အာရပ်လူထု လှုပ်ရှားမှုများကို အိုစမာဘင်လာဒင် ထောက်ခံ

လက်ရှိ အာရပ်နိုင်များတွင် ဖြစ်ပွားနေသည့် လူထုလှုပ်ရှားမှုများအား ကွယ်လွန်သူ အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုစမာ ဘင်လာဒင်က ဂုဏ်ပြုမွမ်းလိုက်ပြီး ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားသည့် အသံသွင်း တိတ်ခွေတခု ပေါ်ထွက်လာသည်။ ၎င်းတိတ်ခွေသည် အသတ်မခံရမီ အချိန်ပိုင်း အနည်းငယ်အတွင်း၌  ပြုလုပ်ခဲ့ဟန် ရှိပြီး အာရပ်ဘာသာဖြင့် ပြောဆိုထားသည်ကို SITE သတင်းအုပ်စုတခုက အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည်ကို အေပီသတင်းဌာနတွင် ဖော်ပြထားသည်။ သဝဏ်လွှာတွင် ဘင်လာဒင်က ဤလူထု လှုပ်ရှားမှုကြီးသည် အာရပ် ကမ္ဘာတခုလုံးသို့ ကူးစက်ပျံ့ပွားသွားမည်ဖြစ်ကြောင်း ဟောကိန်းထုတ်ထားသည်။ (၁၂) မီနစ်စာ ၎င်းသဝဏ်လွှာတွင် ဘင်လာဒင်က “ အလ္လာအရှင်မြတ်ရဲ့ အလိုတော်အရ ဒီပြောင်းလဲရေး လေလှိုင်းက မူဆလင်ကမ္ဘာ တခုလုံးကို ရိုက်ခတ်လွှတ်မိုးသွားမည်” ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။ ၎င်းက ဆက်လက်ပြီး အာရပ်ကမ္ဘာရှိ အုပ်ချုပ်သူ လူတန်းစားများသည် အလ္လာအရှင်မြတ်၏ အလိုတော်နှင့် ဆန့်ကျင်၍ ကိုယ့်ကိုယ်ကို ကိုးကွယ်ခံ ရုပ်တုများသဖွယ် ဖန်တီးကြပြီး ၎င်းတို့ အာဏာတည်မြဲရေးအတွက် သတင်းမီဒီယာ များကို ကြိုးကိုင် ဆောင်ရွက်နေသူများအဖြစ် စွပ်စွဲထားသည်။

ဒါ့ကြောင့် သင်တို့အားလုံးသည် ဘာကိုစောင့်နေကြသလဲ၊ စောင့်နေစရာမလို၊ ကိုယ့်ကိုယ်ကိုနှင့် ကိုယ့်အမျိုးဆက် ကလေးသူငယ်တို့ရဲ့ လွတ်မြောက်ရေးအတွက် အခုလို ရှားပါးတဲ့ အခွင့်အခါကို အသုံးချကြဘို့ အာရပ်ပြည်သူ များကို နှိုးဆော်သွားသည်။ ဘင်လာဒင်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မွတ်ဆလင် ဘာသာဝင်များအကြား ဝိဝါဒကွဲပြားမှု အမြောက်အများရှိသော်လည်း ကြည်ညို ထောက်ခံသူ အများစုက ၎င်း၏ ဟောပြောချက်များကို တမာန်တော်၏ ဟောကိန်းများသဖွယ် လိုက်နာ ခံယူကြသည်ကို တွေ့ရသည်။

သတင်းကိုးကား- အေပီသတင်းဌာန

No comments: