လင်ဇင်းကုန်းရှိ ထိုင်းဘုရင် အုတ်ဂူ ပညာရှင်အဖွဲ့ ထပ်မံစစ်မည်


မန္တလေး တိုင်းဒေသကြီး၊ လင်ဇင်းကုန်း သုသာန်ရှိ ထိုင်းဘုရင် အုတ်ဂူအား သင်္ကြန် ပြီးပါက ထိုင်းမှပညာရှင် အဖွဲ့ ထပ်မံလာရောက် လေ့လာစစ်ဆေးမည်ဟု မြန်မာမှု ဗိသုကာ ပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။
”အခု လောလောဆယ်တော့ ဘာမှ မလုပ်သေးဘူး။ အရိုးအစစ်ကို မြန်မာ မှာပဲထား မှာ။ ပြီးရင် အတုအသစ် ပြန်လုပ်မယ်။ အတုလုပ်တဲ့သ ဘောပေါ့။ လိုအပ်ရင် ထိုင်းကို အရိုးတုပဲ ယူမယ်လို့ ပြောတယ်”ဟု တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေ အနေနှင့် အရိုးအိုးအား မမြင်ဖူး သည့်အတွက်ကြောင့် ဧပြီ ၂ ရက်နေ့တွင်လာ ရောက် ကြည့်ရှုခြင်း ဖြစ်ကြောင်း ၄င်း က ထပ်မံပြောသည်။ ထိုင်းမှနောက်အဖွဲ့ လာ ရောက်ပါက လုပ်ဆောင်မည့် အစီအစဉ်များကို ဝန်ကြီးမှ နိုင်ငံတော် အစိုးရကို တင်ပြပေးမည်ဟု သိရသည်။
”သူတို့က အပန်းဖြေ နားနေခန်း လုပ်မယ်။ ပတ်ဝန်းကျင်က ကျန်အုတ်ဂူတွေကို ဖယ်ရှားချင်တယ်လို့ ပြောတယ်” ဟု တမ္ပဝတီ ဦးဝင်းမောင်က ထပ်မံပြောသည်။
ယဉ်ကျေးမှု ဒုတိယဝန်ကြီးနှင့် ပညာရှင်များမှ သပိတ်ပုံအိုးအတွင်း ကျွံဝင်နေသော အဖုံးအား မူလလက်ရာမပျက်ပြန်လည် ထုတ် ယူနိုင်ရန်အတွက် ဓာတုဗေဒ ထိန်းသိမ်းနည်း များဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်ဟု ဆွေးနွေး သုံးသပ်ခဲ့ကြောင်း သိရ သည်။
              စိုင်းလမင်း

No comments: