မန္တလေးမြို့ကို ဘာကြောင့်တည်ရသလဲ

မန္တလေးမြို့ကို ဘာကြောင့်တည်ရသလဲ
ရွှေပြည်ဦးဘတင် 



(မန်းရာပြည့်ခေါ် မန္တလေးမြို့ နှစ် - ၁၀၀ ပြည့်ပွဲကာလ (၁၉၅၉ - ခုနှစ်) တွင် မန္တလေးတက္ကသိုလ်၌ ပညာရှိကြီး ရွှေပြည်ဦးဘတင် ဟောပြောချက်များ။ စာရေးဆရာဝင်းတင့်က တိတ်ခွေမှ ကူးယူပေးပို့ပါသည်။)

ဘာကြောင့် မန္တလေးမြို့ကို တည်ဖို့ စိတ်ကူးပေါက်ရသလဲ၊ ဘာကြောင့်တည်ထောင်တာလဲဆိုတော့ ပညာရှိများရဲ့ အယူအဆ နည်းနည်းပြောရဦးမယ်။ ကုန်းဘောင်မင်းတို့တွင် အလောင်းမင်းတရာကြီးသည် ရတနာသိင်္ဃ ကုန်းဘောင်မြို့တည် နန်းတည်မင်းလို့ ရာဇဝင်တင်ရတယ်။ ဒုတိယနောင်တော်ကြီးကျတော့လည်း ဇေယျပူရ၊ စစ်ကိုင်းမြို့တည်မင်းလို့ ရာဇဝင်တင်ရတယ်။ ကုန်းဘောင်ဆင်ဖြူရှင်ကျတော့လည်း ရတနာပူရ တတိယမြို့တည် နန်းတည်မင်းလို့ ဒီလိုတင်ရတယ်။ နောက် ဘိုးတော်ဘုရားကျတော့ အမရပူရ ပထမမြို့တည် နန်းတည်မင်းလို့ တယ်ရတယ်။ ဘကြီးတော်ဘုရား လက်ထက်ရောက်တော့ ရတနာပူရ စတုတ္ထုမြို့တည် နန်းတည်မင်း၊ ရွှေဘိုမင်းကျပြန်တော့ ဒုတိယ အမရပူရ မြို့တည်နန်းတည်မင်း ဒီတော့ မြို့တည်နန်းတည်မင်း အမည်ခံတဲ့ မင်းတွေက-
အလောင်းမင်းတရားကြီးရယ်
နောင်တော်ကြီးမင်းရယ်
ဆင်ဖြူရှင်ရယ်
ဘိုးတော်ဘုရားရယ်
ဘကြီးတော်ရယ်
အခု မင်းတုန်းမင်းရဲ့ ခမည်းတော် ရွှေဘိုမင်းရယ်။ 

မင်းတုန်းမင်းထိ မင်း ၁၀ - ဆက်မှာ ၆ - ဆက်က မြို့တည် နန်းတည်မင်းလို့ ရာဇဝင်တင်ရတယ်။ ဒီတော့ သူလည်းပဲ မြို့တည်နန်းတည်မင်းလို့ ရာဇဝင်တွင်ပြီးတော့ ကျန်ရစ်ချင်တယ်။ မြို့တည်နန်းတည်မင်းဆိုတော့ နည်းနည်းပိုပြီး နာမည်ကြီးတာကိုး။ ဒါ ရှေးလူကြီးများ ထင်မြင်ချက်နော်။ မြို့တည်နန်းတည်မင်း ဖြစ်ချင်တယ်။ ဒါအကြောင်းတခု ဆိုပါတော့။ သူစိတ်ကူးတဲ့အတိုင်း ဒီလိုပဲ ခေါ်ရတာပဲ။ မန္တလေး ရတနာပုံ ပထမမြို့တည် နန်းတည်မင်း။

အခြားအကြောင်းကတော့ ရှေးက သိုက်စာရယ်လို့ရှိတယ်။ ဒီသိုက်စာတွေက မန္တလေးအရပ်မှာ မြို့ပြထီးနန်းတည်ထောင်လိမ့်မယ်၊ ဒီထီးနန်း တည်ထောင်သောမင်းဟာ အင်္ဂါသားဖြစ်ရမယ်၊ သာသနာပြု မင်းကောင်းမင်းမြတ်လည်း ဖြစ်လိမ့်မယ်၊ သက်တော်လည်း ရှည်လိမ့်မယ်၊ ဘုန်းတန်ခိုးတော်လည်း ကြီးလိမ့်မယ်ဆိုတဲ့ သိုက်စာတွေက ရှိသကိုးဗျ။ အဲဒီသိုက်စာတွေအရ ငါကလည်း အင်္ဂါသာ။ သာသနာတစ်ဝက် မင်းကောင်းတစ်ဆက်ဆိုတဲ့ သြဘာစကားက ရှိတာကိုး။ သာသနာ တစ်ဝက်နဲ့ ငါနဲ့လည်း ကိုက်တယ်။ ဒါ သူ့စိတ်ကူးယဉ်တဲ့အထဲ ဒါတွေပါတဲ့ကိစ္စတွေ။

အဲဒီအထဲမှာ အိပ်မက်က ဝင်မက်သေးတယ်။ သူမက်တဲ့ အိပ်မက်က ဗန်းမော်အမည်ရှိသော အမျိုးသမီးနှစ်ယောက်က သူ့ကိုလက်တွဲပြီးတော့ မန္တလေးမြို့ပြထီးနန်းတည်မဲ့နေရာ ရောက်ရတယ်လို့ အိပ်မက်မက်တယ်။ ဒါအကြောင်းတော့ ဆီးလျော်တယ်။ ဘာလို့တုံးဆိုသော့ သူ့မိဖုရားကြီးတွေဟာ ကြာသပတေးသမီးတွေ။ ဗန်းမော်ဆိုတော့ ကြာသပတေးနံ။ လူသိရှင်ကြား ကြားကောင်းအောင် ဖော်ပြတဲ့နည်းကတော့ ဒီလို သိုက်သမိုင်းအရ တည်ထောင်သောမြို့မှာ မြို့နန်းတည်ထောင်လို့ရှိရင် သာသနာတော် ထွန်းကားစည်ပင်လိမ့်မယ်၊ လူတွေ ကောင်းကျိုးချမ်းသာ ရှိလိမ့်မယ်၊ တိုင်းပြည်နိုင်ငံ သာယာဝပြောလိမ့်မယ်ဆိုတဲ့ ပဓာနထားပြီးတော့ မန္တလေးမြို့ကို တည်တယ်။

လယ်တီဆရာတော်ရဲ့
မန္တလေးပါဠိဂါထာ

လယ်တီဆရာတော်ဘုရားကြီး စီကုံးတော်မူခဲ့သော ပါဠိ၊ မန္တလေးမြို့တည်ကြောင်း နည်းနည်းပါတယ်။
‘ပီတုမဟာရာဇာ’ အဖခမည်းတော် မင်းတုန်းမင်းတရားမြတ်သည် ‘ သဟဿဒွိသတ စုဒ္ဒသမေ’ ၁၂၁၄ - ခုနှစ်၌၊ ‘ရာဇ္ဇံ’ မင်းအဖြစ်ကို ‘ ကာရေသိ’ ပြုတော်မူပြီ။ ဒါလယ်တီဆရာတော်က ပါဠိလိုရေးထားတာနော်။ မြန်မာလို ပြန်ဆိုတာကတော့ ကျုပ်ဘာသာ ကျုပ်စိတ်ကူးပြီးပြန်တာ။ သူ့ပါဠိက-

ပိတုမဟာရာဇာ သဟဿဒွိသတ စုဒ္ဒသမေ ရဇ္ဇံ ကာရေသိ။ တထော အပရသ္မိံ ကာလေ မြမ္မရဌေ မဏ္ဍလနဂရံ မာပေတွာ သတ္ထုသာသနံ အနည သဒိသံ ကတွာ အနုဂ္ဂဟေသိ။ တထာဟိ တဒါ နရရေ လဒ္ဓရာဇ လဉ္ထိကာ ပရိယတ္တိယိသာရဒါ မဟာထေရာ အသီတိမတ္တာ အဟေသုံ။ အစရှိသည်တည်းပေါ့ဗျာ။ အရှည်ကြီးဗျ။ မန္တလေးနဲ့ ဆိုင်တာလည်းပါတယ်။ သူ့ကိစ္စတွေလည်းပါတယ်။ ကျုပ်က သင့်လျော်ရုံ ဘာသာပြန်မယ်။

ခမည်းတော်မင်းတရားကြီးဟာ ၁၂၁၄ - ခုနှစ်မှာ မင်းအဖြစ်ကို ရောက်တောမူတယ်တဲ့။ နေပါဦး။ လယ်တီဆရာတော်က မင်းတုန်းမင်းနဲ့ ဘာတော်လို့ ခမည်းတော် ‘ ပီတုမဟာရာဇာ ’ လို့ ရေးရတုံး။ ဒါက ဝေါဟာရနော်။ ရှင်ဘုရင်များကို တိုင်းပြည်က သုံးနေတဲ့စကားတွေရှိတယ်။ ကုန်းဘောင်ဆက်မင်းတွေထဲမှာ တချို့ဘုရင်များကို တိုင်းသုံးပြည်သုံးစကားက ဘုန်းတော်ကြီးဘုရားတဲ့။ တချို့ဘုရင်များကို ရွှေနန်းရှင်ဘုရားတဲ့။ အဲဒီလို စကားသုံးတွေရှိတယ်။ ဘိုးတော်ဘုရားကို သူရှင်ဘုရင်ဖြစ်စက ဘိုးတော်ဘုရားလို့ မခေါ်သေးပါဘူးဗျာ။ နောက်တော့ မြေးတွေ ဘာတွေကလည်း လူလားမြောက်ပြီးတော့ အဆိုင်းအရိုင်းတွေနဲ့ သူတို့ကလည်း တောက်ပလာကြတယ်။ နန်းတော်စကားက စလာတော့ ဘိုးတော်ဘုရားဆိုတဲ့ အသံဟာ တစ်ပြည်လုံးက ဘိုးတော်ဘုရားပဲခေါ်ကြတယ်။ ဘကြီးတော်ဆိုတာကလည်း ပုဂံမင်းတို့ မင်းတုန်းမင်းတို့ဆိုတာ တူတွေကိုးဗျ။ တူတော်မင်းသားတွေ အဆိုင်းအရိုင်းရှိကြတယ်။ သူတို့ရဲ့ ဘကြီးဖြစ်နေသည့်အတွက်ကြောင့် ဘကြီးတော်ဘုရား အသုံးအနှုန်းဖြစ်လာတယ်။ ဒါနဲ့ ဒီနာမည်ပဲ အခုထက်ထိကျန်နေတယ်။ ဘကြီးတော်းဘုရားပဲ။

အဲဒီလို ခေါ်နည်းကားမျိုးနဲ့ ရွှေနန်းရှင်ဘုရားဟူ၍လည်းကောင်း၊ ဘုန်းတော်ကြီးဘုရားဟူ၍လည်းကောင်း၊ မင်းတရားကြီးဘုရားဟူ၍လည်းကောင်း ခေါ်ကြတယ်။ မင်းတုန်းမင်းကလည်း သားတော်၊ သမီးတော်တွေကလည်း အင်မတန်များတော့ကို ခမည်းတော်ဘုရားဆိုတဲ့ အသံက တော်တော်လှိုင်လာတယ်။ မူးတော်မတ်တော် လွှတ်ရုံးငါးရပ်က သုံးကြစွဲကြတော့ ဘုန်းတော်ကြီးဘုရား၊ ခမည်းတော်ဘုရား အသုံးအစွဲတွေက ထင်ရှားလာပြီးတော့ကာ ကျန်နေတယ်။

အများခေါ်တဲ့ ဝေါဟာရကို လိုက်ပြီးတော့ လယ်တီဆရာတော်က ဒီလို (ပိတုရာဇာ) ရေးတယ်။

ထထော အပရသ္မိံကာလေ- ထိုသို့ မင်းတရားအဖြစ် ရောက်ပြီးသည့်အခါ၌၊ ဗြမ္မရဌေ- မြန်မာတိုင်း၌ (ဝါ) သုနာပရန္တတိုင်း၊ တမ္ပဒီပတိုင်း၊ ရာမညတိုင်း၊ စိန့်တိုင်း၊ ခေမာဝရ၊ ကမ္ဘောဇတိုင်းစသော တိုင်းကြီး ခရိုင်ကြီးတို့ကို ပေါင်းစပ်ရာဖြစ်သော မြန်မာနိုင်ငံတော်၌၊ မဏ္ဍလနာဂရံ- မန္တလေးခေါ် ရတနာပုံရွှေမြို့တော်ကြီးကို၊ မာပေတွာ- တည်ထောင်ဖန်ဆင်းတော်မူ၍၊ သတ္ထုသာသနံ- ဗုဒ္ဓရှင်တော်ဘုရား၏ သာသနာတော်ကို၊ အနုညသဒိသံ- မြန်မာရာဇဝင်တစ်လျှောက် ဘယ်မင်းနဲ့မှ မတူအောင်၊ ကတွာ- ပြုတော်မူ၍၊ အနုဂ္ဂဟေသိ- ချီးမြှောက်တော်မူလေပြီ။

ရှင်ဘုရင်အဖြစ်သို့ ၁၂၁၄ - ခု ရောက်တော်မူပြီးသည့်နောက် မန္တလေးမြို့ကြီးကို တည်ပါတယ်။ ဗုဒ္ဓသာသနာတော်ကို အကြီးအကျယ် ပြုစုပါတယ်။ ဘယ်လောက်အကြီးအကျယ် ပြုစုတုံးဆိုတော့ အနုညသဒိသံဟူသော ပုဒ်နဲ့ စီကုံးထားတယ်။ နောက်နောက်သော သာသနာ ဒါယာကာမင်းများနဲ့ မတူအောင် ထူးထူးခြားခြား သာသနာပြုတယ်။ ဒါရေးလည်းရေးစရာပါပဲ။ နတ်ရွာစံတော်မူခါနီးကျတော့ စိတ်တော် နှလုံးတော် ကြည်လင်ချမ်းမြေ့အောင် မှူးတော်မတ်တော်များက သံဝစ္ဆရ အလှူတော်ဆိုတဲ့ နှစ်စဉ်ကုန်ကျတဲ့ငွေတွေကို ကြားနာတော်မူရန် ဖတ်လျှောက်ရပါတယ်။ သူ့အလှူပြုသွားတဲ့ ငွေတွေဟာ ၂၂ - ကုဋေ ၆ - သန်းကျော်ဖိုး ဖတ်လျှောက်ရတယ်။ အနုညသဒိသံပုဒ်ကို ရေးနိုင်လောက်အောင်များပါပေတယ်။

ထူးထူးခြားခြား မြန်မာရဇဝင်တစ်လျှောက်လုံး ဘယ်မင်းမှ သတိမရခဲ့တဲ့၊ မလုပ်ခဲ့ကြတဲ့၊ မလုပ်ဖူးတဲ့ ပါဠိတော်တွေကို ကျောက်ထက်အက္ခရာ တင်ရုံတင်မကဘူး ပဉ္စမသင်္ဂါယနာတင်တယ်ဆိုတဲ့ လုပ်ငန်းကြီးလည်း လုပ်ခဲ့တယ်။ မြန်မာရာဇဝင်ဘယ်မင်းမှ ပဉ္စမသင်္ဂါယနာမတင်ဘူး။ ကျောက်ထက်အက္ခရာ တင်တယ်ဆိုတာလည်း ပိဋကတ်တော်ကို တင်တာပဲ။ ပဉ္စမသင်္ဂါယနာတင်တယ်ဆိုတာက သီးခြား။ နန်းတော်ကြီးပေါ်မှာ တင်တာ။ သို့သော် ဒီနှစ်ခုလုံးရောပြီး လယ်တီဆရာတော်က ပဉ္စမသင်္ဂါယနာထဲ လုံးထည့်ထားတယ်။ နောက်ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့တာကတော့ မန္တလေးတောင်ခြေက ကျောက်တော်ကြီးဘုရား ဆိုပါတော့။ ကျောက်တော်ကြီးလောက်ကြီးတဲ့ ကျောက်တုံးကြီးတစ်ခုကို တောင်သားကို သူ့ဘာသာထွင်းပြီးတော့ တောင်ပေါ်မှာပဲ ထုထားရင်တော့ အံ့သြစရာ မရှိဘူးပေါ့။ အခုဟာက မန္တလေးနဲ့ ဝေးကွာတဲ့ စကျင်တောင်လိုနေရာက ကျောက်တုံးကြီးကို တောင်ပေါ်က အောက်ကိုချ။ ဧရာဝတီကလှည့်ပြီး မန္တလေးတောင်ခြေမှာ အခုမျက်မြင်အတိုင်းပေါ့လေ။ ကျောက်ဆင်းတုဘုရားကြီး ထုခဲ့တာလည်း ဒါလည်း အံ့ဖွယ်သူရဲပဲ။ ဒါတွေကို ရည်ရွယ်ပြီးတော့ အနုညသဒိသံဟူသောပုဒ်ကို သုံးထားတာ။

တထာဟိ တဒေါဧဝ - ထိုသို့ ဗုဒ္ဓရှင်ပင်ဘုရား၏ သာသနာတော်ကို ချီးမြှောက်တော်မူခြင်းကြောင့်သာလျှင်၊ တဒါ တသ္မိံကာလေ- ထိုအခါ ဘုရားတော်ကာလ၌၊ နဂရေ- မန္တလေးခေါ် ရတနာပုံရွှေမြို့တော်ကြီး၌၊ လဒ္ဓရာဇ လဉ္ဌိကာရသော- မင်းတံဆိပ်ရှိကြကုန်သော၊ ပရိယတ္တဝိသာရဒါ- ပရိယတ္တိကျမ်းဂန် ဓမ္မ၌ ရဲရင့်ကြကုန်သော၊ မဟာထေရော- အာဂမြောက်ပြီး မဟာထေရ်ကြီးတို့သည်၊ အသီတိမတ္တာ- ၈၀ မျှ အတိုင်းအရှည် ရှိကြသည်၊ အဟေသုံ- ဖြစ်ကုန်သည်။

အဲဒီလို သာသနာတော်ကို ကြိုးကြိုးပမ်းပမ်း ပြုစုတော်မူသည့်အတွက်ကြောင့် ပိရိယတ္တိဝိသာရဒဖြစ်တဲ့ တံဆိပ်တော်ကြီးရ ဆရာတော်များဟာ မန္တလေးမြို့ လေးပြင်လေးရပ်မှာ ၈၀ မျှ အတိုင်းအရှည်ရှိပါတယ်။ တံဆိပ်တော်ကြီးဆိုတာ “ ရာဇာဓိရာဇဂုရု ” အဆုံးသတ်တဲ့ တံဆိပ်ဟာ တံဆိပ်တော်ကြီးမည်ပါတယ်။ “ သုဒဿနဓဇ အတုလဓိပတိ သီရိပဝေရ မဟာဓမ္မရာဇာဓိရာဇဂုရု” ဒါတံဆိပ်တော်ကြီးပါပဲ။ ဒီလိုတံဆိပ်တော်ကြီးရ ပိဋကတ်ဓရကောဝိဒ၊ ပိဋကတ်ဓရဆေထ၊ ဂန္ဓန္တရ ဂန္တပါရဂူဖြစ်တော်မူတဲ့ ဆရာတော်ကြီးများဟာ ၈၀ - ခန့် သီတင်းသုံးလျက်ရှိပါတယ်။ ဒါရှင်ဘုရင်အလုပ်တွေနော်။ ဒီလို ပညာရှိကြီးတွေကို အမြို့မြို့အရွာရွာ စုဆောင်းရတယ်။ တချို့လည်း တောင်ကပင့်ရ၊ တချို့ ရွှေဘိုနယ်က၊ တချို့ မုံရွာနယ်၊ တချို့မြင်းခြံနယ်က၊ တချို့ မိတ္ထီလာနယ်က စသဖြင့် မြန်မာပြည်အနှံ့အပြားက ပင့်ရတယ်။ ဒါကြောင့် မန္တလေးဟာ သာသနာအရာနဲ့ ပတ်သက်လို့ရှိရင် ကနေ့ထက်ထိ တစ်ကမ္ဘာလုံးကို လွှမ်းမိုးတုန်းရှိသေးတယ်။ လူမျိုးတို့ရဲ့ စိတ်နေစိတ်ထားကို ပေးနေတာလည်း ဒီပုဂ္ဂိုလ်တွေက ပေးနေတာပဲ။ သူတို့က ပညာရှိတွေ။ သူတို့သြဝါဒက ရှင်ဘုရင်က ခံရတယ်။

ဘုရားကြီးဆရာတော် အခု ဒက္ခိဏာရာမ ဘုရားကြီးဆရာတော်ဟာ ဒီ ၈၀ ထဲမှာ တစ်ပါးအပါအဝင်ပါပဲ။ တိပိဋက ဓရ ပိဋကတ်သုံးပုံ ပါဠီတော်၊ ကဋ္ဌကထာ၊ ဋီကာ၊ ဂန္ဓန္တရမျိုးစုံ ဘယ်နေရာကစမ်းစမ်း ဘယ်နေရာက ကြည့်ကြည့် အကုန်မြင်နေတဲ့ သဘာဝရှိတယ်။ ဆရာတော်ကြီးမှာ ဒါကြောင့်ပေးတဲ့ ဘွဲ့ဟာ တိပိဋကဓရဆိုတဲ့ ဘွဲ့ကိုပေးရတယ်။ ဒီပုဂ္ဂိုလ်သည်ပင်လျှင် မန္တလေးပဉ္စမသင်္ဂါယနာတင်ရာမှာ ခေါင်းဆောင်တော်မူတယ်။

ဘိက္ခုသံဃော ပန- ရဟန်းသံဃာတော်တို့၏ အရေအတွက်မှာမူးကား၊ သဋ္ဌိသဟဿမတ္တော- ခြောက်သောင်းမျှ အတိုင်းအရှည်ရှိသည်၊ အဟောသိ- ဖြစ်ပြီ။ တံဆိပ်တော်ကြီးရ ဆရာတော်ကြီးများက ၈၀ လောက်ရှိတော့ကို သံဃာတော်က ဘယ်လောက်ရှိတုံးဆို ခြောက်သောင်း ပမာဏ ရှိပါတယ်တဲ့။

ရာဇာ- ဘဝသခင် ဘုရင်မင်းမြတ်သည်၊ သဗ္ဗေသံ ဘိက္ခူနံ- အလုံးစုံသော ရဟန်းတော်တို့ကို၊ နိစ္စကာလံ- တစ်ဆယ့်နှစ်ရာသီမပြတ်၊ စတုဟိပစ္စယေဟိ- ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး လေးပါးသော ပစ္စည်းတို့ဖြင့်၊ အနုဂ္ဂဟေသိ- ချီးမြှောက်တော်မူလေသည်။

ဒီလောက်များပြားတဲ့ သံဃာထုကြီးကို ကျောင်းတွေလည်း လုံလောက်အောင်၊ ဆေးတွေလည်း လုံလောက်အောင်၊ သင်္ကန်းတွေလည်း လုံလောက်အောင်၊ ဆွမ်းကွမ်းများလည်း လုံလောက်အောင် သူအင်မတန် ကြိုးစားပါတယ်။

တိဏိ ပိဋကာနိ- ပိဋကတ်သုံးပုံတို့ကိုလည်း၊ သိလာပဋ၊ ကျောက်ပြား၏ အပြင်၌ (ဝါ) ရတနာ ၁၀- ပါးတွင် တစ်ပါးအဝင်အပါဖြစ်သော သလင်းပြင်ကျောက်သား၏ အထက်၍၊ သုလိခါပေတွာ- ကောင်းစွာရေးတင်စေ၍၊ သီလာရုဠံနာမ- သီလာဂုံဠ အမည်ရှိသော၊ သင်္ဂီတိံ- ပဉ္စမသင်္ဂါယနာတင်ပွဲကြီးကို၊ အကာသိ- ပွဲချီးဆင်ခဲ့လေပြီ။

ပိဋကတ်သုံးပုံကို ကျောက်ပြားပေါ်မှာ ကောင်းစွာရေးတင်ပြီးတော့ ပဉ္စမသင်္ဂါယနာတင်တယ်။ သုလိခါပေတွာ- ကောင်းစွာရေးတယ်ဆိုတာက စာရေးတာပဲဗျာ၊ ကောင်းစွာရေးကြမှာချည်းပဲပေါ့။ သို့ရာတွင် နည်းနည်းပြောရဦးမယ်။ စာတွေကို အထပ်ထပ်အပြန်ပြန် အလှန်လှန် ပါဠိတော်မူတွေကို စစ်ဆေးလိုက်တယ်။ ပါဠိတော်မူတွေဆိုတာက တွေ့ကရာမူတွေ မဟုတ်ဘူး။ ဆရာတော်ဘုရားကြီးများ အဆက်ဆက် လက်သုံးပြုပြီး သုတ်သင်လာခဲ့တဲ့ မူပေါင်းများစွာကို တိုက်ဆိုင်ပြီးတော့ စစ်ဆေးတာ။ အဲဒီလို စစ်ဆေးတဲ့အခါ အက္ခရာဗန္ဓကွဲလွဲလို့ရှိရင် များရာကို လိုက်ပါလို့ ရှင်ဘုရင်က ဆရာတောကြီးများကို လျှောက်တယ်။ အရှင်ဘုရားတို့က များရာမလိုက်ဘဲနဲ့ ဒီလိုဖြစ်သင့်တယ်လို့ သီးခြားဆုံးဖြတ်တော်မမူပါနဲ့။ တပည့်တော်အပေါ်မှာ တာဝန်မကင်းဖြစ်ပါလိမ့်မယ်။ ဒီကျော်ကစာဟာ တပည့်တော် ရေးခဲ့တာဖြစ်တော့ ဒါမင်းတုန်းမင်းမူရယ်လို့ တပည့်တော် အဖြစ်မခံနိုင်ဘူး။ ယေဘုယသိကနည်းဆိုတာ သာသနာတော်နည်းပဲဗျ။ ကျောက်ပြားကြီးပေါ်မှာ ရေတံကျောက်ဆောက်နဲ့ ထုတော့မယ်ဆိုတဲ့အခါ မင်းရေးအက္ခရာကို စစ်ရတာကိုး။ ဒီလိုနောက်ဆုံးစစ်ဆေးခြင်းဖြင့် စစ်ဆေးတဲ့လူများ ချွတ်ချော်မှားယွင်းသော စကားတစ်လုံး အက္ခရာတစ်လုံးကို ပြနိုင်လို့ရှိရင် ဒေါင်းဒင်္ဂါးကြီးတစ်ပြား ဆုတော်ခံယူစေလို့ ရှင်ဘုရင်အမိန့်နဲ့ စစ်ဆေးရတယ်။ ဟိုတုန်းက ဒေါင်းဒင်္ဂါးတစ်ပြားဆိုတာ တန်ဖိုးရှိတော့ စစ်ဆေးတဲ့လူက မင်းတိုင်းကြေ မလုပ်တော့ဘူး။ ဒါ သုလိခါပေတွာထဲမှာ ထင်တဲ့အဓိပ္ပါယ်တွေပေါ့။

ဒါကျောက်ထက်အက္ခရာတင်တာနော်။ ကျောက်တက်အရခရာလို့လည်း (တဝမ်းပူနဲ့လည်း) ရေးတတ်တယ်။ ပြောလည်း အရေးတော့ မကြီးပါဘူး။ မှန်တာတော့ ထဆင်ထူးက မှန်တယ်။

ဒွိသဟဿ စတုဿတမတ္တေ ဗျတ္တဗလသမ္ပန္နေ- ဗျတ္တိဗလနဲ့ ပြည့်စုံတော်မူကြကုန်သော၊ ဒွိသဟဿ စတုဿတ မတ္တေ- ၂၄၀၀ မျှ အတိုင်းအရှည်ရှိသော၊ ဘိက္ခူ- ရဟန်းတော်တို့ကို၊ ဥစ္စိနိတွာ- ခြောက်သောင်းသော သံဃာမှာ ရွေးချယ်စိစစ်တော်မူ၍၊ ဘူမိမန္ဒိရေ- မြေနန်းပြာသာဒ်တော်ကြီး အပြင်၌၊ ဂဏသဇ္ဈာယံနာမ- အပေါင်းဆည်ခြင်းမည်သော၊ သိင်္ဂီတိံ- ပဉ္စမသင်္ဂါယနာတင်ပွဲကြီးကို၊ အကာသိ- ပွဲချီးဆင်တော်မူခဲ့လေပြီ။

ခြောက်သောင်းသော သင်္ဃာထဲက ပဉ္စမသင်္ဂါယနာတင်ရာမှာ နှုတ်လွတ်အာဂုံ ရွက်ဆိုနိုင်ဖို့ ပျိုပျိုရွယ်ရွယ် ကျန်းကျန်းမာမာ သတ္တ ဗျတ္တရှိတဲ့ ပုဂ္ဂိုလ် ၂၄၀၀ ကို ရွေးချယ်တော်မူတယ်။ ဘာလို့ ၂၄၀၀ ကို ရွေးချယ်တာတုံးဆိုတော့ သာသနာတော်နှစ်ကလည်း အဲဒီအချိန်က ၂၄၀၀ ကို ရောက်နေတာကိုးဗျ။ မန္တလေးမြို့ကြီး တည်တာကလည်း လေးထောင့်စပ်စပ် တစ်မျက်နှာ တစ်မျက်နှာမှာ တာ ၆၀၀ ရှိတယ်။ တာ ၆၀၀ ပတ်လိုက်တော့ တာ ၂၄၀၀။ သာသနာတော်နှစ် ၂၄၀၀ မှာ ဤမြို့ကြီးကို တည်တယ်ဆိုပြီးတော့ မန္တလေးမြို့ကြီးကို ၂၄၀၀ တာဝန်းချပြီးတော့ တာ ၆၀၀ နဲ့ လေးထောင့်စပ်စပ် မန္တလေးမြို့ကြီးကို တည်တယ်။ သာသနာနှစ် ၂၄၀၀ မှာ တင်တဲ့ သင်္ဂါယနာဖြစ်ခြင်းကြောင့် သံဃာတော်ကိုလည်း ၂၄၀၀ ပဲ ရွေးချယ်လိုက်တယ်။ ဘယ်လိုပုဂ္ဂိုလ်တွေ ရွေးတာတုံးဆိုတော့ လက်သင့်ရာ စားတော်ခေါ်တွေ ရွေးလို့မဖြစ်ဘူး။ ဗျတ္တဗလ သမ္ပန္နေဟိတဲ့။ ဗျတ္တိဗလနဲ့ ပြည့်စုံတဲ့သူတွေကို ရွေးတာဗျ။ ဗျတ္တိဗလနဲ့ ပ်ြည့စုံတယ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တုံး။ သတ္တိ၊ ဗျတ္တိလို့ရှိတယ်မဟုတ်လား။ အသက်ကိုစွန့်ရဲတာဟာ သတ္တိ။ ဗျတ္တိဆိုတာ ဒီဃ၊ ရသ၊ သိထိလ၊ ထနိတ၊ လဟုက၊ ဂရုက၊ နိဂ္ဂယိတ၊ သန္ဗန္ဒ၊ ဝဝတ္တဘ၊ ဝိမုတ္တဆိုတဲ့ ပါဠိရွတ်ဆိုနည်း ၁၀ - နည်းရှိတယ်။ အဲဒါကို ဗျဉ္စနဗုဒ္ဓိ ၁၀ ပါးနဲ့ ဌာန်၊ ကရိုဏ်း၊ ပရတ်ကျကျ တကယ်ရွတ်နိုင်သော ရဟန်းတော်များကို ဗျတ္တဗလပုဂ္ဂိုလ်လို့ ခေါ်တယ်။ ဒီလိုပုဂ္ဂိုလ်တွေကို ရွေးပြီးတော့ ပါဠိတော်တွေကို ကျက်စေတယ်။ ပြီးတော့ အာဂုံရွတ်စေတယ်။ အဲဒါကို ဗျတ္တိဗလ သမ္ပန္နလို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် ပညာရဲရင့် ပွဲလယ်တင့်ဆိုတဲ့အတိုင်း ပရိတ်သတ်ဗိုလ်ပုံအလယ်မှာ အကျိုးသင့်အကြောင်းသင့် ပြောရဲဆိုရဲရှိတဲ့ ပုဂ္ဂိုလ်ကိုလည်း ဗျတ္တိဗလပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။

ဒီလိုပုဂ္ဂိုလ် ၂၄၀၀ ကိုရွေးပြီး မန္တလေးနန်းတော်ကြီး မြေနန်းပြာသာဒ်တော်ကြီး အဆောင်တော် ငါးခုအတွင်းမှာ ပဉ္စမသင်္ဂါယနာတင်ပွဲကို ကျင်းပပါတယ်။ ပါဠိလိုတော့ နန်းတော်ကို ရှေးကတည်းက ဘူမိမန္ဒိရလို့ ခေါ်မြဲပါပဲ။

မန္တလေးမြို့နှစ် - ၁၀၀ အကြောင်းအရာတွေဆိုတာလည်း ဒါတွေပါပဲ။ အဲဒီတုန်းက ဖြစ်တာပျက်တာတွေ အခြေခံတွေကို ထုတ်ဖော်ဖို့ရာ နှစ် - ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် လုပ်ရတာပါ။ လူမှုရေးရာနဲ့ ပတ်သက်လို့ လောကကိစ္စတွေလည်း ရှိသပေါ့လေ။ မြို့တည်တယ်ဆိုတာ ဘယ်နဲ့တည်တယ်၊ ကျုံးကဘယ်လို၊ မြို့ရိုးကဘယ်လို စသဖြင့်ပေါ့။

သင်္ဂါယနာတင်တဲ့ပုံစံက နှုတ်လွတ်ပြန်ဆိုမယ့် ရဟန်းတော်များ မြေနန်းတော်ကြီးပေါ် ရောက်ကြတယ်။ ဆရာကြီးများက တစ်ဖက်က။ ဖဲကတ္တီပါသဇင်နွယ် မှီအုံးကြီးတွေနဲ့ ဆွမ်းကွမ်းစားဖွယ်သောက်ဖွယ်များ ကပ်ပြီးနောက် (ဖဲကတ္တီပါ သဇင်နွယ် မီအုံးဆိုတာ သုံးထပ်ခေါင်းအုံးကြီးလို လူတစ်ထိုင်ထက် နည်းနည်းမြင့်တယ်) မှူးတော်မတ်တော်တချို့ ရွှေယပ်နဲ့ ယပ်ခတ်ကြရတယ်။ ဆရာတော်ကြီးများဘက်သို့ မျက်နှာမူနေသော စာတော်ပြန် သံဃာတော်များက တရိုတသေ ဒူးတုတ်ပြီးပြီဆိုတော့ နေကြရတယ်။ ရှင်ဘုရင်၊ မိဖုရားများ၊ မှူးတော် မတ်တော်များနဲ့ ဓားစွဲကိုယ်ရံ အစရှိသော မင်းခမ်းမင်းနား အစုံအလင်နဲ့ပေါ့လေ။ စာနာတော်မူတယ်။ ဓမ္မစကြာ ရွတ်တဲ့နေ့ဆိုရင်လည်း တစ်ပါးချင်း မဟုတ်ဘဲ ၂၀- ၂၅ စုပြီး ရွတ်ဆိုကြရတယ်။ အလွတ်ရွတ်ရတယ်။ စာအုပ်ကြည့် မရွတ်ရဘူး။ ကန့်သတ်ချိန်ပြည့်တော့ တစ်နေ့အတွက် ရပ်လိုက်ကြတယ်။ ပဉ္စမသင်္ဂါယနာတင်တာ ဒီလိုပဲ နေ့စဉ်လုပ်သွားကြတာပဲ။

ဧဝံ- ဤသို့၊ ရာဇာ- ဘဝသခင် ဘုရင်မင်းမြတ်သည်၊ သတ္တဝိသတိဝဿနိ- ၂၇- နှစ်တိုင်တိုင်၊ ရာဇ္ဇံ- မင်းအဖြစ်သို့၊ ကောရန္တော- ပြုတော်မူလျက်၊ မဟန္တံ- ကြီးစွာသော၊ သာသနာ့နုဂ္ဂဟံ- သာသနာတော်ကြီးမြတ်ကို၊ ကတွာ- ပြုတောမူ၍၊ သဟဿ ဒွိသတစတ္တာလီသမေ- ၁၂၄၀ ပြည့်နှစ် သီတင်းကျွတ်လဆန်း ၆- ရက်၊ အင်္ဂါနေ့၌၊ ဝသောဒိဝင်္ဂတော- နတ်ရွာစံလွန်လေပြီ။

ဤသို့ သာသနာတော်မြတ်ကို ပြုစုတဲ့ နည်းအတိုင်း သာသနာတော်ကို ပြုစုတော်မူ၍ နန်းစံ ၂၇- နှစ်သို့ ရောက်တော်မူသောအခါ မင်းတရားကြီးဘုရားသည် ၁၂၄၀ ပြည့်နှစ် သီတင်းကျွတ်လဆန်း ၆- ရက် (၁၊ အောက်တိုဘာ ၁၈၇၈) အင်္ဂါနေ့မှာ နတ်ရွာစံလွန်တော်မူပါတယ်။ သက်တော် ၆၆ - နှစ်က။ ရှင်ဘုရင် သက်တော် ၆၆ - နှစ်က နောက်တော့ ဘယ်လိုကျန်ခဲ့တုံးဆိုတော့ ရှင်ဘုရင်ကလည်း အင်္ဂါသားကိုး။ အင်္ဂါက ခြင်္သေ့။ ခြင်္သေ့သည် (၆) နှစ် (၆) မခုန်နိုင်ဘူးဆိုတဲ့ စကားကျန်ရစ်တယ်။ အင်္ဂါသားများဟာ (၆၆) နှစ်မှာ သေတတ်တယ်။

ကျုပ်က စဉ်းစားကြည့်တယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်တာတုံးဆိုတော့ အင်္ဂါသားဖြစ်ခြင်းကြောင့် အင်္ဂါဂြိုဟ်မှာ (၈) နှစ် နေရတယ်။ ဗုဒ္ဓဟူးထဲရောက်တော့ (၁၇) နှစ်၊ စနေထဲ (၁၀)နှစ်၊ ကြာသပတေးထဲ (၁၉) နှစ်၊ ရာဟုထဲ (၁၂) နှစ်။ အဲဒါပေါင်းတော့ ၆၆ ရှိတယ်ဗျာ။ ရာဟုဂြိုဟ်ဆိုတာကလည်း ဂြိုဟ်ဆိုး။ ကိုယ်တော်မြတ်ကလည်းရောက်၊ အသက်ကလည်းကြီး၊ ရာဟုက အထွက်လေးမှာ ထွက်ခတ်ခတ်တယ်ဆိုပြီး ဒီအချိန် သေးတာကိုး။ အဲဒါကြောင် အင်္ဂါနံဖြစ်တဲ့ ခြင်္သေ့များဟာ ၆ နှစ် ၆ မခုန်နိုင်ဘူးဆိုတာ ကျန်နေရစ်တယ်။

၆ နှစ် ၆ ခုန်နိုင်တဲ့ ကျန်းကျန်းမာမာ ခြင်္သေ့ကြီးတွေလည်း ရှိပါတယ်ဗျာ။

ရွှေပြည်ဦးဘတင်

၁။ လယ်တီဆရာတော်ရဲ့ မရမတ္ထ ဒီပနီ ပါဠိနိဒါန်းမှာ မဏ္ဍလေးလို့ ပါတယ်။
၂။ ကျောက်ချပ်ရေ ၇၂၉ - ချပ်ရှိတဲ့ ပိဋကတ်တော်များကို စတင်ရေးထိုးတဲ့ရက်က ၂၆ အောက်တိုဘာ ၁၈၅၉ ( ၁၂၂၁၊ တန်ဆောင်မုန်း လဆန်း ၁ ရက်)။ ပြီးတဲ့ရက်စွဲ ၄ မေ ၁၈၆၈ (၁၂၃၀ ပြည့် ကဆုန်လဆန်း ၁၄ ရက်)။ ပဉ္စမ သင်္ဂါယနာတင်ပွဲကို ၁၅ ဧပြီ ၁၈၇၁ မှာစတင်တယ်။ ၁၂ စက်တင်ဘာ ၁၈၇၁ မှာ ပြီးဆုံးတယ်။
၃။ စကျင်တောင်မှာ သြဂုတ် ၁၈၆၄ မှာ ကျောက်တော်ကြီး ဘုရားမျက်နှာတော်ဖွင့်။

No comments: