ရန်ကုန်မြို့တွင်လည်း လျှပ်စစ်မီး ရရှိရေး ယနေ့ညနေတွင် ဆန္ဒထုတ်ဖော်မည်

မန္တလေးတွင် ဖယောင်းတိုင်များထွန်းညှိပြီး လျှပ်စစ်မီးရရှိရေး လူထုဆန္ဒထုတ်ဖော်ကြသကဲ့သို့ ရန်ကုန်မြိ့တော်တွင်လည်း လျှပ်စစ်မီးရရှိရေးဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြရန် ပြင်ဆင်နေပြီဟု သိရသည်။
 
  ယနေ့ ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့တော်၊ ဆူးလေဘုရားလမ်း၊ လက်ရွေးစင် လဘက်ရည်ဆိုင်ရှေ့တွင် စုဝေးပြီး ညနေ ၇ နာရီတွင် မြို့တော်ခန်းမသို့ ချီတက်ကြမည်ဟု သတင်းများ ထွက်ပေါ်နေသည်ဟု ဆိုသည်။
            အစိုးရသတင်းစာများတွင် မြန်မာပြည်တွင်း လျှပ်စစ်မီးလုံလောက်စွာ ဖြန့်ဝေပေးခြင်း မပြုနိုင်ခြင်းမှာ နွေရာသီအတွင်း မိုးရေနှင့် ဆည်ရေရှားပါးခြင်း၊ စားသုံးမှု မြင့်တင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဖြေရှင်းချက် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

  မန္တလေးတွင် အစိုးရ၏ အထူးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒထုတ်ဖော်သူများအနက်မှ ထင်ရှားသူများ၊ ပါဝင်သူများကို ခေါ်ယူစစ်ဆေးမှုများ၊ ထိန်းသိမ်းမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ 

အမှတ် ၂ လျှပ်စစ်ဝန်ကြီးဌာနက ပြည်သူများ လျှပ်စစ်ကို ချွေတာသုံးစွဲမှုကို ၀ိုင်းဝန်းပါဝင်ကြရန် မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။ လက်ရှိအစိုးရ၏ ၀န်ကြီးတဦးဖြစ်သူ ဦးဇော်မင်းကမူ လွန်ခဲ့သည့်နှစ် ဧရာဝတီမြစ်ဆုံ ရေကာတာကန့်ကွက်သည့် အရေးအခင်းကာလတွင်းက ပြောကြားခဲ့ရာတွင် မြန်မာပြည်ရှိ ပိုလျံသော စွမ်းအင်များကို ပြည်ပသို့ ရောင်းချရမည် ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ဖူးသည်ဟု ဆိုသည်။ 
 
ယခု ပူပြင်းသော မြန်မာပြည်၏ နွေရာသီကာလတွင် ရေရှားပါးခြင်းနှင့် စွမ်းအားပြတ်တောက်ခြင်းကို မြန်မာပြည်သူတို့ အထူးခံစားနေကြရသည်ဟု သိရသည်။

မိုးမခမှကူးယူဖော်ပြသည်။ 
မိုးမခအထောက်တော် ရန်ကုန်၊ မေ ၂၂၊ ၂၀၁၂

No comments: