ရန်တကာအောင်တို့အဖေ


အခန်း(၁)
ဘ၀တစ်လျှောက်လုံး ယုံကြည်ချက်အတွက် အလုပ်လုပ်ခဲ့သူ များစွာရှိမှာပါ။ ကိုယ့်ယုံကြည်ချက်ကို အသက် ထက်တန်ဖိုးထားသူတွေထဲက တွေ့ခဲ့ဖူးသူ တစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ သူဟာ ကျောင်း သားဘဝ ငယ်ရွယ်စဉ်ကတည်းက ယုံကြည်ချက်အတွက် တိုက်ပွဲတွေဝင်ရင်း အာဏာရှင်တို့ရဲ့ ငရဲခန်းမျိုး စုံကို ကျော်ဖြတ်ခဲ့ရသူပါ။ သူ့ကို စတွေ့စဉ်က ၁၉၉၄ ဇွန်လမှာဖြစ်တယ်။ ဦးဇင်းတို့ကို ဇွန်လ ၁၁ ရက်နေ့မှာ အင်းစိန် ထောင်ကနေ သာယာဝတီထောင် ပြောင်းရွှေ့ခံရတော့ ဦးဇင်းတို့က သီးသန့် အနောက်တိုက် သူက သီးသန့် အရှေ့တိုက်မှာပါ။ ထုံးစံအတိုင်း ထောင်ထဲအနေကြာလာတော့ တစ်ယောက်အကြောင်း တစ်ယောက် သိလာ ကြတယ်။

တစ်ယောက်ရဲ့ ဖြတ်သန်းမှုဟာ နောက်တစ်ယောက်အတွက် နည်းယူစရာတွေဖြစ်တယ်။ ဦးဇင်းတို့ထဲမှာ ဖြတ် သန်းမှုအများဆုံး ရှိခဲ့တဲ့ သူ့ထံက သင်ယူစရာတွေ မေးမြန်းစရာတွေ လေ့လာစရာတွေ အမြောက်အများဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။ အခု သူနဲ့ ကြုံဆုံခဲ့ရစဉ်ထဲက မှတ်ဉာဏ်ထဲ ပေါ်လာသမျှကို ကြိုးစားပြီး ရုပ်ပုံ လွှာတစ်ခုအဖြစ် ချယ်မှုန်းဖို့ ကြိုးစားကြည့်တာပါ။ ကြီးမားသော သူ့ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေထက် စာရင် ယခု ရေးပြမှာက လိုအပ်ချက်တွေများစွာ ရှိနေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကြုံတွေ့ခဲ့ရတဲ့ သက်ရှိသ မိုင်းစာအုပ်ထဲက မှတ်မိသမျှ စာမျက်နှာ အချို့ကို ပြန်လည် မျှဝေကြည့်တာပါ။ သူနဲ့ ဦးဇင်းဘာသာတရားက စည်းတားထားပေမဲ့ ယုံကြည်ချက်က ဦးဇင်းတို့ နှစ်ယောက်ကို ပေါင်းစည်းစေတယ်။ မျှော်မှန်းချက်က လက်တွဲ စေတယ်။ တူညီတဲ့ ဆုံးဖြတ်ချက်က ခြားနားမှုတွေကို ကျဉ်းမြောင်းစေတယ်။

အခန်း(၂)
သူ့ကို ဦးဇင်းတို့အားလုံးက ဦးသုလို့ ခေါ်တယ်။ စရောက်ခါစ ဦးဇင်းတို့အတွက် သာယာဝတီထောင်ဟာ အား လုံး အသစ်အဆန်းတွေချည်းပဲ။ အရင်ရောက်နှင့်သူတွေကလည်း ကိုယ်နှင့် ကြုံဆုံဘူးသူ တစ်ဦးတစ်ယောက်မျှ မပါဘဲကို။ တချို့တော့ နာမည်ကြားဖူးတယ်။ ဒါပေမဲ့ နိုင်ငံရေးသမားတွေဆိုတာက အဆောင်က ရာဇ၀တ်သား (criminal) တွေလို ချွတ်ခွာတို့ ရိုက်စားတို့ဆိုတာ သိက္ခာအရ ရှောင်ကျဉ်ထားပြီးသား ရောက်လာတဲ့ လူသစ်ကို ဘယ်လိုကူညီရမလဲဆိုတဲ့ စိတ်ဓာတ်အပြည့်အ၀ ရှိပြီးသူတွေချည်းပဲလေ။ ဒီအထဲမှာ ထူးထူးခြားခြား သတိထား မိတာက မနက်မိုးလင်းတိုင်း ရှေ့တိုက်က လမ်းလျှောက်ရင်း အသစ်ပြောင်းလာတဲ့ ဦးဇင်းတို့ကို ကိုယ်အမူအရာ အားဖြင့် အားပေးစကား ပြောကြားသူတွေထဲက လက်မထောင် အားပေးစကားပြောကြားသူ ဦးသုကို ထူးထူး ခြားခြားမှတ်မိနေတယ်။ အသက်အရွယ်အရ အရင့်ဆုံးသူရဲ့ အတက်ကြွဆုံးသော အားပေးမှု ကိုယ်အမူအရာက ဦးဇင်းတို့အားလုံးကို အားတက်စေတယ်။ စရောက်ခါစက လူသစ်နဲ့ လူဟောင်း အကန့်အသတ် ကြီးကြီးမားမား နဲ့ ကန့်သတ်စည်းတားထားပေမဲ့ ရက်တွေကြာလာတော့ တစ်ယောက်နဲ့ တစ်ယောက် စကားပြောလို့ ရလာ တယ်။ အဲဒီတော့မှ သူ့ရဲ့ သမိုင်းကြောင်းနဲ့ သူ့ရဲ့ ဖြတ်သန်းမှုတွေကို တအံ့တသြငေးမောခဲ့ရတယ်။

သူဟာ ကျောင်းသားဘ၀ထဲက ငြိမ်းချမ်းရေး လှုပ်ရှားမှုမှာ ပါဝင်ပြီး လူငယ်ဘ၀ထဲက ထောင်ကို ရောက်ခဲ့ တယ်။ ထောင်ကို ရောက်ပြီးတော့လည်း မကြာခင် ကျွန်းကို အပို့ခံရတဲ့အထဲ ပါသွားခဲ့တယ်။ ကျွန်းအပို့ခံရ တဲ့မနက် မြင်ကွင်းကို ဦးသုက ဒီလိုပြောပြဖူးတယ်။

“အဲဒီမနက်က ကျွန်တော်တို့ကို မှန်လုံကားကြီးနဲ့ ခေါ်သွားတယ်။ မှန်တွေကို ထုံးသုတ်ထားတယ်။ ဘာမှ မတွေ့ရဘူး၊ နောက်သင်္ဘောဝမ်းဗိုက်ထဲမှာ ထည့်ခေါ်သွားတာ”

သူတို့ကို လူမသိ သူမသိ ခေါ်ဆောင်ပြီး လူသူနဲ့ ဝေးရာ ရေလယ်ခေါင်ကို ပို့တော့မှာပါ။ ကျွန်းပေါ်မှာ သူတို့ ရုန်းကန်ခဲ့ရပုံတွေ၊ တိုက်ပွဲမျိုးစုံ တိုက်ခဲ့ရတာတွေကို သူက ပြောပြတယ်။ ပြင်းထန်တဲ့ တိုက်ပွဲတွေကြားက ထွက်လာရသူပီပီ ရန်သူအပေါ် မြင်တဲ့ အမြင်ကတော့ ပြတ်သားတယ်လို့ ဆိုရမယ်။ ကျွန်းတိုက်ပွဲမှာ ကြုံခဲ့ရ တာတွေကို သူက မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းတယ်။ အထူးသဖြင့် သူနဲ့ တွေ့ဆုံချိန်မှာ ကျွန်းတိုက်ပွဲရဲ့ ၂၅ နှစ်ပြည့် ငွေရတုနှစ် ဖြစ်နေတယ်။ ဒီငွေရတုကို ရှေ့တိုက် နောက်တိုက် နှစ်တိုက်ထဲမှာ တစ်ဦးတည်းသော ကျွန်းပြန်ကြီး ဦးဇင်းတို့ခေါ်တဲ့ ဦးသု (နာမည်ရင်း ဦးအောင်မေသုဟာ) အတက်ကြွဆုံးစိတ်နဲ့ ကျင်းပတယ်။ သုံးရက်လုံးလုံး ကျွန်းတိုက်ပွဲနဲ့ ကျွန်းပေါ်မှာ နေထိုင်မှု အမျိုးမျိုးကို အားပါးတရ လက်ဆင့်ကမ်းတယ်။ ကျွန်း တိုက်ပွဲမှာ ပြောင်မြောက်တဲ့ ရဲဘော်တွေရဲ့ စွန့်လွှတ်စွန့်စားတဲ့ သတ္တိကတော့ မျိုးဆက်သစ်တွေ၊ သိကိုသိထား သင့်တဲ့ သမိုင်းကိစ္စတွေဖြစ်တယ်။ ကိုယ့်ဘက်က တက်ညီလက်ညီသာ တိုက်ပွဲဝင်၊ ရန်သူဟာ ကိုယ့်ကို လေးစားလာရမယ်ဆိုတာ ကျွန်းတိုက်ပွဲက အများကြီး သက်သေပြနေတယ်။ ကျွန်းတိုက်ပွဲမှာ ရဲဘော်တစ် ယောက် ကျဆုံးပြီဆိုတာနဲ့ ကျွန်းပေါ်ကျန်ရစ်သူအားလုံးက တစ်ညီတစ်ညွတ်တည်း အင်တာနေရှင်နယ် သီချင်း နဲ့ ဂုဏ်ပြုဦးညွတ်တာဟာ ကြားရသူတွေကို အတွေးထဲ အသားထဲအထိ စူးဝင်သွားအောင် သူ့ရဲ့ သတင်းစကား တွေက အစွမ်းထက်တယ်။ ကျွန်းပေါ်မှာ ရှင်သန်ရေးအတွက် ကြိုးစားရပ်တည်ခဲ့ရတဲ့ ရဲဘော်တွေရဲ့ ကြိုးပမ်း အားထုတ်မှုဟာလည်း လေးစားစရာတွေချည်းပဲ။ ကျွန်းနဲ့ မလှမ်းမကမ်းမှာ တွေ့ရတဲ့ သင်္ဘောပျက်ကြီးဆီက ရရှိတဲ့ ပစ္စည်းတွေနဲ့ ကျွန်းပေါ်နေ ရဲဘော်များရဲ့ အသုံးအဆောင်မျိုးစုံကို ဖန်တီးကြတာဟာလည်း သူပြောပြတဲ့ ကျွန်းဇာတ်လမ်းထဲက အဖြစ်အပျက်တွေထဲမှာ ပါတယ်။ ကျွန်းဖျက်သိမ်းရေး တိုက်ပွဲရဲ့ နောက်ဆုံးနေ့အတွင်း အစာငတ်ခံဆန္ဒပြကြတဲ့ ရဲဘော်တွေရဲ့ ပြတ်သားတဲ့ မြင်ကွင်း ရန်သူတုန်လှုပ်ခဲ့ရတဲ့ အဖြစ်တွေကတော့ ဦးသု တို့ ကျွန်းတိုက်ပွဲ အောင်မြင်တယ်ဆိုတာကို သက်သေပြနေတာပါပဲ။ ရန်သူရဲ့ ၀န်ကြီးကိုယ်တိုင် လာရောက်ပြီး စကားပြောရတဲ့ အဖြစ်ကိုရောက်အောင် ကျွန်းတိုက်ပွဲဟာ ပြောင်မြောက်ခဲ့တယ်။ ရန်သူဝန်ကြီးဟာ သူရောက် နေစဉ် ကျဆုံးသွားတဲ့ ရဲဘော်ကို ဦးညွတ်သွားခဲ့ရတယ်။ ဒါတွေဟာ ဘာလဲဆိုရင် နှောင်းလူတွေကို သင်ခန်းစာ ပေးလိုက်တာပါပဲ။ မျိုးဆက်သစ်တွေအနေနဲ့ ယူတတ်မယ်ဆိုရင် ကိုယ့်ဘက်ကသာ သိက္ခာရှိရှိ ရပ်တည်ချက် မှန်မှန်နဲ့ ရန်သူကို ရင်ဆိုင်လိုက်ပါ။ ရန်သူဟာ ကိုယ့်ကို တလေးတစားနဲ့ ဆက်ဆံလာရတယ်ဆိုတာ ကျွန်းတိုက် ပွဲ အတွေ့အကြုံတွေက ပြသနေပါတယ်။ ဒီကျွန်းတိုက်ပွဲ အကြောင်းတွေကို ဦးသုဟာ မနားတမ်း မမောမပမ်း သုံးရက်ဆက်တိုက် လူငယ်တွေကို ပြောပြတယ်။ ဦးဇင်းတို့ကလည်း ငွေရတု ကျင်းပမဲ့ ရက်မှာ ကိုယ့်ရှိတဲ့ မုန့်၊ ကော်ဖီစတာတွေကို ထည့်ဝင်ပြီး ဦးသုရဲ့ပွဲကို ၀ိုင်းပံ့ပိုးကြတယ်။

အခန်း(၃)
ဦးသု ထောင်ထဲမှာနေတုန်း ထူးထူးခြားခြားကြုံတွေ့လိုက်ရတာတစ်ခုက အစာအိမ်ရောဂါကြောင့် ဗိုက်ခွဲလိုက်ရ ပါတယ်။ ဒီရောဂါဟာ အချိန်မရွေး သူ့ကို ပြန်လည် စိမ်ခေါ်လာနိုင်တာမို့ သူသတိအမြဲတမ်းထားနေတယ်။ အစာထဲမှာ စပါးလုံးမပါဖို့ကို အချိန်ပေးပြီး စပါးလုံးရွေးတဲ့ အလုပ်ကို သူလုပ်တယ်။ သူတို့ စားဝိုင်းမှာ လူများစွာ ရှိသော်လည်း သူသတ်မှတ်ထားတဲ့ အချိန်မှာ သူထမင်းကိုစားတယ်။ ကျန်တဲ့ ရဲဘော်တွေကလည်း နားလည် စွာနဲ့ သူ့ကို ခွင့်လွှတ်ကြတယ်။ ဒါက ရောဂါနဲ့ ပတ်သတ်လို့ သူထောင်ထဲမှာ နေ့စဉ် ရင်ဆိုင်နေရတဲ့ အခက်အခဲ တစ်ခုပါ။ အပြင်နိုင်ငံရေးနဲ့ ပတ်သတ်လို့ သူ့အိမ်မှာ တင်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်ကို ဖြုတ်မချဖို့ အပြင်မှလူများကို ပြင်းပြင်းထန်ထန် သတိပေးတဲ့ ကိစ္စက သူအမြဲတမ်း လုပ်နေတဲ့ အလုပ်တွေထဲက အလုပ်တစ်ခုပဲ။

သူက ပြောဖူးတယ်။ “ကျွန်တော် တစ်သက်မှာ ဘယ်ပါတီမှာမှ မ၀င်ဖူးဘူး အန်အယ်လ်ဒီ တစ်ခုပဲ ၀င်ဖူးတယ် ဒါကြောင့် ဒီပါတီအပေါ် ကျွန်တော် သစ္စာရှိရမယ်” မင်းလှမြို့ရှိ သူ့အိမ်က ဆိုင်းဘုတ်ကို ဖြုတ်တော့မယ်လို့ သတင်းစကားကြားတိုင်း ဒေါသတကြီးနဲ့ သူက တုန့်ပြန်စမြဲ။ တစ်ခါကတော့ သူ့ရဲ့သားငယ်ကို ပြဿနာရှာပြီး မှောင်ရိပ်ခိုလိုမှုမျိုးနဲ့ ရဲကဖမ်းတယ်။ တကယ်က ဦးအောင်မေသုသား ဖြစ်နေခြင်းက ရဲဖမ်းခြင်းရဲ့ အဓိက အကြောင်းဖြစ်တယ်။ သူ့သားနာမည်ကို သူတို့ ဘာသာရေးအရနာမည် မှည့်ထားမယ်လို့ ထင်ခဲ့တာ။ သူ့ဆီက သူ့သားနာမည်ကြားရတော့ အထင်လုံးဝမှားကြောင်း သိလိုက်ရတယ်။ တိုက်ပွဲထဲမှာ ပါဝင်အောင် မှည့်ထား လိုက်တဲ့ နာမည်က ရန်တကာအောင်တဲ့။ ဒီလိုမျိုး မိမိပါမက ကိုယ့်မိသားစုရော ပတ်ဝန်းကျင်တစ်ခုလုံးကို ပြဿနာရှာ ဒုက္ခပေးတဲ့ အစဉ်အလာကြီးကို ဦးသုတစ်ယောက်လည်း ခံလိုက်ရရှာတယ်။ ထောင်ထဲမှာ မှတ်မှတ်ရရ ဦးသု ပါဝင်ခဲ့တာလေးတစ်ခုကို သတိရနေတယ်။ ဦးသုတို့ အမှုတွဲတွေ လွတ်ရက်စေ့လျက် မလွတ် ဘဲ ဖြစ်နေခြင်းအပေါ် အမှုတွဲအားလုံး စုဝေးကြတယ်။ တိုင်ပင်ကြတယ်။ သူတို့ ဆုံးဖြတ်ချက်တစ်ခုချကြတယ်။ အဲဒါကတော့ အစာငတ်ခံ ဆန္ဒပြဖို့ပဲ။ ဒီကိစ္စကို ဦးသုဟာ လုံးဝမထောက်ခံပါဘူး။ ဒါပေမဲ့ ကျွန်းတိုက်ပွဲမှာ သူတွေ့ကြုံခဲ့ရတဲ့ အစာငတ်ခံ ဆန္ဒပြသူတို့ ရင်ဆိုင်ရမည့် အခက်အခဲများကို သူက သေသေချာချာ ပြောပြ တယ်။ ဒီကိစ္စကို ဦးဇင်းတို့ ဘေးကနေ ပွဲကြည့်ပရိသတ်အဖြစ် မြင်နေရတာပါ။ သာယာဝတီထောင်ရဲ့ အစာငတ်ခံ ဆန္ဒပြပွဲမှာ ကိုအောင်ကျော်မိုးဆိုတဲ့ ရဲဘော်တစ်ယောက် သတ္တိပြောင်စွာနဲ့ အသက်ပေးတိုက်ပွဲ ၀င်သွားတယ်။ တိုက်ပွဲတစ်ခုလုံးရဲ့ အခင်းအကျင်း ပေါ်ပေါက်လာနိုင်တဲ့ အနေအထားအားလုံးကို ဦးသုက တွက်ပြထားပြီးသားဖြစ်တယ်။ ဒီတိုက်ပွဲမှာ ဦးသုဟာ တာဝန်ကျေစွာ သူလုပ်ရမယ့် အလုပ်ကို လုပ်ခဲ့တယ်လို့ ထင်တယ်။ ၁၉၉၉ ခုနှစ်မှာ ဦးသုတို့ရှိတဲ့ သာယာဝတီထောင်ကနေ အင်းစိန်ထောင်ကို ဆေးကုဖို့ ဦးဇင်းပြန်ခဲ့ ရတယ်။ အဲဒီအင်းစိန်ကနေ တဆင့် တောင်ငူထောင်ကို ရွှေ့ခဲ့ရပြန်တယ်။ ထောင်တွေ ပြောင်းခဲ့ရပေမဲ့ ထောင် တွင်းကျန်နေခဲ့တဲ့ ရဲဘော်တွေရဲ့ သတင်းကတော့ အမြဲမပြတ် ကြားသိနေရတယ်။ ဦးသုတစ်ယောက် လွတ် ရက်စေ့ပြီးနောက် ၁၀ (က) နဲ့ ထပ်မံ အဖမ်းခံရတယ်ဆိုတဲ့ သတင်းကို ကြားရတယ်။ နောက်မကြာခင်မှာပဲ ဦးသုတစ်ယောက်ဆုံးပြီဆိုတဲ့ သတင်း တောင်ငူထောင်ထဲကို ရောက်လာပါတယ်။ တကယ်ကတော့ သူအစိုးရိမ်ဆုံးနဲ့ သတိအထားဆုံး ရောဂါက သူ့ရဲ့အသက်ကို အပါခေါ်သွားတာပါပဲ။ ကျန်းမာရေး စောင့်ရှောက် မှု လုံးဝနီးပါး မရှိတဲ့ အရပ်မှာ အချိန်မရွေး ကျရောက်လာနိုင်တဲ့ ရောဂါရှိသူတွေအတွက် သေမင်းကို တံခါးဖွင့် ကြိုဆိုထားသလိုပါပဲ။ 

ဦးသုဟာ ဘ၀တစ်လျှောက်လုံး ယုံကြည်ချက်အတွက် ပေးဆပ်ခဲ့သူပါ။ သူနဲ့ အတူနေစဉ်က “တကယ်လို့များ ဦးသုကို လက်မှတ်လာထိုးခိုင်းရင် ဘယ်လိုပြောမလဲ” ဒီမေးခွန်းကို မေးတဲ့သူတိုင်းကို သူက “ကျုပ် တစ်သက် လုံး နိုင်ငံရေးလုပ်မယ် ထောင်ကလွတ်သွားလည်း လုပ်မယ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ် ဒီလို ပြောလို့ မလွှတ်ဘူးဆိုရင် တစ်သက်လုံး ထောင်ထဲထား” ဒီစကားက ဦးသု ပြောနေကျစကားပါ။ သူ့စကား အတိုင်းပဲ လွတ်ရက်စေ့တော့ စိတ်မချရသူများကို ၁၀ (က) နှင့် ပြန်ဖမ်းတဲ့ အထဲမှာ ဦးသုက ထိပ်ဆုံးက ပါသွား တယ်။ သူ့ရောဂါ ဝေဒနာဟာ အပြင်ဘက်မှာဆို လုံးဝပျောက်ကင်းနိုင်တဲ့ ရောဂါပါ။ ဒါပေမဲ့ စစ်အာဏာရှင်တို့ရဲ့ ငရဲခန်းထဲမှာ ပစ်စလတ်ခတ် အထားခံရခြင်းက အသက်ကို သက်တမ်းစေ့ မနေနိုင်အောင် ပြုလုပ်လိုက်ခြင်း အကြောင်းအရင်းပါပဲ။ အာဏာရှင်တို့ကတော့ ဦးသုကို သတ်တာ အစာအိမ်ရောဂါလို့ပြောမယ်။ နောက်အစာ အိမ်ကင်ဆာလို့ပြောမယ်။ ရဲဘော်တစ်ယောက် ရေးဘူးတဲ့ ကဗျာထဲက စာသားကိုပဲ ဦးဇင်း ကျယ်လောင်စွာ ရွတ်ဆိုရတော့မယ်။ 

“ကင်ဆာ ဦးသုကို သတ်တဲ့ ကင်ဆာ အမြန်ဆုံးကျဆုံးပါစေ”

အရှင်ဇ၀န
နိုင်ငံရေး အကျဉ်းသားဟောင်း

No comments: