လမ်းမပေါ်က ကလေးများ

အပြင်မှာမိုးတွေ သဲသဲမဲမဲ ရွာနေတယ်… ။

သူငယ်ချင်းတစ်ယောက်ရဲ့အဖေနာရေးလိုက်ပို့ဖို့ အချိန်ကလည်း နည်းနည်းစောနေသေးတယ်။ မိုးကလည်း သည်းနေတာနဲ့ မြောက်ဥက္ကလာ၊ အောင်မင်္ဂလာအဝေးပြေးဝင်းထဲက ထမင်းဆိုင်တစ်ဆိုင်မှာကျွန်တော် တစ်ယောက်တည်း ထမင်းထိုင်စားနေလိုက်တယ်။ ဆိုင်လေးက သေးပေမယ့် ထမင်းဟင်းလက်ရာက မဆိုးဘူး လို့ဆိုရမယ်။အောင်မင်္ဂလာအဝေးပြေးဝင်းနဲ့ ရေဝေးသုသာန်နဲ့က ဆိုက်ကားနဲ့သွားရင် ဆယ်မိနစ် လောက်ပဲ ဆိုတော့ အေးအေးဆေးဆေးပဲပေါ့။

ထမင်းစားလို့ပြီးခါနီးမှာဆိုင်ထဲကို ကလေးသုံးယောက်ဝင်လာတယ်။ ၁၁ နှစ်အရွယ်မိန်းကလေး တစ်ယောက်၊ ရှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက် နဲ့ ငါးနှစ်အရွယ်ယောက်ျားလေး တစ်ယောက်။ ခြေဗလာနဲ့ သူတို့တွေမှာ ဆောင်းစရာ မိုးစရာ ကာစရာနဲ့တူတာမတွေ့ရဘူး။ သူတို့ရဲ့အ၀တ်အစား ခပ်နွမ်းနွမ်းတွေက ရေစိုရွှဲနစ်နေ တယ်။ အကြီးဆုံးကလေးမရဲ့လက်ထဲမှာ ထမင်းထုပ်လို့ ယူဆရတဲ့ ကျွတ်ကျွတ်အိတ်တစ်ထုပ် ကိုင်ထားတယ်။
“ဟင်းတစ်ရာဖိုးပေးပါ”

အကြီးဆုံးကောင်မလေးက ဆိုင်ရှင်အမျိုးသမီးကို ပိုက်ဆံအကြွေတစ်ဆုပ် လှမ်းပေးရင်းပြောလိုက်တယ်။ ဟင်းလို့သာ အမည်တပ်ပြီးပြောတာကြောင့် ဘယ်လိုဟင်းမျိုးကိုမဆိုရရင်ဝယ်မယ်ဆိုတဲ့သဘောပါပဲ။

“သွား.. သွား.. တစ်ရာဖိုးမရောင်းဘူး”
ဆိုင်ရှင်အမျိုးသမီးက ခပ်ပြတ်ပြတ်ပြောရင်းသူတို့ကိုဆိုင်ထဲကမောင်းထုတ်လိုက်တယ်။ ကလေးငယ်တွေ တခနတော့တွေဝေနေတယ်။ ပြီးတော့ဘာမှပြန်မပြောဘဲ ဆိုင်ထဲကထွက်သွားကြတယ်။ ကျွန်တော့် ဟင်းပန်းကန်ထဲမှာ ဟင်းတစ်ချို့တစ်ဝက်ကျန်နေသေးသလို ထမင်းလိုက်ပွဲပန်းကန်ထဲမှာလည်း ထမင်းတွေ ကျန်နေသေးတယ်။ ကိုယ်မစားလည်း ဆိုင်ရှင်ကိုပိုက်ဆံပေးရမယ့်အတူ ကလေးငယ်တွေကို ပေး လိုက်ရင် ပိုနေသူနဲ့ လိုနေသူ အဆင်ပြေမှာပဲ လို့တွေးလိုက်မိပေမယ့် ကလေးငယ်တွေက ကျွန်တော့ အတွေး တွေထက် မြန်အောင် ထွက်သွားကြတာကြောင့် မပေးဖြစ်လိုက်ပါဘူး။

ထမင်းစားပြီးတော့ ရေနွေးကြမ်းတစ်ခွက်နှစ်ခွက်သောက်နေလိုက်သေးတယ်။ ဆိုင်ရှင်ကိုကျသင့်ငွေ ရှင်းပြီး တော့ ထမင်းဆိုင်ထဲက ထွက်လာပြီး နာရေးအချိန်ကိုစောင့်ရင်း ကားဝင်းထဲဟိုဟိုဒီဒီ လိုက်ကြည့်နေ လိုက်တယ်။ ဘာဘာညာညာ သတင်းလေးများ ရလေမလားပေါ့။

အဝေးပြေးကားဝင်းထဲမှာက ရေအိုင်ကြီးငယ်အသွယ်သွယ်နေရာယူထားလို့။ လမ်းတွေဘေးက ကားမှတ်တိုင် သေးသေးလေးတွေထဲမှာ ခရီးသည်တွေ နဲ့သူတို့ရဲ့အထုပ်အပိုးတွေ မိုးခိုနေကြတယ်။ အဝေးပြေးကားတွေနဲ့ ကားဝင်းထဲကနေ မြို့ထဲကိုပြေးဆွဲတဲ့ လိုင်းကားတွေကတော့ ၀င်လိုက်ထွက်လိုက် ဘီးရာခြင်းထပ်နေကြပေါ့။
အောင်မင်္ဂလာအဝေးပြေးဝင်းထဲကို မြို့ထဲကနေ အငှားကားနဲ့လာရင် မိနစ်လေးဆယ်လောက်စီးရပြီး အနည်း ဆုံးကားခ ၅၀၀၀ (ကျပ်) ၀န်းကျင်တော့ပေးရမယ်။ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးဖြစ်တဲ့ ဘတ်စ် ကားစီးလာရင် တစ်နာရီလောက်စီးရတယ်။ ရထားလမ်းနဲ့လာလို့အဆင်မပြေဘူး။

ဒါကြောင့်တစ်ချို့နယ်ကလူတွေပြောကြတာက နယ်ကနေရန်ကုန်ကိုလာတဲ့ကားခထက် ရန်ကုန်ရောက်ပြီးမှ ကိုယ်သွားချင်တဲ့နေရာကို သွားဖို့ စီးရတဲ့ကားခက ပိုများတယ်ဆိုတာပါပဲ။ခရီးသွားလာကြတယ်ဆိုတော့ အထုတ်အပိုးတော့ အနည်းအများပါကြတာပါပဲ။ ခရီးဝေးကလာရတာဖြစ်တော့ ဘတ်စ်ကားကြပ်ကြပ်ကို ကြာကြာစောင့်ပြီးမစီးချင်ကြဘူးလေ။

ကားဝင်းထဲလှည့်ပတ်ကြည့်နေရင်း မှတ်တိုင်တစ်ခုနားအရောက်မှာ ခုနကထမင်းဆိုင်ထဲကို ဟင်းလာဝယ်တဲ့ ကလေးငယ်တွေကို တွေ့လိုက်ရတယ်။ အကြီးဆုံးဖြစ်ဟန်တူတဲ့မိန်းကလေးက ကားမှတ်တိုင် အုတ်ဖိနပ် ဟောင်းတစ်ခုပေါ်မှာထိုင်ပြီး ကျန်တဲ့ကလေး ငယ် နှစ်ယောက်ကို သူ့လက်ထဲကိုင်ထားတဲ့ ကျွတ်ကျွတ် အိတ်ထဲက ထမင်းတွေကိုခွံ့ကျွေးနေတယ်။ ထမင်း တွေက ဟင်းရည်နဲ့နယ်ထားပုံရပြီး သိပ်များများစားစား တော့မဟုတ်ဘူး။ မိုးရေတွေနဲ့ ထမင်းတွေနဲ့ရောနေပြီး ဟင်းနဲ့တူတာတော့ မတွေ့ရဘူး။ ကျန်တဲ့ကလေး နှစ်ယောက်က ခွံ့ကျွေးတာကို မိုးရေထဲမတ်တပ်ရပ်ပြီး တစ်ယောက်တစ်လုပ်စားနေကြတယ်။

ကျွန်တော်သူတို့အနားတိုးကပ်သွားတဲ့အထိ သူတို့ကျွန်တော့်ကိုသတိမထားမိကြဘဲ ထမင်းကိုပဲ အာရုံစိုက်နေ ပုံရတယ်။ သူတို့ရှိနေတဲ့အတွက်ပတ်ဝန်းကျင်က လူတွေအတွက်တော့ စိတ်အနှောက်အယှက်ဖြစ်ပုံမရသလို ဘာမှလည်းသိပ်ထူးခြားသွားပုံ မရပေမယ့် ကျွန်တော့်အတော့ သမရိုးကျမဟုတ်တဲ့မြင်ကွင်းတစ်ခုလိုပါပဲ။
ကိုယ့်သားသမီးတွေသာဖြစ်ခဲ့ရင်ဆိုတဲ့အတွေးကခေါင်းထဲဝင်လာတဲ့အခါမှာ ဖော်ပြလို့မရတဲ့ခံစားမှုတစ်ခုနဲ့ တွန်းအားတစ်ခု ကျွန်တော့်ကိုယ်ထဲမှာဖြစ်လာတယ်။

“သမီးတို့ထမင်းစားမလား”
 
ကျွန်တော်မေးလိုက်တယ်။ သူတို့ကျွန်တော့်အမေးကို နားမလည်တဲ့ပုံစံနဲ့ ခဏတော့ကြောင်ကြည့်နေ ကြတယ်။ ပြီးတော့ အကြီးဆုံး ကလေးမကပဲ

“ဟုတ်ကဲ့ စားချင်ပါတယ်ဦး”
“ဒါဆိုဦးနဲ့လိုက်ခဲ့။ ထမင်းဆိုင်ကိုသွားကြတာပေါ့”
အငယ်ဆုံးကလေးပါးစပ်ထဲကို ထမင်းတစ်လုပ် ခွံ့လိုက်ခြင်းနဲ့ သူ့တို့လက်ထဲက ထမင်းထုပ်ကို အဆုံးသတ် လိုက်ပြီး ကျွန်တော်နဲ့အတူ လိုက်ခဲ့ကြတယ်။ ထွေထွေထူးထူးစဉ်းစားမနေတော့ဘဲ ခုနက ကျွန်တော်စားခဲ့တဲ့ ထမင်းဆိုင်ကိုပဲ ခေါ်သွားလိုက်တယ်။

ကလေးတစ်သိုက်နဲ့ကျွန်တော် ထမင်းဆိုင်ထဲဝင်လိုက်တော့ ဆိုင်ရှင်အမျိုးသမီးက ကလေးတွေကိုတစ်လှည့် ကျွန်တော့ကို တစ်လှည့် ကြည့်နေတယ်။ ကလေးတွေက ခပ်နွမ်းနွမ်းစုတ်စုတ်ဖြစ်နေတော့ တခြားစားသုံး သူတွေ အနှောက်အရှက်ဖြစ်မှာစိုးတဲ့ပုံစံရှိတယ်။

“ကျွန်တော်ကလေးတွေကိုထမင်းကျွေးချင်လို့ပါ”
ဆိုင်ရှင် အမျိုးသမီးက ဘာမှပြန်မပြောပါဘူး။ ဆိုင်ရှင်ကြည့်ရတာ သိပ်လိုလိုလားလားရှိဟန်မတူတာ နဲ့ ထမင်း ဆိုင်ဘေးက ဆိုင်ခန်းအလွတ်လေးမှာကလေးတွေကို ကျွန်တော်ကပဲ နေရာချထားပေးလိုက်တယ်။ ကြားမှာ ၀ါးကပ်တစ်ခုကို နံရံသဘောခြားထားတယ်။

ကလေးတွေပဲဆိုတော့ လူကြီးတစ်ခါပြင်စာဆိုရင်အဆင်ပြေနိုင်လောက်တယ်လို့ယူဆပြီး ၀က်သားဟင်းနဲ့ တစ်ခါပြင်တစ်ပွဲ လှမ်းမှာလိုက်တယ်။ ဆိုင်ရှင်အမျိုးသမီးက…
“မောင်လေး နင်တို့စားမှာသုံးယောက်။ ကလေးတွေပဲဆိုပြီးအထင်မသေးနဲ့။ သူတို့တွေစားနိုင်တယ်။ နင်တို့ လည်း အဆင်ပြေသွားအောင် ထမင်းဟင်းပုံပြီး တစ်ပွဲလေးရာနဲ့သုံးပွဲပြင်လိုက်မယ်”

“အစ်မကြီးရယ် ကျွန်တော်လည်း စေတနာသက်သက်နဲ့ ကလေးတွေကိုကျွေးမလို့ပါ။ အစ်မလည်းတွေ့တာပဲ။ ကျွန်တော့်မှာလည်း တစ်ခြားသုံးစရာရှိနေသေးလို့ အဲဒီလောက်ငွေမပါပါဘူး။ လူကြီးတစ်ခါပြင်စာပဲ လုပ်လိုက်ပါ”
ဘေးနားကလူတွေကလည်း ၀ိုင်းကြည့်နေကြတယ်။ ကလေးတွေကတော့ ကျွန်တော်တို့ပြောနေတာကို ငေးလို့။ ဘေးနားက ဆိုင်အလွတ်ထဲက အဘွားတစ်ဦးကကြားဝင်ပြောလိုက်တယ်။

“လုပ်ပေးလိုက်ပါဟယ်။ သူငယ်လည်းအဆင်ပြေ ကလေးတွေလည်း ထမင်းစားသွားရတာပေါ့”
ဒီလိုနဲ့ ၀က်သားနှစ်ဖက်ပါတဲ့ဟင်းတစ်ခွက် ချည်ရည်ဟင်း ငါးပိတို့စရာတွေ ကလေးတွေစားပွဲဝိုင်း ကိုရောက်လာ တယ်။ အကြီးဆုံးကောင်မလေးကပဲ ထမင်းဟင်းကိုသေချာနယ်ဖတ်ပြီး ကလေးတွေကို ကျွေးတယ်။ တစ်ယောက်တစ်လုပ်စီပေါ့။ ထမင်းဟင်းတွေမကိုင်ခင် လက်ကိုဆပ်ပြာနဲ့ သေချာဆေးတာ ကိုတော့ သတိပြုမိ လိုက်တယ်။

ပထမ ထမင်းတစ်ပန်းကန် တစ်ဝက်ကျိုးခါနီးအထိ အကြီးဆုံးကလေးမက သူ့မောင်လေး ညီမလေး တွေကိုပဲ ခွံ့ကျွေးနေတယ်။ သူ့ပါးစပ်ထဲကိုကိုထမင်းတစ်လုပ်မှမ၀င်သလို ၀က်သားဟင်းပန်းကန်ကိုလည်း သူ့လက်က နည်းနည်းလေးမှသီမသွားဘူး။

ဒါနဲ့ကျွန်တော်က…
“သမီးဝက်သားဟင်းထည့်စားလေ။ သမီးတို့စားဖို့ ဦးက၀ယ်ပေးထားတာပါ။ ထည့်ပါ..”
ကလေးမက တွန့်ဆုတ် တွန့်ဆုတ်လုပ်နေတယ်။ သူ့ပုံက အားနာနေတာလား ဒီလိုဟင်းမျိုးက သူတို့စားဖို့မှ ဟုတ်ရဲ့လားဆိုတာ တွေးနေသလားဆိုတာတော့ ကျွန်တော်မပြောတတ်ဘူး။ သူ့လက်က ထမင်းပန်းကန်ထဲက ထမင်းတွေကိုပဲ နယ်ဖတ်နေတယ်။

ကျွန်တော်ကပဲ ၀က်သားဟင်းတစ်ဖက်ကို ဟင်းပန်းကန်ထဲကခပ်ပြီး သူတို့ ထမင်းပန်းကန်ထဲကို ထည့်ပေး လိုက်တယ်။ အငယ်ဆုံးကလေးက ကျွန်တော့်ကိုတစ်လှည့် သူ့အစ်မကိုတစ်လှည့်ကြည့်လိုက်တယ်။ သူ့အစ်မက…
“ဒီမှာအသားပါတယ်နော်မောင်လေး… ”
ထမင်းအလုပ်အကြီးကြီးတစ်လုပ်ကို ခွံ့ကျွေးလိုက်တယ်။
အကြီှးဆုံးကလေးမမှာ တစ်ကိုယ်ကောင်းဆန်စိတ်နဲ့ ကြီးနိုင်ငယ်ညှင်းစိတ်ဓါတ်မရှိဘူးဆိုတာ သူ့လုပ်ရပ်တွေက သက်သေပြနေတယ်။

ကျွန်တော့်အတွေးတွေ တစ်ခနတော့ အဝေးကိုလွင့်သွားတယ်။ ကျွန်တော် ၁၁ နှစ်သားမှာ အဖေဆုံးသွား ပေမယ့် အမေက ကျွန်တော့်ကို ကိုးတန်းရောက်တဲ့အထိ ကျောင်းပို့ကျောင်းကြိုလုပ်နေတုန်း။ စားဖို့ဆိုတာ အမေထည့်ပေးလိုက်တဲ့ထမင်းဘူးထဲမှာရှိတာပဲလို့သာ သိခဲ့ရတာ။ အခုသူတို့ကျတော့ စာသင်ခန်းထဲ ရောက်နေရမယ့်အရွယ်တွေ၊ အပူအပင်မရှိ ကစားနေရမယ့်အရွယ်တွေ ဘယ်လို အကြောင်းတရားတွေ ကြောင့် ဒီလိုနေရာကိုရောက်နေရတာလဲ…?????

ကျွန်တော်လည်း သူတို့အကြောင်းကိုနည်းနည်းတော့ စပ်စုမိတယ်။
“သမီးတို့က ဘယ်မှာနေတာလဲ။ ဘယ်နှတန်းရောက်ပြီလဲ။ သမီးတို့ အဖေနဲ့ အမေကရော ဘာတွေလုပ်ကြ တာလည်း”
ကျွန်တော်မေးခွန်းတွေ ဆက်တိုက်ထွက်သွားတယ်။

ကောင်မလေးက သွက်သွက်လက်လက်ပါပဲ။
“ ရွာသာကြီးနားက ဆောက်လုပ်ရေးဝင်းထဲမှာနေတာပါ။ အဖေက အရင်ကစစ်သားလို့တော့ပြောတယ်။ သမီးတို့ငယ်ငယ်ကတည်းက အဖေကတိုက်ပွဲမှာ ခြေထောက်တစ်ချောင်းပြတ်သွားတယ်။ အမေက ဈေးရောင်းတယ်။ ကုန်စိမ်းရောင်းတာပေါ့။ ပြီးခဲ့တဲ့ လေးငါးရက်လောက်က အမေက ဗိုက်ထဲက အောင့်တယ်॥ အောင့်တယ်ဆိုတာနဲ့ မင်္ဂလာဒုံစစ်ဆေးရုံကိုပို့ထားတယ်။ အမေမရှိတော့ သမီးတို့လည်း စားဖို့မရှိတာနဲ့ အခုလို ဒီကားဝင်းထဲလာပြီး မုန့်ဖိုးလေးတောင်းနေရတာပါ။ အမေ့ကိုလည်း ဆေးရုံတင်တဲ့နေ့ ကလွဲပြီး နောက်နေ့တွေ သွားမကြည့်နိုင်တော့ဘူး။ ဆရာဝန်ကြီးတွေကတော့ မကြာခင်ကောင်းသွားမယ် လို့တော့ပြောတာပဲ …

“သမီးကကျောင်းမနေတော့ဘူး။ လေးတန်းအထိတော့နေဖူးတယ်။ ညီမလေးက နှစ်တန်း၊ မောင်လေးက ကျောင်းမတက်ရသေးဘူး”
သူတို့ဒီကားဝင်းထဲရောက်ဖို့ ကားခမရှိလို့ ကားစပယ်ယာကို တောင်းပန်ပြီးစီးခဲ့ရတာလို့လည်းဆိုပါတယ်။ သူတို့ဖြစ်ရပ်ထဲကို ၀င်ပြီးစီးမျောဖို့အစီအစဉ်တွေမရှိပါဘဲ ကျွန်တော်သူတို့ကိုနောက်ထပ်မေးခွန်းတွေမေးဖို့ စကားလုံးတွေမဲ့သွားတယ်။

သူတို့ပြောပုံအရဆိုရင်တော့ သူတို့တွေက ပရော်ဖက်ရှင်နယ်တောင်းစားတဲ့ သူတွေမဟုတ်ကြဘူး။ မိသားစု အခြေအနေရဲ့တွန်းပို့မှု၊ တစ်ထွာသာသာ ၀မ်းဗိုက်ရဲ့တောင်းဆိုမှုတွေကြောင့် သူတို့လမ်းပေါ်ကို ထွက်လာ ကြရတယ်။ လမ်းပေါ်ကလူတွေကရော သူတို့ကို နားလည်မှုပေးနိုင်ကြပါရဲ့လား။ ပိုက်ဆံပေးဝယ်တာတောင် အမြတ်မရရင်မရောင်းချင်တဲ့ ထမင်းဆိုင်ပိုင်ရှင်လို လူတွေကရော ပတ်ဝန်းကျင်လောကကြီးထဲမှာ ဘယ်နှ ယောက်ရှိနေသလဲ။ ကလေးတွေရဲ့အမေ ဆေးရုံပေါ်မှာ ရက်ရှည်နေရရင် ဒါမှမဟုတ် ညံ့ဖျင်းလှတဲ့ မြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေက မကယ်တင် နိုင်ခဲ့ရင်…???

အကြီးဆုံးကလေးမလေးက ၁၁ နှစ်ရှိပြီ။ နောက်နှစ်နှစ် သုံးနှစ်ဆိုရင် အပျိုပေါက်ဖြစ်ပြီလေ။ သူရဲ့ဘ၀လုံခြုံမှု၊ ကလေးငယ်တွေရဲ့ ပညာသင်ကြားရေး…???
“ မောင်လေး နင်အတင်းကျွေးမနေနဲ့။ သူတို့ကြည့်ရတာ ဘယ်အချိန်ထဲကမစားရတာလဲမသိဘူး။ စားလိုက် တာလူကြီးတွေစားတာထက် ပိုတယ်။ တော်ကြာ စားပိုးနင့်ပီးတစ်ခုခုဖြစ်သွားမှ နင့်ကိုအမှုပတ်နေဦးမယ်”
ထမင်းဆိုင်ပိုင်ရှင်အမျိုးသမီးရဲ့အသံကြောင့် ကျွန်တော်အတွေးတွေဆီကနေ အမှန်တကယ်ဘ၀ထဲကို ပြန်ရောက်လာတယ်။ အဲဒီတော့မှ သတိထားမိတာ သူတို့ တတိယမြောက် ထမင်း လိုက်ပွဲကိုစားနေကြပြီ။ အဲဒီအချိန်ထိ အကြီးဆုံးကလေးမက မစားရသေးဘူး။
“သမီးစားဦး။ သူတို့ကိုမကျွေးနဲ့တော့။များနေပြီ။ တန်ဆေး လွန်ဘေးတဲ့”
“ဟုတ်ကဲ့ပါဦး။ မောင်လေးတွေဝဖို့က အရေးကြီးပါတယ်”
“သူတို့ဝလောက်ပါပြီ။ သမီးစားလိုက်ဦး”

အဲဒီတော့မှ သူပါးစပ်ထဲကို ကထမဦးဆုံး ထမင်းလုပ်ကိုစထည့်တယ်။ အဲဒီအချိန် ဟင်းပန်းကန်ထဲမှာ ဟင်းရည်ပဲ ရှိတော့တယ်။ ကျန်တဲ့ကလေးတွေကတော့ ထပ်စားချင်နေပုံရပေမယ့် ဘေးနားမှာ လူကြီး တစ်ယောက် ရှိနေ တယ်ဆိုတဲ့အသိနဲ့ သိပ်တော့ စောဒကမတက်ရဲကြဘူး။

ဘေးနားက အဘွားကြီးကတော သူတို့ကိုတစ်လှည့် ကျွန်တော့်ကိုတစ်လှည့်ကြည့်ပြီး ပြုံးနေတယ်။ ထမင်းဖိုး ရှင်းတော့ ပြန်အမ်းတဲ့အကြွေ ငွေကျပ်လေးရာဟာ ကျွန်တော့်အတွက်တော့ သိပ်ထူးခြားသွားမှာ မဟုတ် ပေမယ့် ကလေးငယ်တွေအတွက်တော့ အတိုင်းအတာတစ်ခုအထိ အထောက်အကူ ဖြစ်နိုင် တယ်ဆိုတဲ့ အတွေးနဲ့ပဲ ကလေးငယ်တွေကို ပေးလိုက်တယ်။

အကြီးဆုံးကလေးမက ပိုက်ဆံတွေကို ကိုင်ထားရင်း အသံတုန်တုန်ရင်ရင်နဲ့ ကျွန်တော့်ကို ကျေးဇူးတင်စကား ပြောတယ်။
“ကျေးဇူးတင်ပါတယ်ဦးရယ်။ ဒီပိုက်ဆံနဲ့ ဆန်ဝယ်ပြီးအိမ်ပြန်ရမယ်။ ဒီအချိန်ဆို အဖေဆာနေလောက်ပြီ”
ပြီးတော့ သူ့မောင်လေးညီမလေးတွေဘက်ကိုလှည့်ပြီး ၀မ်းသာအားရ ...

“မောင်လေးရေ ဒီဦးဦးက မုန့်ဖိုးတွေပါပေးလိုက်တယ်။ လာလာ အစ်မတို့ပြန်ကြမယ်”
ပြောပြောဆိုဆိုနဲ့ ကလေးတစ်သိုက် မိုးသည်းသည်းထဲကို တိုးဝင်သွားကြတယ်။ သူတို့ရဲ့ကျောပြင်ကို ကျွန်တော့်မျက်လုံးတွေမှုန်ဝါးသွားတဲ့အထိ ငေးကြည့်ကျန်ခဲ့…
အပြင်မှာတော့မိုးတွေ သဲသဲမဲမဲ ရွာလို့ကောင်းနေတုန်း… ။  

စောလွန်းတင်-

ချော့ကလက်မြို့တော် ဝက်ဘ်ဆိုက်မှ ကူးယူပါသည်။

1 comment:

ပန်းနှင်းဆီ(ကြယ်ကလေး) said...

ဒါက ကိုယ်တွေ့ကြုံခဲ့ရတဲ့ အခြေအနေတစ်ခုမှာ ကိုယ်တိုင်ကလည်း ပါဝင် ကုသိုလ်ယူလိုက်နိုင်လို့ တော်ပါသေးတယ်လေ....

အဲ့လို လူမသိ သူမသိပဲ နေ့ရက်တိုင်းကို မျှော်လင့်ချက် ပျက်စွာနဲ့ ကျော်ဖြတ်နေရတဲ့ ခလေး လူကြီး လူအိုတွေ ဘယ်လောက်တောင်များ နှင်းဆီတို့ တိုင်းပြည်...
နောက်ဆုံး ကမ္ဘာပေါ်မှာ ဖြစ်ပွားနေလည်း မတွေးဝံ့နိုင်စရာပါပဲလေ....

ါးတွေဟာ ခုလည်း ဖြစ်နေအုံးမှာပဲ...နောင်လည်း ဆက်ဖြစ်နေအုံးမှာပဲ...
ဘယ်တော့ ဘယ်အခါရယ်မှ ပျောက်ပျက် ကျော်လွှားနိုင်ခွင့် ရှိကြမှာလည်းဟင်...
ဘယ်အခြေအနေတွေက လွတ်မြောက်ခွင့်ပေးနိုင်မှာလည်း.....ဟူးးးးးးးးးးးးးးးးးး

ကျေးဇူးတင်ပါတယ်ရှင်...
ပြောချင်တာ ခံစားရတာတွေ ရင်ဖွင့်ခွင့်ရလို့....

ပန်းနှင်းဆီ