိုင်တိုင် ပင်လယ်တွင် မျောပါပြီးမှ ဂျပန်သင်္ဘော အီစံမာရူး ပေါ်တွင် ဂျပန် ဆရာဝန် ခွဲစိတ်ခဲ့သည့် အနာပေကိုး။
ဝဲဘက် လက်ကောက်ဝတ်မှ အမာရွတ်။ ကျွန်တော်၏ အမျိုးသား မှတ်ပုံတင်၌ ကိုယ်တွင် ထင်ရှားသော အမှတ်အသား အဖြစ်ပေးရန် အလို့ငှာ မဟာမိတ် လေယာဉ်ပေါ်မှ ဗုံးတစ်လုံးက လက်ဆောင် ပါးခဲ့ခြင်းပါတည်း။ ဤအမာရွတ်သည် ၀မ်းဗိုက်ပေါ်ရှိ အမာရွတ် နှစ်ခုနှင့် ညီအစ်ကို တော်စပ်ကြပေသည်။ ယခု ကျွန်တော် ရေးသားမည်မှာ ဤကိုယ်တွင် ထင်ရှားသော အမှတ်အသား အကြောင်း တစ်ရပ်ပင် ဖြစ်ပေသည်။
ကျွန်တော့်ထံ၌ စာမူလာရောက် တောင်းကြသည့် မဂ္ဂဇင်း ထုတ်ဝေသူများက စကား ဆိုလာလေ့ ရှိကြသည်။ “
ရယ်စရာလေး တစ်ပုဒ်လောက် ရေးပေးပါ”
ဟူ၍ သူတို့သည် ကြိုတင်တိုင်ပင် ထားကြသည့်နှယ် ကျွန်တော့်အား ရယ်စရာ ကောင်းသော သတ္တ၀ါတစ်ဦး ဟူ၍များ သတ်မှတ် ထားလေသလား မသိ။ အမှန်မှာမူ ကျွန်တော်သည် ရယ်စရာ မကောင်းပါ။ ဘ၀၏ အလှည့်အကွေ့များ၊ အဆင် မပြေမှုများ၊ အနိမ့်အစောင်း၊ အတက်အကျ များကို လောကဓံ တရား၏ လှည့်စားချက်များ အဖြစ် ဟားတိုက်ရယ် လိုသည့် ဉာဉ်ရှိ၍ သာလျှင် ရယ်စရာ သတ္တ၀ါဟု သတ်မှတ်ကြခြင်း ဖြစ်ပေလိမ့်မည်။ ဟော ယခု ရှုပါလေ။ ကျွန်တော့် ကိုယ်ပေါ်တွင် သေရွာ ပါစေသော အမာရွတ်ကြီး ပေးခဲ့လျက်၊ အသက် သေလောက်သည် အထိ ခံစားရခြင်း ကိုပင် ဘ၀၏ ရယ်ဖွယ်တစ်ရပ် အဖြစ် ကျွန်တော်က ရှုမြင်သုံးသပ် ထားပါသည်။ ဤသည်ကို ရယ်စရာဟုသာ သဘောထားလျက် ရယ်ကြပါလေ။ အမှန်ကလည်း ရယ်ဖွယ်ပင် ဖြစ်ပါသည်။ ကိုယ်ခန္ဓာပေါ်မှ အမာရွတ်များသည် တစ်ကြိမ် တစ်ခါက မည်မျှပင် ကြီးစေမူလည်း ကာလညောင်းသော် ရယ်ဖွယ်သာ ကောင်းပါ၏။ သို့တစေ လူအများ မမြင်သာသည့် နေရာ၊ အသည်းနှလုံးမှ အနာတို့မှာမူ သေးမွှား စေကာမူလည်း သေရွာ အထိ အနာမကျက် ရှိတတ်ကြပါသည်။ ဤသည်များကို ကျွန်တော် မည်သည့် အခါမျှ ရေးသားလေ့ မရှိပါ။ ကျွန်တော့် အသည်း နှလုံးမှ အနာကိုမူ တတ်နိုင်သမျှ ကွယ်ဝှက်ထားကာ သေရွာတိုင် ယူသွားမည် ဖြစ်ပေသည်။
အလျဉ်း သင့်ခြင်းကြောင့် ရယ်စရာ ဟူသော ဝေါဟာရ ကိုလည်း ရှင်းလိုသေးသည်။ စာပေရသ အရာတွင်မူ ဟာသ ရသဟူ၍ တင်စား ဆိုကြသည်။ ဟာသရသ မြောက်သည် ဟူသော စာရေးဆရာ များကို ဟာသ ၀ိဇ္ဇာဟု တင်စားကြ၏။ ကောင်းပြီ၊ စာပေအရာ၌ ဟာသကို ထပ်ခံခွဲခြမ်း စိတ်ဖြာကြ ပါစို့။ ကျွန်တော့် အမြင်တွင်မူ ဟာသသည် သုံးမျိုးသုံးစား ရှိ၏။ ခက်တာက ဤနေရာတွင် အင်္ဂလိပ်လို ပြောမှ ပိုရှင်းသည်ဟု စကား ပလ္လင် ခံရ မည်ကဲ့သို့ ဖြစ်နေ၏။ အမှန်ကလည်း ယနေ့ သိပ္ပံခေတ်တွင် စာရေးခြင်း အတတ် ပညာများ၌ ဟာသစာရေး ဆရာကို ဤနည်း အားဖြင့်သာ ခွဲခြမ်း စိတ်ဖြာရမည် ဖြစ်သည်။
ပထမမူလ အဆင့်မှာ Comedy ကော်မယ်ဒီပင် ဖြစ်သည်။ ဇာတ်စင်ပေါ်တွင် ဇတ်လူရွှင်တော် Comedian တစ်ဦးက အခြား တစ်ဦးအား အကြောင် မရှိဘဲ ဦးခေါင်းကို ၀ါးခြမ်းပြားချပ်နှင့် ရိုက်သော အခါ၌ ပရိသတ်များ ၀ါးခနဲ ရယ်ကြသည့် ပြက်လုံး ဟာသများ၊ Slap-stick Comedy (၀ါ) ၀ါးချပ်ရိုက် ပြက်လုံးဟု ခေါ်ရပေမည်။ ကလေးတွေ သဘော ကျခြင်းကြောင့် လက်ခုပ် တီးကြသည်။ ရယ်စရာများတွင် အဆင့်အနိမ့် ဆုံးသော ပြက်လုံးရေးသည့် ဟာသ စာရေးဆရာများ ရှိကြသည်။
ဒုတိယအားဖြင့် Humour ခေါ် ရွှင်လုံး၊ သောလုံး ရေးသားသည့် စာရေးဆရာများ၊ Humourist အဆင့်ဝင် ဟာသ စာရေး ဆရာများ၏ အရေးအသားသည် ရွှင်သည်၊ သွက်သည်၊ မြူးသည်။ ဇာတ်လမ်းဇာတ်ကွက်အရလည်း ပေါ့ပါးသွက် လက်သည်။ သို့သော် အဓိပ္ပာယ် ကင်းမဲ့သော ဟားကွက်များနှင့် အတင်း ကလိမထိုး၊ ကလေးကလား မရေးသား။ ဥပမာ အဘိုးကြီးတောင်ရှည် ပုဆိုး ကျွတ်ကျခြင်းကို အရယ်ခိုင်းပုံ။ နွားနို့သည် ကုလားတစ်ဦး ငှက်ပျောသီးခွံ တက်နင်းမိ၍ ချော်လဲ ကာ နို့ပုံးကြီး မှောက်သွားပုံ တို့ကို ရယ်စရာ အဖြစ်နှင့် ထည့်သွင်း ခြင်းမျိုး ကင်းနိုင်သမျှ ကင်းပေမည်။ ရုပ်ရှင်အားဖြင့် ဥပမာပြ ရလျှင် အင်္ဂလိပ် ရုပ်ရှင်၌ လော်ရယ်နှင့်ဟာဒီ၊ ဘတ်အဘော့နှင့် လူကော်စတဲလို၊ ဂျယ်ရီလူး ၀စ္စတို့၏ ဟာသ ဇာတ်လမ်းများ နှယ်ဖြစ်သည်။ ရယ်ဖွယ် ဇာတ်လမ်းတွင် သောလုံးညှပ်ထား ခြင်းကြောင့် တစ်လျှောက်လုံး၌ ရေရေလည်လည် ဟားရတယ် ဟူသတည်း။ မြန်မာစာပေတွင် ဤနှစ်မျိုးသော စာရေးဆရာ များသာလျှင် များကြပေသည်။
တတိယ အမျိုးအစား အားဖြင့် Satire ခေါ် သရော်စာပေ ရေးသားသည့် Satirist ခေါ် စာရေးဆရာများ။ ဤအမျိုးအစား ဟာသ စာရေးဆရာ များတွင် တစ်မျိုးတစ်စား အဖြစ် သီးခြား တည်ရှိ နေကြသည်။ အလွန်း နည်းပါးသော အရေအတွက်မျှ သာလျှင် ရှိပေသည်။ သရော်စာပေသည် လူ့ဘ၀၊ လူ့လောက တွင် ဖြစ်ပျက် တွေ့မြင် နေကြရသည့် အကြောင်းအရပ် မှန်သမျှကို ခနဲ့တဲ့တဲ့နှင့် ကျီစယ်သည်။ သရော်သည်။ တစေ့တစောင်း ပြောပြသည်။ စကားလုံး အသုံးအနှုန်း အရာတွင် ကော်သည်၊ ခတ်သည်၊ ကလော်သည်။ လက်ရှိခေတ်၏ လူမှုရေး သရုပ်များကို ဖော်ထုတ် ရေးသားရာ၌ စကားလုံး အသုံးအနှုန်းများ မှာ ပိဿာလေးနှင့် ဘေးပစ် ခဲ့ရသည့်သဖွယ် ရှိခြင်းကြောင့် ခံရသူမှာ မသက်မသာ ရှိတတ်ကြသည်။
သို့သော် ပြန်လည် ချေပ ရသည်မှာလည်း အခက်။ ခံရချက်ကလည်း မသက်သာ။ သို့မှသာလျှင် Satire ၏ ဂုဏ်မြောက်သည်။ အင်္ဂလိပ် ဂန္ထ၀င်၌ ဂျိုနာသန်ဆွစ်၏ ဂါလီဗာ ခရီးသည်ကြီး၊ လီလီပွတ် စသည်တို့မှာ ဗြိတိသျှ လူနေမှု စနစ်ကို ထိမိစွာ သရော်ထားသည့် အပြောင်မြောက်ဆုံး သရော်စာပေများ ဖြစ်ကြသည်။ အဲလက်ဇန္ဒားပုပ်၊ ဘင့်ဂျွန်ဆင် စသည်တို့မှာလည်း သရော် စာပေကို ကဗျာပုံ သဏ္ဌာန်အားဖြင့် ရေးသားရာ၌ ထင်ရှားကြပေသည်။ အမေရိကန် စာရေးဆရာ များတွင် မာ့(က)တွိန်သည် ခေါင်ချုပ်ဖြစ်ပေ၏။
မြန်မာပြည်တွင် ဤစာရေး ဆရာမျိုးမှာ မထင် ရှားလှပေ။ တစ်နည်းဆို သော် လူကြိုက် မများလှပေ။ မလုံသည့်အိုး လူတန်းစား မျိုးဆိုလျှင်မူ ဤစာရေး ဆရာကို မကြိုက်နိုင်ဆုံး ဖြစ်တော့သည်။ တတ်နိုင်လျှင် နှိပ်ကွပ် ထားရမည်။ အခွင့် သာလျှင် သတ်ပစ်ရမည့် စာရင်းဝင်သည်။ သရော်စာကို ဆော်သည်၊ ကလော်သည်၊ လူလည်လုပ်သည်၊ သက်သက်တွယ် သည်ဟုသာလျှင် ကျဉ်းမြောင်းသော အမြင်နှင့် သဘော ထားကြသည်။ Satirist များသည် ဇာတ်လမ်းဆင်၍ ရေးသားချင်မှ ရေးသားကြမည်။ ဆောင်းပါးများ၊ အက်ဆေးများသာလျှင် အရေးများသည်။ သူတို့၏ အရေးအသားသည် ကျိုးကြောင်း ဆင်ခြင်မှု တရားနှင့် အထေ့၊ အငေါ့၊ အကော်၊ အခတ်ကလေးများ သွက်သွက်နှော ရေးသားခြင်းကြောင့် မည်သည့် လူတန်းစားများ မကြိုက်နိုင်ကြသည်ကို ကျွန်တော် မပြောလိုတော့ ပေ။ ကျွန်တော် မပြောလိုတော့ပေ။ အဲ ကျွန်တော် မပြောလိုတော့ပေ ဟူသည်ကို အဘယ်အတွက် နှစ်ကျော့ထပ် ရေးသားရ သနည်းဟူမူ စာဖတ်သူများက ကျွန်တော် မပြောပါဘူး ဆိုမှ သိနေမင့်ကြကိုး။(မအေပေး နှစ်ခါထပ်ရိုက်ထားတာကိုး-တော့ မဟုတ်ပါ။)အဲဒီ အရေးအသားပင်လျှင် Satire သရော်စာဖြစ် ပါတော့သည်။
ဟာသ စာပေကို ရှင်းရင်းနှင့်ပင် ကျွန်တော့်မူလ ရည်ရွယ်ရင်းမှ ခေတ္တ သီထွက် သွားတာကို ခွင့်လွှတ်ကြပါ။ ကဲ လာပါပြီ ခင်ဗျာ။ ကျွန်တော့် ကိုယ်ခန္ဓာတွင် များလှစွာသော အမာရွတ်များ အနက် သုံးခုသော အမာရွတ်များ အကြောင်း။
ဒုတိယ ကမ္ဘာစစ် အတွင်း ကာလ၊ မန္တလေးမြို့၏ မတ်လ တစ်ည ဖြစ်ပါသည်။ ခရစ်နှစ် ၁၉၄၂ ခုနှစ်ဦးတွင် ကျွန်တော်သည် အစ်ကိုကြီး ဖြစ်သူ၏ ခေါ်ဆောင်ချက် အရ ဇာတိရပ်မြေ ရွှေဘိုမြို့သို့ ရောက်နေခဲ့ ရပေသည်။ ဧရာဝတီမြစ်ကို ငှက်ဖြင့် ဖြတ်ကူးခဲ့စဉ်က ကျိုးကျနေသော စစ်ကိုင်း တံတားကြီးကို ငေးမော ကြည့်ရင်း၌ အပြန် ခရီးတွင် ကျွန်တော်သည် ဤတံတားကြီး ကိုပင် ငှက်သမ္ဗန်ထက်မှ ပက်လက်လှန်ကာ ဗုံးမှန် လူနာတစ်ဦး အဖြစ် ပြန်ရလိမ့်မည်ကို မတွေးမိခဲ့ပါ။
ထိုည မတိုင်ရောက်မီ နံနက်လင်းကတည်းကပင် နိမိတ်တော့ အပြသား။ ဒါကိုကျွန်တော်က သတိမထားမိ။ ကျွန်တော့် အစ်ကိုကြီးသည် ဆည်မြောင်းဌာန တာဝန်အရ မန္တလေးမြို့သို့ လာရောက် အမှု ထမ်းစဉ်ခိုက် ဖြစ်၍ ကျွန်တော်က အဖော်အဖြစ် သူနှင့် လိုက်နေရသည်။ ကျွန်တော်တို့ နေသည်မှာ အာဠာဝီ လမ်း စာတိုက်ကြီး အနီး ယခင်က မန္တလေး သူရိယ သတင်းစာ တိုက်နှင့် ဘေးချင်းကပ် အခန်းတွင်ဖြစ်သည်။ ဤအခန်းတွင် ညီအစ်ကို ၀မ်းကွဲတော်သူ ကိုဘဇံနှင့်အတူ လူလွတ်များ စုနေကြသည်။ ကိုဘဇံမှာ စက်ဘီးပြင်ဆိုင် ဖွင့်လှစ်ထားသည်။ စားသောက် ကျတော့လည်း ဆိုင်ဝယ်စားလိုက်၊ ချက်ပြုတ်စား လိုက်နှင့် ဖြစ်သလို နေကြသည်။
နံနက် စောစောတွင် ကျွန်တော်တို့ ညီအစ်ကိုသည် အိပ်ရာမှ ထကာ အနောက်ဘက်ဆီသို့ နှစ်ပြခရီး လျှောက်လာခဲ့ ကြသည်။ စစ်ကိုင်းတန်းနှင့် အာဠာဝီ လမ်းဆုံရှိ ကာကာကုလား လက်ဖက်ရည် ဆိုင်တွင် ဆိတ်ခြေထောက် စွပ်ပြုတ်နှင့် နံပြား တွယ်ကြရန် ဖြစ်သည်။ မန္တလေးမြို့မှ ညီအစ်ကို ၀မ်းကွဲတော်သူ တစ်ဦး ဖြစ်သည့် မွတ်စတာဖွာ (ကွယ်လွန်သူ လက်ဝှေ့ကျော်- ကျားဘညိမ်း)က ဖိတ်မန္တက ပြုထားခြင်းကြောင့် ဖြစ်သည်။
“နေတောင် အတော်မြင့်သွားပြီ အစ်ကို။ ဆိတ်ခြေထောက်စွပ် ရပါဦးမလား မသိဘူး”
နံနက်လင်းကတည်းက ၀မ်းဟာနေသော ကျွန်တော်က စိုးရိမ် မကင်းစွာဖြင့် လမ်းခရီးတွင် အစ်ကိုကြီး ဖြစ်သူကို မေးမိသည်။
“ကိစ္စ မရှိပါဘူးကွာ။ မွတ်စတာဖွာက ညကတည်းက ကာကာ ကုလားကို လေးပွဲ ချန်ထားဖို့ အသေအချာ မှာထားမယ် ပြောသားပဲ”
ဟုဆိုသည်။
ကျွန်တော်တို့သည် မျိုးရိုးနှင့် ချီ၍ ဆိတ်ခြေ ထောက်စွပ်ပြုတ် ကြိုက်သူများ ဖြစ်သည်။ ဆိတ်ခြေထောက် စပယ်ရှယ်လစ်များ ဖြစ်ကြသည်။ ယခုလည်း ဆိတ်ခြေထောက် ကြိုက်သူ ကျားဘညိမ်းက ညွှန်းလှသောကြောင့် ဆန္ဒ ပြင်းပြစွာနှင့် နှစ်ပြ ခရီးကို လျှောက်လာခဲ့ ကြခြင်း ဖြစ်သည်။ ကျားဘညိမ်းမှာ လက်ဖက်ရည်ဆိုင်နှင့် မျက်စောင်းထိုး၌ နေသည်။ ဆိုင်အနီး ချဉ်းကပ် လာသည်နှင့် ကျွန်တော်တို့ ၀င်ကြရမည့် ဆိုင်ဝတွင် လူအများ စုပြုံနေကာ ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည့် အခင်းကို မမျှော်လင့်ဘဲ တွေ့ကြရ၏။
“ဟ အဲဒီဆိုင်ပဲ မှတ်လားကွ၊ ဒို့သွားမှာ။ ဘာများဖြစ်နေ ကြပါလိမ့်။ လူတွေ ၀ိုင်းလို့ပါလား”
ကျွန်တော်တို့သည် ခပ်သွက်သွက် လျှောက်လာကြ၍ အခင်း ဖြစ်ရပ်ကို ကြည့်သည်၌ ခါးက လုံချည်ကိုပင် မနိုင်တော့ဘဲ လူတွေ ၀ိုင်းဆွဲ ထားကြရသည့် ကျားဘညိမ်းကို သွေးသံ ရဲရဲနှင့် တွေ့ကြရသည်။
“ဖယ်စမ်းပါဗျာ၊ လွှတ်စမ်းပါ။ ဒီကုလားကို အသေ သတ်ရမှ ကျေနပ်မယ်။ မအေပေးကုလား လူပါးဝလို့၊ ဘာများ မှတ်နေသလဲ မသိဘူး။ လေးပွဲ ချန်ထားပါလို့ သေသေချာချာ ပြောထားရက်နဲ့ ခုတော့ ရောင်းပစ်လိုက်လို့ ကုန်ပြီတဲ့။ ဘာကောင်းသလဲဗျ ဟင်၊ လွှတ်၊ ကျုပ်ကို လွှတ်ကြပါ”
“တော်ပါကွာ ဘညိမ်း၊ ဒို့ရှင်းပြပါ့မယ်။ ဒို့သောက်လိုက် ကြတာကွ။ ဒါလောက် လုပ်ရ တော်ရောပေါ့ကွ။ လက်လွန်ကုန်မယ်”
ဝိုင်းဆွဲသူများက ရှင်းပြ၊ တောင်းပန် ဆွဲကြသည်ကိုပင် ကျားဘညိမ်းက တအား ရုန်းနေသည်။ ကာကာ ကုလားမှာလည်း မျက်စိများ ဖူးပိတ်ကာ၊ နှာခေါင်းမှ သွေးသံရဲရဲ ထွက်နေသည်။ သူ့သွေးများသည် သူ့ကိုယ်လုံးနှင့် လုံးထွေး ရစ်ပတ် သတ်ပုတ်ခဲ့သည့် ကျားဘညိမ်းအားပင် စိုထင်းစေခဲ့၏။
ကျွန်တော့်အစ်ကိုကြီးက
“ဟေ့ ဘညိမ်း ဘာဖြစ်တာလဲကွ။ လာပါကွာ ငါ့ညီရာ။ ဆိတ်ခြေထောက် မသောက်ရလည်း မလိုင်နဲ့ နံပြား စားကြတာ ပေါ့။ မင်းဟာ ငါစိတ်မကောင်းပါဘူး။ ဆိုင်မှာလည်း ပန်းကန်တွေ ကွဲကုန်ပါပြီ။ ကုလားထိုင်တွေ ကျိုးကုန်ပါပြီ။ လူမြင် မကောင်းပါဘူး လာ လာ ငါ့ညီ”
ဟု ချော့မော့တော့မှ ကျားဘညိမ်းသည် တဖျစ်တောက် တောက်နှင့် မကျေမချမ်း လိုက်ပါလာသည်။ ဆိတ်ခြေထောက် စွပ်ပြုတ်သည် သွေးသံရဲရဲ ရိုက်ပွဲနှင့်ပင် ထိုနေ့ကို စတင် ဖွင့်လှစ်လိုက်တော့၏။
ထိုညသည် လသာသော ညတစ်ညဖြစ်၏။ စစ်တွင်း ကာလ မှောင်ကျနေသော မန္တလေးမြို့၏ ညမှာ လူသွားလူလာ မရှိသည်ကြောင့် တစ္ဆေမြို့ကြီးအလား အောက်မေ့ရသည်။ အမှောင်ရိပ်များ၌ အနိဋ္ဌာရုံတို့သာ ကြီးစိုးလျက်ရှိသည်။ စာတိုက်ကြီး၏ အနောက်ဘက် လမ်းမကြီးပေါ်တွင် ဂျပန်တို့ ၏ ယိုကိုဟားမား ဘဏ်တိုက်ရှိသည်။ ဘဏ်တိုက် ဒရ၀မ်၏ သံချောင်း ခေါက်သံသည် အရက်မူးမူးနှင့် တီးနှက်သံမှန်း သိသာလှသည်။ စည်းချက်က မညီ၊ ရိုက်ချက်ကမမှန်၊ သံ ချောင်းခေါက်သံ ဆယ့်တစ်ချက်။ နောက်ဆုံး အချက်က အတန် ကြာမှ ထွက်ပေါ်လာပြီး ရပ်သွားသည်။
“ဟ ခွေးမသား ဒရ၀မ် မူးပြန်ပြီ ထင်တယ်ကွ။ ခုမှ ကိုးနာရီ ထိုးတာ၊ ဘယ့်နှယ့်ကြောင့် ဆယ့်တစ်ချက် ခေါက်ရတာတုံးဟ”
ကျွန်တော့်အစ်ကိုကြီးက မေးသည်။
“ဒီလိုပဲ အစ်ကိုရ၊ ဒီကောင်က ခေါက်တာတော့ ကိုး ချက်ပဲ။ ဒါပေမယ့် မူးနေတော့ တစ်ချက်ပို ခေါက်မိရက်သား ဖြစ်သွားတော့ကာ ဆယ်ချက် ဖြစ်သွားတယ်”
မြို့ခံ ကိုဘဇံက မန္တလေး ဂျပန်ခေတ်၏ နာရီသံ ချောင်းသံကို ရှင်းလင်းပြသည်။
“ဟ ငါကြားတာက ဆယ်ချက် မကပါဘူး။ ဆယ့်တစ် ချက်ပါကွာ”
“ဟုတ်တယ်လေ။ နောက်ဆုံး အချက်က ဝေးပြီး လေးနေတာ အသံ တိုးနေတာ သတိ ထားမိတယ် မဟုတ်လား။ အဲဒါ သူတစ်ချက် ပိုခေါက်မိမှန်း သတိရနေလို့ ခဏနားပြီးမှ ပြန်နုတ် တာ။ ဒီတော့ ဆယ်ချက်မှာ အပိုတစ်ချက် နုတ်တော့ ကိုးနာရီ ဆိုတာ သိရတယ်”
ဟု ရှင်းပြသည်။ သြော် ယိုကိုဟားမား ဘဏ်မှ ဒရ၀မ်၏ ဂျပန်နာရီ သံချောင်းခေါက်သံပါတကား။
“ကဲ အိပ်ကြစို့ကွာ။ ကိုးနာရီဆိုတာ ညဥ့်နက်လှပြီပဲ”
ကျွန်တော့် အစ်ကိုကြီး ဖြစ်သူသည် နောက်ဘက် အိပ်ခန်းတွင်းသို့ ၀င်သွားသည်။ အိပ်ခန်းတွင် ခုတင်နှစ်လုံး ရှိလျက် အခြား တစ်လုံးတွင် ဆည်မြောင်းရုံးမှ စာရေးကြီး ကိုသန်းဆိုသူ အိပ်သည်။ ကိုသန်းသည် ပိန်ပိန်ပါးပါး ကိုယ်ကာယ နှင့် ညနေတိုင်း သိုင်းကစားသော သိုင်းသမားတစ်ဦး ဖြစ်၏။ ကျွန်တော်နှင့် ကိုဘဇံမှာ လူငယ်များ ဖြစ်ကြသည့် အလျောက် အိမ်ရှေ့ခန်းတွင်ပင် သမံတလင်း ထက်၌ ဖျာတစ် ချပ်ခင်း၍ အိပ်ကြ၏။ လူငယ်များ ဖြစ်ခြင်းကြောင့် ခေါင်းချ သည်နှင့်ပင် အိပ်ပျော်သည်။ ရည်းစားကလည်း မထားတတ် သေး၍ တွေးစရာ ရည်းစားကလည်း မရှိခြင်းကြောင့် ဖြစ်ကောင်း ဖြစ်ပေမည်။
တစ်စုံတစ်ရာသော အသံက ကျွန်တော်တို့ လေးဦးသားကို တစ်ပြိုင်နက် တည်းလို နိုးလာကြစေ၏။ အသံမှာ နိမ့်စွာ ပျံသန်းလာသည့် ဗုံးကြဲ လေယာဉ်ပျံသံ။ မျက်စိများ ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မှောင်မည်းနေသည့် အိမ်ခန်းတွင်းဝယ် အလင်းရောင် တစ်ခုက မြူးကြွ လည်နေသည်။ လေထီးမီး ကျည်ရောင်မှန်း ချက်ချင်း သိလိုက်သည်။ မီးကျည် ရောင်သည် ညဥ့်အမှောင်ကို နေကဲ့သို့ လင်းစေသည်။
“ဟေ့ နိုးကြသလား ဟေ့”
အစ်ကိုကြီးက အော်ဟစ်မေးသည်။
“ဟုတ်တဲ့အစ်ကို၊ နိုး နေပါတယ်”
ကျွန်တော်တို့က ပြိုင်တူ ထူးလိုက်၏။
“မထကြနဲ့နော်၊ လေယာဉ်ပျံက သိပ်ကပ်နေပြီကွ။ ဒီအတိုင်း လှဲနေကြ”
“ရွှီ”
သေမင်း၏ လေချွန်သံ ဟုဆိုနိုင်သည့် ဗုံးအမြီးမှ ပန်ကာ လည်သံသည် စူးရှစွာပေါ် လာသည်၌ ဗုံးသည် အလွန်နီးကပ်စွာ ကျလာတော့မည်ကို အလန့်တကြား သိလိုက်ရသည်။ ဝေါခနဲ ဖြတ်ကျော်ပျံသန်း သွားသော လေယာဉ်စက် သံကြားမှပင် ရွှီသံသည် စူးရှစွာ ပေါ်လာပြီး တခဏ၌ ဒိုင်းဟူသော ပေါက်ကွဲသံကြီးသည် နားများကိုပင် ပင်းသွားလောက်အောင် နီးကပ်စွာ ပေါ်လာပြီး နောက် ၀င်းခနဲ လက်သွား၊ ၀ုန်းခနဲ မီးတောက်သွားခြင်း များသည် ဆက်တိုက် ပေါ်လာကာ ယမ်းနံ့၊ အုတ်မှုန့်နံ့တို့သည် နှာဝနှင့် ဒွါရ အားလုံးကိုပင် ဖုံးသွားစေသည်။ တ၀ုန်းဝုန်းပြို ကျသော အသံများ၊ အုတ်ကျိုး အင်္ဂတေပဲ့များ၊ ယမ်းခိုးငွေ့များ ဝေသွားသည်။ ကမ္ဘာ ပျက်သွားသည် ထင်လိုက်ရ၏။ နောက် အားလုံး ငြိမ်သက်သွားသည်။
ပထမဆုံး ကျွန်တော် သတိထား မိသည်မှာ ပူနွေးစေး ကပ်သော အရည်များသည် ကျွန်တော့် မျက်နှာပေါ်တွင် စီးဆင်းနေခြင်း ဖြစ်သည်။ ကျွန်တော်သည် လေယာဉ်ပျံ သံကြောင့် နိုးလာသည်၌ ပက်လက် အနေအထားတွင် အိပ်နေဆဲ နိုးလာခြင်း ဖြစ်သည်။ ၀ဲဘက်လက်ကို နဖူးပေါ် တင်ထားသည်။ ဗုံး ပေါက်ကွဲသည့် အခါတွင်လည်း ဤအနေ အထား၌ပင် ရှိနေသည်။ ဗုံးဆန် တစ်ဆန်သာ မြေပေါ်တွင် ရှပ်ကာ ဖြတ်သွားသည်၌ ပက်လက်လှန်၍ နဖူးပေါ် တင်ထားသော ၀ဲဘက်လက် ကောက်ဝတ်ကို လှီးသွားသည်တွင် သွေးများသည် မျက်နှာ ပေါ်သို့ စီးကျလာခြင်း ဖြစ်၏။
အလားတူ ဗုံးဆန်နှစ်ဆန်က ၀မ်းဗိုက် ကြွက်သားများကို တို့နမ်း သွားခဲ့သေးခြင်းကို နောက်မှ သိရသည်။ ဗုံးမှာ ကျွန်တော်တို့ အိပ်နေသည့် နေရာနှင့် ၁၀ ပေ၊ ၁၅ ပေမျှအကွာစီ လမ်းအလယ် အိမ်ရှေ့တည့်တည့်တွင် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်၏။ နီးကပ်လွန်းခြင်းကြောင့် နားမှ သွေးများ စို့ထွက်လာကာ တစ်လကျော်မျှ နားအူ နေခဲ့ သေးသည်။
ဗုံးကြဲ လေယာဉ်၏ အဓိက ရည်မှန်းချက်မှာ ယိုကိုဟားမား ဘဏ်တိုက်ပင် ဖြစ်သည်။ ရည်မှန်းချက်ကို တည့်တည့်မတ် မတ်ပင်ထိသည်။ ဘဏ်တိုက်ပေါ် တည့်တည့်ကျ၏။ နောက်တစ်လုံးမှာ ဘဏ်တိုက်အကျော် တစ်ကိုက်အကွာ ကျွန်တော်တို့ အိမ်ရှေ့ လမ်းပေါ်ကျသည်။ အကယ်၍သာ လေယာဉ်ပျံ သန်းသည့် လမ်းကြောင်းသည် အရှေ့တည့်တည့်မှ အနောက်သို့ ဦးတည်လမ်းကြောင်း ၂၇၀ ဒီဂရီဖြစ်ပါမူ ဒုတိယ အလုံးသည်လည်း ကျွန်တော်တို့ တိုက်ပေါ် တည့်တည့်မတ်မတ် ကျပေလိမ့်မည်။ ယခုသော် လေယာဉ်မှူး၏ ဦးတည် လမ်းကြောင်းသည် ၂၀၀ ဒီဂရီခန့် ဖြစ်ဟန် ရှိပါလိမ့်မည်။
ထို့ကြောင့်သာလျှင် ဤစာကို ကျွန်တော် ရေးသားနိုင်သည် ဖြစ်၏။ ၉ နာရီ သံချောင်းကို မူး၍ ဆယ့်တစ်ချက်ခေါက်ကာ မြောင်းဘေးတွင် အိပ်ပျော်နေသည့် ဘဏ်တိုက်စောင့် ဒရ၀မ်မှာ သူ့ ဘဏ်တိုက်ပေါ် ဗုံးတည့်တည့် ကျသည်ကိုပင် မသိလိုက်ဟု ဆို၏။ နောက်တစ်နေ့ ဘဏ်တိုက်ကြီး ပြိုနေသည်ကို တွေ့ရမှ သူ သိသည်ဟု အဆိုရှိပေသည်။
ကျွန်တော်တို့ အိမ်ရှေ့တွင် ပိတ်သည့် တံခါးမကြီးနှစ် ချပ်မှာ တစ်လက်မခွဲခန့် ထုထည်ရှိလျက် ၈ ပေx ၆ ပေ ကျွန်းသားပြားကြီး နှစ်ချပ်ဖြစ်သည်။ ထုထည် ကောင်းလှသည်။ ဗုံးပေါက် ကွဲသည်တွင် ယင်းတံခါးကြီး နှစ်ချပ်မှာ ထင်းပေါက် ထင်းစများ ဖြစ်သွားကာ အိမ်ရှေ့တံခါး ဟာလာဟင်းလင်း ဖြစ်သွားသည်။
“အီး အီး အမလေးဗျာ”
ကိုဘဇံ၏ ညည်းညူသံဖြစ်သည်။
“ဟေ့ ကောင်လေးတွေ၊ ဟေ့ကောင်လေးတွေ၊ ရှိကြ သလားဟေ့”
ကျွန်တော့် အစ်ကိုကြီးက အုတ်မှုန့်လုံးများ၊ ယမ်းခိုးလုံး များကြားမှ စိုးရိမ်တကြီး ဟစ်မေးသည်။
“ဟုတ်ကဲ့ရှိပါတယ် အစ်ကို”
ကျွန်တော်တို့က ပြိုင်တူ ဖြေမိသည်။
“မင်းတို့ ထိသွားသလား”
“ကျွန်တော့် ခြေထောက် ထိသွားတယ် အစ်ကို”
ကိုဘဇံက ဖြေမိသည်။
“မင်းရောဟေ့ ဘသော်”
“ကျွန်တော့်မျက်မှာ သွေးတွေ အစ်ကို၊ ဘယ်မှာထိလဲ မသိဘူး”
ကျွန်တော်က တုန်တုန်ယင်ယင် ပြောလိုက်သည်။
“အေး ကိစ္စမရှိဘူး။ မင်းတို့ အဲဒီလိုပဲ အသံငြိမ်ငြိမ် နေကြဦး။ လေယာဉ်ပျံ နောက်တစ်ပတ် ပြန်လှည့်လာဦးမယ်”
“ဟုတ်ကဲ့ အစ်ကို”
“ကိုသန်း၊ ကိုသန်း”
အစ်ကိုကြီးက သူ အိပ်ရာဘေး ခုတင်ပေါ်တွင် အိပ်နေသော ကိုသန်းအား လှမ်းခေါ်သည်။ ထူးသံ မကြားရပါ။
“ကိုသန်း၊ ကိုသန်း”
ကိုသန်း ပြန်မထူးပါ။ လေယာဉ်ပျံသံ ဝေးသွားသည်နှင့် တစ်ပြိုင်နက် ကျွန်တော်တို့သည် အပြိုအပျက် ဖရိုဖရဲများကို တိုးထွက်ကာ နောက်ဖေးခန်းသို့ ဟပ်ထိုး ပြေးဝင် သွားကြသည်။ အစ်ကိုကြီးသည် မှောက်အိပ် နေသည့်အတွက် ဗုံးဆန် တစ်ဆန်က သူ့တင်ပါးတွင်း ၀င်သွားခဲ့သည်။ သူ့တွင်လည်း ဒဏ်ရာနှင့်။ သို့သော် ကျွန်တော်တို့ အားလုံး သတိ ရှိကြသည်။ တစ်ဦး၊ တစ်ဦး မေးစမ်း နိုင်ကြသည်။ လုံးဝ သတိမရသူမှာ သိုင်းဆရာ ဦးသန်းဖြစ်၏။ သူသည် ခုတင်ပေါ်၌လည်း မရှိဘဲ ခုတင်ဘေးကျကာ သမံတလင်းပေါ် တစောင်းခွေ လဲကျနေသည်။ နောက်ဆုံးတွင် လုံးဝ ဒဏ်ရာ မရသူမှာ သူတစ်ဦးသာ ဖြစ်သည်။ သို့သော် သူသည် ခုတင်ပေါ်မှ လွင့်စဉ်ကျ၍ လန့်ပြီး သတိ မေ့နေခြင်းသာ။
ကျွန်တော်တို့သည် တစ်ဦးကို တစ်ဦး အားပေး စကားပြောရင်း တိုက်ပျက်၏ ချောင်တစ်နေရာကို ခိုဝင် နေကြသည်။ မီးကျည်လည်း ငြိမ်းသွားပြီ ဖြစ်၍ မကြာမီ လေကြောင်းရန် ကင်းရှင်းသွားကာ ဂျပန် စစ်သားများနှင့် လေကြောင်း ကာကွယ်ရေး ကင်းသမား ကေဘိုထိုင်များ လမ်းပေါ် ထွက်လာကြ သည်။ ဂျပန်များက ဘဏ်တိုက်ကို ဦးစွာကြည့်သည်။
ထို့နောက် ကျွန်တော်တို့ အိမ်ရှေ့ လမ်းမပေါ်မှ ဗုံးကျင်းကြီးကို ကြည့်နေစဉ် တိုက်ပျက်တွင်းမှ ကျွန်တော်တို့ လှမ်းခေါ်ကြခြင်း ကြောင့် အတွင်းသို့ ၀င်လာကြသည်။ ဂျပန်များသည် ချက်ချင်း ဆိုသလိုပင် လူနာတင် ထမ်းစင် ယူလာကြကာ ကျွန်တော်နှင့် ကိုဘဇံကို ထမ်းစင်ပေါ် တင်ခေါ်ခဲ့ကြသည်။ ကျွန်တော့်မှာ တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေခြင်းကြောင့် မည်သည့် နေရာတွင် ထိသည်ကိုပင် မှန်းဆရ ခက်နေကြသည်။ ကိုဘဇံမှာ ခြေထောက် ညို့သူကြီးကိုသာကိုင်ရင်း အော်နေသည်။
အစ်ကိုကြီးမှာမူ တင်ပါးကို လက်ကိုင် ပ၀ါနှင့် အုပ်ထားပြီး လမ်းလျှောက် လိုက်ပါလာခဲ့သည်။ သိုင်းဆရာ ကိုသန်းမှာမူ ဇ၀က်သာရည် ရှူစေခြင်းဖြင့် နှာနှပ်လိုက်မှ သတိရသည်။ သူ့တွင် ဒဏ်ရာမရှိ အကောင်းပကတိ။ ဂျပန်ခေတ်၏ စစ်တွင်းကာလ အရေးပေါ် ဆေးရုံမှာ အက်စ်ပီဂျီသံ တဲကျောင်းတွင် ဖြစ်သည်။ ဆေးရုံ ရောက်ချိန်မှာ ညသုံးနာရီ ကျော်ခန့်တွင် ဖြစ်သည်။ လူနာများမှာ အချို့ ခုတင်ပေါ်၊ အချို့ ကြမ်းပြင်ပေါ်။ ဆေးရုံရောက်၍ ဒဏ်ရာများကို ကြည့်ရှု စစ်ဆေးတဲ့ အခါကျမှ ကျွန်တော့်တို့ ဒဏ်ရာမှာ မကြီး ကျယ်လှ။ လက်ကောက်ဝတ်နှင့် ၀မ်းဗိုက်တွင် ရှပ်မှန်ထားသည်။ အသက်အန္တရာယ် မရှိ၊ သွေးလွန်နေသည်၊ သွေးလန့်နေသည်။ ကိုဘဇံမှာ ခြေထောက်ရိုး ဒဏ်ရာ ရထားခြင်းကြောင့် လုံးဝ လမ်းမလျှောက်နိုင်။ အသက် အန္တရာယ် မရှိသော်လည်း ခြေထောက်ရိုးကို စိတ်မချရ။ အစ်ကိုကြီးမှာ တင်ပါးတွင် ဒဏ်ရာနက်သည်။ သို့သော် အရိုး မထိခိုက်၊ သိုင်းဆရာကိုမူ ညတွင်းချင်းပင် ဆေးရုံမှ ပြန်လွှတ်လိုက် သည်။
နောက်တစ်နေ့ နံနက်လင်းသည်တွင် ကျွန်တော်ရှိနေရာ ဆေးရုံသို့ အခြား ဗုံးဆန်ထိ လူနာ၊ ခြေပြတ် လက်ပြတ်များ ရောက်ရှိ လာကြပြန်ကာ ဆေးရုံမှာ ပြည့်လျှံသွားသည့် အတွက် နေ့လယ်ပိုင်းတွင် ဆေးရုံမှ အခြား တစ်နေရာသို့ ပြောင်းရွှေ့ရန် စီစဉ်ကြသည်။ ထိုမှတစ်ဆင့် အတန် သက်သာလျှင် ရွှေဘိုပြန် ကြရန် အစ်ကိုကြီးက စီစဉ်သည်။ သို့စီစဉ်ဆဲ နံနက် ၁၁ နာရီထိုးတွင် လေယာဉ်ပျံ အုပ်ကြီး အသံ ကြားရပြန်တော့သည်။ လေကြောင်း အချက်ပေး ဥသြသံများ ပေါ်လာကာ ဆေးရုံမှ ၀န်ထမ်းများနှင့် ပြေးလွှားနိုင်သူများ ဗုံးခိုကျင်းသို့ ပြေးဝင် ကြသည်။ ကျွန်တော့်မှာမူ ဆေးရုံထက် ပက်လက်။ ထိုင်လည်း မထိုင်နိုင်။ ထလည်း မထနိုင်။ ကိုဘဇံလည်း မထနိုင်။ အစ်ကိုကြီးမှာ မရှိ။ ကျွန်တော်တို့ ခိုနေရန် တည်းအိမ် စီစဉ်နေ၍ အပြင် ရောက်နေသည်။
မြစ်ငယ် လေယာဉ်ပစ် အမြောက်တပ်၊ မန္တလေးတောင် ခြေအမြောက် တပ်တို့မှ အမြောက် ပစ်သံများ ပေါ်လာသည်။ တ၀ုန်းဝုန်း တဒိုင်းဒိုင်း ဗုံးကျသံများ ဆက်တိုက် ကြားရသည်။ ဝေးတော့ ဝေးကွာပါ၏။ သို့သော် ဆေးရုံ အဆောက်အအုံမှာ သွက်သွက်ခါ လှုပ်ခါနေသည်။ ဗုံးသံကြားမှ ငိုသံ၊ အော်သံ၊ ဘုရား ရှိခိုးသံများ ကြားနေရသည်။ ညက ဒဏ်ရာရသည့် လူနာများတွင် ကုလားမကြီး တစ်ယောက် ပါလာသည်။ သူက မျက်မမြင် ဒုက်္ခိတ။ ကုလားမကြီးသည် ကြောက်လန့်ကာ သူ့ နေရာမှ ထပြေးသည်။ သူပြေးသွားသည်မှာ ၀ရန်တာထွက် သည့်တံခါးဝဘက်။ ၀ရန်တာမှာ ကျိုးပျက်နေသည်။ ကုလား မကြီးသည် လေယာဉ်များ ခေါင်းပေါ် အရောက်တွင် ဆောက်တည်ရာ မရတော့ဘဲ မမြင်မကန်းနှင့် ၀ရန်တာ ပျက်ဆီ စွတ်ပြေးရာ အပေါ်ထပ်မှ အောက်ထပ်သို့ ဇောက်ထိုး ကျသွားတော့သည်။ ကျွန်တော်တို့က လှမ်းမြင်သော်လည်း အော်ဟစ် သတိ ပေးရုံမှ အခြား မတတ်နိုင်ခဲ့ကြပါ။ ကုလားမကြီးသည် အောက်ထပ်သို့ ဦးစိုက် ကျသွားသည်၌ပင် ဇီဝိန်ချုပ် ရလေတော့သည်။
လေကြောင်း ရန်ရှင်းသည်တွင် အစ်ကိုကြီး ရောက်ရှိလာကာ ကျွန်တော်တို့အား ရွှေပြည် ရပ်ကွက်ရှိ အစ်ကို ၀မ်းကွဲတော်သူ ကိုဆိုင်၏ နေအိမ်တွင် ခေတ္တ နားခိုကြရန် စီစဉ်သည်။ ထိုနေ့ ညနေ ရွှေပြည်ရပ်ကွက် ရောက်သည်။ ည ၁၀ နာရီခန့်တွင် ဂျပန်များ စစ်ကားကြီးငယ်နှင့် ရောက်ရှိလာကာ ရွှေပြည် ရပ်ကွက် တစ်ကွက်လုံးကို သံဆူးကြိုး ကာရံလျက် သွပ်ပြားများနှင့် ခတ်တော့သည်။ ရပ်ကွက်တွင်းမှ လူအပြင် မထွက်ရ၊ အပြင်လူ အတွင်း မ၀င်ရ။ ရွှေပြည် ရပ်ကွက်တွင် ပလိပ်ရောဂါ ဖြစ်နေခြင်းကြောင့် ပိတ်ဆို့တားဆီး ထားလိုက်တော့သည်။ ဗုံး ထိလူနာများမှာ ရောက်သည့် ညတွင်ပင် ကျန်းမာရေး အချုပ် သား ဖြစ်ကြရပြန်သည်။ ရောဂါကလည်း ပလိပ် ရောဂါဆိုးနှင့် ဒက်ထိ တိုးကြရပြန်တော့သည်။ ပြည်ရွှေဘို ပြန်ဖို့အရေး တစ်ထောက် နားကာမှ အချုပ်သား ဖြစ်ရပြန်သည်။
သို့သော် ကိစ္စ မရှိပါ။ ခေတ်အားလုံးတွင် ကိစ္စ အ၀၀ကို ပြီးစေသည့်အရာ ရှိပါသည်။ ဂျပန်ခေတ်တွင် ဘုရားနီ ထောင်မလဲ သဲကော်သည် ပိတ်ဆို့ တံခါးများကို ပွင့်စေ၏။ ကျွန်တော့် အစ်ကိုကြီးက ကေဘိုထိုင် လူကြီးအိမ်တွင် ဘုရားနီ တစ်ထပ် သွင်းပေးလိုက်သည်၌ တစ်ရက် နံနက်လင်း အားကြီးတွင် မြင်း ရထား တစ်စီးနှင့် လစ်ထွက် နိုင်ခဲ့ကြတော့သည်။ မြင်းရထားမှာ ရှေးက ဂါရီ ရထားလုံး၊ လှည်းဆွဲ အဿထိုရ်မှာလည်း ညောင်နာနာနှင့်။ ရထား မောင်းသည်မှာ ဒိုတီဝတ် ကုလား။ ရထားမောင်း ကုလားသည် ဂျပန် မတွေ့မီ အမြန် မောင်းလိုသောကြောင့် ကြာပွတ်ကို သုံးသည်။ ရထားလုံး နောက်ပိုင်း ထိုင်ခုံ ပေါ်တွင် ဒဏ်ရာ အနာတရနှင့် လိုက်လာရသည့် ကျွန်တော် မောင်သော်ကလောင်းလျာမှာလည်း မသက်သာ။ ဒဏ်ရာမှ သွေးများပင် စို့ထွက်လာသည်။ မတတ်နိုင်ပြီ။ ဂျပန်ရန်ကို ပိုကြောက်ရသမို့ အောင့်ထားရသည်။ ရွှေပြည် ရပ်ကွက်နှင့် အတန် ဝေးကွာမှ စိတ်ချ ကြရတော့သည်။ တစ်ချီ လွတ်ခဲ့ပြန်ပြီ ကော။
ရထားလုံးသည် တောင်မြို့ ကိုကျော်မှ စိတ်ချရမည် ဖြစ်ခြင်းကြောင့် ရထားမောင်း သမားက ကြာပွတ်သာ အတွင်တို့ နေသည်။ လမ်းများမှာလည်း မကောင်းခြင်းကြောင့် ဗီရိုရထားမှာ ဘယ်ညာ တိမ်းစောင်းသွားသည်။ တစ်နေရာတွင် ကျွန်တော့်မျက်စိ အာရုံ၌ ဝေ့ခနဲ လွင့်ပျံသွားသော အ၀တ်စ၊ ဒိုတီစ တစ်ခုကို တွေ့လိုက်ရသည်ဟု စိတ်က ထင်မိသည်။ ရထားသည်လည်း တစ်ရှိန်ထိုး ပြေးနေသည်။ ကုန်းစောင်း လမ်းစောင်းများ၊ ခဲလုံးများကိုပင် မရှောင်တော့။
ကျွန်တော်က မသင်္ကာတော့ခြင်းကြောင့် နောက်ဘက်သို့ လှည့်ကြည့်သည်တွင် ကျွန်တော်တို့၏ ရထားမောင်း သမားသည် ကိုက်တစ်ရာ အကွာအဝေးခန့်၌ ဦးရစ်ခေါင်းပေါင်းကို ဝှေ့ယမ်းကာ
“ဟရေး ဂါရီပက်ကရိုး”ဟု အော်ရင်း လိုက်နေသည့် အဖြစ်ကို တွေ့ရတော့သည်။ သူသည် ရထားပေါ်မှ လွင့်စင်ကျ သွားပြီ ဖြစ်၍ ဇက်ချုပ် မဲ့နေသော မြင်းနာမှာ ထင်ရာစိုင်း နေခြင်း ဖြစ်တော့သကိုး။ သစ်ပင်ကြီးများနှင့် သီခနဲ လွတ်သွားသည်။ ကျောက်တုံးကြီးပေါ် ဖြတ်ကျော်မောင်းသည်။ လှည်းလမ်းကြောင်း ကန့်လန့်ဖြတ် ပြေးသည်။ ချောက်ကမ်းပါးတွင်း ကျရန် လက်နှစ်လုံးမျှ အလိုတွင် စွတ်ပြေးနေသည်။
သေလုမြောပါး ခံရပြီးမှ အမရပူရ သူရဲကောင်း တစ်ဦးက မြင်း၏ ဇက်ခွန့်ကြိုးကို အတင်းဖမ်းဆွဲ ချုပ်ကိုင်လိုက်တော့မှ ရထား ရပ်သွားသည်။ ကျွန်တော်တို့၏ အနာစိမ်းများသည်လည်း သွေးစိမ်းရှင်ရှင် ဖျန်းရပြန်တော့သည်။ နာလည်း နာပါ၏။ ရယ်လည်း ရယ်ရပါ၏ဆိုလျှင် နာရီကြီးပင် ဖြစ်ပေတော့မည်။ နောက်က ဟောဟဲလိုက်ကာ ပြေးပါလာသည့် ရထားမောင်းမှာ သူ့မြင်းကို အမျိုးမျိုး ရေရွတ် ကျိန်ဆဲနေသည်။ ကျွန်တော်တို့အား ကြည့်ဖော်မျှ မရ။ မောင်မင်းကြီးသားနှင့် မြန်မြန် စခန်းသိမ်းမှ သက်သာမည်မို့ မြစ်ဆိပ်သို့သာ ဆင်းစေခဲ့ ရပါသည်။ ရွှေကြက်ယက်ဆိပ်။
xxရွှေကြက်ယက် ဘုရားဖူးပြီးxx စစ်ကိုင်း တံတားကူး တော့မည်xx
ဤသီချင်းကို ကြားလေတိုင်း ရွှေကြက်ယက် ဆိပ်ကမ်းမှ ကျွန်တော် ငှက်သဏ္ဌာန်နှင့် ဧရာဝတီမြစ် ဖြတ်အပြန် ခရီးကို သတိ ရမိပါသည်။ ရွှေကြက်ယက် ဘုရားလည်း မဖူးနိုင်ခဲ့ပါ။ စစ်ကိုင်း တံတားကြီးလည်း ကျိုးနေ၍ မကူးခဲ့ရပါ။ ရွှေကြက်ယက် ဆိပ်ကမ်းမှ ငှက်ထက်သို့ ပက်လက်သက်ကာ ပက်လက် ယက်ကန်နှင့်ပင် ဧရာဝတီမြစ်ကို ဖြတ်ကူးလျက် ပြည်ရွှေဘိုဌာန ပြန်ခဲ့ရပါသည်။ နှစ်ပေါင်းလေးဆယ် နီးပါးက ဖြစ်ရပ်ပေကိုး။
မောင်သော်က
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၁)
ရွှေအမြုတေ မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။
No comments:
Post a Comment