မေသင်္ကြန်ဟိန်း (မြစ်မခ)
မေ ၂၀၊ ရန်ကုန်မြို့။
ပြီးခဲ့တဲ့ ရက်သတ္တပတ်လုံး အလုပ်သမား ဆန္ဒပြပွဲ သတင်းတွေကို နေ့စဉ်ရက်ဆက် ကြားခဲ့ရပါတယ်။ လှိုင်သာယာ စက်မှုဇုံက High Art ဆံပင်တုစက်ရုံက စလိုက်တဲ့ လုပ်အားခ တိုးမြှင့်ရေး ဆန္ဒပြပွဲတွေဟာ အထည်ချုပ် စက်ရုံတွေအထိ ပြန့်နှံ့ကုန်ပါတယ်။ အခြေခံလစာ ငွေကျပ် ၈၀၀၀ (ရှစ်ထောင်) သာ ရတဲ့ အလုပ်သမားတွေ။ အခြေခံလစာငွေတောင် မပေးဘဲ နေ့တွက်ကြေး တရက် ကျပ် ၅၀၀ နှုန်းနဲ့ တွက်ပြီး လုပ်ခရှင်းပေးတဲ့ စက်ရုံတွေနဲ့ အလုပ်ရှင်တွေ သတင်းက နေ့စဉ် မရိုးနိုင်အောင် ကြားခဲ့ကြရပါတယ်။
ကျမတို့ မြစ်မခ သတင်းအေဂျင်စီကနေ သတင်းသွားယူတဲ့ သတင်းထောက်တွေကိုလည်း သေချာမှာကြားမိတယ်။ အလုပ်သမားတွေကို မေးရင် အလုပ်ရှင်တွေရဲ့ အသံကိုလည်း မေးပါ။ တဖက်သတ် သတင်းရေးတာမျိုး မဖြစ်ပါစေနဲ့လို့ မှာရပါတယ်။
အယ်ဒီတာတွေကိုလည်း မှာရပါတယ်။ သတင်းတွေမှာ တဖက်သတ်ဖြစ်နေရင် နှစ်ဖက်စလုံးက အသံပါအောင် ပြန်မေးခိုင်းပါ၊ အလုပ်သမားတွေကပဲ ပြောတာမျိုး မဖြစ်ပါစေနဲ့လို့မှာထားရပါတယ်။
ရိုက်လာတဲ့ ဓါတ်ပုံတွေနဲ့ ယူလာတဲ့ သတင်းတွေမှာတော့ မြင်ကွင်းကျယ် ရုပ်ရှင်ကြည့်နေသလို မြင်နေ တွေ့နေရတာတွေက တကယ်တော့ စိတ်မသက်သာစရာတွေချည်းပါပဲ။
အခြေခံလစာ နည်းပါးပြီး မစားလောက်လို့ပါ ဆိုတဲ့ ဆန္ဒပြကြတဲ့ အမျိုးသမီးတွေက အသက် ငယ်ငယ် ရွယ်ရွယ် နွမ်းနွမ်း ပါးပါးလေးတွေပါ။ သူတို့လေးတွေ တက်တက်ကြွကြွနဲ့ ဆန္ဒပြနေကြတာကို မြင်ရတော့ သတ္တိရှိလာပြီ၊ ကိုယ့်ဆန္ဒကိုယ် ဖော်ထုတ်ရကောင်းမှန်း သိလာပြီလို့ တမျိုးတွေးပြီး ကျေနပ်မိပါတယ်။
ဒါပေမဲ့ စနစ်တကျ တောင်းဆိုဖို့နဲ့ ဥပဒေနဲ့ အညီဖြစ်သော တောင်းဆိုမှုမျိုးဖြစ်ဖို့ ကတော့ လိုအပ်နေသေးတာကိုလည်း တွေ့ရပါတယ်။
အလုပ်သမားခေါင်းဆောင်တွေလို့ ပြောကြတဲ့ စက်ရုံအသီးသီးက အမျိုသမီးငယ်လေးတွေဟာ အလုပ်သမား ဥပဒေနဲ့ အလုပ်သမား ရပိုင်ခွင့်တွေကို လေ့လာခဲ့မိဟန် မတူတာလည်း တွေ့ရပါတယ်။ သူတို့တွေရဲ့ တောင်းဆိုမှုတွေမှာ အားနည်ချက်တွေ ရှိပါတယ်။ အလုပ်ရှင်က ဥပဒေကို ကိုင်ပြီး ငြင်းဆန်လို့ ရနေတောတွေလည်း တွေ့ရတော့ သူတို့တွေကို မျှမျှတတဖြစ်စေဖို့ အကူအညီတွေလည်း လိုအပ်နေတယ်လို့ ကျမ မြင်မိတယ်။
အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကြားကနေ အလုပ်သမားဝန်ကြီးဌာနက ၀င်ရောက်ပြီး ညှိုနှိုင်းပေးတာ တွေ့ရတော့လည်း သြော် အရင်လိုတော့ မဟုတ်တော့ဘူး၊ အလုပ်သမားဝန် ကြီးဌာနက အလုပ်သမားတွေအတွက် ဖြေရှင်းပေးလာတာကို တွေ့ရတော့လည်း ၀မ်းသာ ကျေနပ်မိပါတယ်။
အရင်ကဆို အလုပ်သမားဘက်ကနေ အလုပ်ရှင်နဲ့ ပတ်သက်ပြီး မကျေနပ်မှုတွေ၊ တိုင်တန်းလိုမှုတွေ ရှိရင်တောင်မှ အရာရာကို ငုံ့ခံကြရတဲ့ အနေအထားမျိုးပါ။ အလုပ်ရှင်က အလုပ်သမားတွေကို ဥပဒေမဲ့စွာ အလုပ်ထုတ်ပစ်တာမျိုးကိုလည်း ကြုံတွေ့ခဲ့ကြရတာပါပဲ။ အလုပ်သမားဘက်က လူမသိ သူမသိ နစ်နာခြင်းတွေနဲ့ပဲ နစ်နာခြင်းမဆုံးအောင် ကြုံကြရတာပါ။
ခုလို အလုပ်သမား ၀န်ကြီးဌာနက အလုပ်ရှင်နဲ့ အလုပ်သမားကြား ၀င်ရောက်ညှိုနှိုင်းပေးတာဟာ အင်မတန် ကောင်းပါတယ်။ ဒါပေမဲ့ တခုတော့ ရှိပါတယ် အလုပ်ရှင်နဲ့ အလုပ်သမားကြား တရား မျှတမှုရှိအောင် ညှိုနှိုင်းပေးဖို့တော့ လိုအပ်ပါတယ်။
လိမ္မာပါးနပ်တဲ့ အလုပ်ရှင်အချို့ကတော့ အလုပ်သမားတွေ တောင်းဆိုတဲ့ အချက်တွေထဲက အချို့ကို လိုက်လျောပေးကြပါတယ်။ အချို့ကလည်း အလုပ်ရဲ့ဝင်ငွေနဲ့ ပေးရမဲ့ လစာ မမျှတတဲ့အတွက် လုပ်ခပိုင်း တိုးမပေးနိုင်းတဲ့အကြောင်း ပြန်ဆိုထားတာတွေလည်း ကြားရပါတယ်။ ဒါကတော့ သက်ဆိုင်ရာ အလုပ်ရှင်နဲ့ အလုပ်သမား အဆင်ပြေစေမဲ့ နည်းလမ်းတခုကို ပူးပေါင်း ရှာဖွေကြရ မယ်လို့ မြင်မိပါတယ်။
အချို့ အလုပ်ရှင်တွေကြတော့လည်း တသက်လုံး ခေါင်းငုံ့ခံလာတဲ့ အလုပ်သမားတွေ ခုလို ဆန္ဒပြနေတာတွေ အတိုက်အခံ လုပ်နေတာတွေကို တွေ့ရတော့ ဒေါသနဲ့ တုန့်ပြန်ကြတာကိုလည်း တွေ့ရပါတယ်။
အလုပ်သမားဝန်ကြီးဌာနက ၀င်ရောက် ညှိုနှိုင်းပေးတာကိုတောင်မှ လမ်းကြုံလို့ ၀င်ရှင်းပေးတာ ဂရုစိုက်စရာ မလိုဘူးလို့ တုန့်ပြန်တဲ့ အလုပ်ရှင်တွေ ရှိနေတယ်လို့လည်း ကြားနေရပါတယ်။
လာမဲ့ တနင်္လာနေ့မှာတော့ အလုပ်ရှင်ဘက်ကနေ အခြေခံ တောင်းဆိုချက်ဖြစ်တဲ့ လစာတိုးမြှင့်ရေး ကိစ္စတွေကို အလုပ်သမားနဲ့ အဆင်ပြေစွာ ညှိုနှိုင်းမှု မပြီးစီးသေးဘဲနဲ့ တဖက်သတ် ကြေငြာချက် ထုတ်လာတာတွေကိုလည်း တွေ့ရပါတယ်။
အလုပ်သမားတွေကို တနင်္လာနေ့မှာ ရုံးပြန်မတက်ရင် ကိုယ့်သဘောနဲ့ကိုယ် အလုပ်ထွက်တယ်လို့ ယူဆပြီး ဖြစ်ကြောင်း ကြေငြာချက်တွေ ထုတ်လာကြတာကိုလည်း ကြားနေရပါတယ်။ အလုပ်သမားတွေ ဘက်ကနေ ခုချိန်ထိ နစ်နာနေကြတာလည်း တွေ့ရပါတယ်။ အလုပ်သမားတွေကို ဥပဒေအရ အကာကွယ်ပေးဖို့ လိုအပ်နေတာကိုလည်း တွေ့မြင်ရပါတယ်။
တကယ်နစ်နာနေတဲ့ အလုပ်သမားတွေဘက်ကနေ သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့ အစိုးရက မားမား မတ်မတ် ရပ်တည်ပေးကြပါစေလို့လည်း ဆုတောင်းမိပါတယ်။ နစ်နာနေတဲ့ အလုပ်သမားတွေ ရသင့် ရထိုက်တဲ့ ရပိုင်ခွင့်တွေ ရရှိကြစေချင်ပါတယ်။
တောင်သူလယ်သမားပြီးရင် အလုပ်သမားများလှတဲ့ ကျမတို့ တိုင်းပြည်အတွက် အလုပ်သမား အရေးဟာ အရေးကြီးလှတဲ့ ကဏ္ဌကျမှာ ပါဝင်ပါတယ်၊ အလုပ်သမားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ တိုင်းပြည်ရဲ့ အင်အားကောင်းစေတဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်လာမှာပါ။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားတရပ်ကို ယူဆောင်ရာမှာ အလုပ်သမားတွေရဲ့ အားကိုလည်း ထည့်မစဉ်းစားလို့ မရပါဘူး။
နောက်ပိုင်းမှာလည်း အလုပ်သမားများတွေ အနေနဲ့ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေနဲ့ အလုပ်သမား ဥပဒေတွေကို နားလည်အောင် ကြိုးစားလေ့လာသင့်ပါတယ်။ ၀န်ကြီးဌာန အနေနဲ့လည်း အလုပ်သမားတွေကို ဥပဒေကို နားလည်အောင် ပညာပေးတာမျိုး၊ အလုပ်သမားအခွင့် အရေးတွေနဲ့ ပတ်သက်ပြီး နားလည်အောင် ပညာပေးတာမျိုးတွေလည်း အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်ပါစေလို့လည်း ဆက်လျက် ဆုတောင်းပါတယ်။
တဖက်ကလည်း ကျမတို့ တိုင်းပြည်မှာ လူတယောက်ရဲ့ တနေ့ လုပ်အားခဟာ ထမင်းတနပ်စာ တောင် မရှိပါလားလို့ တွေးမိတော့ စိတ်မကောင်းခြင်းကြီးစွာနဲ့ စိတ်ထဲ တနုံ့နုံ့နဲ့ နုန်းချိရပါတယ်။
စီးပွားရေးပိတ်ဆို့ မှုတွေကို ရုတ်သိမ်းလိုက်တဲ့အတွက် မကြာမီဝင်ရောက်လာကြမဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွေမှာ ကိုယ့်နိုင်ငံသား အလုပ်သမားတွေ မနစ်နာစေဖို့အတွက် အလုပ်ရှင်အလုပ်သမား မျှတသော ခိုင်မာသော ဥပဒေတွေလည်း သေချာပြင်ဆင် ရေးဆွဲထားဖို့ လိုအပ်တယ်လို့ မြင်မိ ပါတယ်။
ခုလိုအခြေအနေမှာ လှိုင်သာယာစက်မှုဇုံမှာ ရှိတဲ့ စက်ရုံပေါင်း ၈၀၀ ကျော်မှာ နိုင်ငံသား အမည်ခံ ခိုင်းထားပြီး တရုတ်လူမျိုး၊ ကိုရီးယားလူမျိုးတွေ ပိုင်ဆိုင်နေတဲ့ စက်ရုံတွေ ဘယ်နှစ်ရုံလောက် ရှိနေမလဲ ဆိုတာကိုလည်း တွေးကြည့်နေမိတယ်။
မေသင်္ကြန်ဟိန်း
No comments:
Post a Comment