တပ်ချုပ်ကြီး၏ အစိုးရသစ် အတွက် အမှာစကား


ကျွန်ုပ်တို့ လက်ထက်တွင် ပြည်သူလူထု  ငတ်မွတ်ခေါင်းပါး စေရုံသာမက အစာရေစာ ပြတ်လတ်ကာ မြန်မာလူမျိုးများအား အမြစ်ပြတ် ချေမှုန်းရန် အတွက် ကြိုးစားခဲ့သော်လည်း အစာငတ်၍ သေသူ အရေအတွက်မှာ လွန်စာ နည်းလွန်းလှ၍  များစွာ စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။ သို့သော်လည်း ကျွန်ုပ်တို့ အစပျိုး ဆောင်ရွက်မှုကြောင့် ပြည်သူလူထု ဆင်းရဲဒုက္ခ ရောက်နေရသည့် မြင်ကွင်းများမှာ များစွာ ပီတိ ဖြစ်စရာ ကောင်းလွန်းလှပါသည်။  ဘယ်တော့မှ ငတ်၍ မသေပါဆိုသည့် မြန်မာ နိုင်ငံသားများအား လက်တွေ့ သတ်သေ ပြနိုင်ဖို့အတွက် ကျွန်ုပ် ကိုယ်စား တိုင်းပြည်ကို ပိုမို ပျက်စီးအောင် လုပ်ဆောင်ဖို့ ကျွန်ုပ်ကိုယ်တိုင် သေချာစီစစ် ရွေးချယ်ထားသည့် အစိုးရ အသစ်အနေဖြင့် ဆက်လက် အကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက်  ကြရန် ဦးသိန်းစိန် ခေါင်းဆောင်သော အရေခွံလဲ အစိုးရအား အထူးမှာ ကြားလိုပါသည်။ တိုင်းပြည်ကို ဖျက်စီးသည့် နေရာ၌ ပြိုင်စံရှားသည့် ကျွန်ုပ်၏ လုပ်ရပ်များကို အတုယူ နမူနာထားပြီး အလုံးစုံ ပျက်သုဉ်းသည် အထိ ဆက်လက် လုပ်ဆောင်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါသည်။

ကျွန်ုပ်ဦးဆောင်ခဲ့သည့် တပ်မတော်သည် ယခုအခါတွင် ပြည်သူ့အသက်ကို သတ်ဖြတ်ဖို့ ၀န်မလေးသော လူသတ်သမား တပ်မတော်ကြီးအဖြစ် ရောက်အောင် စိတ်ရောကိုယ်ပါ နှစ်၍ ကြိုးစားခြင်း ရလာဒ်ကို ပြည်သူလူထု ခံစားနေရသည်မှာ လွန်စွာမှပင် ပျော်ရွှင်စရာ ကောင်းလွန်းလှပေသည်။  ရာထူးနှင့် စည်းစိမ်ချမ်းသာအတွက် ဆိုလျှင် ယနေ့ တပ်မတော်သားများသည် တိုင်းပြည်ကို ဖျက်စီးရန် ၀န်မလေးလှသလို ပြည်သူလူထုကို အကြမ်းဖက် နှိမ်နှင်းရန်လည်း ဝန်မလေးလှသည်ကို တွေ့မြင်ခဲ့ရ၍ တိုင်းပြည်ပျက်စီးကာ ပြည်သူလူထု ဒုက္ခရောက်မှ ပျော်ရွှင်ရသည့် ကျွန်ုပ် အနေဖြင့် နှစ်ခြိုက်စရာ ကောင်းလွန်းလှသည်။ ယခုအခါတွင် ပြည်သူလူထုကြားက ပေါက်ဖွားလာသည့် တပ်မတော်သားများသည် ပြည်သူလူထုအား သတ်ဖြတ်ရန် လက်နက်ကိုယ်စီ ရှိနေကြပြီ ဖြစ်၍ စိတ်ထင်တိုင်း သောင်းကျန်းနေကြသည့် မြင်ကွင်းများကို ပိုမိုတွေ့မြင်လိုလှသည့် အတွက်၊ စစ်တပ်အတွင်းနှင့် စစ်တပ်နှင့် သက်ဆိုင်သည့် တက္ကသိုလ်များ၊ သင်တန်းများတွင် ကိုယ်ချင်းစာတရား ခေါင်းပါးစေရန်နှင့် လူသတ်သည့် အလုပ်ကို ယဉ်ပါးလာကာ ယုတ်မာသည့် စိတ်ဓါတ် ပိုင်ရှင်များ အဖြစ်ရောက်အောင် သင်ကြားပေးကြဖို့ အရေးပါလွန်းလှပေသည် ။

တပ်မတော်ကို တည်ထောင်ခဲ့သည်ဟု ဆိုကာ ဗိုလ်ချုပ်အောင်ဆန်းကို  တပ်မတော်သား အချို့ တမ်းတမ်းတတ ရှိနေကြဆဲ  ဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်များကို ပျောက်ကွယ်စေရေးကို ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်လှသလို ယခုတာဝန် ထမ်းဆောင်ဆဲ တပ်မတော်သားများ ပိုမို မိုက်လုံးကြီးလာအောင်နှင့် နောင်လာမည့် တပ်မတော်များအား ဆိုးဝါးယုတ်မာသည့် စိတ်ဓါတ်ပိုင်ရှင်များ ဖြစ်အောင် လေ့ကျင့် ပျိုးထောင်ဖို့သည် ယခု ကာကွယ်ရေး ဦးစီးချုပ် အဓိကထား ဆောင်ရွက်ရမည့် တာဝန် ၀တ္တရားပင် ဖြစ်လေသည်။ အမိန့်မှန်သမျှ အကုန်လိုက်နာ ဆောင်ရွက်ကြရန် စခန်းသွင်းလေ့ကျင့် ပျိုးထောင်သင့်လှပေသည် ။ ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာများကို အကြမ်းဖက်သည့် တပ်မတော်သားများကို အတုယူကာ  ဆက်လက် ကြိုးပမ်းကြလျှင် တိုင်းပြည်ကို ဖျက်စီးကာ ပြည်သူလူထု အနေဖြင့် ပိုမို ဆိုးဝါးသော ဒုက္ခများကို  ဖန်တီးပေးနိုင်ဖို့သည် တပ်မတော်သားတို့၏ တာဝန် ၀တ္တရားပင် ဖြစ်လေသည်။ ထို့အပြင် စစ်မှု မထမ်းမနေရ စနစ်ကို  အတည်ပြုနိုင်ပါက ယောက်ျားလေးများထက် မိန်းကလေးများကို စစ်တပ်တွင်း ထည့်သွင်းကာ ယုတ်မာသည့် လူငယ်မျိုးဆက်သစ်များကို ပိုမိုမွေးဖွားကာ ရှင်သန်ကြီးထွားနိုင်အောင် ကြိုးစားဆောင်ရွက်ကြပါ။

 ပညာရေးဝန်ကြီးအား အထူး အမှာစကား ပြောကြားလိုသည်မှာ နိုင်ငံတနိုင်ငံ၏ တိုးတက်မှု ကဏ္ဍကို ပညာရည်မြင့်မားသည့် လူငယ်များ၏ စွမ်းအားဖြင့် တိုင်းတာလေ့ ရှိသည်ကို သိထားသည့် ကျွန်ုပ်တို့ စစ်အာဏာရှင် အစိုးရသည်  ပညာရေး မဏ္ဍိုင်ကို ယိုင်နဲ့စေရန် များစွာ အားထုတ် ကြိုးပမ်းခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ သိရှိပြီး ဖြစ်ပါလိမ့်မည်။  သို့သော်  အချို့အနည်းငယ်မျှသော  လူငယ်များသည် ကျွန်ုပ်တို့ စကားများအား ဆန့်ကျင်ရန် ကြိုးစားနေကြတုန်းပင် ဖြစ်သည့်အတွက်  အစိုးရအသစ် အနေဖြင့် အသိဉာဏ် ဖွံ့ဖြိုး တိုးတက်စေမည့် သင်ခန်းစာများ၊ ဘာသာရပ်များကို ဖြုတ်ချ၍ ပညာရေး စနစ်ကို ဆက်လက် ဖျက်စီးဖို့အပြင် ဘာမှ မသိနားမလည်တဲ့ ဆရာ၊ ဆရာမများစွာကို အလုပ်ခန့်အပ်နိုင်ဖို့ အထူး လိုအပ်လှပေသည် ။ စာပေကို နားလည် တတ်ကျွမ်းသူ လုံးဝ ပပျောက်စေရေးအတွက် စီမံကိန်းများ ချမှတ်ကာ အကောင်အထည်ဖော်ရန် လိုအပ်လှသလို  မြန်မာ တမျိုးသားလုံး အသိဉာဏ် လုံးလုံး ပျောက်ကွယ်စေရမည် ဆိုသည့် မှတ်တိုင်ကို အရောက်ချီတက်ရန် လက်ရှိ အစိုးရအသစ်၌ တာဝန် ရှိသောကြောင့် ကျွန်ုပ် အထူးတာဝန် ပေးအပ်လိုပါသည်။

 ကျန်းမာရေး ၀န်ကြီးအား အဓိကထား ပြောကြားလိုသည်များကတော့ ယနေ့ချိန်ခါတွင် ပြည်သူလူထုသည် ဆင်းရဲဒုက္ခ ကြီးစွာ ရောက်နေသောကြောင့် ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် ကုသမှု ခံယူနိုင်သည်မှာ အလွန်နည်းပါးလှသည့်အတွက် အစိုးရပိုင် ပြည်သူ့ဆေးရုံများကို အားထားလာကြပေလိမ့်မည်။ ထိုအခါ ကျန်းမာရေး ၀န်ကြီး ဦးဆောင်သည့် ကျန်းမာရေး ၀န်ထမ်းများအနေဖြင့် ဆေးရုံသို့ လာသော လူနာများအား လုံလောက်သော ပြုစု စောင့်ရှောက်မှုများ မပေးအပ်ဘဲ  ပစ်ထားကြရန် အရေးကြီးလှပေသည်။ ကျန်းမာရေး ၀န်ထမ်းများအား ကိုယ်ချင်းစာတရား ခေါင်းပါးသည့် စိတ်ဓါတ်ပိုင်ရှင်များ ဖြစ်အောင် လုပ်ငန်းခွင် မရောက်မှီကပင် ပညာရေးဝန်ကြီးနှင့် ပူးပေါင်း၍  အထူးမွမ်းမံ သင်တန်းများ ဖွင့်လှစ်သင့်ပေသည်။ 

နောက်တချက် မှာကြားလိုတာက ပြည်သူလူထုကြားက ပေါက်ဖွားလာသည့် စရိတ်မျှပေး ကျန်းမားရေး ဆေးခန်းများ၊ အခမဲ့ ဆေးကုခန်းများကို  လုံးဝ ဖွင့်ခွင့် မပေးဘဲ ရောဂါသည်များ ဒုက္ခကြီးစွာ ခံစားရရန် ကြိုးစားပမ်းစား ဆောင်ရွက်ရမည်။  ကျွန်ုပ်၏ ပြည်သူလူထု ဒုက္ခ ပိုမိုကြီးစွာ ရောက်ရှိရေး စီမံချက်ကြောင့် ဆေးဝါး ကုသမှု မခံယူနိုင်သည့် လူနာများကို အချို့သော ဆရာဝန်များက အခမဲ့ ဆေးကုသပေးလိုသည့် ကိုယ်ချင်းစာ တရားများ သူ့တို့တွင် တွေ့ရှိနေရဆဲ ဖြစ်သောကြောင့် များစွာ စိတ်မချမ်းမသာ ဖြစ်ခဲ့ရလေသည်။ ထို့အပြင် ပြည့်စုံမှု မရှိသည့် သင်ကြားမှုများကို ခံယူထားပါလျှက် အချို့သော ဆရာဝန်များသည် ရောဂါ ရှာဖွေ ကုသရာ၌ အမှန်တကယ်  တတ်ကျွမ်းနေဆဲ ဖြစ်သောကြောင့် ဘာမှနားလည်မှု မရှိစေရန် သင်ရိုးညွှန်းတမ်း အသစ်များ ထုတ်ပြန်ဖို့ ဆက်လက် ကြိုးစားသင့်ပေသည်။ နောက်ဆုံး အနေနဲ့ အထူးပြောကြားလိုတာက ရောဂါခံစားရသူ မှန်သမျှ အဆိုးဆုံး ဝေဒနာကို ဆက်လက် ခံစားနိုင်ရန် ကျန်းမာရေး ၀န်ထမ်းများကလည်း  အားတက်သရော ပါဝင် ဆောင်ရွက်ကြရန် အရေးကြီးလှပေသည်။

ဆောက်လုပ်ရေးဝန်ကြီးကို သတိပေးပြောကြားလိုသည်မှာ လက်ရှိ သုံးစွဲနေသော စနစ်များနှင့် သုံးစွဲနေသော ပစ္စည်းများ၏  အရည်အသွေးကို ထပ်မံ နှိမ့်ချနိုင်ရန် အထူး ကြိုးစားသင့်ပေသည် ။ ကျွန်ုပ်သည် မြန်မာနိုင်ငံသားများ ပျက်စီးစေရေးအတွက် နှစ်ပေါင်း နှစ်ဆယ်ကျော် အထူးအားထုတ် ကြိုးစားခဲ့ပေသည်။ အဆောက်အဦးများ ရေရှည် မခိုင်ခန့်ဘဲ မြန်မြန် ပြိုပျက်စေမည့် နည်းလမ်းများကို ထည့်သွင်းကာ တည်ဆောက်ခဲ့သည့် အဆောက်အဦး တချို့သာ ပြိုကျ၍ အချို့သော အဆောက်အဦးများ မပြိုကျသေးသည့် အတွက် ယခုသုံးစွဲနေသာ စနစ်ထက် ပိုမို အပျက်အစီးမြန်စေမည့် နည်းလမ်းများကို ကြံစည်ကြိုးကုတ် အားထုတ်သင့်လှပေသည်။ ယခုလက်ရှိ အိမ်ခြံမြေ ဈေးများသည် ပြည်သူလူထု အချို့ဝယ်ယူနိုင်ဆဲ ဖြစ်နေသောကြောင့် ထို့ထက် ပိုမိုဈေးကြီးသော နှုန်းထားဖြင့် အရေအသွေး ညံ့ဖျင်းသည့် အိမ်ယာများ ပိုမိုဆောက်လုပ်ကာ အိမ်ပြိုကျ၍ သေဆုံးသူ အရေ အတွက်၊ တံတားဆည်မြောင်းများ ကျိုးကျ ပျက်စီးစေသည့် အရေအတွက် တိုးပွားလာရန် အားထုတ် ကြိုးပမ်းကြပါ။
သာသနာရေးဝန်ကြီးဌာနမှ ဦးစီး၍  ဗုဒ္ဓ၏ စစ်မှန်သော  တရားတော်များ ဖြန့်ဖြူးသည့် သံဃာများကို ဖမ်းဆီး၍  တရားတော်နှင့် ဆန့်ကျင်သည့် အယူဝါဒကို ဖြန့်ဝေသည့် ဘုန်းကြီးများအား ဘွဲ့တံဆိပ်များ ဆက်ကပ် လှူဒါန်းကာ အားပေးအားမြှောက် ပြုလုပ်ခဲ့၍ ယနေ့အခါတွင် မြန်မာနိုင်ငံတွင် စစ်မှန်သော ဗုဒ္ဓ၏ တရားတော်များကို ယုံကြည်သူ အတော်နည်းပါးလာ၍ များစွာ နှစ်ထောင်းအားရ ရှိလှပါသည်။ သို့သော် တချို့သော သံဃာတော်များ၏ စွမ်းပကားကြောင့် ဗုဒ္ဓဘာသာဝင်များ ရှိနေသေးသည်။  ကျွန်ုပ်၏ ယုတ်မာ ကောက်ကျစ်သော စိတ်ထားကို ကမ္ဘာက သိအောင်  ရွှေဝါရောင်တော်လှန်ရေးတွင် လက်တွေ့ကျကျ ပြဆိုနိုင်ခဲ့သလို သင်တို့ အစိုးရအသစ် အနေဖြင့်လည်း ကျွန်ုပ်ကို ဥပမာထားပြီး များစွာ ကြိုးပမ်းစေလိုပါသည်။  ဗုဒ္ဓ၏ အယူအဆအမှန်ပါဟု ဆိုလျှင် ကျွန်ုပ်ကား မဟာအ၀ီစိငရဲ၌ ကမ္ဘာပေါင်းများစွာ ခံစားရမည်ဟု တရားတော်များက ပြဆိုထားသောကြောင့် ထိုတရားတော်များကို လိုက်လံ ဖြန့်ဝေကာ လူအများကျင့်ကြံရန် ကြိုးစားဟောပြောသည့် လူအများကို များစွာ မုန်းတီးလှသောကြောင့် မြန်မာ့မြေပေါ်မှာ ဗုဒ္ဓဘာသာ အလုံးစုံ ကွယ်ပျောက်ရေးကို  သာသနာရေးဝန်ကြီး ဦးဆောင်ကာ ကြိုးစားဆောင်ရွက်ကြဖို့ အလေးအနက် တိုက်တွန်း ပြောကြားလိုပါတယ်။ 

မြန်မာနိုင်ငံသားများသည် ဗုဒ္ဓဘာသာဝင် များလှသောကြောင့် ယဉ်ကျေးမှုကို အထူးလေးစား လိုက်နာလေ့ ရှိကြသည်ကို မုန်းတီးလှ၍  ကိုယ်ကျင့်စာရိတ္တများ ခေါင်းပါးရန် အားသွန်ခွန်စိုက် ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့လေသည်။ အဖော်အချွတ် ဦးစားပေးကာ  ကျွန်ုပ်တို့အား ထောက်ခံသည့် အနုပညာရှင်များကို  အကယ်ဒမီနှင့် ထူးချွန်ဆု အမျိုးမျိုး အပ်နှင်းခဲ့၍ ယခုအခါ အနုပညာရှင်များကို အသုံးချကာ ယဉ်ကျေးမှု ပျက်စီးစေရန် ဆောင်ရွက်နိုင်ခဲ့လေပြီ။ သို့ပေသော်ငြားလည်း အချို့သော အနုပညာရှင်များသည် ကျွန်ုပ်တို့ကို အာခံကာ ယဉ်ကျေးမှုကို မြင့်တင်ရန် ပြန်လည် ကြိုးစားလုပ်ဆောင် နေကြတုန်းပင် ဖြစ်သည်။ ထို့ကြောင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနေဖြင့် အဖော်အချွတ်ကို အသားပေးသည့်  မော်ဒယ်ပြိုင်ပွဲများ တာဝန်ခံ ကျင်းပပေးရန်နှင့် မဖော်မချွတ်သည့် အနုပညာရှင်များ၊ ညစ်ညမ်းစာပေ မရေးသားသည့် အနုပညာရှင်များ၊  လူမှုရေး လုပ်ငန်းများ လုပ်ဆောင်သည့် အနုပညာရှင်များ အားလုံးကို အနုပညာ လုပ်ပိုင်ခွင့်များ ပိတ်ပင်ရန် ဥပဒေ ထုတ်ပြန်သင့်ပေသည်။

ယခင် သိပ္ပံနှင့် နည်းပညာဝန်ကြီးနှင့် ၎င်း၏ လက်အောက်မှ ၀န်ထမ်းများသည်  များစွာ ချီးမွမ်းထိုက်ပေသည်။ သူတို့ တာဝန် ဆောင်ရွက်နေသည့် ကာလ တလျှောက်လုံး ဘာပစ္စည်းများ မတီထွင် မဖန်တီးကာ ထုတ်လုပ်မှု ရလဒ် သုညရာခိုင်နှုန်းဖြင့် အတော်ဆုံး ၀န်ကြီးဌာန ဖြစ်ခဲ့သည့်အတွက် ထိုစံချိန်ကို ယခု အစိုးရသစ်မှ ၀န်ကြီးများနှင့် နောက်လိုက်များ အားလုံး အတုယူသင့်လှပေသည်။ တိုင်းတပါးသားတို့ စကြာဝဠာကို လေ့လာ နေသည်ကို   ကျွန်ုပ်တို့ တိုင်းပြည်မှ ၀န်ကြီးနှင့် အပေါင်းအပါများသည် အားမကျဘဲ မျိုးချစ်စိတ်ကို အရင်းခံကာ ကြက်ဆူပင်က ဆီထုတ်နိုင်ဖို့ လမ်းစနှင့်  နွားနှင့်လှည့်ကာ လျှပ်စစ်ထုတ်ရန် ကြိုးစားနေသည့် မြင်ကွင်းများသည် ကျွန်ုပ်အတွက် လွန်စွာမှပင် နှစ်ထောင်းအားရ ရှိလှပေသည်။

ဆက်သွယ်ရေးဝန်ကြီး ဌာနသည်လည်း ပြည်သူလူထုဆီသို့ ရောက်ရှိနေသော ငွေများအား ကျွန်ုပ်တို့ဘက်သို့ တရားဝင် ကြည်ဖြူစွာ လွှဲအပ်ရန် ကြိုးစားသည့် နေရာ၌ အတော်ဆုံးပင် ဖြစ်သည်။ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း  အများအပြားကို နံမည် အမျိုးမျိုးဖြင့် ပညာပြကာ ရောင်းချမှုကြောင့် ကျွန်ုပ်တို့ စစ်အာဏာရှင်များအတွက် များစွာ စီးပွားဖြစ်ထွန်းခဲ့ပေသည်။ ကမ္ဘာပေါ်တွင် တယ်လီဖုန်းလိုင်း ဈေးအကြီးဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သလို လိုင်းအမျိုးအစား အများဆုံး နိုင်ငံအဖြစ် ရပ်တည်နိုင်အောင် ကြိုးစားခဲ့၍  အင်တာနက်လိုင်းများတွင်လည်း ထို့အတူပါဘဲ၊ သုံးစွဲသည့် စနစ်သာ ကွဲပြားသွားတယ် အားလုံး ပုံမှန်ဖြစ်အောင် ဖန်တီးခဲ့၍ အထူးဂုဏ်ပြုလိုပါသည်။  သို့သော် ထိုအင်တာနက် ဆိုသည့် ဆက်သွယ်မှုကြီးက ကျွန်ုပ်တို့၏ မဟုတ်မမှန်သော လုပ်ရပ်များကို ဖော်ထုတ်လွန်းလှသောကြောင့် ဆက်သွယ်ရာ၌ မြန်နှုန်းကို ထပ်မံနိမ့်ချဖို့ အထူး လိုအပ်လှသလို ၊ ဖုန်းလိုင်းများတွင်လည်း တဖက်က ခေါ်လျှင် တဖက်က မကြားအောင် လုပ်ဆောင်နိုင်မှ ၀င်ငွေ တိုးမြှင့်မည် ဖြစ်သောကြောင့် ခေါ်ရလွယ်ကူပြီး အသံမကြားရသည့် စနစ်များကို ထပ်မံ တိုးချဲ့ဆောင်ရွက်သင့်လှပေသည်။ 

သဘာဝ သယံဇာတ အရင်းအမြစ်များ ပေါများလှသည့် နိုင်ငံကြီးကို အမြဲ စွမ်းအင်ပြတ်လပ်အေင်  နေ့မအား ညမအား ဆောင်ရွက်လျှက်ရှိသည့်အပြင် ကိုယ့်တိုင်းပြည်က စွမ်းအင် မှန်သမျှကို တိုင်းတပါးသို့ ရောင်းချနိုင်အောင် ကြိုးစားလုပ်ဆောင်ပြ၍ လျှပ်စစ်စွမ်းအားဝန်ကြီးသည် တာဝန် ကျေပြွန်လွန်းလှ၍ နောင်တွင်လည်း ယခုထက် နှစ်ဆတိုးကာ စွမ်းအင်းမှန်သမျှ တိုင်းတပါးကို ရောင်းချနိုင်အောင် ကြိုးစားဆောင်ရွက်သင့်ကြောင်း ပြောကြားလိုပါတယ်။

ယနေ့ တနေ့တခြား တိုးတက်လာသော ကုန်ဈေးနှုန်းများကို ကြည့်ခြင်းအားဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးသည် ကျွန်ုပ်တို့ ချမှတ်ထားသော မူဝါဒကို အကောင်းဆုံး ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်ကို နည်းနာယူကာ အစိုးရအသစ် အနေဖြင့်လည်း  ဆက်လက် လက်စွမ်းပြကာ ကုန်ဈေးနှုန်းများ ပိုမို တိုးတက်လာစေရေးကို အားသွန် ခွန်စိုက်ကြိုးစား ဆောင်ရွက်စေလိုပါတယ်။ ကျွန်ုပ်တို့ လမ်းညွှန်ချက်များအတိုင်း ကိုယ့်နိုင်ငံက သယံဇာတကို ဈေးပေါပေါဖြင့် ရောင်းချကာ တိုင်းတပါးမှ ပစ္စည်းများကို ဈေးကြီးကြီးဖြင့် တင်သွင်းကြရင် မကြာခင် အချိန်ကာလမှာ မြန်မာနိုင်ငံက ကုန်ဈေးနှုန်းက ကမ္ဘာမှာ အကြီးမားဆုံး ဖြစ်လာအောင် ကြိုးစား ဆောင်ရွက်နိုင်မှ ကျွန်ုပ်တို့ ရည်ရွယ်ချက် ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်ုပ်၏ လမ်းညွှန်ချက်များကို သေချာစွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည့် နေရာ၌ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်၊ တရားသူကြီးချုပ်တို့၏ အစွမ်းအစကိုလည်း များစွာ ချီးမွမ်း စကားပြောကြားလိုပါသည်။ ကမ္ဘာပေါ်တွင် မတရားသည့် ဥပဒေအများဆုံး ရေးဆွဲနိုင်အောင် နှင့် ဥပဒေ အသစ်တခုကို အမြန်ဆုံး ပြဋ္ဌာန်းနိုင်အောင် ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့၍ ကမ္ဘာအလယ်တွင် မြန်မာနိုင်ငံသည်  စံချိန်တင်နိုင်ခဲ့ပါသည်။ ဥပေဒ ချိုးဖောက်သူများကို မဖမ်းဆီးဘဲ တွေ့တဲ့လူကို အမြန်ဆုံး ဖမ်းဆီး အပြစ်ပေးခဲ့သည့် အတွက် ရဲချုပ် ကြီးသည် နံမည် တက်ခဲ့ပါသည်။ ထို့အပြင် ဘယ်နိုင်ငံမှာမှ မရှိသေးသည့် ထောင်ဒဏ်များကို  အပြစ်မရှိသည့် လူအများကို အပြစ်ပေးသည့် နေရာ၌ တရားသူကြီးချုပ်သည် အတော်ဆုံးဟုပင် ထင်မြင်မိပါသည်။ သူတပါး လဘ်မစားရအောင် ကိုယ်တိုင် ကြိုးစားပမ်းစား လဘ်စားမှုများကို ပြည်ထဲရေးဝန်ကြီးမှ စံနမူနာ ပြုလုပ်ဆောင်ခဲ့၍ ယခုအခါတွင် လဘ်စားခြင်းသည် မြန်မာနိုင်ငံသားတို့ အတွက်ယဉ်ကျေးမှုသဖွယ် အမြစ်တွယ် သွားသည်ကို တွေ့ရှိရ၍ လွန်စွာမှပင် နှစ်ခြိုက်မိလှပါသည်။

မဟုတ်မမှန် လုပ်ကြံသတင်းများ အစဉ်တစိုက် ဖြန့်ဝေပေးခဲ့သည့် ပြန်ကြားရေးဝန်ကြီး ဌာနသည်လည်း လိမ်ညာသည့် နေရာ၌ နံပါတ်ဝမ်းအဖြစ် နေရာယူနိုင်ခဲ့ပါသည်။ နံမည်ကြီး အနုပညာရှင်များ၊ စာရေးဆရာများ၏ ၀ိုင်းဝန်းကြိုးစားကာ အားထုတ်ကြိုးပမ်းမှုများကြောင့် ပြန်ကြားရေးဌာနသည် ပိုမို နံမည်ကြီးလာသည်ကို တွေ့ရှိရ၍ ဆက်လက် အားထုတ် ကြိုးပမ်းစေလိုပါသည်။ နာဂစ်တွင် လူသန်းပေါင်းများစွာ ဒုက္ခရောက်နေသည်ကို နိုင်ငံတကာက သိနေသော်ငြားလည်း အစိုးရပိုင်  သတင်းစာ၊ ရုပ်မြင်သံကြားတို့တွင် ထောင်ဂဏ္ဍန်းမျှသာ ဖော်ပြနိုင်သည်အထိ ကြိုးစားလုပ်ဆောင်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးအား အထူးချီးမွမ်းလိုပါသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် ပြည်သူလူထု ပိုမို ဒုက္ခရောက်စေရန် စတင်အားထုတ် လုပ်ဆောင်သည့် အနေဖြင့် ၀င်ငွေခွန်များကို ပိုမို တိုးမြှင့် ကောက်ခံသင့်လှပေသည်။ တဖက်က  ပြည်သူလူထု ၀င်ငွေလျော့နည်းအောင် ကြိုးစား အားထုတ်ရမည် ဖြစ်သလို အခြားတဖက်ကလည်း ၀င်ငွေခွန်များ တိုးမြှင့်ကောက်ခံလိုက်လျှင် မကြာမှီ အချိန်ကာလမှာ ကျွန်ုပ်တို့ ရည်မှန်ထားသည့် ပြည်သူလူထု ငတ်ပြတ်စေရေး ဆိုသည့် ဆောင်ပုဒ်ကို အကောင်အထည်ဖော်ဆောက်ရွက် နိုင်မည်မှာ အသေအချာပင် ဖြစ်သည်။ ထို့အပြင် ပြည်ပထွက်ခွာ အလုပ်လုပ်နေသော သူများကိုလည်း ယခုကောက်ခံနေသော အခွန် ၁၀% ထက် ငါးဆ တိုးကာ ၅၀% ကောက်ခံပါမှ ပြည်တွင်းမှာ ထိုသူတို့၏ ဆွေမျိုးသားချင်းများလည်း ဆင်းရဲ ဒုက္ခရောက်ကြမည် ဖြစ်လေသောကြောင့် အမြန်ဆုံး ဆောင်ရွက်နိုင်အောင် အားထုတ် ကြိုးစားစေလိုပါသည်။

အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီး ဌာနကို အသိပေးပြောကြားချင်တာက  အလုပ်သမားတွေ ၀င်ငွေ မြင့်လားခဲ့ရင် သူတို့မိသားစုတွေ စားဝတ်နေရေးတွေ အဆင်ပြေချောမွေ့မှာ ဖြစ်လို့ အလုပ်သမားများရဲ့ ၀င်ငွေကို လျော့နိုင်သမျှ လျော့ချကြဖို့ အထူးအရေးပါလှပါတယ်။  လူမှုဝန်ထမ်း လုပ်ငန်းများ အတွက်ကတော့ နာဂစ်၊ ဂီရိတို့မှာ လုပ်ဆောင်ချက်များ အတိုင်း ပြည်သူလူထု ဒုက္ခရောက်ရင်  ကူညီဖို့ မကြိုးစားကြတဲ့ အပြင် ကူညီလာသူများကို ထိထိရောက်ရောက် ဟန့်တားနှောက်ယှက်ကြဖို့ အရေးပါလှပါတယ်။ နာဂစ်တွင် မျှော်မှန်းထားသည်ထက် ပိုမို အသေအပျောက်များသည့် သတင်းကို ကြားရသည့်အခါ လွန်စွာမှပင် ၀မ်းသာလွန်းလှပါသည်။

နိုင်ငံခြားရေးဝန်ကြီး အနေဖြင့် ကျွန်ုပ်တို့ ယုတ်မာ ပက်စက်မှုများကို ထောက်ခံ အားပေးနေသည့် နိုင်ငံများနှင့် ပိုမိုရင်းနှီးစွာ လက်တွဲ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ကြိုးစားသင့်လှပေသည်။  ယခင် ၀န်ကြီးတုန်းက ကမ္ဘာခေါင်းဆောင်များ အလယ်မှာ မြန်မာလို ၀င့်ထည်စွာ ပြောဆိုခဲ့တာကို နမူနာထား စေလိုပါတယ်။  အထူးသဖြင့် တရုတ်နှင့် ရုရှားတို့ ထောက်ခံနေသမျှ ကုလသမဂ္ဂ ဆိုတာကြီးက ငုတ်တုတ် ထိုင်ကြည့်နေရမှာ အသေအချာဖြစ်လို့ တိုင်းပြည်က သယံဇာတများကို တစိုးလက်ဆောင် အဖြစ်ပေးအပ်ကာ အဆိုပါ နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမို ခိုင်မြဲအောင် ကြိုးစား အားထုတ် လုပ်ဆောင်သွားဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

တနိုင်ငံလုံးကို တရားဝင် ဖျက်စီးခွင့်ရရှိဖို့ နိုင်ငံတကာက လက်ခံနိုင်တဲ့ အရေခွံလဲ အစိုးရ ဖြစ်မြောက်ရေးအတွက် အားသွန်ခွန်စိုက် ၀ိုင်ဝန်း ကြိုးစားပေးခဲ့ကြတဲ့ ပါတီများနှင့် ကမ္ဘာပေါ်တွင် အယုတ်မာဆုံး အစိုးရ ပေါ်ထွန်းလာအောင် I Vote လုပ်ပေးခဲ့သည့် ပြည်သူလူထုအား ကျေးဇူး အထူးတင်ပါသောကြောင့် ထိုသူများအား မှတ်တမ်း တင်ထား ပါတယ်။ ယခု အစိုးရထက် ထပ်မံ ဆိုးရွားတဲ့ အစိုးရ အသစ်ကို နောက်ထပ် ဖွဲ့စည်းသည့် နေရာတွင်လည်း ဆက်လက် ကူညီပေးကြဖို့ အခုကတည်းက ကြိုတင် အစီရင်ခံ တင်ပြလိုက်ပါတယ်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် ပြစ်တင် ရှုံ့ချခြင်း၊ သတိပေးခြင်းမှ၊ ပါးစပ်ဖြင့် အရေးယူမည်ဟု ခြိမ်းခြောက် ပြောဆိုခြင်းများမှ လွဲ၍ မြန်မာနိုင်ငံရေးတွင် ပြည်သူလူထုဘက်မှ  ရပ်တည်ကာ ဘယ်သော အခါမှ ကာကွယ်ပေးမည် မဟုတ်၍  ပြည်သူလူထုအား အစွမ်းကုန် ဒုက္ခပေးကြရန်  အစိုးရ အသစ်အား အသိပေး ပြောကြားလိုပါတယ်။ ယနေ့မြန်မာနိုင်ငံသား အများစုဟာ အကြောက်တရားများ လွှမ်းခြုံထားသည့် စိတ်ဓါတ်ပိုင်ရှင်များ ဖြစ်တာကြောင့် မိမိတို့ လုပ်ဆောင်လိုသည့် အရာများအတွက်   မတရားမှုကို အခြေခံသည့် ဥပဒေများ အမြန်ဆုံး ပြဌာန်းကာ ကမ္ဘာမြေပုံပေါ်မှ မြန်မာနိုင်ငံ ပျောက်ဆုံး၍ မြန်မာလူမျိုးများ လုံးဝ ဥဿုံ ကွယ်ပျောက်စေရေး အတွက် ယခုထက် ပိုမို ယုတ်မာ ရိုင်းပြသည့် စိတ်ထားများကို မွေးမြူကာ လိုက်နာ ကျင့်ကြံကြဖို့ အထူးတိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

တပ်ချုပ်ကြီးရဲ့ အမှာစကားကို ကြားနာပြီးတဲ့နောက်မှာ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အသစ်ဟာ လွန်စွာမှပင် ပျော်ရွှင်ဝမ်းမြောက်လွန်းလှ၍  တပ်ချုပ်ကြီး စိတ်တိုင်းကျ ဖျက်စီးခဲ့သည့် တိုင်းပြည်ကြီးနှင့် ပြည်သူလူထုအား ဆက်လက် ဒုက္ခပေးပါမည်ဟု ဂတိပြုဝန်ခံကာ ကျမ်းသစ္စာ ကျိန်ဆိုပြီးသည့် နောက်တွင် သမ္မတ ဦးသိန်းစိန်မှ  သူတို့ အာဏာ တည်မြဲရေးအတွက် တပ်မတော်ကို တိုးချဲ့ဖွဲ့စည်းရန်  မိန့်ခွန်းခြွေကာ မကြာခင် အချိန်ကာတွင် ပြည်သူများ ပိုမို ဒုက္ခရောက်စေရန် စတင် လုပ်ဆောင်ပါမည် ဖြစ်ကြောင်း သွယ်ဝှိက်သော နည်းဖြင့် အသိပေးပြောကြားသွားပါသည်။ အခမ်းအနား ပြီးဆုံးကြောင်း ကြေငြာသည့် အခါ ယုတ်မာမှုအပေါင်း သရဖုဆောင်းချင်ကြသည့် လွှတ်တော်အမတ်များ  စုပေါင်းထားသည့် လွှတ်တော်ကြီး အတွင်းတွင် လက်ခုပ်သြဘာသံများ ဆူညံသွားကာ တိုင်းပြည် ဖျက်စီးရေး ဒို့အရေးဆိုသည့် အသံများကို  ညီညာစွာ သံပြိုင် ဟစ်အော်၍ အခမ်းအနားမှ ပျော်ရွှင်စွာ ပြန်လည် ထွက်ခွာ သွားကြပါသည်။ 

မြန်မာနိုင်ငံနှင့် ပြည်သူလူထုတို့ အနာဂါတ်ကား-
တပ်ချုပ်ကြီးရဲ့ ရင်တွင်းဖြစ် အမှာစကားများက ကျနော်ကဘဲ သူရဲ့ ကိုယ်စား အများသိအောင် တင်ပြလိုက်ပါတယ်။ ထိုစကားများ မှန်မမှန်ဆိုတာ လက်ရှိ မြန်မာနိုင်ငံ အနေအထားက သက်သေခံထားလို့ မှားတဲ့ အချက်လေးများ ရှိခဲ့ရင် မိတ်ဆွေတို့က ဆက်လက် ရင်ဖွင့်ပြောကြားပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ။ 

ခင်မင်လေးစားလျှက်
ဗမာ့သွေး

No comments: