မြန်မာပြည်နှင့် Sunday School အဆက်

သီရိလင်္ကာနိုင်ငံ၌ Sunday School ကို ၀ိုင်အမ်ဘီအေ(YMBA) အသင်းမှ (၁၉၀၁)ခုနှစ်တွင် စတင်တည်ထောင် ဖွင့်လှစ်သင်ကြားပေးခဲ့ပေသည်။ (၂၀၀၇)ခုနှစ်တွင် အစိုးရသည်ဝိုင်အမ်ဘီအေ (YMBA)အသင်းမှတဆင့် လွဲပြောင်းတာဝန်ယူခဲ့သည်။ ယခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌  Sunday School ပေါင်း (၉၂၁၂)ကျောင်း ရှိပါသည်။

ထိုကျောင်းများ၌ စေတနာမေတ္တာဖြင့် သင်ကြားပေးသော ဆရာဆရာပေါင်း (၁၄၃၀၈)ယောက် သင်ကြားပေးနေကြပါသည်။ သီရိလင်္ကာနိုင်ငံ၌ Sunday School တက်ရောက်နေသော ကျောင်းသား ကျောင်းသူစုစုပေါင်း (တစ်သန်းရှစ်သိန်းနှစ်သောင်း ငါးထောင်ခြောက်ရာခြောက်ဆယ်သုံး (၁၈၂၅၆၆၃) ယောက် ရှိပေသည်။ ကျောင်းသား ကျောင်းသူများအတွက် အဖြူရောင် ၀တ်စုံနှင့်ဗလာစာအုပ်ဘောလ်ပင် များကို အစိုးရမှ ထောက်ပံ့ပေးပါသည်။

အဓိကထားသင်ကြားပေးသည့် အကြောင်းအရာများမှာ အဘိဓမ္မာ၊ ပါဠိ၊ ဇာတ်တော်များနှင့် လူမှုကျင့်ဝတ် ယဉ်ကျေးစွာ နေထိုင်စားသောက်ပြောဆိုဆက်ဆံမှု များကို သင်ကြားပေးသည်။ သင်ကြားပေးသည့် အတန်းပေါင်းမှာ Great (1) မှ Great (12) ထိ (၁၂)ခု ခွဲခြားသတ်မှတ်ထားပေသည်။ Great (1) မှ Great (6) ထိကို ကျောင်းစစ်စာမေးပွဲ ကျင်းပပေးပြီး Great (7) မှ Great (12) ထိကို အစိုးရစစ်အဖြစ် သတ်မှတ်ဖြေဆိုရသည်။ Great (1) နှင့်(2) ၌ အင်္ဂလိပ်လိုပါ သင်ကြားပေးပြီး ကျန်သောအတန်းများ၌ မိခင်ဘာသာဖြင့်သာ သင်ကြားပေးကြပါသည်။

Sunday School အောင်မြင်ပြီးလျှင် အပြင်ကျောင်းပညာမရှိလျှင်လည်း တက္ကသိုလ်ဒီပလိုမာ တိုက်ရိုက် တက်ရောက်သင်ကြားနိုင်ပေသည်။ Sunday School ကျောင်းကို ဘုန်းတော်ကြီးကျောင်းများ၌ ညောင်ပင် ရိပ်အောက်၌သော်လည်းကောင်း ကျောင်းဆောင်အောက်များ၌လည်းကောင်း နေရာမလောက်လျှင် ကျောင်းကွင်းပြင်များ တွင် သင်ကြားကြသည်ကို တွေ့ရပေသည်။

ကျောင်းပိတ်ရက်များကို အတန်းစာသင်ကျောင်းများပိတ်ပေးသော ဧပြီ၊ ဇူလိုင်၊ ဒီဇင်ဘာလများတွင် ကျောင်းပိတ်ပေးပါသည်။ First Term မှာ ဧပြီလ တစ်လနား၊ Second Term တွင် ဇူလိုင်လ တစ်လနား၊ Third Term တွင် ဒီဇင်ဘာလ တစ်လနားပါ သည်။ အပြင်အတန်းကျောင်းများတွင်လည်း ဤကဲ့သို့ ကျောင်းနားရက်များအဖြစ် သတ်မှတ်ပေးပါသည်။ မြန်မာနိုင်ငံမှာကဲ့သို့ (၃)လတိတိ တိုက်ရိုက် ကျောင်းပိတ် ပေးခြင်း မဟုတ်ပေ။ အပြင်ကျောင်းများမှ တစ်ပါတ်ကို စနေ၊ တနင်္ဂနွေ ကျောင်း(၂)ရက်ပိတ် ပေးရာတွင် သီရိလင်္ကာကျောင်းသားများသည် စနေနေ့၌သာ နားရပြီး တနင်္ဂနွေနေ့၌ ဘုန်းတော်ကြီးကျောင်းများတွင် Sunday School တက်ရောက်ကြပါသည်။

သီရိလင်္ကာနိုင်ငံ ပညာရေးစနစ်သည် စာမသင်ရသော ကလေးဟူ၍ မရှိရအောင် ကလေးဟူသမျှ ပညာ သင်ကြားရပေသည်။ အကယ်၍ မိဘများက မတတ်နိုင်လျှင် အစိုးရမှသော်လည်းကောင်း အလှူရှင် အဖွဲ့အစည်းမှသော်လည်းကောင်း ထောက်ပံ့ပေးပါ သည်။ ဤနိုင်ငံရှိ လူများသည် ပညာရေးကို မည်မျှလောက်ထိ စိတ်ဝင်စားသနည်းဆိုလျှင် အသက်(၅၀)ကျော်သော ပုဂ္ဂိုလ်များ စာရေးသူတို့ တက်ရောက်နေသော တက္ကသိုလ်တွင် လာရောက်ပညာသင်ကြားကြသည်ကို တွေ့ရှိရသောကြောင့် ပညာရေးကို အလွန်တန်ဖိုး ထားကြပါသည်။

ဤနိုင်ငံရှိ လူမျိုးများ၏ အားသာချက်တစ်ခုမှာ ကမ္ဘာသုံးအင်္ဂလိပ်စာကို ထမင်းစားရေသောက် လူတိုင်းလိုလို ပြောဆိုတတ်ခြင်း ဖြစ်ပေသည်။ အလုပ်သမား၊ ကားသမား၊ သုံးဘီးသမား၊ ဈေးရောင်းသူများမှစ၍ အင်္ဂလိပ်လို သူ့နေရာသူ ပြောဆို တတ်ကြသည်ကို တွေ့ရသောကြောင့် စာရေးသူတို့ မြန်မာနိုင်ငံထက် လူမှုဆက်ဆံရေး အတွက် သာလွန်သည်ကို တွေ့ရှိရပေသည်။ နိုင်ငံတကာမှလာကြသော ဧည့်သည်များ သည် ဧည့်လမ်းညွှန်မလိုဘဲ သွားချင်သည့်နေရာကို သွားလို့ရပေသည်။ စာရေးသူတို့လည်း မည်သည့် ကားကိုမဆို ငှား၍လည်းကောင်း လိုင်းကားစီး၍လည်းကောင်း အလွယ်တကူသွားနိုင်ခြင်းမှာ ဤနိုင်ငံရှိ လူများ အင်္ဂလိပ်စာကို တီးမိခေါက်မိ တတ်ထားခြင်းကြောင့်ပင် ဖြစ်ပေသည်။

ထို့ကြောင့် စာရေးသူတို့ မြန်မာနိုင်ငံရှိ မြန်မာလူမျိုးများသည် တိုးတတ်နေသော အိုင်တီခေတ်ကြီး၌ ကမ္ဘာသုံးဖြစ်နေသည့် အင်္ဂလိပ်စာကို သူ့နေရာသူ အသုံးချတတ်ရန် ကမ္ဘာနှင့်ရင်ဘောင်တန်ပြီး ၀င်ဆန့်နိုင်ရန် မည့်သည့်အရွယ်မဆို လေ့လာလိုက်စားကြပါလို့ တိုက်တွန်းအကြံပေးလိုက်ရပါပေသည်။


အရှင်ကောမလ(ခ)ဆန်နီနေမင်း

Sanninaymin@gmail.com

သာသနတက္ကသီလဓမ္မာစရိယ

B.A (Buddhism)

M.A (university of Kelaniya)

Colombo, Sri lanka.
 
Future Dream ဝက်ဘ်ဆိုက်မှကူးယူသည်

No comments: