PLHIV များ၏ တာဝန်မှာ ဆေးပုံမှန် သောက်သုံးရေးသာ ဖြစ်ကြောင်း သိရ

မြန်မာနိုင်ငံရှိ PLHIV(People-Living With HIV) များအတွက်  တစ်နေရာထဲတွင် ပြည့်ပြည့်စုံနှင့် ကုသပေးနိုင်သည့် Hospice ကဲ့သို့ သီးသန့် အဖွဲ့အစည်း တစ်ခု ဖြစ်စေလိုသည်ဟု Phoenix အဖွဲ့မှ ဦးသီဟကြိုင်က ဆိုသည်။

“ကျွန်တော် အနေနဲ့ PLHIV တွေအတွက် ဘယ်လောက်ထိ စဉ်းစားလဲဆိုရင် Hospice လို ကင်ဆာဖောင်ဒေးရှင်းလို တစ်နေရာထဲ မှာ သီးသန့် ထားကုသပေးနိုင်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်လာတဲ့ အထိ ဆောင်ရွက် သွားဖို့ ရည်ရွယ်ပါတယ်” ဟု ဦးသီဟကြိုင်က ပြောသည်။

Phoenix အဖွဲ့ကို ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့တွင် Member(Active&Silance), Staff, Volun teer, Beneficiaries များဖြင့်  အဖွဲ့အစည်းကိစ္စများကို ဆောင်ရွက်နေရာမှ ၂၀၁၂ နှစ် ကုန်ပိုင်းတွင် တရားဝင် မှတ်ပုံတင် ဆောင် ရွက်နိုင်ရေး ကြိုးပမ်းနေကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမှ PLHIV များအတွက် လူမှုရေး အသင်းများအနေဖြင့် ကူညီစောင့် ရှောက်မှု့များနှင့် စိတ်ဓါတ် မြင့်တင်မှု့များအား  ယခုထက်ပိုမို လုပ်ဆောင်ပေးကြရန် လိုအပ်လျှက် ရှိနေဆဲဖြစ်သည်။

“ဆေးသောက်ဖို့ လိုနေပြီဖြစ်တဲ့ PLHIV တစ်ယောက်အနေနဲ့  ဆေးအတွက် တစ်လကျပ် သုံးသောင်းဝန်းကျင် ရရှိရင်အသက် မဆုံး ရှုံးနိုင်ပါဘူး၊ နောက် နေရေးထိုင်ရေးအတွက် နှစ်သောင်းလောက်ရှိရင် သူတို့အတွက် နေစရာ အိမ်သေးသေးလေး တစ်လုံးရနိုင်ပြီး သူတို့ ဆေးကုဖို့ အဆင်ပြေနိုင်တယ်” ဟု ဦးသီဟကြိုင်က PLHIV များ၏ လိုအပ်ချက်ကို  ပြောပြသည်။


လက်ရှိတွင် လူမှုရေးအဖွဲ့များ အနေဖြင့် ART ဆေးဝါးရရှိရေး ဆောင်ရွက်လျက်ရှိပြီး ဝေဒနာရှင်များ အနေဖြင့် ပုံမှန် ဆေးသောက် သုံးရန် လိုအပ်လျက်ရှိကြောင်း သဇင်အခမဲ့ ဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီကနေ CD 4 Count 350 အောက်ဆိုရင် ART ဆေးတိုက်နေပါတယ်၊ ပိုးရှိပြီးတော့ CD 4 Count 350 အထက်ဆိုရင် ကိုယ်ခံအား ကျမသွားအောင် အားဆေးနဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ပေးတာမျိုးရှိတော့ ဆေးသောက်နေရတဲ့ သူတွေက ဆေးပုံမှန် သောက်ဖို့ပဲ လိုတယ်” ဟု သဇင်ဆေးခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အမေရိကန်နိုင်ငံ၌ပင် CD 4 Count 500 အောက်ရောက်ရှိပါက ARTဆေးတိုက်ကျွေးလျက် ရှိသော်လည်း မြန်မာနိုင်ငံတွင် CD 4 Count 350 အောက်ရောက်ရှိမှသာ ARTဆေး ပေးဝေနိုင်သည့်အတွက် လူမှုရေးအဖွဲ့များ အနေဖြင့် ကျမ်းမာရေးဝန်ကြီးဋ္ဌာနနှင့် ယခုထက်ပိုမို ဆေးရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျှက် ရှိကြောင်းကိုလည်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ သက်ဆိုင်ရာ ဆေးခန်းတစ်ခုစီတွင် ပြသနေကြသည့် လူနာ တစ်သောင်းဝန်းကျင်ရှိကြောင်းနှင့် Hidden Population မည်မျှ ရှိသည်ကိုမူ  မသိရကြောင်း လူမှုအဖွဲ့အစည်းများထံက သိရှိရသည်။

“နေ့စဉ် တိုးနှုန်းကို မသိရတဲ့ အတွက် လူသစ် ဘယ်လောက်တိုးတယ်ဆိုတာတော့ မသိဘူး သေချာတာက တစ်နေ့တစ်နေ့ ကိုယ့် အသိုင်း အ၀ိုင်းမှာ လူနာဦးရေ တိုးတိုးလာတာတော့ မြင်နေရတယ်’’ ဟု ဦးသီဟကြိုင်မှ ဆိုသည်။ ၂၀၁၅ ခုနှစ်အတွင်း ဆေးဝါးလို အပ်သည့် HIV ဝေဒနာရှင် (၈၈၀၀၀) ကျော် ရှိလာနိုင်ပြီး၊ PLHIV (၂၄၀၀၀၀) ကျော် ဖြစ်လာနိုင်ကြောင်း ဂရုဏာလရိပ်အဖွဲ့က ဒေါက်တာတင်မျိုးဝင်းက ဆိုသည်။

မြန်မာ တစ်နိုင်ငံလုံး အနေနှင့် ၂၀၀၇ ခုနှစ်တွင် နိုင်ငံတော်အစိုးရနှင့် UNH အဖွဲ့တို့၏ စစ်တမ်းကောက်ချက်အရ PLHIV နှင့် နေ ထိုင်သူ (၂၃၀၀၀၀) ကျော်ရှိကြောင်းနှင့် ဆေးလိုအပ်သည့် လူနာ (၈၀၀၀၀) ၀န်းကျင် ရှိကြောင်း သိရသည်။

No comments: