မြန်မာ့ပထမဆုံး မိုဘိုင်းဖုန်း ခရီးသွားလမ်းညွှန်လာပြီ

ရန်ကုန်၊ စက်တင်ဘာ ၂၄ - မိုဘိုင်းဖုန်းတွင် ထည့်သွင်းအသုံးပြုနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ခရီးသွားလမ်းညွှန် မိုဘိုင်းဆော့ဖ်ဝဲကို ယခုနှစ်မကုန်မီ အသုံး ပြုနိုင်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးအောင်ဇော်မြင့်က ပြောသည်။ အဆိုပါမိုဘိုင်းဆော့ဖ်ဝဲ တွင် မြန်မာနိုင်ငံ၏ ဆွဲဆောင်မှု ရှိသော အထင်ကရနေရာဒေသများအကြောင်း၊ ဟိုတယ်များ၊ စားသောက် ဆိုင်များ၊ မြေပုံများ၊ လမ်းညွှန်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ အစရှိသည့် အသေးစိတ် အချက်အလက်များကို သုံးလတစ်ကြိမ် Update ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


“ခရီးသွားလုပ်ငန်းကို ပရိုမိုရှင်းလုပ်တဲ့အနေနဲ့ ဒီဆော့ဖ်ဝဲကို ပြုလုပ်တာပါ။ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံရောက်ရင် သွားလာရေးလွယ်ကူစေဖို့ မြေပုံစာရွက်တွေ လမ်းညွှန်စာအုပ်တွေ ဝယ်ကြရတယ်။ အဲဒီစာအုပ်တွေကလဲ အသေးစိတ် အချက်အလက် မပါနိုင်သလို Update လည်း မဖြစ်နိုင်ဘူး။ ဒါကြောင့် ဧည့်သည်တွေအတွက် အဆင်ပြေပြီး မြန်မာနိုင်ငံအကြောင်းလည်း အသေးစိတ် သိရှိနိုင်စေဖို့ ရည်ရွယ်ပြီး ဒီဆော့ဖ်ဝဲကို တီထွင်ထုတ်လုပ်တာ ဖြစ်ပါတယ်” ဟု ဦးအောင်ဇော်မြင့်က ထပ်မံပြောသည်။ ယင်းဆော့ဖ်ဝဲ ကို ပြည်ပနိုင်ငံများတွင် အသုံးပြုမှု များသော မိုဒယ်မြင့်မိုဘိုင်းဖုန်းများဖြစ်သည့် စမတ်ဖုန်းများဖြစ်သော (iphone, blackberry, android) သုံးမျိုးတွင် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ကာ ယင်းဆော့ဖ်ဝဲ ထည့်သွင်းပြီး SIM card ထည့်သွင်း အသုံးပြုလျှင်လည်း ဆော့ဖ်ဝဲမှ တစ်ဆင့် ဖုန်းခေါ်နိုင်ကြောင်း သိရသည်။
အဆိုပါဆော့ဖ်ဝဲတွင် မြန်မာနိုင်ငံအကြောင်းအချက်အလက်များ၊ မြန်မာ့ ယဉ်ကျေးမှု ခရီးသွားလမ်းညွှန်များ၊ လေကြောင်းလိုင်းများ၊ မြန်မာစကားပြောအထောက်အကူ၊ မြန်မာဓာတ်ပုံကဏ္ဍနှင့် မြန်မာနိုင်ငံ၏ အထင် ကရနေရာများဖြစ်သော ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ နေပြည်တော်၊ မြောက်ဦး၊ အင်းလေးနှင့် အခြားဒေသများရှိ စိတ်ဝင်စားဖွယ်ရာ အသေးစိတ်အချက်အလက်များ၊ သမိုင်းများအစရှိသည့် အချက်အလက်များအား ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ဒီအကြောင်းအရာတွေကို ကြည့်လိုက်တာနဲ့ မြန်မာနိုင်ငံ အကြောင်းကို စုံစုံလင်လင် သိရှိနိုင်မယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ၊ တိုင်းရင်းသားတွေအကြောင်း၊ ပထဝီ၊ ရာသီဥတုနဲ့ ဘာသာတရားတွေအကြောင်းပါ ထည့်သွင်းပေးထားတယ်။ နိုင်ငံခြားသားတွေအနေနဲ့က ဒီလိုဆော့ဖ်ဝဲတွေသုံးရတာ အကျွမ်းတဝင် ဖြစ်နေကြပါပြီ။

ဒီလို တစ်နေရာချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေ မြေပုံလမ်းညွှန်တွေ ဖော်ပြ ပေးထားတဲ့ အတွက် သူတို့အတွက် ပိုပြီးစိတ်ဝင်စားလာနိုင်မှာပါ” ဟုယင်းက ထပ်မံ ပြောသည်။ လက်ရှိတွင် ဆော့ဖ်ဝဲရေးသားမှု အခြေအနေမှာရာနှုန်းပြည့်နီးပါးပြီးစီးနေပြီ ဖြစ်ကာ ရောင်းချမည်ဆိုလျှင် သုံးဒေါ်လာခန့်ဖြင့် ရောင်းချ ပေးသွားရန် စီစဉ် ထားကြောင်းလည်း သိရသည်။..

Ref: The Flower News.

No comments: