ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ လိင်မှုဆိုင်ရာ ပြစ်မှုဖြင့် ဖမ်းဆီးခံရ

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund -IMF) ဥက္ကဋ္ဌ ဒိုးမီနစ် စထရောက်ခန်း (Dominique Strauss-Kahn) ကို နယူးယောက်မြို့ ရဲစခန်းက လိင်မှုဆိုင်ရာ ပြစ်မှုဖြင့် နယူးယော့ ရဲအဖွဲ့ မနေ့စနေနေ့က ဖမ်းဆီး စစ်ဆေးလျက် ရှိပါသည်။ မစ္စတာခန်းသည် နောက်တနေ့တွင် ကျင်းပရန်ရှိသည့် ပြင်သစ်နိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိ သမ္မတနှင့် ယှဉ်ပြိုင်ရန် တစ်ပြေးနေသူ တဦးလည်း ဖြစ်သည်။ နယူးယော့ရဲတပ်ဖွဲ့က ထွက်ခွာရန် ပြင်ဆင် နေသည့် ပြင်သစ်လေကြောင်း လေယဉ်ပေါ်မှ မီနစ်ပိုင်း အလိုတွင် ဆွဲချ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ၎င်းတည်းခိုခဲ့သည့် ဟော်တယ်မှ အသက် ၃၂ နှစ်အရွယ် ဟော်တယ်မယ်တဦးအား အဓမ္မကျင့်ရန် ကြိုးစားခဲ့ကြောင်း တိုင်တန်းချက်အရ ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု နယူးယော့ရဲအရာရှိက ဆိုသည်။

လက်ရှိအခြေအနေတွင် ၎င်းအား လိင်မှုဆိုင်ရာ အကြမ်းဖက်မှု၊ အဓမ္မကျင့်ရန် ကြိုးစားမှုနှင့် တရားမဝင် ချုပ်နှောင်မှု တို့ဖြင့် စွဲဆိုထားသည်။ စွဲဆိုသူ ဟော်တယ်မယ်၏ ပြောဆိုချက်အရ မစ္စတာခန်းသည် ဆိုဖီတဲ ဟော်တယ်ရှိ တညဒေါ်လာသုံးထောင်ကျော် ပေးရသည့် အထူးခန်းမကြီးတွင် ငှားရန်းနေထိုင်ပြီး အခင်းဖြစ်ပွားစဉ်က ၎င်းအခန်း အား ရှင်းလင်းရန် တာဝန်ကျခဲ့ကြောင်း နေ့လည် ၁ နာရီခန့်တွင် ထိုအခန်းကို ရှင်းလင်းရန် သွားခဲ့ရာ မစ္စတာခန်း သည် ရေချိုးခန်းတွင်းမှ ကိုယ်တုံးလုံးဖြင့် ထွက်လာကာ ၎င်းအား လိုက်လံ ဖမ်းဆီးခဲ့ကြောင်း ဟော်တယ်တွင်း လူသွားလမ်းအရောက် ပြေးထွက်နိုင်ခဲ့သော်လည်း ပြန်လည်ဖမ်းမိကာ အခန်းတွင်း သွတ်သွင်းခံခဲ့ရကြောင်း၊ အခန်း တွင်းရောက်သည်နှင့် လိင်မှုဆိုင်ရာ အကြမ်းဖက်ကာ အဓမ္မကျင့်ရန် ကြိုးစားခဲ့ကြောင်း။ နောက်ဆုံး လွတ်မြောက်လာကာ ဟော်တယ်ဝန်ထမ်းများနှင့် သက်ဆိုင်ရာသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။ ထိုင်တိုင်တန်းချက်ကြောင့် နယူးယော့ရဲအဖွဲ့မှ ဟော်တယ်သို့ သွားရောက် ရှာဖွေရာ။ မစ္စတာခန်းမှ ဟော်တယ်မှ အခန်းအပ် ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့် လေဆိပ်တွင် ရောက်ရှိနေကြောင်း သိရကာ တဆက်တည်း လိုက်လံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စော်ကားခံရသည့် ဟော်တယ်ဝန်ထမ်းအမျိုးသမီးမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ မစ္စတာခန်းမှာ ယခင်ကလည်း အလားတူ လိင်မှုဆိုင်ရာ အရှုပ်အထွေးများ ရှိခဲ့ဖူးသူဖြစ်သည်။ ၎င်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ ၎င်းလက်အောက်ရှိ အမျိုးသမီးဝန်ထမ်းတဦးအား လိင်မှုဆိုင်ရာ အမြတ်ထုတ်မှု ပြုလုပ်ခဲ့ကြောင်း အပြန်အလှန်အားဖြင့် ၎င်းကလည်း ထိုဝန်ထမ်းအမျိုးသမီးအား အကြောင်းမဲ့ လစာများ တိုးမြှင့်ပေးခဲ့ကြောင်း အရှုပ်အထွေး ဖြစ်ပေါ်ခဲ့ဖူးသည်။ မစ္စတာခန်းမှာ ယနေ့တနင်္ဂနွေနေ့တွင် ဂျာမန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံရန်နှင့် တနင်္လာ၊ အင်္ဂါနေ့များတွင် ဘရပ်ဆဲမြို့၌ ဥရောပ သမဂ္ဂနိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် ရှိနေသည်။

မစ္စတာခန်းသည် ပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ဥက္ကဋ္ဌတာဝန်ကို ၂၀၀၇ ခုနှစ်တွင် တာဝန်ရယူခဲ့သည်။ ၎င်းအဖွဲ့မှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၇ နိုင်ငံ ပါရှိပြီး ဝါရှင်တန်မြို့တွင် အခြေစိုက်ကာ အဖွဲ့ဝင်နိုင်ငံများမှ အရေးပေါ်လိုအပ်သည့် ငွေကြေးများကို ချေးငှားထောက်ပံ့နေသည့် အဖွဲ့အစည်းတခုဖြစ်သည်။

ယခင်က မစ္စတာခန်းသည် စီးပွားရေး ပါမောက္ခတဦးဖြစ်ခဲ့ပြီး ပြင်သစ်လွှတ်တော် အဖွဲ့ဝင်တဦးဖြစ်ကာ ၁၉၉၇ ခုမှ ၉၉ အထိ ဝန်ကြီးတာဝန်များကို ဆောင်ရွက်ခဲ့သည်။ ပြီးခဲ့သည့် ပြင်သစ်သမ္မတ ရွေးကောက်ပွဲတွင် ဆိုရှယ်လစ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သော်လည်း ပါတီတွင်း ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ၌ပင် အရေးနိမ့်သွားခဲ့ရသည်။

သတင်းကိုးကား။ အေပီ
                     ဂါးဒီးယန်း

No comments: