အဝေးပြေးယာဉ်လိုင်းများ၏ ကားလက်မှတ်များကို အွန်လိုင်းမှဝယ်ယူနိုင်တော့မည်

မြန်မာနိုင်ငံအနှံ့ ပြေးဆွဲလျက်ရှိသော အဝေးပြေးယာဉ်လိုင်းများ၏ ကားလက်မှတ်များကို အွန်လိုင်းမှ ၀ယ်ယူနိုင်တော့မည်ဖြစ်ကြောင်း ယင်းအွန်လိုင်းဝန်ဆောင်မှုပေးသည့် Vertex Vocation ကုမ္ပဏီမှ တာဝန်ရှိသူ ဒေါ်မေသူခင်ကပြောသည်။ အွန်လိုင်းမှ ကားလက်မှတ်များကိုဝယ်ယူနိုင်ရန် www.easyticket.asia ၀က်ဘ်ဆိုက်ကို လာမည့် ၂၀ ရက်တွင် စတင် လွှင့်တင်သွားမည်ဖြစ်ကာ အောင်မင်္ဂလာအဝေးပြေးယာဉ်လိုင်း ၂၀ ကျော်နှင့်ချိတ်ဆက်ထားကြောင်း သိရသည်။ “အခုလက်ရှိမှာတော့ မိတ်ဆက်အနေနဲ့တင်ထားတယ်။ ၀ယ်လို့တော့မရသးဘူး။ ၂၀ ရက်မှပဲ စပြီးဝယ်လို့ရမယ်။ ၀ယ်လို့ ရှိရင်လည်း ကျွန်မတို့နဲ့ချိတ်ဆက်ထားတဲ့ အင်တာနက်ဆိုင်တွေမှာပဲ သွားချင်တဲ့မြို့ကိုပြောပြီး ဖြတ်ရမယ့်သဘောပါ။ ကြိုတင်ငွေပေးတဲ့ကတ်တွေကိုလည်း ကုမ္ပဏီမှာလာဝယ်ပြီး အင်တာနက်ရှိရင် ကိုယ်တိုင် အွန်လိုင်းက ၀ယ်လို့ရမှာပါ” ဟု ဒေါ်မေသူခင်က ဆက်လက်ပြောကြားသည်။ အွန်လိုင်းကတစ်ဆင့် လက်မှတ်ဝယ်ယူနိုင်ရန်အတွက် ၀န်ဆောင်မှုကို ရန်ကုန်တိုင်းအတွင်း မြို့နယ်အနှံ့ရှိ အင်တာနက်ဆိုင် ၅၀ နှင့် ချိတ်ဆက်ဆောင်ရွက်ထားပြီး လက်မှတ်တန်ဖိုးအပြင် အင်တာနက်ဝန်ဆောင်ခ ၂၀၀ ကျပ်ပေးရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဝက်ဘ်ဆိုက်တွင် သွားရောက်လိုသောမြို့၊ ယာဉ်လိုင်းအမည်၊ လက်မှတ်ဈေးနှုန်းနှင့် ထိုင်ခုံနေရာများကိုပါ ကြည့်ရှုနိုင်ကြောင်းသိရသည်။ အွန်လိုင်းကားလက်မှတ်များကို easyticket logo ရှိသော အင်တာနက်ဆိုင်များတွင်သာ ၀ယ်ယူနိုင်ကြောင်း သိရသည်။ “အောင်မင်္ဂလာက ကားဂိတ်ကြီးတွေနဲ့ပဲ ချိတ်ပြီးလုပ်ထားတာပါ။ ယာဉ်ထွက်ခွာချိန်တွေထက် သုံးနာရီစောပြီး ထိုင်ခုံနေရာလွတ်တွေကို ကြည့်လို့ရတယ်။ ဒါကတော့ easyticket အစီအစဉ်နဲ့ ပူးပေါင်းထားတဲ့ထိုင်ခုံတွေပါ။ အွန်လိုင်းက၀ယ်တဲ့ လက်မှတ်ကိုလည်း စောစောကြိုပြီးဝင်ကြည့်နိုင်တယ်။ ကြိုပြီးဝယ်နိုင်ရင်တော့ ထိုင်ခုံကောင်းကောင်းရနိုင်တယ်။ အစပိုင်းဆိုတော့ ရန်ကုန်မြို့တွင်းမှာပဲလုပ်တာ။ နောက်ပိုင်းတော့ တခြားမြို့တွေကိုလည်း လုပ်သွားမှာပါ” ဟု ယင်းက ဆက်လက်ပြောကြားသည်။ အွန်လိုင်းမှတစ်ဆင့် ကိုယ်တိုင်လက်မှတ်ဝယ်ယူနိုင်မည့် ကြိုတင်ငွေပေးကတ်များကိုလည်း ၀ယ်ယူနိုင်ပြီး အွန်လိုင်းကားလက်မှတ်ရောင်းချလိုသော အင်တာနက်ဆိုင်များကလည်း Vertex Vocation ကုမ္ပဏီသို့ လာရောက်ဆက်သွယ်နိုင်ကြောင်း သိရသည်။

Written By - သဇင်ထွေး
Credit - 7Day News Journal, Vol(9) issue(22)
တဆင့်- Planet Myanmar News

No comments: