အဟိတ် တိရိစ္ဆာန်လောက်တောင် အသိတရားလေးများ မရှိတော့ဘူးလား၊ တပ်ချုပ်ကြီးခင်ဗျား


တပ်မတော်နေ့ ညစာစားပွဲတဲ့ဗျာ။ တခြားနှစ်တွေမှာ လုပ်တာ ပြသနာမရှိပါ။ လုပ်ကြပါ။ ဘာမှ မပြောလိုပေမယ့် စားနိုင် သောက်နိုင်သူတွေကို  နေပြည်တော်ဆိုတဲ့ အရပ်မှာ ဝတ်ကောင်းစားလှ စားကောင်း သောက်ဖွယ်တွေနဲ့ ပြုံးပျော် ဧည့်ခံ ကျွေးမွေးနေချိန်မှာတော့ တာလေနဲ့ ငလျင်ဒဏ်ခံနေရတဲ့ အရပ်တွေမှာ ရှိနေကြတဲ့ စားရမဲ့ သောက်ရမဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဘဝကတော့...။
 စေတနာရှင်တွေ လာရောက် ဝေငှတဲ့ စားစရာ၊ ရိက္ခာလေးတွေကို ကိုရင်ငယ်လေးတွေက အစ အလုအယက်ပေါ့။
အပူရုပ်ကို ဟန်မလုပ်နိုင်တော့တဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ မျက်ရည်တွေကတော့ ဆုံးရှုံးမှုတွေ သောကတွေနဲ့လေ ပြည်သူတွေ အပေါ်မေတ္တာထားရင်၊ ကိုယ်ချင်းစာစိတ်ရှိရင် အာဏာရှင်ကြီးအတွက် သွားချင်ရင် အနီးကလေးပေါ့။ တိုင်းသူပြည်သားတွေကို ဝမ်းနည်းကြောင်းနဲ့ အားပေးစကားတောင် လာရောက် မပြောနိုင်တဲ့ နိုင်ငံခေါင်းဆောင်ဆိုသူပါ။
ပြုံးပျော် မူးမော် မျက်နှာလို မျက်နှာရ လက်အုပ်ချီတဲ့ သူကချီ။ ပြောင်ပြောင် ရောင်ရောင် အဝတ်အစားတွေနဲ့ နေရာလေးရရေး၊ ရာထူးလေးတိုးရေး၊ လုပ်ပိုင်ခွင့်လေးများ မစရေးအတွက် အကျိုးမြော်ကိုး လက်အုပ်ချီ နေကြတဲ့ အချိန်မှာ။
အခုအချိန်မှာ လိုအပ်နေတာကတော့ နေဖို့ထက် စားဖို့က အရေးကြီးနေပြီပေါ့
ငလျင်ဒဏ်ခံရတဲ့ ဒေသက ကျွန်တော်တို့ ပြည်သူတွေကတော့ ကိုးကွယ်ရာ အစစ်ကိုသာ အားကိုးအားထားရင်း သေဆုံးသူတွေ ဘဝကူးကောင်းအောင် ဆုတောင်းမေတ္တာ ပို့သနေရတယ်လေ။
 ဒုက္ခရောက်နေတဲ့ အချိန်မှာ သခင်အပါးက တဖဝါးမှ မခွါပဲ သစ္စာရှိတဲ့ အဟိတ် တိရိစ္ဆာန်လောက်တောင် အသိတရားလေးများ မရှိတော့ဘူးလား။ တပ်ချုပ်ကြီးခင်ဗျား။
ဒီမိုဝေယံမှ ကူးယူဖော်ပြပါသည်။

No comments: