ညီညီညာညာ ဆိုလိုက်ကြပါ ကျွန်တော်တို့ရဲ့ကမ္ဘာ မကြေပါ

ညီညီညာညာ ဆိုလိုက်ကြပါ ကျွန်တော်တို့ရဲ့ကမ္ဘာ မကြေပါ
ဇော်ပြည့်


ဒီစာကို ရေးချင်နေတာတော့ကြာပါပြီ။ ဟောဒီပတ်စပို့စ် စာအုပ်လေးကို တွေ့ကတည်းက စိတ်ဝင်စားလို့ ကြည့်မိရင်း ရေးချင်တဲ့ အတွေး တချို့ ၀င်လာလို့ပါ။ လူမှာ အမျိုးကြက် မှာအရိုး ဆိုတော့လည်း ကိုယ့်အမျိုး ကိုယ့်ဇာတိ .ကိုယ့်အမိမြေကို ချစ်တတ်အောင်ပါ။ ဒါမျိုးတွေကတော့ အစိုးရသတင်းစာတွေမှာလည်း ဖတ်ဖူးမြင်ဖူးမှာပါ။ ဒါပေမယ့် သူတို့လို ၀ါဒဖြန့်သဘောမဟုတ်။ တကယ့်ကို ရင်ထဲက ခံစားလိုက်ရလို့ ရေးဖြစ်သွားတာပါ။ အထူးသဖြင့် ပြည်ပရောက်ပြီး ကိုယ့်တိုင်းပြည်နဲ့ ဝေးနေတဲ့သူတွေအတွက်တော့ အမိမြေရဲ့ တန်ဖိုးလေးကို သိတတ်။ တန်ဖိုးထားတတ်ကြပါစေလို့ ဆန္ဒပြုရင်းပေါ့။

အလေးပြု .. ဂျပု...
အလယ်တန်းကျောင်းသားဘ၀ကတည်းက စိန့်ပေါလ်ကျောင်းရှေ့ အလံတိုင်ကို သောကြာနေ့တိုင်း အမျိုးသားဝတ်စုံ (တိုင့်ပုံ) ၀တ်ကာ အလေးပြုကြရသည်။ ပြီးနောက်နိုင်ငံတော်သီချင်း ကမ္ဘာမကြေကို သံပြိုင်သီဆိုကြရလေသည်။

အရင်တုန်းကတော့ ဒါမျိုး အစီအစဉ်မရှိ။ ကျောင်းအုပ်ဆရာကြီး အသစ်ပြောင်းလာပြီးမှ သူက ယခုလို စီစဉ် သဖြင့် အပတ်စဉ် နိုင်ငံတော်အလံကို အလေးပြုရသည်။ ထို့ကြောင့် ပထမဦးဆုံး အလေးပြုကြသည်တွင် အနည်းငယ် ကမောက်ကမ ဖြစ်လေသည်။ ကျောင်းသားခေါင်းဆောင် (မော်နီတာ) မှ နိုင်ငံတော်အလံအား အလေးပြု... ဟု အသံဝါကြီးနှင့် ကျယ်လောင်စွာ အော်လိုက်သောအခါ ကျွန်တော်တို့ ကျောင်းသားများကလည်း တညီတညွတ်တည်း .. ဂျပု .. ဟု နောက်ပြောင်ကာ သံယောင်လိုက်ကြသည်။

အလေးပြု ... ဂျပု .. ကာရံလေးကတော့ မိနေသားပဲ။ ဒါပေမယ့် ကျေင်းအုပ်ဆရာကြီးက အတော့်ကို ဒေါသထွက်လေသည်။ နိုင်ငံတော်အလံ အလေးပြုပွဲကို နောက်ပြောင်စရာမလို။ လေးစား တန်ဖိုးထားရမည်ဟုဆို၏။ အနားရှိ ဆရာမများကလည်း အသံလာရာဘက်ဆီမှ ကျောင်းသားတချို့ကို ကျောပြင်ကို ဗျောတင်လေတော့သည်။


ရွှမ်း. .. ရွှမ်း . အဲဒါ ဂျပု အုံး…. ဂျပု အုံး။

ထို့ကြောင့် မော်နီတာဖြစ်သူကို နောက်တစ်ခေါက် အလေးပြုဖို့ စေခိုင်းလေတော့သည်။ ဒီတခါတွင်တော့ . ဆရာ၊ ဆရာမများက အနီးကပ် သေချာစွာလိုက်ကြည့်လေသည်။ နိုင်ငံတော်အလံအား အလေးပြုဟု ဒုတိယအကြိမ်ကျယ်လောင်စွာ ထွက်ပေါ်လာပါသည်။ အသင့်ရွယ်ထားသော ကြိမ်လုံးများ၏ အောက်တွင် ကျွန်တော်တို့ ကျောင်းသားများက တုပ်တုပ်ပင် မလှုပ်ရဲသော်လည်း တချို့နေရာက ... တခွီးခွီးဟု ရယ်သံများ ထွက်ပေါ်လာလေသည်။

ထို့နောက် နိုင်ငံတော်သီချင်းသီဆိုပြီး စာသင်ခန်းသို့ ပြန်ဝင်ကြရသည်။ အတန်းထဲရောက်သော ခုနက အဖြစ်အပျက်များကို စမြုံ့ပြန်ရင်း ကမ္ဘာမကြေသီချင်းကို နောက်ပြောင်သီဆိုကြပြန်၏။

ကမ္ဘာမကြေ... မြန်မာပြည်
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ
ပြည်ထောင်စုကို လက်ဖက်ကျွေးလို့ 
တို့တာဝန်ကြေ...  ဒါတို့ပြည်..ဒါ.တို့ ...

ဖြန်း.. ဖြန်းဟူသော အတန်းပိုင်ဆရာမ၏ ကြိမ်စကြာက ဘယ်ကမှန်းမသိ ရောက်လာပြန်၏။

ဘာတဲ့.. လက်ဖက်ကျွေးလို့ .. ဟုတ်လား... ဆိုအုံးလေ...
ပြည်ထောင်စုကို လက်ဖက်ကျွေးကြအုံးလေ .. နောက်တခါ ဒီထက်နာမယ် မှတ်ထား ...  ဟောဒီ ကြိမ်လုံးကို နမ်းထားကြ.. ဟုဆိုကာ ကြိမ်လုံးကြီးကို အနားသို့ ထိုးပေးလေသည်။ ထိုစဉ် ကျွန်တော်ကလည်း ယောင်ယမ်းကာ ဆရာမ၏ ကြိမ်လုံးကို အဟုတ်မှတ်ပြီး သွားနမ်းလိုက်မိသည်။ ထို့ကြောင့် ဆရာမက ဒေါသပိုထွက်ကာ . အဲဒီ အူကြောင်ကြားကောင်ကလည်း ရွဲ့ပြောလို့ပြောမှန်းမသိဟုဆိုကာ ထပ်မံ အရိုက်ခံရပြန်သေးသည်။

(အော်..သားက သိမှ မသိတာကို ..နမ်း ပါဆို လို့ .)
နောက်အပတ် သောကြာနေ့ ကျောင်းအုပ်ဆရာကြီးက နောက်တချိန် Assembly တွေ့ဆုံပွဲတွင် အမျိုးသားအလံ၊ အမျိုးသားသီချင်းအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားလေတော့သည်။ လူဆိုတာ ကိုယ့်နိုင်ငံရဲ့ အမျိုးသားအလံ၊ သီချင်း၊ ၀တ်စုံစသည်တို့ကို တန်ဖိုးထား လေးစားရမည်။ နိုင်ငံတကာအလယ်တွင် ထိုသို့ကိုယ်ပိုင်သင်္ကေတများဖြင့် ထည်ထည်ဝါ၀ါ ရပ်တည်နိုင်ဖို့ရာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ချေ။ လွတ်လပ်သော နိုင်ငံအဖြစ်ရပ်တည်နိုင်ရန် ပေးဆပ်ခဲ့ရသော ကျွန်တော်တို့ ဘိုးဘွားများ၏ အသက်၊ သွေး၊ ချွေးများက မနည်းလှပေ။ ထို့ကြောင့် တန်ဖိုးကြီးမားလှသော နိုင်ငံတော်အလံ ကို ရိုသေရမည်။ နိုင်ငံတော် သီချင်းကို လေးမြတ်ရမည်။ ကိုယ့်အမျိုးသားဝတ်စုံကို တန်ဖိုးထားရမည်။

ကမ္ဘာပေါ်တွင် ကိုယ်ပိုင်နိုင်ငံရယ်လို့ မည်မည်ရရမရှိသည့် နိုင်ငံပေါင်းများစွာရှိလေသည်။ တိုင်းတပါးက ကျွန်ပြုသိမ်းပိုက်ထားပြီး ယခုထက်တိုင် လွတ်လပ်သော နိုင်ငံအဖြစ် မရောက်ရှိသေးပဲ နိုင်ငံတကာ အလယ်တွင် ညှိုးငယ်စွာနေရသော တိုင်းနိုင်ငံများ အကြောင်းပြောပြလေသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ သည်ပင် တချိန်က ကိုလိုနီကျွန်နိုင်ငံ ဖြစ်ခဲ့သေးသည်။ အကယ်လို့များ ဗိုလ်ချုပ်အောင်ဆန်းတို့လို ပုဂ္ဂိုလ်တို့ ကစွမ်းစွမ်းတမံ မကြိုးစားခဲ့မိလျှင် လွတ်လပ်ရေးဆိုတာလည်း ဝေး၀ါးနေအုံးမည်သာ။

အာဇာနည်ကြီးများ၏ သက်စွန့်ကြိုးပမ်းမှူ့ကြောင့်သာ ကျွန်တော်တို့ ယခုကဲ့သို့ နေနိုင်ခြင်းဖြစ်သည်။ တရုတ်ပြည်ရှိ ဟောင်ကောင်ကျွန်းပင်လျှင် လွန်ခဲ့သော ၁၉၉၇ ခုနှစ်လောက်မှသာ အင်္ဂလိပ်တို့က ပြည်မကြီး ထံသို့လွှဲပြောင်းပေးခဲ့သည် မဟုတ်ပါလော။ တိုင်းတပါးလက်အောက်ခံ ဘ၀သည် သိမ်ငယ်ပေစွ၊ အောက်ကျ ပေစွ။

ထိုသို့ပြောကြားနေစဉ် ဘေးနားမှ သူငယ်ချင်းတဦးက အရွှင်းဖောက်လေသည်။ ဆရာကြီးကလည်း… ဟောင်ကောင်လို အေးအေးဆေးဆေးမှ လွတ်လပ်ရေ ယူရင် ပြီးရော။ ငါတို့တွေလည်း သူတို့ထက်တော့ တိုးတက်မှာပဲ . ချမ်းသာမှာပဲ...။ အင်္ဂလိပ်ခေတ်တုန်းက Rangoo, Burma ဆိုတာ အာရှမှာ တစ်ပဲကွ... အခုကတော့ အင်္ဂလိပ်ခေတ်ထက်တောင် အောက်ကျနေသေးတယ်။ မင်းစဉ်းစားကြည့်လေ…။ အင်္ဂလိပ်ကျွန်ဘ၀ ကလွတ်တော့လည်း ငါတို့က ကမ္ဘာပတ်ပြီးတော့ ကျွန်ခံနေကြရတာပဲ။ ငါ့ဦးလေးတွေ ဆိုရင် မလေးကိုသွားလိုက်။ ထိုင်းကိုသွားလိုက်နဲ့။ အင်္ဂလိပ်ခေတ်တုန်းက ဒီနိုင်ငံတွေက ငါတို့ကို မော်တောင်ကြည့်ဝံ့တာ မဟုတ်ဘူးကွ။ အခုတော့ကွာ။ မင်းလည်း ကျောင်းပြီးတာနဲ့ နိုင်ငံခြားကိုသွားပြီး အလုပ်လုပ်ရလိမ့်မယ်.... မယုံရင်ကြည့်နေ။

ဗိုလ်ချုပ်တို့က.. လွတ်လပ်ရေးယူတာ နည်းနည်းစောသွားတယ်။ အခုနေမှယူရင် အေးဆေးပဲ။ တိုက်ခိုက်စရာတောင် မလိုတော့ဘူး။ အခုလိုလည်း နိမ့်နေမှာမဟုတ်ဘူး။

အနှီး သူငယ်ချင်း၏ စကားသည် မည်သို့မှ လက်ခံနိုင်စရာမရှိပေ။ လူဆိုတာ ကိုယ်ပိုင်နိုင်ငံ ဖြင့်နေနိုင်ရပေမည်။ သူတပါး လက်အောက်ခံဖြင့် မနေသင့်ပေ။ အသက်ပေး စွန့်လွှတ်သွားသော သူရဲကောင်းတို့ကား အချည်းအနှီး မဖြစ်တန်ရာ။ သို့သော် အကြောင်းကြောင်းကြောင့် ဆင်းရဲနေသော မြန်မာနိုင်ငံကိုကြည့်ကာ မချိတင်ကဲဖြင့် ကလေးသဘာဝပြောသည်ဟုသာ နားလည်မိပါသည်။

(၀န်ခံချက်... လွန်ခဲ့သော 15 နှစ်ခန့်က သူပြောခဲ့သည့် မင်းလည်း နိုင်ငံခြားမှာ ကျွန်ခံရလိမ့်မည်ဟု စကားသည် နောင်သော် ကျွန်တော့်အဖို့ သွေးထွက်အောင်ပင် မှန်လေတော့သတည်း။)

ဒုက္ခပင်လယ်ထဲက ပါလစ္စတိုင်း 
နောက် ဆရာကြီးက မလွတ်လပ်သေးသော နိုင်ငံများအကြောင်းနှင့် ၎င်းတို့၏ နေ့စဉ် လူမှုဘ၀ဒုက္ခများကို ပြောကြားလေတော့သည်။ အဓိက ထောက်ပြ သွားသည့် နိုင်ငံကတောံ၏့ အရှေ့အလယ်ပိုင်းရှိ Palestine ပါလစ္စတိုင်းဟူသော နိုင်ငံအကြောင်းပင်။ ကမ္ဘာကျော် ဂျေယုဆလင်မြို့ရှိသည်။ နိုင်ငံလည်းဖြစ်သည်။ ထိုနိုင်ငံသည် 1947 ခုနှစ်ခန့်မှ စတင်ကာ ဂျူးလူမျိုးများက တိုက်ခိုက်သိမ်းပိုက်ပြီး Israel အစ္စရေးဟူသည့် နိုင်ငံတည်ထောင်လိုက်ကြသည်။ ထိုနယ်မြေကို သူပိုင်သည် ငါပိုင်သည်ဟု ငြင်းခုန်ကာ နယ်မြေလု စစ်ပွဲများ အကြိမ်ကြိမ်ဆင်နွဲကြသည်။ ဂျူးတို့ကလည်း သူတို့၏ အဘိုး၊ အဘေးများ၏ ဘိုးဘွားပိုင်မြေဖြစ်သည်ဟုဆိုကာ အလျော့မပေးသဖြင့် ပါလစ္စတိုင်းသားတို့သည် နိုင်ငံလက်မဲ့ ဖြစ်ကုန်ကြရသည်။ ခေတ်အဆက်ဆက် လွတ်လပ်ရေးတိုက်ပွဲများဖြင့် ကြိုးပမ်းခဲ့သော်ငြားလည်း ယနေ့ ထက်တိုင် မလွတ်လပ်နိုင်သေးပေ။ မငြိမ်းချမ်းသေးသော နိုင်ငံပင်ဖြစ်သည်။ သွေးစွန်းသောနေ့ရက်များသည် ဒုက္ခအတိ ပြီးလေ၏။ မျက်ရည်တို့ဖြင့် ပြည့်လျှမ်းနေသော မျက်လုံးများ၊ ဗုံးကွဲသံ၊ သေနတ်သံများ၊ ကယ်သူမဲ့သူတို့၏ အော်ဟစ်သံများသည် ပါလစ္စတိုင်းသားတို့၏ မထူးဆန်းသော အရာများ ဖြစ်လေသည်။

အဖြူသည် အနက်နှင့် ယှဉ်လိုက်မှ ပိုဖြူလာသည်။ အလင်းသည် အမှောင်နှင့် နှိုင်းကြည့်မှ ပိုဝင်းလာသည်။ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်သောနိုင်ငံ၏ တန်ဖိုးသည် မလွတ်လပ်ပဲ နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ်နေသော နိုင်ငံများအကြောင်း သိရမှ ပိုပြီးတန်ဖိုးတက်လာသည်။ ကျွန်တော်တို့သည် ကိုယ့်နိုင်ငံကို တန်ဖိုးထားသင့်သည် မဟုတ်ပါလော။ ကျွန်တော်တို့၏ ဘိုးဘေးများသည်ပင် တချိန်က ပါလစ္စတိုင်းပြည်သူများလို ခံစားခဲ့ကြရဖူး၏။ ဒုက္ခပင်လယ် ဝေဖူး၏။

ဆရာကြီးသည် ကျောင်းသားများကို ဇာတိသွေး၊ ဇာတိမာန်များ ရှင်သန်အောင် ပျိုးထောင်ပေး၏။ မျိုးချစ်စိတ်ဓာတ်ကို မွေးဖွားပေး၏။ အမျိုးသားသီချင်း၏ တန်ဖိုးကိုဂုဏ်မြင့်ပေး၏။ ထိုနေ့ထိုအချိန်မှ စတင် ကာ နောက်နောင် နိုင်ငံတော်အလံ အလေးပြုပွဲတွင် မည်သည့်နောက်ပြောင်သံမှ မကြားရတော့။ အားလုံးသော ကျောင်းသားများက အလံတော်ကို ရိုသေလေးမြတ်စွာ ဦးညွှတ်လိုက်ကြသည်။

ကျွန်တော်သည် ထိုစဉ်ကတည်းက ပါလစ္စတိုင်းဟူသော နိုင်ငံ၏အမည်ကို စတင်ရင်းနှီးခဲ့ပါသည်။ ကမ္ဘာ့ မြေပုံတွင် လိုက်ရှာကြည့်သော် မတွေ့ချေ။ သြော်... ဘယ်ပါပါ့မလဲ။ လွတ်လပ်သည့် အချုပ်အခြာ အာဏာ နိုင်ငံမှ မဟုတ်တာ။ သို့သော် ပါလစ္စတိုင်းတို့၏ သတင်းသည် ကမ္ဘာ့သတင်း ခေါင်းစီးများတွင် အမြဲလိုလိုပင်။ ကြားလိုက်ရသည်ကလည်း စိတ်ချမ်းသာစရာမရှိ ။ အနိဋ္ဌာရုံတွေချည်းပင်။ သနားဖွယ်ရာ ကောင်းလေစွ။

ယခု ကျွန်တော်သည် အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုဖြစ်သော ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ဟိုတယ် ၀န်ထမ်းအဖြစ် လုပ်ကိုင်လျက်ရှိပါသည်။ ဟိုတယ်သို့ လာရောက်တည်းခိုသူများတွင် ပါလစ္စတိုင်းလူမျိုးများ လည်း မကြာခဏ တွေ့ရတတ်သည်။ သို့သော် ထူးဆန်းသည်က သူတို့၏ နိုင်ငံကူးလက်မှတ် (Passport ) စာအုပ်ဖြစ်သည်။ သူတို့တွင် ကိုယ်ပိုင်နိုင်ငံ မရှိပါပဲ မည်သို့သော နိုင်ငံကူးလက်မှတ် (Passport ) ကို ကိုင်ဆောင်ကြသနည်း။ စိတ်ဝင်စားစွာ ကြည့်လိုက်မိသောအခါ ဘာသာစကား အခက်အခဲကြောင့် ကာယကံရှင်အား ခွင့်မတောင်းမိသည့်အတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။

  ကာယကံရှင်အား နစ်နာလိုစေသောရည်ရွယ်ချက် အလျဉ်းမရှိ။ ကိုယ့်လူမျိုးများ သင်ခန်းစာယူရန်သာ ရည်ရွယ်လျက်။

ဟုတ်ပါသည်။ ၎င်းတို့၏ အိမ်နီးချင်းဖြစ်သော လက်ဘနွန်နိုင်ငံမှ နိုင်ငံကူးလက်မှတ် (Passport ) များကို ထုတ်ပေးထားပါသည်။ သို့သော် ဒေသခံလက်ဘနွန် နိုင်ငံသားစစ်စစ်များ ကိုင်ဆောင်သော စာအုပ်နှင့် ပါလက်စတိုင်းသားများ၏ စာအုပ်ကတော့ ကွဲပြားခြားနားပါသည်။

ပုံတွင် တွေ့ရသည့်အတိုင်း နိုင်ငံကူးလက်မှတ်၏ အောက်နားတွင် ပါလစ္စတိုင်းနိုင်ငံသားဖြစ်ကြောင်း တံဆိပ်တုံး ထုထားပါသည်။ စာအုပ်တွင်လည်း Refugee ဟုခေါ်သည့် ဒုက္ခသည်များဟု ရေးသားဖော်ပြထားလေသည်။ စာအုပ်၏ မျက်နှာဖုံးကတော့ လက်ဘနွန်နိုင်ငံဟူ ဖော်ပြထားပါသည်။

ကျွန်တော်သည် အဆိုပါစာအုပ်ကို ကြည့်ပြီး ခဏမျှ တွေးကြည့်ဖူးပါသည်။ ကိုယ်ပိုင်နိုင်ငံရှိလျက် အိမ်နီးချင်း သူတပါးနိုင်ငံမှာ အရာရာအောက်ကျို့စွာ နေရမည်သာ။ ကိုယ့်အိမ်ကိုယ့်ယာကို တိုင်းတပါးသားတို့က သိမ်းယူထားသဖြင့် နေစရာ အိမ်မရှိသောကြောင့် သူတပါးအိမ်တွင် ခိုကပ်နေရသော ဘ၀ကား လွန်စွာ အသည်းနာ စရာကောင်းလှပေသည်။ သြော်... ငါတို့မြန်မာနိုင်ငံလည်း အဲဒီလို မလွတ်လပ်တဲ့နိုင်ငံဖြစ်ရင်... ငါတို့ရဲ့အလံတော်၊ ငါတို့ရဲ့နိုင်ငံတော်သီချင်း၊ ငါတို့ရဲ့အမျိုးသားဝတ်စုံ ဒါတွေလည်း ယခုကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ၀တ်နိုင်မည်မဟုတ်ချေ။

ထို့ကြောင့် ရှိရင်းစွဲ ကိုယ်ပိုင်အလံကို လေးစားစွာ အလေးပြုလိုက်ရင်း... ကိုယ့်နိုင်ငံတော် သီချင်းကို ရင်ထဲမှ လှိုက်လှဲစွာ သီဆိုလိုက်ချင်ပါတော့သည်။

ကမ္ဘာမကြေ...မြန်မာပြည်
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ
ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ
ဒါတို့ပြည်  ဒါတို့မြေ
----------------------
----------------------။

National Anthem : http://www.youtube.com/watch?v=3GK1S-pn6B0

အလေးဂရုပြုလျက်
ဇော်ပြည့်

ချောကလက်မြို့တော်အသင်း ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်။

No comments: