ပြည်သူ့ဆန္ဒကို ချနင်းတဲ့သူတွေ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေများဟာ ပြည်သူ လူထုတွေအတွက် အဓိကထား ရေးဆွဲ ပြဋ္ဌာန်းထားသည် မဟုတ်သောကြောင့် ပြည်သူအများရဲ့ လိုလား တောင့်တချက်ဖြစ်သော ဒီမိုကရေစီကို အကောင်အထည် ဖော်ဆောင်ခြင်း မဟုတ်သည်မှာ ထင်ရှားလှပါတယ်။ မြန်မာနိုင်ငံရဲ့ လူမှုစီးပွား ဘ၀ တိုးတက် ဖွံ့ဖြိုးရေးဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ လက်ထဲမှာသာ ရှိသင့်ပါတယ်။ ပြည်သူတွေရဲ့ တကယ့်ဆန္ဒ အစစ်အမှန်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ (လူ့အခွင့်အရေး) သာ ဖြစ်ပါတယ်။ အေးချမ်းသာယာမှုကိုသာ လိုလားပါတယ်။ ဖွံ့ဖြိုးတိုးတက်ပြီး စားဝတ်နေရေး ချောင်လည်မှုကို လိုလားပါတယ်။ မြန်မာပြည်သူတွေရဲ့ စိတ်ထဲမှာ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခဖြစ်မှုတွေ၊ အချင်းချင်း မညီမညွတ်မှု တွေနဲ့ သွေးထွက်သံယို ဖြစ်မှုတွေကို နည်းနည်းလေးမှ လိုလားမှု မရှိပါဘူး။

ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ဆန်းစစ်ကြည့်ရင် အပိုင်း သုံးပိုင်း ဖြစ်ပေါ် နေကြောင်း ထင်ထင်ရှားရှား မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ပထမတပိုင်းကတော့ ပြည်သူတွေရဲ့ ဆန္ဒနဲ့ နည်းလမ်းတကျ စည်းကမ်းတကျ ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ အပြုသဘောဆောင်တဲ့ နိုင်ငံသူ နိုင်ငံသား အများစု ပါဝင်တဲ့အပိုင်း၊ ဒုတိယတပိုင်းကတော့ စစ်အစိုးရဲ့ ယုတ်မာမှုတွေ လုပ်သမျှ ကန့်ကွက် ဖော်ထုတ်ပြီး ဒီမိုကရေစီကို စွမ်းအားရှိသမျှ ဖော်ဆောင်နေတဲ့  NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် အစရှိသော တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များရဲ့ လှုပ်ဆောင်ချက်များ၊ တတိယအပိုင်းကတော့ မြန်မာပြည်မှာ ဒုစရိုက် လုပ်ငန်းပေါင်းစုံ လုပ်ပြီး တရားဝင် အာဏာကို လုယူထားပြီး လုပ်ကြံသတင်း တွေနဲ့ တိုင်းပြည်ကို ဖျက်လို ဖျက်ဆီး လုပ်နေတဲ့ လူသိုက်နဲ့ လက်နက်ကိုင်ပြီး ဓားမြအကြီးစားအဖြစ် ကိုယ်ကျိုးရှာနေကြတဲ့ ကြံ့ဖွတ်၊ စွမ်းအားရှင်စတဲ့ ကျွန်ပါးဝသူ ထောက်တိုင်များပဲ ဖြစ်ပါတယ်။


ဒါကြောင့် မြန်မာနိုင်ငံ အခြေအနေ သုံးရပ်အပေါ်မှာ မြန်မာပြည်မှ သယဇာတ ရင်းမြစ်တွေကို ရသည့်နည်းဖြင့် သွေးစုပ်ယူလိုတဲ့ ခေတ်သစ် အရင်းရှင်လက်သစ် နိုင်ငံတွေဟာ စစ်အာရှင်တွေကို ထောက်ပံ့ပေးပြီး ပြည်သူအများရဲ့ ဆန္ဒကို ချိုးဖျက်နေတာကို နှစ်ပေါင်းများစွာ ကြားသိ မြင်တွေ့ကြရ မှာ ဖြစ်ပါတယ်။

ဒီလို လူအများစုရဲ့ ဆန္ဒကို လူအနည်းစုက နည်းလမ်းမကျစွာနဲ့ နှစ်ရှည်လများ သိမ်းပိုက် နှိပ်စက် ဖျက်ဆီးနေခြင်းဟာ လူအများနဲ့ ဖော်ဆောင်ရတဲ့ ဒီမိုကရေစီစနစ်ကို ရိုက်ချိုးနေခြင်းသာမက စစ်အာဏာရှင်စနစ်ကို တည်တံ့အောင် ပြုလုပ်နေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ဆိုတဲ့ အသုံးအနှုန်းနဲ့ ဒီမိုကရေစီ နည်းလမ်းမကျစွာ ထင်ရာစိုင်းနေကြတဲ့ သန်းရွှေ၊ သိန်းစိန်စတဲ့ လူသိုက်နဲ့ ကြံ့ဖွတ်စွမ်းအားရှင်တွေရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်ကို မြန်မာပြည်သူတွေက အော့နှလုံးနာနေကြပါပြီ။ ဒီစစ်အာဏာရှင်တွေဟာ ပြည်သူ့ဆန္ဒကို ချနင်းနေတဲ့ သူတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက် ဇွတ်တိုး မိုက်မဲမှုတွေနဲ့ တိုင်းသူ ပြည်သားတွေရဲ့ လိုလားတောင့်တနေသော ဒီမိုကရေစီလမ်းကြောင်းကို အဖွင့်ဟမပေးရင် မကြာခင်မှာ လူထုအုံကြွမှုကြီးနှင့် ရင်ဆိုင်မှာဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

ကိုတိုင်းချစ်

No comments: