ကိုယ့်အလံကို ကိုယ်အလေးပြုကြရုံ

တမျိုးသားလုံးအားကိုယ်စားပြုသည့် ပြည်ထောင်စု ဗမာနိုင်ငံတော်အလံ
             ကြီးမားသည့် ကြယ်စင်တလုံးအား ကြယ်ဖြူငါးလုံးဝန်းရံလျှက် ခန့်ညားလှပ၊ အဓိပ္ပါယ်ပြည့်ဝသော ပြည်ထောင်စုဗမာနိုင်ငံကြီးအလံတော်လည်း ဖောက်ပြန်သူ နေဝင်းဦးဆောင်သည့် မဆလတို့ဖျက် ဆီးခဲ့ကြသည်။  ပြည့်သူတို့၏ ဆန္ဒသဘောထားကို မခံယူဘဲ မဆလပါတီကိုယ်စားပြု အလံကို လွင့်ထူကာ တမျိုးသားလုံးအား စစ်ကျွန်ပြုခဲ့ကြသည်မှာ ယနေ့အထိတိုင် မလွတ်လပ်နိုင်သေးပေ။ မဆလခေတ်တွင် မွေးဖွားကြီးပြင်းလာခဲ့ရသည့် နောင်းလူငယ်၊ လူတတ်တို့ မဆလအလံကိုသာ အလေးပြုခဲ့ကြရပြီး မကောင်းသည့် မိစ္ဆာအယူတို့သွပ်သွင်းခြင်းခံခဲ့ကြရသည်။ ယနေ့လူငယ်တို့သည် မဆလအလံအား ရင်ထဲ တွင် စွဲနစ်ကာ ချစ်ခင်မြတ်နိုးခဲ့ကြလေပြီ။ ဤသည်မှာ အကြောက်တရားနှင့် ယှဉ်သည့် အတွေးမှား၊ အမြင်မှား၊ အယူမှားခဲ့ကြသည့် ကြီးမားသည့် သာဓကတခုပင်ဖြစ်သည်။

ကြယ်ဖြူ တဆယ့်လေးလုံး ဝန်းရံပြီး စိုက်ပျိုးရေးဖြင့် သက်မွေးခြင်း သင်္ကေတဖြစ်သည့် စပါးနှံပါသည့် မဆလ မြန်မာနိုင်ငံတော်အလံတခုကတော့ဖြင့် သင်္ခါရသဘောဖြင့် ကိစ္စ ချောခဲ့ရလေပြီတည်း။ မီးရှို့ဖျက်ဆီး ခံလိုက်ရပြီ ဖြစ်သည့် မဆလမြန်မာနိုင်ငံအလံကို နှောင်းလူ ပြည်သူလူထုများက ရင်ထဲစွဲနစ်ပြီး ချစ်ခင်မြတ်နိုး အလေးဂရုပြုကြသည်ဆိုသည်ကို မြန်မာလူထုတရပ်လုံး ငြင်းရက်နိုင် အားမည် မဟုတ် ပါ။ အခုတော့ဖြင့် ရုတ်ချည်းပျောက်ကွယ် ပစ်ပယ် လိုက်ကြပြီး ကြယ်စယ်လေးများ ဘယ်သို့များ ပြေးလွားရှောင်ပုန်း နေခဲ့ကြပြီနည်း။
မဆလခေတ် မြန်မာနိုင်ငံတော်အလံ
မြန်မာနိုင်ငံအလံကို ပြောင်းလိုက်ပြီဆိုတဲ့သတင်းကို ကြား လိုက်ကြရသည့် မြန်မာ လူထုတရပ်လုံးသည် ဝမ်းနည်းခြင်း၊ ဒေါသ ဖြစ်ခြင်း၊ စိတ်ပျက်ခြင်းတို့ ကိုယ်စီခံစားကြရပြီး မိမိနှင့်နိုင်ငံ၏ အနာဂါတ်အား မတွေးရဲလောက်အောင် သောကဗျာပွေခဲ့ကြရသည်။ ထိုတခါ အလံပြောင်းခြင်းသတင်း ကြားရခြင်းမှာ ပြည်သူပြည်သားအားလုံး၏ သတင်းဆိုးကြီးတခု ဖြစ်ရချေသည်။ အလံဟူသည်မှာ နိုင်ငံနှင့် ထိုနိုင်ငံတွင်မှီတင်းနေထိုင်ကြသည့် ပြည်သူတို့၏ရေးရာ အစုံစုံတို့အား ဓိပ္ပါယ်ပြည့်ဝသည့် သင်္ကေတ သဘောသကာယပင် ဖြစ်သည့်အတွက်ကြောင့် မိုးယံတွင် တလူလူ၊ စွင့်စွင့်ကားကား လွှင့်ထူထား သည်ကိုကြည့်ပြီး ရွှင်တပြုံးပြုံး ဘဝင်ထုံးမွေ့ ကြရသည်မဟုတ်ပါလော။

နအဖ စစ်ရာဇဝတ်သားတို့၏ အလံ
အခုတော့ဖြင့် မဟုတ်ပါ။ (လုံးဝ) လုံးဝမဟုတ်ပါ။ နိုင်ငံအလံကိုကြည့်ပြီး ကြွားဝါဖို့ မဆိုထားဘိ၊ ထို အဝါ၊ အစိမ်း၊ အနီသုံးရောင်ချယ် လယ်ခေါင်၌ ကြယ်ဖြူပွင့်ကြီးကို ကြည့်ပြီး မည်သည့်အဓိပ္ပါယ်၊ မည်သည့်သင်္ကေတကို ဆောင်မှန်းလည်း မသိရ၊ စိတ်ကူး အတွေးရူးဖြင့်ဆောင်ကြည့်သော်လည်း အဓိပ္ပါယ်အားဖြင့် မပြည့်စုံလှ၊ သင်္ကေတအားဖြင့်လည်း ပြစရာမရှိသော ပကတိကြက်သရေလုံးဝမရှိသော ထိုနအဖအလံကြီးကြောင့် ပြည်သူပြည်သားအားလုံး ဘဝင်နှလုံး ငြိုးနွမ်းခဲ့ကြရလေပြီ။ ထိုအလံသည် မြန်မာပြည်အားကိုယ်စားမပြုပါ။ ထိုအလံသည် ပြည်သူပြည်သားများအား ကိုယ်စားမပြုပါ။ ထိုအလံသည် တိုင်းရင်းသားတို့အား ကိုယ်စားမပြုပါ။ ထိုအလံသည် မြန်မာ့ယဉ်ကျေးမှုများအား ကိုယ်စားမပြုပါ။ ဒါကြောင့် ထိုအလံကို ကျနော်တို့ အလေးမပြုပါ။ ထိုအလံကို ကျနော်တို့ မမြတ်နိုးပါ၊ ထိုအလံကို ကျနော်တို့ မချစ်ခင်ပါ။ ထိုအလံသည် စစ်အုပ်စုကိုသာ ကိုယ်စားပြုသည်ဖြစ်သောကြောင့် နိုင်ငံအလံ မဖြစ်ထိုက်ကြောင်း၊ နိုင်ငံ့အလံဟု အမည်မတပ်သည့်ကြောင်း၊ နိုင်ငံ့အလံဟု အလေးမပြု သင့်ကြောင်း မြန်မာပြည်သူပြည်သားအားလုံးနှင့် ဘလော့ဂ်မိတ်ဆွေ ညီနောင်တို့အား လေးနက်စွာ အသိပေးအပ်ပါသည်။

ကျုပ်တို့၏ အနာဂါတ်ကို ကျုပ်တို့သာ ဖန်တီးယူရမည်ဖြစ်သည်။ မည်သူမျှ အာဏာပါဝါဖြင့် ပုံရိုက်ကန့်သတ်လို့မရပါ။ သို့ကြောင့် ကျုပ်တို့ မြတ်နိုးသော အလံတော်မြတ်ကို ထုံးနည်းအစဉ်အလာတိုင်း အလေးဂရုပြုမြဲ ပြုရုံသာ။ တိုင်းရင်းသားတို့၏ သဘောဆန္ဒအမှန်မပါဘဲ၊ ပြည်သူပြည်သားတို့၏ သဘောဆန္ဒအမှန်မပါဘဲ မည်သည့်နိုင်ငံပြုလုပ်ငန်းများ အားမပေးပါ၊ မထောက်ခံပါ၊ အလေးဂရုမပြုနိုင်ပါ။ ဤသည်မှာ ကျုပ်တို့၏ သဘောဆန္ဒအမှန်ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။

ဖိုးပါ

1 comment:

A S A said...

I disagree with you. Both flags are stupid idea. The first one is also Nay Win's idea that made farmers and workers to be slaves too. Think about your idea. You should say about five stars flag which Bogyoke Aung San's idea.